အစိုးရ စာရင်းအင်းစနစ် ဘာလဲ ဘယ်လဲ

ဦးမြင့်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သမ္မတကြီး ဦးသိန်းစိန် အစိုးရအဖွဲ့သည် ဆယ်စုနှစ် အတန်ကြာ တည်ရှိနေခဲ့သော အမျိုးသား စီးပွားရေး ဦးတည်ချက် လေးရပ်ကို ပြောင်းလဲ ပြုပြင်လိုက်ပြီး ဖြစ်သည်။ ယင်းသို့ ပြုပြင်ပြောင်းလဲလိုက်သော ဦးတည်ချက်များထဲမှ ဦးတည်ချက်တစ်ရပ်တွင် ”စာရင်းအင်းအချက်အလက်များနှင့် စာရင်းအင်း စနစ်တို့၏ အရည်အသွေးကို မြှင့်တင်ရန်” ဟု ဖော်ပြနှိုးဆော်ထားသည်။ တိုင်းပြည်၏ စာရင်းအင်း စနစ် ပိုမို တိုးတက် ကောင်းမွန်စေရေး အတွက် ဦးစားပေး အာရုံစိုက်ရန် ရည်ရွယ်အလေးထားခြင်းမှာ ယခုခေတ်ကာလ အတွက် အလွန်သင့်လျော်သော စိတ်ကူးအကြံအစည် ဖြစ်ပါသည်။

စာရင်းအင်းစနစ်သည် တိုင်းပြည် အုပ်ချုပ်ရေး အတွက် အဓိက ကျလှသော လက်နက်ကိရိယာ ဖြစ်နေခြင်းကြောင့် သင့်မြတ်ဆီလျော်လှသည်ဟု ဆိုရခြင်း ဖြစ်ပါသည်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့် မူဝါဒပေါ်လစီများ ချမှတ်စီမံခြင်း၊ အကောင်အထည်ဖေါ်ခြင်းနှင့် စောင့်ကြည့်အကဲဖြတ်ခြင်းများ ရာနှုန်းပြည့် ထိရောက်မှု ရှိစေရန်အတွက် စာရင်းအင်းစနစ်မှာ အလွန် အခရာကျလှသော လက်နက်ကိရိယာ ဖြစ်ပါသည်။

ဦးသိန်းစိန် အစိုးရအဖွဲ့ စတင်ဖွဲ့စည်းစဉ် ကတည်းက ပင်မ ရည်မှန်းချက်မှာ မြန်မာနိုင်ငံအား ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ အဖြစ် ပြုပြင်ပြောင်းလဲရေးအတွက် မဟာဗျူဟာများနှင့် မူဝါဒ ပေါ်လစီများ ချမှတ် အကောင်အထည်ဖော်ရန်ဟု ဖြစ်ပါသည်။ ထိုရည်မှန်းချက် ပြည့်မြောက်အောင်မြင်ရေး အတွက် ကိန်းဂဏန်း အချက်အလက်များ မှန်မှန်ကန်ကန် ရရှိရေးမှာ အဓိက လိုအပ်ချက် ဖြစ်ပါသည်။

၁၉၆၀ ပြည့်လွန်နှစ်များမှ ၂၀၁၀ ပြည့်နှစ်စွန်းစွန်းအထိ နှစ်ပေါင်း ၅၀ ခန့်အတွင်း မြန်မာနိုင်ငံ၏ စာရင်းအင်း စနစ်မှာ နိုင်ငံရေးလိုအပ်ချက်များကို တည်မှီပြီး ဖော်ဆောင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ထိုစဉ်က စာရင်းအင်း စနစ်၏ ပင်မ တာဝန်မှာ တည်ဆဲ အစိုးရ တစ်ရပ်ရပ်၏ လုပ်ဆောင်ချက်များ “အောင်မြင် ထမြောက်“ ကြောင်း အကောင်းမြင်စေနိုင်လောက်သည့် ကိန်းဂဏန်း အချက်အလက်များ ထုတ်ပေးရန်သာ ဖြစ်ခဲ့ရပါသည်။ ဗဟိုချုပ်ကိုင် စီးပွားရေး စနစ် ကျင့်သုံးခဲ့ကြသော နိုင်ငံများတွင် မဆန်းလှသော ကျင့်စဉ် တစ်ရပ် ဖြစ်ပါသည်။

ထိုသို့သော “ဘုန်းတော်ဘွဲ့” စာရင်းအင်းစနစ်သည် မြန်မာနိုင်ငံအတွက်မူ ဆိုးဝါးသော အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့ပါတော့သည်။ အစိုးရ စာရင်းအင်း ကိန်းဂဏန်းများအပေါ် ပြည်သူတို့က အယုံအကြည် ကင်းမဲ့သွား ခဲ့ကြသည်။ လူတန်းစား အားလုံးနှင့် အထူးသဖြင့် ဆင်းရဲသော ပြည်သူများက အစိုးရအပေါ် အယုံအကြည် ကင်းမဲ့သွားခဲ့ကြသည်။ တိုင်းပြည် အောက်ခြေတွင် အမှန်တကယ် ဖြစ်ပျက်နေမှုများနှင့် အစိုးရ၏ အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေပါသည်ဆိုသော အစီရင်ခံစာများ၊ ကြေညာချက်များမှာ အဆက်အစပ်မရှိ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေခဲ့ပါတော့သည်။ စာရင်းအင်း စနစ်အပေါ် ယုံကြည် အားကိုးမှုများ ကျဆင်းပျက်ပြယ်ခဲ့တော့သည်။ ထို ယုံကြည် အားထားမှုကို ယခုအချိန်အထိ အပြည့်အ၀ ပြန်လည် တည်ဆောက်နိုင်ခြင်း မရှိသေးပေ။

