မြစိမ်းရောင် ကျေးရွာ စီမံကိန်း ဟူသည် အဘယ်နည်း။ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဟူသည်မှာ မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက မြန်မာ့ဆင်းရဲနွမ်းပါးမှု လျှော့ချရေး တစုံတရာ အထောက် အပံ့ ဖြစ်သောငှာ ကျေးလက်နေ ဆင်းရဲသား ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ဖန် တီးပေးရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် ရည်သန်ပြီး ကျေးရွာအချို့အား ချေးငွေ ချထားပေးခြင်းကို ဆိုလိုသည်။မြစိမ်းရောင် ကျေးရွာတရွာ ဖြစ်ရေး ရွာတရွာကျပ်သိန်း ၃၀ဝ ချေးငှား ပေးမည် ဖြစ်၏။
သို့ဖြစ်၍ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်နှင့် ဖွားဘက်တော် သဖွယ် ဖြစ်သော မြစိမ်းရောင် ကျေးရွာ စီမံကိန်းကို ယခုနှစ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စတင်ဆောင် ရွက်ပြီး ယခု ဘဏ္ဍာနှစ်တွင်ပင် ပြီးစီးအောင် ဆောင်ရွက်နိုင်မည်ဟု သက်ဆိုင်ရာ ဝန်ကြီးဌာနက ညွှန်ကြား ထား သည်။
ထို့ကြောင့် တနိုင်ငံလုံး အတိုင်းအတာ အရ ကျေးရွာပေါင်း ခြောက်သောင်းကျော်အား မြစိမ်းရောင် ကျေးရွာ များ အဖြစ် ဖန်တီးနိုင်ရန် ချေးငွေအင်အား မလုံလောက် မနိုင်နင်း သောကြောင့် ရှေ့ပြေး စီမံချက် ကျေးရွာ များအား ရွေးချယ်ရပါ သည်။ ယခု ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုနှင့် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသများရှိ ခရိုင် ၄၅ ခရိုင်၊ မြို့နယ် ပေါင်း ၁၂၅ မြို့နယ်၏ အောက်တွင် ရှိသော ကျေးရွာပေါင်း ၂၀၁၉ ရွာအား စီမံချက် မြစိမ်းရောင် ကျေးရွာများ အဖြစ် သတ်မှတ်ထားသည်။ တရွာကို ကျပ်သိန်း ၃၀ဝ ထုတ်ချေး မည်။
ယင်းသို့ ချေးငွေထုတ်ချေးရာတွင် အရင်း မပျောက်ရေး၊ စနစ်တကျ ရှိစေရေး အတွက် မြို့နယ်ကျေးလက် ဖွံ့ဖြိုးရေး ဦးစီးဌာနက ဦးဆောင်ကာ မြစိမ်းရောင် ကျေးရွာ စီမံကိန်းလုပ်ငန်း ကော်မတီကို စီမံကိန်းဝင် ကျေးရွာများတွင် လိုက်လံဖွဲ့စည်း ပေးနေကြောင်း၊ နိုင်ငံပိုင် သတင်းစာများ၏ ဖော်ပြချက်အရ သိနေရသည်။
စီမံကိန်းဝင် ကျေးရွာများ အား တရွာကျပ်သိန်း ၃၀ဝ စီ ထုတ်ချေးသည့်အခါ အတိုးနှုန်းက တလလျှင် ၁ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ထုတ်ချေး မည်။ လုပ်ငန်းကော်မတီက ကျေးရွာ အိမ်ထောင်စုများသို့ အတိုးနှုန်း ၁ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် တဆင့် ချေးပေး ထားသည်။ အတိုးနှုန်း ဒသမ ၄၀ ရာခိုင်နှုန်းကိုကား မြစိမ်းရောင် ကျေးရွာစီမံကိန်း လုပ်ငန်းကော်မတီ၏ ရန်ပုံငွေ အဖြစ် ထားရှိမည် ဟု သိရသည်။
