နိုင်ငံတနိုင်ငံရဲ့ ပညာရေးစနစ် ကောင်းမွန်မှသာ အဲဒီနိုင်ငံက လူငယ်တွေရဲ့ အနာဂတ်ကို ကောင်းကောင်းမွန်မွန် ဖန်တီးတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့မြန်မာနိုင်ငံမှာ ကျောင်းသားတွေဟာ ခေတ်အဆက်ဆက် ပညာရေးရဲ့ စမ်းသပ်ခံတွေဖြစ်နေတာ ဝမ်းနည်းစရာ တွေ့မြင်နေရပါတယ်။ အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးနေတဲ့ ပညာရေးစနစ် မှန် မမှန် ဆန်းစစ်ဖို့ လိုအပ်လာနေပါပြီ။
လက်ရှိအချိန်မှာ လွှတ်တော်မှာ ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေအပေါ် ကျောင်းသားထုရဲ့ မကျေနပ်သံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေပါတယ်။ ပွင့်လင်းမြင်သာမှုမရှိတဲ့ အမျိုးသားပညာရေး ဥပဒေကို ဆရာနဲ့ ကျောင်းသားတွေက ကန့်ကွက်နေတဲ့ကြားထဲကပဲ ၂၀၁၄ စက်တင်ဘာ ၃၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ဒီဥပဒေရဲ့ အားနည်းချက်တွေက ဘာရှိသလဲ၊ ဘာကြောင့် ကျောင်းသားထုက လက်မခံနိုင်ရတာလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
အမျိုးသားပညာရေး ဥပဒေဟာ ကျောင်းတွင်းအသင်းအဖွဲ့တွေကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးမထားခြင်း၊ ကျောင်းသားတွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ချည်နှောင်ထားခြင်း၊ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို အပြည့်အ၀ အာမခံချက် မပေးနိုင်ခြင်း၊ ကျောင်းသားသမဂ္ဂများ တည်ထောင်ဖွဲ့စည်းခွင့်ကို ပြဋ္ဌာန်းမထားခြင်းတွေကြောင့် ကန့်ကွတ်ရတယ်လို့ ကျောင်းသားထုဘက်က ထုတ်ပြန်တဲ့ သဘောထား ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ တနိုင်ငံလုံးက ကျောင်းသားကိုယ်စားလှယ်တွေ စုဝေးပြီး “နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး” ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ နိုဝင်ဘာ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ အမျိုးသားပညာရေး ဥပဒေကို ကန့်ကွတ်တဲ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြတာပါ။ ဆန္ဒပြ လှုပ်ရှားမှုတွေကို ဦးဆောင်တာက ကျောင်းသားတွေရဲ့ ရွေးချယ်မှုနဲ့ ဖွဲ့စည်းခဲ့တဲ့ ၁၅ ဦးပါဝင်တဲ့ “ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ” ဖြစ်ပါတယ်။
မြန်မာ့ပညာရေးဟာ ကမ္ဘာ့အလယ်မှာ အောက်တန်း၊ နောက်တန်းကျနေရတယ်လို့ ကျောင်းသားတွေဘက်က ဆိုပါတယ်။ လက်တွေ့မှာ တက္ကသိုလ်တွေဟာ မြို့နဲ့ဝေးလံတဲ့ နေရာတွေမှာချည်း ရှိနေတာကြောင့် ကျောင်းတက်ရတာ ပင်ပန်းသလို တက္ကသိုလ်ရဲ့ အငွေ့အသက်ကိုလည်း ပြည့်ပြည့်၀၀ မရနိုင်ပါဘူး။ မူလတန်း အခမဲ့ပညာရေးဆိုပေမယ့် ကျောင်းမတက်နိုင်တဲ့သူတွေ အများကြီးရှိပါတယ်။ ကျောင်းတက်နိုင်တဲ့ ကလေးတွေကျတော့လည်း မသက်သာပါဘူး။