ထို ကာလများအတွင်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံ၏ စာရင်းအင်း အချက်အလက်များ အပေါ် ယုံကြည်အားထားနိုင်ခြင်း အပြည့်အ၀ မရှိခဲ့ကြပေ။ အခြား နိုင်ငံအသီးသီး၏ စာရင်းအင်း အချက်အလက်များနှင့် မြန်မာနိုင်ငံ၏ စာရင်းအင်း အချက်အလက်များ နှိုင်းယှဉ် သုံးသပ်ရန် သင့်မသင့်ပင် သံသယ ဝင်ခဲ့ကြသည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံ၏ အစိုးရ စာရင်းအင်း အချက်အလက်ဆိုင်ရာ အဓိက အညွှန်းကိန်းများမှာ မျက်ကွယ်ပြု လစ်လျူရှု ခံခဲ့ရသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေ အဖွဲ့ အိုင်အမ်အက်ဖ်၏ နိုင်ငံတကာ ငွေကြေး စာရင်းအင်အချက်အလက်များ အစီရင်ခံစာ (IMF’s International Financial Statistics) ၊ ကမ္ဘာ့ဘဏ်၏ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းများ အစီရင်ခံစာ (World Bank’s World’s Development Indicators)၊ အာရှဖံံွံ့ဖြိုးရေးဘဏ်၏ အာရှ ပစိဖိတ်ဒေသ ပင်မ အညွှန်းကိန်းများ (Asia Development Bank’s Key Indicators for Asia and the Pacific) စသည့် နိုင်ငံတကာ စာရင်းအင်း အချက်အလက် စာစောင်များတွင် မြန်မာနိုင်ငံဆိုင်ရာ စာရင်းအင်း အချက်အလက်များ ပါဝင်ခြင်း မရှိတော့ပေ။

အလားတူပင် ကမ္ဘာ့ဘဏ်၏ တိုင်းပြည် အသားတင် ဝင်ငွေ အချက်အလက် စုဆောင်း ဖေါ်ပြမှု (World Bank’s Gross National Income GNI Database) တွင်လည်း မြန်မာနိုင်ငံ၏ အချက်အလက်များ မပါရှိခဲ့တော့ပေ။ အာဖဂန်နစ္စတန်လို နိုင်ငံမျိုးအတွက်ပင် ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ GNI အချက်အလက်များ ဖေါ်ပြပါရှိခဲ့သည်။ မြန်မာနိုင်ငံအတွက်မူ GNI အချက်အလက် နတ္တိ ဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ် ကတည်းက စတင် ထူထောင်ထားသော  GNI database တွင် ယနေ့အထိ မြန်မာနိုင်ငံ ဆိုင်ရာ အချက်အလက်များ ပါဝင်ခြင်း မရှိသေးပေ။

ထို ချို့ယွင်း အားနည်းချက်များကို မှန်ကန်တည့်မတ်အောင် အလေးထား ပြုပြင်ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။ နိုင်ငံတကာ အလှူရှင်များ၊ စီးပွားရေး အသိုင်းအဝိုင်းများနှင့် ပြန်လည် ပူးပေါင်း ဆောင်ရွက်ခြင်းသည် အဆိုပါ ပြုပြင်တည့်မတ်ရေး လုပ်ငန်း အောင်မြင်ရန်အတွက် အလားအလာကောင်းများ ဖန်တီးပေးနိုင်ပါသည်။

သို့ရာတွင် နိုင်ငံတကာနှင့် ပြန်လည် ပူးပေါင်းဆောင်ရွက်မှုများသည် “အလှူရှင်” က စေ့ဆော်မောင်းနှင်ခြင်းမျိုး မဖြစ်စေဘဲ မိမိတိုင်းပြည်၏ “လိုအပ်ချက်”က စေ့ဆော်ဦးဆောင်ခြင်းမျိုးသာ ဖြစ်စေရန် ကြီးစွာ သတိထားရမည် ဖြစ်ပါသည်။ ယင်းသို့ တိုင်းပြည့် လိုအင်နှင့် အညီ ဖြစ်ပြီး မြန်မာနိုင်ငံမှ ပိုမိုကောင်းမွန် အရည်အသွေးပြည့်မီသော စာရင်းအင်း အချက်အလက်များ ပေါ်ထွက်လာစေရေး လိုအပ်ချက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကပင် ခိုင်လုံပြည့်စုံသော အဆိုပြုချက် (concrete proposal) တင်ပြနိုင်ရမည် ဖြစ်ပါသည်။ ယင်းသို့သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာနိုင်ငံတွင် တိုးတက် ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ်အတွက် မည်သို့ အထောက်အကူပြုကြောင်း ခိုင်ခိုင်လုံလုံ ဆွေးနွေးတင်ပြနိုင်မှသာလျှင် အလှူရှင်များကလည်း လိုလားစွာ ထောက်ပံ့ ကူညီချင်လာကြမည် ဖြစ်ပါသည်။