ထို့ကြောင့်လည်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနသည် မြစိမ်းရောင် ကျေးရွာ စီမံကိန်း လုပ်ငန်း ကော်မတီများအား စီမံကိန်းဝင် ကျေးရွာများတွင် လိုက်လံ ဖွဲ့စည်းပေးရာတွင် ယင်းကျေးရွာရှိ ကျေးလက် ပြည်သူများ ထဲက မဲစနစ်ဖြင့် ရွေးချယ်စေကာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ၇ ဦးအား ရွေးကောက်စေပြီး လုပ်ငန်း ကော်မတီကို ဖွဲ့စည်းစေ ခဲ့သည် ဟုဆိုသည်။
မြစိမ်းရောင် ကျေးရွာစီမံကိန်းသည် သည်ပုံဆိုလျှင် တော်တော်လက်ဝင်သည် ဟု ဆိုရမည်။ အကြောင်းမှာ ရွာတရွာ ကျပ်သိန်း ၃၀ဝ စီချထားပေးပြီး ရွာရှိ အိမ်ထောင်စုများအား ပြန်လည်ချေးငှား ပေးမည့်ကိစ္စ ကော်မတီဖွဲ့ရ၊ မဲစနစ်ဖြင့် ရွေးကောက်ပွဲ ပြုလုပ်ရဖြင့် “မုန့်ဆီကြော်က ဘယ်နေ မှန်းမသိ နှုတ်ခမ်းကွဲနှင့် တည့်ပါ့မလား” လူစားမျိုးကို ရှာဖွေဖို့ အရင် ကြိုးစားနေကြသည်နှင့် တူနေပါသည်။
မြစိမ်းရောင် စီမံကိန်းကို အကောင်အထည် ဖော်ရန် ရွှေဉာဏ်တော်စူးရောက်ကာ အကြံဉာဏ် ရကြ ကုန်သော ဉာဏ်ကြီးရှင် များအား လက်ဖျားခါ လောက်အောင် အံ့ဩတုန်လှုပ် လေးစားမိပါသည်။ သည်အကြံဉာဏ်တော်သည် နိုဘဲလ်ဆုရှင် မိုဟာမက်ယူနွတ် မြန်မာပြည်လာစဉ်က ပေးခဲ့သော အကြံကောင်း ဉာဏ်ကောင်း မဖြစ်တန်ရာဟု ယူဆသည်။
ဘင်္ဂလားဒေ့ရှ်က ကျေးလက် ဆင်းရဲသားများ၏ ကယ်တင်ရှင် မိုဟာမက်ယူနွတ်သည် ဂရာမင်းဘဏ်များ ထူထောင်ကာ အတိုးနှုန်း သက်သာသော ချေးငွေများဖြင့် ကျေးလက်နေ ပြည်သူများအား ဆင်းရဲတွင်းမှ အထိုက်အလျောက် ကယ်ထုတ်နိုင်ခဲ့သော သာဓကများ ရှိခဲ့သည်။ သို့သော် မြန်မာပြည်ရှိ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံချက် ခေါင်းကိုင် ဖခင်များသည် ယူနွတ်၏ နည်းစဉ်ကို တိုက်ရိုက်ယူမသုံး (တပည့်မခံ) မြန်မာ့နည်း၊ မြန်မာ့ဟန်၊ ကျေးလက် ချေးငွေ ပုံသဏ္ဌာန်သစ် ဖြင့် မြန်မာ့ဆင်းရဲနွမ်းပါးမှုကို လျှော့ ချချင်နေပုံ ရ၏။
ဤသို့ ဆိုရခြင်းမှာ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ချေးငွေပုံသဏ္ဌာန်သစ် အရ စီမံကိန်းဝင် ကျေးရွာများအား ချေးငွေ ချထားပေးမည် ဆိုလျှင် မြစိမ်းရောင် ကျေးရွာ စီမံကိန်း လုပ်ငန်းကော်မတီက ကြားကခံ ထား၍ ပြဿနာများ တစတစ ရှိလာတော့မည် ဟု သတင်းစကားများ ကြားလာရပြီဖြစ်သည်။ ထောက် ပြပါမည်။
