တစိတ်တဝမ်းတည်း စုပေါင်းဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာ စီမံကိန်း
This article has been converted from Zawgyi One to Unicode
နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သဘာဝသယံဇာတ ပေါကြွယ်ဝရုံတင်မက မြို့ပြနှင့်ကျေးလက် ကွာဟချက်မရှိဘဲ အချိုးညီညီ တိုးတက်ရန် လိုအပ်ပါသည်။ မြို့ပြနှင့် ကျေးလက်သည် တခုနှင့်တခု အမှီသဟဲပြုနေပါသည်။ မြို့ပြနှင့်ကျေးလက် အချိုးညီညီ တိုးတက်ရန်အတွက် မြို့ပြနှင့်ကျေးလက် ဆင်းရဲချမ်းသာ ကွာဟချက် ကျဉ်းမြောင်းလျော့နည်းရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် ပြည်နယ်/တိုင်း ဒေသကြီး ၁၄ ခု၊ ပြည်နယ်ခွဲ ၂ ခု၊ ခရိုင် ၆၀၊ မြို့နယ် ၃၃၀ နှင့် ကျေးရွာပေါင်း ၆၄၉၁၇ ရွာရှိပြီး နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများ ဖြစ်ပါသည်။ ကျေးလက်ဦးရေ၏ ၂၉ ဒသမ ၂ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြပါသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားအဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသည့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအရ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို အကောင်အထည် ဖော်ဆောင်လျက်ရှိပါတယ်။
ရည်ရွယ်ချက်မှာ “ကျေးလက်နေ ဆင်းရဲသား ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန်” ဖြစ်ပါသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား နိုင်ငံတော် ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အပြင် လူထုဗဟိုပြု ဖွံ့ဖြိုးရေးစီမံကိန်း (Community Driven Development – CDD) ကို ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်း ၈၀ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
မြစိမ်းရောင်ကျေးရွာ စီမံကိန်းရွေးချယ်မှု
စီမံကိန်းကျေးရွာများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီမှ အထောက်အကူပြု၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ဒေသခံပြည်သူများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ပြီး ဆင်းရဲသောကျေးရွာ၊ မွေးမြူရေး၊ စိုက်ပျိုးရေး အကောင်အထည်ဖော်နိုင်မှု၊ တရားဥပဒေစိုးမိုးခြင်း၊ ကျေးရွာသူ ကျေးရွာသားများ၏ စိတ်အားထက်သန်မှု၊ ပညာရေမြင့်မားရေး လိုလားမှု၊ ကျန်းမာသန့်ရှင်းရေးဆိုင်ရာ ဆောင်ရွက်နိုင်မှုရှိတဲ့ ကျေးရွာများကို ပွင့်လင်းမြင်သာစွာဖြင့်မှ ဒေသခံပြည်သူများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၁၁၅၀ ရွာ ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
မြစိမ်းရောင် ရန်ပုံငွေ