ထို့အပြင် နိုင်ငံတကာ အသိုင်း အဝိုင်းနှင့် ပြန်လည် ပူးပေါင်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအတွင်း လွတ်လပ်ရေး ရပြီးစ ကာလနောက်ပိုင်း ဖြစ်ပျက် ယိုယွင်းမှုများသည် နိုင်ငံတွင် သဘာဝနှင့် လူ့အရင်းအမြစ် များ ရှားပါးချို့တဲ့ခြင်းကြောင့် မဟုတ်ဘဲ၊ လွဲမှားသော စိတ်ကူးအကြံအစည်များနှင့် မှားယွင်းအားနည်းသော ပေါ်လစီမူဝါဒများကြောင့်သာ ဖြစ်သည်ဆိုခြင်းကိုလည်း အသိအမှတ်ပြုပေးကြရမည် ဖြစ်သည်။ ငွေကြေးက အရေးကြီးလှသည်မှာ မှန်သော်လည်း တိုင်းပြည် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် ကနဦး ကာလတွင် နိုင်ငံ၏ စာရင်းအင်းစနစ် အားကောင်း တိုးတက်လာစေရန် မိမိနိုင်ငံနှင့်လည်း ဆီလျော်ပြီး ပိုမိုထိရောက်ကောင်းမွန်သော စိတ်ကူးအကြံညဏ်များ၊ အတွေ့အကြုံ ဗဟုသုတများကို အလှူရှင် နိုင်ငံများထံမှ ရယူရေးကိုသာ စိတ်ဝင်စားပေသည်။ ထိုသို့ရယူရာတွင် အကြံညဏ်များ မျှသာ မဟုတ်ဘဲ ထို စိတ်ကူး အကြံညဏ်များကို ပီပီပြင်ပြင် လုပ်ဆောင်အကောင်အထည်ဖေါ်နိုင်ရေးအတွက် အထောက်အပံ့များ ကိုပါ ရယူလိုပေသည်။

အထက်ပါ အချက်အလက်များကို သုံးသပ်လျှင် မြန်မာနိုင်ငံ ဗဟို စာရင်းအင်း အဖွဲ့ (Central Statistical Organization – CSO) အနေဖြင့် မိမိ၏ လုပ်ပိုင်ခွင့်များကို ပီပြင်စွာ ဆောင်ရွက်ခွင့်ရရန် လိုအပ်ကြောင်း သိသာလှ ပါသည်။ ပထမဆုံး ခြေလှမ်းအနေဖြင့် ၁၉၅၂ ခုနှစ် ဗဟို စာရင်းအင်း အာဏာပိုင် အက်ဥပဒေ (1952 Central Statistical Authority Act)  က အပ်နှင်းထားသော တာဝန်များနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။  CSO ၏ ဗဟိုအချက်အချာကျသော ကဏ္ဍအား ပြန်လည် တည်ဆောက်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ရသည့် တာဝန်၊ အမှီအခိုကင်းသော လွတ်လပ်မှု၊ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ဖြန့်ကျက် ဆောင်ရွက်နိုင်မှု၊ စွမ်းဆောင်ရည်၊ အထက်ပါ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လူ့စွမ်းအား အရင်းအမြစ်နှင့် ဘဏ္ဍာရေး အရင်းအမြစ် ရရှိနိုင်မှု စသည်တို့မှာ အထူးသတိပြု ဆင်ခြင်သုံးသပ် အလေးထား ဆောင်ရွက်ရမည့် ကဏ္ဍများ ဖြစ်နေပါသည်။

ကမ္ဘာနှင့် အဝှမ်းတွင် ၁၉၅၀ ပြည်လွန်စနှစ်များမှ စပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အနေအထားများ အကြီးအကျယ် ပြောင်းလဲခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေး လူမှုရေးအမြင်များ၊ တွေးမြင်ယူဆချက်များ လည်း များစွာ ပြောင်းလဲခဲ့ပြီ ဖြစ်ပါသည်။ ယင်းသို့ ပြောင်းလဲခဲ့သော အခြေအနေများနှင့် လျော်ညီစွာ ကမ္ဘာ့ စာရင်းအင်း အချက်အလက်စုဆောင်းထားရှိမှုနှင့် စာရင်းအင်း စနစ်များလည်း ပြောင်းလဲနေခဲ့ပြီ ဖြစ်ပါသည်။