ကျမတို့ငယ်စဉ်ကဆိုရင် စနေ၊ တနင်္ဂနွေ ကျောင်းအားရက်တွေ၊ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ လွတ်လွတ်လပ်လပ် ဆော့ကစားနိုင်ခဲ့ပါတယ်။ အခုအချိန်မှာ မူလတန်းကလေးကအစ ကျောင်းနဲ့ကျူရှင် ဆိုသလိုဖြစ်နေပြီး အရွယ်နဲ့မလိုက်အောင် ဝန်ပိနေပါတယ်။ တချို့ကျောင်းတွေဆို တနေ့တာသင်ရမယ့် ဘာသာရပ်တွေကို အချိန်ဇယား (Time Table) နဲ့ မသင်ကြားပဲ ရှိသမျှ ဘာသာရပ်အားလုံးရဲ့ ပြဋ္ဌားစာအုပ်တွေကို ကျောင်းသားတွေက အလေးခံသယ်သွားနေရတာ မဖြစ်သင့်ပါဘူး။ ဒီ့ထက်ပိုဆိုးတာက နိုင်ငံတော်က ထုတ်ပေးထားတဲ့ ပြဋ္ဌာန်းကျောင်းသုံးစာအုပ်တွေဟာ ပုံနှိပ်အရည်အသွေး ညံ့ဖျင်းလွန်းလို့ ကိုင်တွယ်ရတာ အဆင်မပြေတာပါပဲ။
အစောပိုင်းက အထက်တန်းမှာ သင်ကြားရတဲ့ ဓာတုဗေဒ၊ ရူပဗေဒနဲ့ ဇီဝဗေဒ ပညာရပ်တွေကို အင်္ဂလိပ်ဘာသာနဲ့ သင်ကြားနေရာကနေ မြန်မာဘာသာနဲ့ သင်ကြားမယ်လို့ ဆိုလာပြန်ပါတယ်။ အဲဒီလို မြန်မာဘာသာနဲ့ ပြဋ္ဌာန်းမယ်ဆိုရင် ကျောင်းသားအများစု နားလည်အောင် ရှင်းလင်းလွယ်ကူစွာ ရေးသားရမှာပါ။ သင်ကြားပေးမယ့် ဆရာတွေဘက်ကလည်း အရည်အသွေး ပြည့်မီဖို့လိုပါတယ်။ အင်္ဂလိပ်ဘာသာစကားဟာ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ ဘာသာစကားဖြစ်လို့ မြန်မာလိုလည်း မကျွမ်းကျင်၊ အင်္ဂလိပ်လိုလည်း အားနည်းတဲ့ ကျောင်းသားတွေ ဖြစ်မလာဖို့ ပညာရေးဝန်ကြီးဌာနမှာ တာဝန်ရှိပါတယ်။
ကျောင်းစရိတ်တွေ အများကြီးရင်းနှီးပြီး သင်ယူခဲ့ရတဲ့ ပညာတွေကရော အသက်မွေးဝမ်းကျောင်းနဲ့ တထပ်တည်းကျရဲ့လား စဉ်းစားစရာပါ။ ရူပဗေဒအဓိကနဲ့ ဘွဲ့ရပြီး ဈေးရောင်းနေရတဲ့သူတွေ ရှိသလို မြန်မာစာ အဓိကနဲ့ဘွဲ့ရပြီး မြန်မာစာကို သတ်ပုံမှန်အောင် မရေးနိုင်တဲ့သူတွေ အများကြီးပါ။ အင်္ဂလိပ်စာ အဓိကနဲ့ ဘွဲ့ရပေမယ့် တက္ကသိုလ်မှာ နည်းပြရာထူးတောင်မရဘဲ အပြင်မှာ စာသင်စားနေရသူတွေလည်း ရှိပါတယ်။ တက္ကသိုလ်မှာ သင်ယူခဲ့ရတဲ့ ဘာသာရပ်တွေဟာ အလုပ်အတွက် အထောက်အကူမပြုဘဲ ဘွဲ့ဝတ်စုံဓာတ်ပုံ ချိတ်ထားရုံလောက်ပဲဆိုရင် ဘာမှအဓိပ္ပါယ်မရှိပါဘူး။
သက်ဆိုင်ရာတက္ကသိုလ်တွေက ဘွဲ့ရတဲ့သူတွေတော့ ထွက်ပေါ်လာပါရဲ့၊ ဒါပေမယ့် အရေအတွက်သာ များနေပြီး ဘဝရပ်တည်မှုအတွက်လည်း ဘာအာမခံချက်မှ မရှိပါဘူး။ ဘွဲ့ရပညာတတ်၊ မဟာဘွဲ့အထိတောင် ရခဲ့တဲ့ မိန်းကလေးတွေ ဟောင်ကောင်မှာ အိမ်အကူသွားလုပ်နေရတာ ရင်နင့်စရာကောင်းပါတယ်။ PhD အထိရတဲ့သူတွေဲရဲ့ လစာဝင်ငွေကလည်း အားရစရာမကောင်းပါဘူး။ နောက်တချက် ဝေဖန်စရာရှိတာက ပညာရေးအတွက် ချပေးတဲ့ဘတ်ဂျတ်ပါ။ ပညာရေးအတွက် အသုံးစရိတ်ဟာ ဘတ်ဂျတ်ရဲ့ ၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။
ခုထက်ထိ ကျောင်းသုံးပုံနှိပ်စာအုပ် မရသေးတဲ့ကျောင်းတွေ၊ ခနော်နီ ခနော်နဲ့ ကျောင်းလေးတွေမှာ ပညာသင်ယူနေရတဲ့ ကျောင်းသားတွေ မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိနေပါသေးတယ်။ တချို့ဒေသတွေမှာဆိုရင် ကျောင်းသားဦးရေနဲ့ ဆရာဦးရေ မမျှတာကို တွေ့ရပါတယ်။ ဘွဲ့ရသူတွေအတွက် အလုပ်အကိုင် အခွင့်အရေး ဖန်တီးမပေးနိုင်တဲ့အတွက် လက်ရှိ ပညာရေးစနစ်အပေါ် အယုံအကြည်မဲ့လာတာ မဆန်းဘူးလို့ ဆိုရမှာပါ။