မြစိမ်းရောင် ရန်ပုံငွေအတွက် လိုအပ်သော ငွေကြေးပမာဏကို နိုင်ငံတော် အရအသုံးငွေစာရင်းမှ ခွင့်ပြုပေးပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ ခန့်မှန်းခြေဘတ်ဂျတ်ရေးဆွဲပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ရန်ပုံငွေစာရင်းတွင် ထည့်သွင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြတောင်းခံရပါသည်။ ခွင့်ပြုဘဏ္ဍာငွေ ရရှိပါက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေများကို ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ်ရှိ မြစိမ်းရောင်စီမံကိန်း စာရင်းရှင်သို့ ချက်လက်မှတ်ဖြင့် လွှဲပြောင်းပေးပြီး၊ နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်မှတဆင့် စီမံကိန်းအကောင်အထည်ဖော်မည့် ကျေးရွာများရှိ မြို့နယ်များ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြစိမ်းရောင်စီမံကိန်း ငွေစာရင်း စာရင်းရှင်မှတဆင့် စီမံကိန်းကျေးရွာများသို့ “မြစိမ်းရောင် ရန်ပုံငွေ” စာရင်းရှင်သို့ လွှဲပြောင်းပေးရပါသည်။ မြစိမ်းရောင် ရန်ပုံငွေစာရင်းကိုလည်း ကျေးရွာအမည်တွဲပြီး မိမိဒေသရှိ မြန်မာ့စီးပွားရေး ဘဏ်များမှ စာရင်းဖွင့် အပ်နှံဆောင်ရွက်ကြရပါသည်။
သက်ဆိုင်ရာကျေးရွာ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီတို့မှ သတ်မှတ်စည်းကမ်းချက်နှင့် ညီညွတ်တဲ့ ချေးငွေအောင်သူကို ငွေချေးပေးပါသည်။ အတိုးနှုန်းက ငွေတရာကျပ်အတွက် တလကို ၅၀ ပြားနှုန်းမှ ၁ ကျပ် ၅၀ ပြားအတွင်းဖြစ်ပြီး၊ ရတဲ့အတိုးကိုလည်း အရင်းထဲမှာ ထားရှိမှာဖြစ်သဖြင့် အရင်းက ပိုမိုတိုးပွားလာစေမည် ဖြစ်ပါသည်။ ရန်ပုံငွေများအား ကြီးကြပ်ထိန်းသိမ်းရန်အတွက် ဒေသခံ ရွာသူ၊ ရွာသားများ ပွင့်လင်းမြင်သာစွာ ရွေးချယ်ထားသည့် ဒေသခံ ရွာသူ၊ ရွာသားများ ပါဝင်သည့် ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီတို့မှ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရပါသည်။
အရင်းမပျောက် လှည့်ပတ်ရံပုံငွေ
ကျေးရွာ ၁ ရွာအတွက် နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ ဖြစ်ပြီး ကျေးရွာ ၁၁၅၀ ရွာအတွက် စီမံကိန်း ကုန်ကျစရိတ် စုစုပေါင်း ၃၂ ဒသမ ၅ ဘီလီယံကို နိုင်ငံတော်မှ မတည်ပေးပါသည်။ ယခုဆောင်ရွက်နေသည့် စီမံကိန်းမှာ ရှေ့ပြေးစီမံကိန်း (Pilot Project) ဖြစ်ပါသည်။ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်နေသည့် ကျေးရွာများမှာ ကချင်ပြည်နယ် ၄၂ ရွာ၊ ကယားပြည်နယ် ၁၁ ရွာ၊ ကရင်ပြည်နယ် ၃၆ ရွာ၊ ချင်း ၂၄ ရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး ၁၀၁ ရွာ၊ တနသာၤရီတိုင်းဒေသကြီး ၂၁ ရွာ၊ ပဲခူးတိုင်းဒေသကြီး ၁၁၆ ရွာ၊ မကွေးတိုင်းဒေသကြီး ၈၃ ရွာ၊ မန္တလေးတိုင်းဒေသကြီး ၈၃ ရွာ၊ မွန်ပြည်နယ် ၂၁ ရွာ၊ ရခိုင်ပြည်နယ် ၆၃ ရွာ၊ ရန်ကုန်တိုင်းဒေသကြီး ၄၂ ရွာ၊ ရှမ်းပြည်နယ် ၂၆၀ ရွာ၊ ဧရာဝတီတိုင်းဒေသကြီး ၂၀၉ ရွာ၊ နေပြည်တော် ၁၃ ရွာ၊ ပအို့ဝ်ဒေသ ၅ ရွာ၊ ပလောင်ဒေသ ၅ ရွာ၊ ဓနုဒေသ ၅ ရွာ၊ ကိုးကန့်ဒေသ ၅ ရွာ၊ နာဂဒေသ ၅ ရွာ စုစုပေါင်း ၁၁၅၀ ရွာ ဖြစ်ပါသည်။
အကျိုးကျေးဇူး