အမှန်ဆိုလျှင် ကျွနု်ပ်တို့သည် သတင်းနည်းပညာခေတ် (Information Age) ထဲသို့ ရောက်နေကြပြီ ဖြစ်ပါသည်။  မြန်မာနိုင်ငံ၏ ၁၉၅၂ ဗဟိုစာရင်းအင်း အာဏာပိုင် အက်ဥပဒေနှင့် စာရင်းအင်း စနစ်တို့ကို ပြောင်းလဲ ပြုပြင်ရန် လိုအပ်သည့် အကြောင်းရင်း နှစ်ရပ် ရှိပါသည်။ ပထမ အကြောင်းရင်းမှာ မြန်မာစာရင်းအင်းစနစ်ကို နိုင်ငံတကာက လက်ခံထားသော စံနှုန်းများ လုပ်ငန်းကျင့်စဉ်များနှင့် လိုက်လျောညီထွေရှိစေရန် ဖြစ်ပါသည်။ ဒုတိယ အကြောင်းရင်းမှာ မြန်မာနိုင်ငံနှင့် အာရှတလွှားတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို ထည့်သွင်း စဉ်းစားရန် လိုအပ်လာခြင်း ဖြစ်ပါသည်။

နိုင်ငံတကာ စံနှုန်းများနှင့် ပတ်သက်ပြီး ကုသမဂ၏ အစိုးရ စာရင်းအင်းများ ဆိုင်ရာ အခြေခံ စည်းမျဉ်းများ (United Nations Fundamental Principles of Official Statistics) တွင် အဓိကအချက်များအား ၁၉၉၄ ခုနှစ်ကပင် ပြဌာန်းထားပြီး ဖြစ်ပါသည်။ နောက်ထပ် ရည်ညွှန်းစရာစံ တစ်ခုမှာ OECD က သတ်မှတ်ထားသော စာရင်းအင်း အချက်အလက်တို့၏ အရည်အသွေး စံနှုန်း ခုနစ်ချက် ဖြစ်ပါသည်။ အဆိုပါ စံနှုန်းများနှင့် ပတ်သက်ပြီး အထက်တွင် တင်ပြ ဆွေးနွေးထားပြီး ဖြစ်ပါသည်။   မြန်မာနိုင်ငံ၏ စာရင်းအင်း အချက်အလက် များ အရည်အသွေး တိုးမြှင့်ရန် ရည်ရွယ်ဆောင်ရွက်ရာတွင် မည်သည့် အချင်းအရာများလိုအပ်သည်ကို အဆိုပါ လေ့လာချက်များက ဖေါ်ပြနေပါသည်။

စာရင်းအင်း အချက်အလက်များနှင့် သတင်းအချက်အလက်များ အရည်အသွေးမြင့်မားလာရေးအတွက် IMF, World Bank Group, OECD, ADB, UNDP, ESCAP စသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကုလသမဂ လက်အောက်ခံ အေဂျင်စီများ အဖွဲ့အစည်းများက အချိန်အတန်ကြာကပင် အရေးပါသော အားထုတ်မှုများ ပြုနေကြပါသည်။ အဆိုပါအဖွဲ့အစည်းများက မိမိတို့နှင့် အဓိက သက်ဆိုင်သော ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ဘဏ္ဍာရေး၊ အလုပ်သမားအရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် နယ်ပယ် အသီးသီးအတွက် စာရင်းအင်းဆိုင်ရာ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းနေကြသည်။

တိုင်းပြည်တစ်ပြည်၏ စာရင်းအင်းများ စနစ်တကျ တည်ဆောက်ရေးဆွဲရာတွင် ကုလသမဂ အမျိုးသား စာရင်းဇယား စနစ် (UN System of National Accounts) နှင့်အညီ ဖြစ်စေရေးအတွက် နည်းပညာပိုင်းဆိုင်ရာ နှင့် ကျွမ်းကျင်မှု အကူအညီပေးရန် အထက်ဖေါ်ပြပါ နိုင်ငံတကာအဖွဲ့အစည်းများတွင် အတွေ့အကြုံများစွာ ရှိကြပါသည်။ ထိုအဖွဲ့အစည်းများနှင့် တက်ကြွစွာ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ စာရင်းအင်းစနစ် ပိုမို ခေတ်မီကောင်းမွန်လာစေရန် များစွာ အထောက်အကူပြု နိုင်ပါသည်။