မြစိမ်းရောင် ကျေးရွာ စီမံကိန်းအရ ကျေးရွာရှိ အိမ်ထောင်စုများအား ကျပ်သိန်း ၃၀ဝ ကို ခွဲခြမ်းစိတ်ဖြာ ထုတ်ချေးရာ တွင် ရည်ရွယ်ချက်ကား ချေးငွေ ရရှိသော ကျေးရွာသားများသည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို ဦးစားပေး ရင်းနှီး လုပ်ကိုင် စေလိုရင်း ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များတွင် ထုတ်ချေးပေးသော ငွေဖြင့် ရင်းနှီး မြှုပ်နှံကာ အိမ်ထောင်စုဝင်ငွေ တိုးပွားရေးကို ရည်ရွယ်သည်။
အိမ်ထောင်စုဝင်ငွေ တိုးပွားလျှင် ကျေးလက်နေ ဆင်းရဲသားများ တနေ့တာ ဝင်ငွေ တိုးပွားမည်။ တနေ့တာ ဝင်ငွေ တိုးပွားမြင့်တက် လာမည် ဆိုပါက ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အထိုက်အလျောက် အောင်မြင်သည် ဟု ကောက်ယူချင်ပုံ ရသည်။
ဤတွင် ပေါ်ပေါက်လာမည့် ပြဿနာကား ကျေးရွာတရွာ ချေးငွေ ကျပ်သိန်း ၃၀ဝ ဆိုသည်မှာ ကျေးရွာရှိ အိမ်ထောင်စု တိုင်းအား အညီအမျှ ချေးငှား ပေးနိုင်မည့် ငွေကြေးပမာဏ မဟုတ်ဟု ပြောဆိုသံ ကြားလာ ရသည်။ နေပြည်တော် ကောင်စီနယ်မြေတွင် ကျေးရွာအချို့၌ အသံများပေါ်ထွက်လာခြင်း ဖြစ်၏။
အချို့သော ကျေးရွာများသည် အိမ်ခြေ လေးငါးရာ ရှိသည်။ အချို့ကျေးရွာများကား အိမ်ခြေနည်းပါးသည်။ အိမ်ခြေများသော ကျေးရွာတရွာတွင် ကျပ် သိန်း ၃၀ဝ ကို အညီအမျှ ချေးငှားပါက ရင်းနှီးငွေမှာ မဆိုစလောက် ပမာဏသာ ဖြစ်ချိမ့်မည်။ ထိရောက်သော ရင်းနှီးငွေ ဖြစ်စေလိုလျှင်လည်း အိမ်ထောင်စုကို ချေးသင့်၊ မချေးသင့် စိစစ်ရတော့မည်။
သို့ဖြစ်လျှင် သူ့ကျတော့ရသည်၊ ငါ့ကျတော့မရ ဟူသည်ဖြင့် အငြင်းပွားဖွယ်ရာ ဖြစ်လာမည်။ ထိုမှ ကျေးရွာ သား ချင်း စိတ်ဝမ်းကွဲ စရာများလည်း ကြုံကြိုက်ရတော့မည်။ သို့ကြောင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ချေး ငွေသည် ထိုင်နေလျှင် အကောင်းသား၊ ထသွားမှ အကျိုးမှန်းသိ ကိန်း ဆိုက်ရပါတော့မည်။