မြန်မာနိုင်ငံမှာ လူတန်းစားကွာဟမှု ကြီးမားလာနေသလို ငွေကြေးတတ်နိုင်တဲ့ မိဘတွေက သူတို့ရဲ့ သားသမီးတွေကို ပုဂ္ဂလိကကျောင်းတွေမှာပဲ ရွေးချယ်အပ်နှံလာကြပြန်ပါတယ်။ ပုဂ္ဂလိကကျောင်းတွေမှာ အပ်နှံတာက နိုင်ငံတကာက ကျောင်းတွေနဲ့ ချိတ်ဆက်နိုင်ဖို့ ပိုလွယ်ကူမယ်လို့ ထင်မှတ်လာကြပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကကျောင်းတွေမှာထားနိုင်တဲ့၊ နိုင်ငံရပ်ခြားကို ပညာသင်ယူဖို့ လွှတ်နိုင်တဲ့ လူတန်းစားက လူနည်းစုပဲဆိုတော့ သာမန်လူတန်းစားက အာမခံချက်မရှိတဲ့ ပညာရေးကိုပဲ ကိုယ့်ရဲ့သားသမီးတွေကို သင်ယူဖို့ ခွင့်ပြုနေရတဲ့သဘော ရှိပါတယ်။
တချိန်က ရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံးတက္ကသိုလ်တွေထဲမှာတောင် ပါဝင်ခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်ကစပြီး ပညာရေးကို စနစ်တကျ ဖျက်ဆီးခဲ့တဲ့အတွက် ပညာရဲ့တန်ဖိုးအစစ်အမှန် ပျောက်ကွယ်နေရပါတယ်။ ကျောင်းသားသမဂ္ဂတွေမှာပါဝင်တဲ့ ကျောင်းသားတွေကို ဖိအားပေးတာတွေ၊ ခြိမ်းခြောက်တာတွေလည်း ရှိနေပါတယ်။
အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှု များနေသမျှ၊ ပညာရေးအသုံးစရိတ် လျော့နည်းနေသမျှ၊ တက္ကသိုလ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် မပေးသမျှ ပညာရေးဟာ အောင်မြင်တဲ့ပညာရေးစနစ် ဖြစ်လာမှာမဟုတ်ပါဘူး။
“အမျိုးသားပညာရေး ဥပေဒ” ကို ပြင်ဆင်နိုင်ဖို့ လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းပြီး နည်းလမ်းတခုရှာဖွေဖို့ ကျောင်းသားတွေဘက်က လိုလားနေကြတာပါ။ တကယ်လို့ သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေရဲ့ သဘောထားသံကို လျစ်လျူရှုနေမယ်ဆိုရင် ရက်ပေါင်း ၆၀ အတွင်း တာဝန်ရှိသူတွေအနေနဲ့ လာရောက်စေ့စပ် ညှိနှိုင်းတာမလုပ်ဘူးဆိုရင် ပိုမိုကျယ်ပြန့်တဲ့ သပိတ်တိုက်ပွဲတွေကို ဆင်နွှဲသွားမယ်လို့ ကျောင်းသားထုက ထုတ်ပြန်ကြေညာထားပါတယ်။ ဆန္ဒဖော်ထုတ်နေကြတဲ့၊ သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေအပေါ် အကြမ်းဖက်တုံ့ပြန်တာမျိုး မလုပ်ဘဲ သိမ်မွေ့စွာ အဖြေရှာစေချင်ပါတယ်။
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကို တာဝန်ရှိသူတွေအနေနဲ့ သက်ဆိုင်သူ အားလုံးနဲ့ လက်တွဲဆောင်ရွက်မှ အောင်မြင်နိုင်ပါမယ်။ ကျောင်းသားသမဂ္ဂတွေကို လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်ပေးမှှ၊ ဗဟိုချုပ်ကိုင်မှု လျှော့ချမှှှ၊ လွတ်လပ်စွာ ပညာသင်ကြားနိုင်မှ အမျိုးသားပညာရေးဟာ ကျောင်းသားတွေကို ပညာရဲရင့် ပွဲလည်တင့်ပြီး လူရာဝင်စေမှာပါ။ အဲဒီလိုမဟုတ်ဘဲ ဗဟိုချုပ်ကိုင်မှု များနေမယ်၊ အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးမယ်၊ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းတာကို တရားမဝင်ဘူးလို့ သတ်မှတ်မယ်၊ ကိုယ့်အခွင့်အရေးအတွက် တောင်းဆိုနေတဲ့ ကျောင်းသားတွေကို ရန်သူလို သတ်မှတ်နေမယ်ဆိုရင် ကောင်းမွန်တဲ့ ပညာရေးစနစ် ဘယ်လိုမှ အကောင်အထည်ပေါ်မလာနိုင်ဘဲ ကမ္ဘာမှာ မြန်မာ့ပညာရေးဟာ မျက်နှာငယ်နေရဦးမှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်ရှင်။