ဒေသတွင်း အနေအထားများကို ကြည့်လျှင် အာရှ ဒေသသည် ကမ္ဘာ့ စီးပွားရေးတစ်ရပ်လုံး၏ တိုးတက်ဖွံ့ဖြိုးမှု မောင်းနှင်အား (growth engine) ဖြစ်လာရခြင်းမှာ ကမ္ဘာ့ တန်ဖိုး ချိတ်ဆက်မှု ကွင်းဆက်များ (Global Value Chains GVCs) ပေါ်ထွန်းလာခြင်းကြောင့် ဖြစ်ကြောင်း တွေ့မြင်နိုင်ပါသည်။ လက်ငင်းအနေ အထားတွင် မြန်မာနိုင်ငံသည် ယင်းဖြစ်စဉ်တွင် ပါဝင်နိုင်ခြင်း မရှိသေးသော နိုင်ငံများ အုပ်စုတွင် ရောက်ရှိ နေပါသည်။ ကမ္ဘာ့ တန်ဖိုး ချိတ်ဆက်မှု ကွင်းဆက်များ GVCs တွင် ပါဝင်လာနိုင်ခြင်းအားဖြင့် အကျိုးထူးမည့်ကိစ္စများကို  ထင်ရှားစွာ သိမြင်နိုင်ပါသည်။ GVCs တွင် ပါဝင်ခြင်း အနှစ်သာရမှာ အပြီးသတ်ထုတ်ကုန် ထုတ်လုပ်ရေးတွင်သာ အာရုံမစိုက်ဘဲ မိမိတို့ အားသာသည့် ထုတ်လုပ်မှု ဖြစ်စဉ် အဆင့်အချို့တွင်သာ အထူးပြုပါဝင်ခြင်း ဖြင့် အကျိုးအမြတ်များများ ရရှိရေး ဖြစ်ပါသည်။ ထို GVCs ရှုထောင့်မှ ကြည့်လျှင် တန်ဖိုးချိတ်ဆက်မှု ကွင်းဆက်များအနက် မြန်မာနိုင်ငံ အားသာချက် ကောင်းစွာရှိသော ထုတ်လုပ်မှု အဆင့်များ သေချာပေါက် ရှိနေသည်ကို တွေ့မြင်နိုင်ပါလိမ့်မည်။

တရုတ် နှင့် အိနိယနိုင်ငံတို့အကြားတွင် ရှိနေသော မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထား အားသာမှု၊ အာဆီယံနိုင်ငံများ၊ အခြားအိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေး စင်္ကြန်များဖွင့်နိုင်မှုတို့သည် မြန်မာနိုင်ငံ GVCs တန်ဖိုး ချိတ်ဆက်မှု ကွင်းဆက်များအတွင်း ပါဝင်လိုက်လျှင် အကျိုးထူးမည့် အထောက်အပံ့များ ဖြစ်နေသည်။ နိုင်ငံတကာ လုပ်ငန်းကြီးများ တဖွဲဖွဲရောက်ရှိလာနေကြသဖြင့် ထိုလုပ်ငန်းကြီးများက မြန်မာနိုင်ငံတွင် တန်ဖိုး ချိတ်ဆက်မှု ကွင်းဆက်တို့ ဖန်တီးရန် ထုတ်လုပ်မှု အဆင့်များ လာရောက်လုပ်ကိုင်လာနိုင်ကြမည် ဖြစ်သည်။ မကြာသေးမီ ကမှ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရရှိသွားကြသော နိုင်ငံတကာ ICT သတင်းနှင့် ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းကြီးများက မြန်မာနိုင်ငံအတွင်း လုပ်ငန်းများထူထောင်လာခြင်းကလည်း ကမ္ဘာ့ သတင်းအချက်အလက် အဖွဲ့အစည်းအတွင် မြန်မာ ဝင်ဆန့်လာအောင် အထောက်အပံ့ ဖြစ်စေနိုင်ပါသည်။ ယင်းအချက်ကလည်း မြန်မာနိုင်ငံ ဒေသတွင်း GVCs တန်ဖိုးချိတ်ဆက်မှု ကွင်းဆက်တွင် ပါဝင်လာနိုင်ရေးအတွက် အဓိက လိုအပ်ချက် ဖြစ်နေပါသည်။

အဆိုပါ GVCs တန်ဖိုးချိတ်ဆက်မှု ကွင်းဆက်များတွင် မြန်မာ ပါဝင်လာနိုင်သော အခွင့်အလမ်းများကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် မြန်မာနိုင်ငံ ဗဟိုစာရင်းအင်း အဖွဲ့ (Central Statistical Organization) CSO နှင့် ယင်း၏ လုပ်ပိုင်ခွင့်များအား ပြန်လည်သုံးသပ်ခြင်း အကဲဖြတ်ခြင်းပြုလုပ်ရန် လိုအပ်လာပါသည်။ ထင်ရှားသော ဥပမာတစ်ရပ်ကို ပြရလျှင် CSO သည် မြန်မာနိုင်ငံ စာရင်းအင်းအချက်အလက်များ နှစ်ချုပ်စာအုပ် (Statistical Yearbook) နှင့် လပတ် လက်ရွေးစဉ် စီးပွားရေးအညွှန်းကိန်းများ စာအုပ် (Selected Monthly Economic Indicators) တို့ကို ထုတ်ဝေလျှက်ရှိပါသည်။ ထိုစာအုပ်များက မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်များဆိုင်ရာ အချက်အလက်များအပါအဝင် အခြား စာရင်းအင်း အချက်အလက်များကို ဆယ်စုနှစ် များစွာ ထုတ်ပြန်ကြေညာလျှက် ရှိပါသည်။ အဆိုပါ စာရင်းဇယားများမှာ ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း အသွင်သဏ္ဍာန်ရော အနှစ်သာရပါ အပြောင်းအလဲ မရှိခဲ့ပါချေ။ အချက်အလက် ကိန်းဂဏန်း အများစုကို အကောက်ခွန်ဦးစီးဌာန မှ ရယူထားသည်။