ကျေးလက်နေအချို့ ဆင်းရဲနွမ်းပါးသူများသည် မိသားစု စားဝတ်နေရေးအတွက် အရင်းအနှီးရရှိရန် ရေခြားမြေခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသဖြင့် နိုင်ငံအတွက် လူစွမ်းအားအရင်းအမြစ်များ ဆုံးရှုံးခဲ့ရသည့်အပြင် တချို့ ကျေးရွာသူ၊ ကျေးရွာသားများမှာ လူကုန်ကူးမှု ခံခဲ့ရပါသည်။ နိုင်ငံတော်အစိုးရမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသဖြင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာပြီး လူကုန်ကူးမှုကို တားဆီးကာကွယ်နိုင်မည့် အကျိုးကျေးဇူးများအပြင် ကျေးရွာသူ၊ ကျေးရွာသားများ ပါဝင်သည့်ကျေးရွာ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီတို့မှ စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းဆွေးနွေး တိုင်ပင်ညှိနှိုင်းပြီး ငွေချေးပေးခဲ့သဖြင့် ဒေသ၏ လူမှုရေးအရင်းအမြစ် (Social Capital) ကို တိုးတက်စေပြီး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပါသည်။
ကျေးရွာသူ၊ ကျေးရွာသားများသည် ရင်းနှီးငွေလိုအပ်ပါက အတိုးနှုန်းကြီးမားစွာဖြင့် ပြင်ပတွင် ငွေချေးခဲ့ရသဖြင့် အကြွေးသံသရာထဲ လည်ပတ်နေသည့် အခြေအနေမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကြောင့် အကြွေးသံသရာမှ ကင်းဝေးစေပါသည်။
စီမံကိန်း တိုးချဲ့ဆောင်ရွက်နေသာ ကျေးရွာများ
မြစိမ်းရောင်းကျေးရွာ စီမံကိန်းကြောင့် စီမံကိန်းကျေးရွာများတွင် လူမှုစီးပွားဘဝများ တိုးတက်လာသဖြင့် “ပန်းသတင်း လေးညှင်းဆောင် လူသတင်း လူချင်းဆောင်” ဆိုသကဲ့သို့ အခြားကျေးရွာသူ၊ ကျေးရွာသာများ၏ တင်ပြချက်အပေါ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ် ချေးငွေဖြင့် ပဲခူးတိုင်းဒေသကြီးတွင် ကျေးရွာ ၆ ရွာ၊ ဧရာဝတီတိုင်းတွင် ၂၄ ရွာ၊ နေပြည်တော်ကောင်စီ နယ်မြေတွင် ၂၄ ရွာ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၂ ရွာ၊ စုစုပေါင်း ၆၆ ရွာတွင် တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ (Challenges)၊ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါတွင် စုပေါင်းရင်ဆိုင် ဖြေရှင်းဆောင်ရွက်ကြပြီး မြစိမ်းရောင်ရန်ပုံငွေမှ ရရှိသည့်အတိုးရငွေဖြင့် မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်နိုင်မည် ဖြစ်ပါသဖြင့် မြစိမ်းရောင်ရန်ပုံငွေ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် တစိတ်တဝမ်းတည်း ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ပတ်သက်၍ အကြံဉာဏ်များပေးလိုပါက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ၀၆၇ ၄၀၉၄၀၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်ပေးပို့ အကြံပြုနိုင်သည့်အပြင် မြစိမ်းရောင်ချေးငွေဖြင့် လက်တွေ့အကောင်အထည် ဆောင်ရွက်နေမှုများကို လေ့လာလိုပါက Myanmar MSY facebook, http://msy.drdmyanmar.org တွင် ဖတ်ရှုလေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။
(စာရေးသူသည် ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်သည်။ ယခုဆောင်းပါးသည် ဧရာဝတီတွင် ဖော်ပြခဲ့သော “စိတ်ဝမ်းကွဲစေမည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ”ကို ပြန်လည်ဖြေရှင်း ထားခြင်းဖြစ်သည်။)