သို့ဖြစ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဖော်ဆောင်ရန် ရွှေဉာဏ်တော် စူးရောက်သော ဉာဏ်ကြီးရှင် ပုဂ္ဂိုလ် များအား လေးစား ဩချ အံ့ဩနေရခြင်း ဖြစ်သည်။ စီမံကိန်းတရပ်သည် မျက်စိတဆုံး ကြည့်ကာ အန္တရာယ် အသွယ်သွယ်ကို ကြိုတင် စဉ်းစား စိစစ် လေ့လာ ထားပါသလား၊ ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကို တတ်သိပညာရှင်များနှင့် ညှိနှိုင်း တိုင်ပင် အကြံဉာဏ်ရယူကာ စနစ်တကျ ပြင်ဆင်ခဲ့ ပါသလား၊ သို့မဟုတ် ငါတကော ကောကာ ငါကြံလျှင် ဘာခံနိုင်သနည်း ဟု ရေဘူးအပေါက်နှင့် ရေခပ်ခိုင်းသည့်နည်းကိုသာ တရားသေကျင့်သုံးနေခြင်း ပေလား၊ မေးစရာ မေးခွန်းများကား တန်းစီနေသည်။
ယခု ကျေးလက်နေ ဆင်းရဲသား ပြည်သူများအား အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေး ပေးမည့် မြစိမ်း ရောင် ကျေးရွာ စီမံကိန်းချေးငွေ အစီအစဉ်သည် မျက်စိတဆုံး ကြည့်မထားသော စီမံကိန်း ဖြစ်နေသည်မှာ ပေါ်လွင်နေသည်။
ကမ္ဘာ့ဘဏ် အထောက်အပံ့ ဖြစ်သော အမေရိကန်ဒေါ်လာ သန်း ၈၀ ကို မြစိမ်းရောင်ကျေးရွာ ဖော်ဆောင် ရေးဟု ခေါင်းစဉ် လှလှလေး တပ်ကာ ကျေးလက်ဆင်းရဲသား အိမ်ထောင်စုများအား ချေးငှားပေးနေသည်။ ရသူလည်း ရှိမည်။ မရသူလည်း ရှိမည်။
သမဝါယမ ဝန်ကြီးဌာန ကလည်း တရုတ်နိုင်ငံဆီက အတိုးကြီး ပေးရသော ချေးငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဟူသော အကြောင်းပြချက် ဖြင့် သမဝါယမ အသင်းဝင်ထား သူများအား ချေးငှားပေးနေသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွက် သက်ဆိုင်ရာ အာဏာပိုင်များ အလုပ် တော့ လုပ်နေကြပါသည်။ တနည်းအားဖြင့် ဝမ်းသာရပါ၏။ တနည်းအားဖြင့် ဝမ်းနည်းရပါ၏။ အကြောင်းမှာ လုပ်နေသော အလုပ်များသည် အယောင်ပြ ဖြစ်နေသည်ကို ရိပ်စားမိ၍ ဖြစ်သည်။
မြစိမ်းရောင် ကျေးရွာစီမံကိန်းချေးငွေ အစီအစဉ်သည် ချေးငွေ အလုံအလောက် မရှိဟု အကြောင်း ပြကာ နေပြည်တော် ကောင်စီ ကျေးရွာများအား ဦးစားပေးထားသည်။ မြို့နယ် ကျေးလက် ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် မြစိမ်းရောင် ကျေးရွာ စီမံကိန်းလုပ်ငန်း ကော်မတီတို့အား လုပ်ပိုင်ခွင့်ပေးထားသည်။
ဤတွင် ချေးငွေရခြင်း၊ မရခြင်း ပြဿနာများ ရှိလာတော့ မည်။ ကျေးရွာသူ ကျေးရွာသားများအား စည်လုံးမှု ပျက်ပြား အောင် ရည်ရွယ်သလို ဖြစ်နေသည်။ ကျေးလက်တွင် စစ်အစိုးရခေတ်၊ မဆလခေတ်များက အတိုင်း လူလည်၊ လူတွင်ကျယ် မြို့နယ် အာဏာပိုင်များနှင့် ပိုင်သော တောသားလူစွာများ ကောင်းစားရေး သာ ဖြစ်နေပါတော့မည်ဟု မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ အစီအစဉ်အား ဝေဖန်သုံးသပ်လိုက် ရပါသည်။