သွင်းကုန်ထုတ်ကုန် စာရင်းဇယားများတွင် အောက်ပါတို့ ပါရှိသည်။ ကုန်စည်တစ်ရပ် တင်ပို့သည် နှစ်၊ လ။ တင်ပို့မှု ပမာဏ၊ တင်ပို့သည့် (သင်္ဘောပေါ်အရောက် FOB) တန်ဖိုး၊ မည်သည့်နိုင်ငံသို့ တင်ပို့သည် စသည့် အချက်အလက်များ ပါဝင်သည်။ အမှန်ပင် တန်ဖိုးရှိသော သတင်းအချက်အလက်များ ဖြစ်ပါသည်။ သို့ရာတွင် တန်ဖိုးချိတ်ဆက်မှု ကွင်းဆက်များ GVCs တွင် မြန်မာနိုင်ငံ ပါဝင်လာနိုင်သည့်အခါ၊  TiVA (Trade in Value Added) database ထပ်ဆောင်း တန်ဖိုး ကုန်သွယ်မှု အချက်အလက် စုဆောင်းခြင်းတွင် မြန်မာ ပါဝင်လာသည့်အခါ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို စဉ်းစားကြည့်စေချင်ပါသည်။ ထိုသို့ နိုင်ငံတကာ ကုန်စည်ထုတ်လုပ်မှု ကုန်သွယ်မှု ဖြစ်စဉ် (GVCs and TiVA) တို့တွင် ထဲထဲဝင်ဝင် ပါဝင်လာရသည့်အခါတွင်ပို့ကုန် ကုန်စည်တစ်ရပ်၏ ပုံသဏ္ဍာန်၊ နေရာယူမှု၊ အချိန် စသော သတင်း အချက်အလက်များ အဆင့်ဆင့် ပြောင်းလဲနေပုံကို ထုတ်ပြန် ကြေညာနိုင်ရတော့မည် ဖြစ်သည်။

ဆန်စပါးကို နမူနာယူကြည့်နိုင်ပါသည်။ ပုံသဏ္ဍာန် ကဏ္ဍနှင့် ပတ်သက်ပြီး ဖြစ်စဉ်မှာ လယ်သမား ထံမှ စပါးဝယ်သည့် လယ်ကွင်းအစပ်တွင် စတင်သည်။ ဝယ်ပြီးစပါးကို ကြိတ်ခွဲသည်၊ စစ်ဆေးသည်၊ အတန်းအစားခွဲခြား သတ်မှတ်သည်၊ အိတ်မျာထဲသို့ ထည့်သွင်းသည်။ အချိန် ကဏ္ဍနှင့် ပတ်သက်လျှင် သိုလှောင်ခြင်းမှာ အများဆုံး အပိုင်းဖြစ်နေသော်လည်း တန်ဖိုးချိတ်ဆက်မှု ကွင်းဆက်များတွင် ပို့ကုန် ပါမစ်တစ်ခု ရရန် စောင့်ဆိုင်းရချိန်၊ သင်္ဘောတင်ခွင့်ရရန် စောင့်ဆိုင်းရချိန်များကိုလည်း ထည့်သွင်းတွက် ချက်ရတော့မည် ဖြစ်သည်။  နေရာယူမှု ကဏ္ဍတွင် စပါးကို လယ်ကွင်းစပ်မှ စတင်သယ်ယူပြီး ကြိတ်ခွဲမှု စသည့် အဆင့်များ၊ သင်္ဘောဆိပ်ကမ်းအထိ သယ်ယူရသည်များအပါအဝင် ပင်လယ်ကူးသင်္ဘော ဝမ်းအတွင်းတွင် ထည့်သွင်းပြီးသည်အထိ ဆက်စပ်တွက်ချက်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့ CSO သည် တိုင်းပြည်အတွက် အရေးပါလှသော တန်ဖိုးချိတ်ဆက်မှု ကွင်းဆက်များဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တို့ကို စုဆောင်းဖေါ်ထုတ်ပေးရေးဆိုသော စိန်ခေါ်မှုအား ကိုင်တွယ်ဖြေရှင်းရန် အသင့်လျော်ဆုံး အဖွဲ့အစည်း ဖြစ်ပါသည်။

ကွင်းဆက်ကြိုးကြီး တချောင်းလုံး ခိုင်ခံ့မှုမှာ ကွင်းဆက်တစ်ဆက်ချင်း၏ ခိုင်ခံ့မှုအပေါ်တွင် မူတည်ပါသည်။ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်နှင့် နိုင်ငံ၏ စီးပွားရေး ရှေ့ဆက်ရန်အတွက် မြန်မာနိုင်ငံရှိ အားနည်းနေသော တန်ဖိုးချိတ်ဆက်မှု ကွင်းဆက်တို့ကို ရှာဖွေဖေါ်ထုတ်ရန် ဗဟိုစာရင်းအင်းအဖွဲ့ CSO အား လုပ်ပိုင်ခွင့်၊ လုပ်နိုင်သည့် စွမ်းရည်နှင့် လိုအပ်သည့် အရင်းအမြစ်များ ပေးအပ်သင့်ပါသည်။ ထို့အတွက် ၁၉၅၂ ခုနှစ် ဗဟိုစာရင်းအင်း အာဏာပိုင် အက်ဥပဒေ (၁၉၅၂ ခုနှစ် အက်ဥပဒေအမှတ် ၃၄) ကို သင့်လျော်သလို ပြင်ဆင်ကာ ဥပဒေသစ်တစ်ရပ် ပြဌာန်းသင့်ပါသည်။ ထို ဥပဒေအရသာ မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့ CSO က ယနေ့ခေတ် တိုင်းပြည်နှင့် ဆီလျော်သော ကိန်းဂဏန်း စာရင်းအင်းနှင့် သတင်းအချက်အလက်များကို ဖေါ်ထုတ်တင်ပြနိုင်မည် ဖြစ်ပါသည်။

နောက်ဆုံးအနေဖြင့် ပြန်လည် သုံးသပ်ပြင်ဆင်ရန် လိုအပ်နေသော အချက်အလက်နှင့် အညွှန်းကိန်း တစ်စုံမှာ ဆင်းရဲနွမ်းပါးခြင်း နှင့် ပတ်သက်နေပါသည်။ ပထမဆုံးအကြိမ် အိမ်ထောင်စု နေထိုင်ရှင်သန်မှု အခြေအနေ ပေါင်းစပ် တိုင်းတာ သုံးသပ်ချက် ( First Integrated Household Living Conditions Assessment) IHLCA-1 ကို ၂၀၀၄-၂၀၀၅ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။ ဆင်းရဲနွမ်းပါးခြင်း Poverty Incidence ဆိုသည်ကို “အစားအစာနှင့် အစားအစာ မဟုတ်သော လိုအပ်ချက်များ သုံးစွဲရန် ကုန်ကျစရိတ် အလုံအလောက်မရှိသော မိသားစုများ၏ နိုင်ငံလူဦးရေ အချိုးအစား အစိတ်အပိုင်း”ဟု အနက်ဖွင့်ခဲ့ကြပါသည်။ IHLCA-1 အရ ထိုစဉ်က ဆင်းရဲနွမ်းပါမှုသည် ပြည်ထောင်စုအဆင့်တွင် ၃၂.၁ % ဟု ခန့်မှန်းတွက်ချက်ခဲ့ကြပါသည်။ IHLCA-2 ကို ၂၀၀၉-၂၀၁၀ တွင် ဆောင်ရွက်ခဲ့ကြပြီး ဆင်းရဲနွမ်းပါမှုသည် ပြည်ထောင်စုအဆင့်တွင် ၂၅.၆ % သို့ ကျဆင်းသွားသဖြင့် တိုးတက်မှု ၆.၅ ရာခိုင်နှုန်းရှိသည်ဟု အချက်အလက်ထွက်ပေါ်လာခဲ့ပါသည်။

ကုလသမဂ္ဂ၏ “ထောင်စုနှစ် ဖွံ့ဖြိုးမှု ပန်းတိုင် ၁ (က) UN Millenium Development Goal 1A တွင် ပါရှိသော ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးရည်မှန်းချက်အရ “တစ်ရက်ဝင်ငွေ ၁.၂၅ ဒေါ်လာထက် နည်းပါးသော လူဦးရေအား ၁၉၉၀ မှ ၂၀၁၅ ခုနှစ်အတွင်း ထက်ဝက်လျှော့ချရန်” ဆိုသည့် ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံတွင်လည်း ၂၀၀၅ ခုနှစ်က ရှိခဲ့သော ဆင်းရဲနွမ်းပါးမှု ၃၂.၁% အား ၂၀၁၅ ခုနှစ်တွင် ၁၆ % သို့ လျှော့ချရေး ရည်မှန်းချက် ပန်းတိုင်တစ်ခု ချမှတ်ခဲ့သည်။ ထိုရည်မှန်းချက်အရ ၂၀၁၀ ပြည့်နှစ်တွင် ၂၅.၆% ရှိခဲ့သော မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါမှု အနေအထားကို ၂၀၁၅ ခုနှစ်တွင် ၁၆% သို့ လျှော့ချရန် ဆင်းရဲနွမ်းပါမှု ၉.၆% လျှော့ချရန် လိုအပ်နေခဲ့ပါသည်။

သို့ရာတွင် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံတွင်ရော အာရှ ပစိဖိတ်ဒေအတွင်းတွင်ပါ လျင်မြန်သော အပြောင်းအလဲများ ဖြစ်ပေါ်နေပါသည်။ ဥပမာအားဖြင့် ၂၀၀၉ ခုနှစ်လောက်တွင် မြန်မာနိုင်ငံမှ အတော်ဆုံးဆိုသော ဝေဒပညာရှင်သည် ၂၀၁၄ တွင် ဘာဖြစ်မည်ဆိုသည်ကို ဟောကိန်းမထုတ်နိုင်ခဲ့ကြပါ။ ဟောကိန်းလည်း မထုတ်ခဲ့ကြပါ။ စင်စစ် ၂၀၁၁ မတ်လတွင် သမ္မတကြီး ဦးသိန်းစိန် အစိုးရ ဦးဆောင် အစပျိုးခဲ့ သော အပြောင်းအလဲများသည် အားလုံးအတွက် လုံးဝမျှော်လင့်မထားသော အံ့အားသင့်ဖွယ် တစ်ရပ် ဖြစ်ခဲ့ရပါ သည်။

အဆိုပါ အခြေအနေများအရ စောစောပိုင်းက ထုတ်ပြန်ခဲ့သော စာရင်းအင်း အချက်အလက် အညွှန်းကိန်း များ၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု အညွှန်းကိန်းများကို အပြောင်းအလဲများနှင့် အညီအညွတ်ဖြစ်စေရန် ပြန်လည် သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ရန် လိုအပ်လာပါသည်။ ဖေါ်ပြပါ ဇယား အမှတ် (၃) တွင် ပြထားသည့် အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ Inclusive Growth Indicators ဘက်စုံ ဖွံ့ဖြိုးမှု အညွှန်းကိန်းများက အဆိုပါ လိုအပ်ချက်ကို မီးမောင်းထိုးပြနေပါသည်။  ထို့ကြောင့်  ယခုလုပ်ဆောင်ရန် စဉ်းစားနေသော မိသားစု နေထိုင်ရှင်သန်မှု စစ်တမ်းများမှ ရလဒ်များသည် IHCLA-2 စစ်တမ်းက ခန့်မှန်း တွက်ချက် ထားသည့် ၂၀၁၀ ပြည့်နှစ်တွင် ဆင်းရဲနွမ်းပါးမှု နှုန်း ၂၅.၆%ရှိသည်ဆိုသော ကိန်းဂဏန်း အချက်အလက်နှင့် ကွဲလွဲနေ နိုင် ပါသည်။ ပိုမိုနေနိုင်ပါသည်။ သို့ဖြစ်ရာ ၂၀၁၅ ခုနှစ်အရောက်တွင် ဆင်းရဲနွမ်းပါမှုကို ၉.၆ ရာခိုင်နှုန်းလျှော့ချရန် လိုသည်ဆိုသော ခန့်မှန်းချက်မှာလည်း မသေချာ မရေရာတော့ပါ။

ယင်းသို့သော ရလဒ်များ ထွက်ပေါ်လာမည်ကို အစိုးရအဖွဲ့ ထိပ်ပိုင်းတာဝန်ရှိသူ အချို့က မလိုလားသော သဘောရှိပါသည်။ ယင်းသို့ မဖြစ်သင့်ပါ။ အဘယ်ကြောင့်ဆ ိုသော ် ဦးသိန်းစိန် အစိုးရ၏ ပိုမို ပွင့်လင်း မြင်သာမှုနှင့် နိုင်ငံတကာ အလှူရှင်များနှင့် ပိုမို ထိတွေ့ပတ်သက်ဆက်ဆံမှုကြောင့်သာ မိသားစု ရှင်သန်နေထိုင်မှု စစ်တမ်းများ ကောက်ယူရေးအတွက် ပိုမို ကောင်းမွန်သော နည်းလမ်းများ၊ ကျွမ်းကျင်မှုများ၊ အရင်းအမြစ်များ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထိုနည်းလမ်းကောင်းများကြောင့်ပင် ယခင် စစ်တမ်းများက ချန်လှပ်ထားခဲ့သော ကျန်ရစ်ခဲ့သော ဆင်းရဲသည့် ပြည်သူများ စစ်တမ်းသစ်တွင် ပါဝင်လာနိုင်ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ယခင်က ခန့်မှန်းခဲ့သော အရေအတွက် ပမာဏထက်ပိုသော ဆင်းရဲသည့် ပြည်သူများ ပေါ်ထွက်လာခြင်း ဖြစ် နိုင် ပါသည်။ ယင်းအချက်ကို လက်ခံရန် တွန့်ဆုတ် မနေသင့်ပါ။ ဆင်းရဲသည့် ပြည်သူများ အရေအတွက် ပိုနေလျှင် ပိုနေသော ဆင်းရဲသားများ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အစီအမံတို့၏ အကျိုးကျေးဇူးများကို ခံစားကြရပါလိမ့်မည်။ ယင်းမှာ ကောင်းသော အချက် ဖြစ်ပါသည်။ ပိုမို အရေးကြီးသည့် အချက်မှာ ဆင်းရဲနွမ်းပါမှု ပပျောက်ရေး အစီအမံများကို မှန်မှန်ကန်ကန် အကောင်အထည် ဖေါ်ပြီး စီမံချက်၏ ကောင်းကျိုးများကို ဆင်းရဲသည့် ပြည်သူများထံ ထိထိရောက်ရောက် ပို့ဆောင်နိုင်ရေးပင် ဖြစ်ပါသည်။

(စာရေးသူသည် နိုင်ငံတော်သမ္မတရုံး၊ စီးပွားရေး အကြံပေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading