နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေတရပ် ၂၀၁၄ စက်တင်ဘာလ (၃၀) ရက်နေ့တွင် နိုင်ငံတော်သမ္မတက လက်မှတ်ထိုး၍ ထုတ်ပြန်ကြေညာလိုက်ပါသည်။ မူကြမ်းတင်သွင်းခဲ့သူမှာ စစ်တွေမြို့နယ်မှ အမျိုးသားလွှတ်တော်အမတ် ဦးအေးမောင်ဖြစ်ပြီး ၎င်းမှာ ရခိုင်ပြည်နေ (ယခုအခါ အစိုးရက ဘင်္ဂါလီဟုသာ အသိအမှတ်ပြုထားသော) ရိုဟင်ဂျာများ နိုင်ငံရေးပါတီထူထောင်ခွင့်၊ ပါတီဖြစ်ခွင့်မရှိအောင် ကြိုးပမ်းမှု၏ အစိတ်အပိုင်း ဖြစ်ပါသည်။
ထူးခြားချက်မှာ မြန်မာနိုင်ငံ တနံတလျားက ပညာရှိသူခမိန်၊ နိုင်ငံအကျိုးဆောင်၊ နိုင်ငံရေးခေါင်းဆောင်များ စုဝေးရာ လွှတ်တော်အသီးသီးမှာ တညီတညွတ်တည်း ကန့်ကွက်သူမရှိဘဲ ထိုမူကြမ်းကို အတည်ပြုခြင်းပင် ဖြစ်သည်။
ဤနေရာတွင် နိုင်ငံတော်၏ နေရာဒေသအနှံ့ နယ်စွန်နယ်ဖျားအပါအဝင် ပြည်သူအားလုံးနီးပါးကို နိုင်ငံရေးစိစစ်ကတ်များ ထုတ်ပေးပြီးဖြစ်သော်လည်း လူနည်းစုဖြစ်သော (ဘင်္ဂါလီ ခေါ်) ရိုဟင်ဂျာများသာ မြန်မာပြည်တွင် နိုင်ငံရေးစိစစ်ရေးကတ်ပြားမရှိဘဲ ဖြစ်နေခြင်းကို ပြောလိုသည်။
ရိုဟင်ဂျာများကို ၁၉၅၀ ကျော်နှစ်ကစ၍ မြန်မာနိုင်ငံတွင် နေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေ၊ နည်းဥပဒေများအရ ထုတ်ပေးခဲ့သော သက်သေခံကတ်ပြား (အမျိုးသားမှတ်ပုံတင် NRC) များကို ၁၉၉၀ ခု တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် လဲပေးမည်ဆိုပြီး (နိုင် ၂) ပုံစံဖြင့် လဝကမြို့နယ်ရုံးများတွင် လျှောက်လွှာတင်စေခဲ့သည်။
သို့သော် နိုင်ငံသားစိစစ်ကတ်ထုတ်မပေးဘဲ ရပ်ဆိုင်းထားပြီး နှစ်အနည်းငယ်ကြာသောအခါ အမျိုးသားမှတ်ပုံတင်ကတ် NRC များကို သိမ်းယူကာ ယာယီသက်သေခံကတ်ပြား (အဖြူကတ်) ဆိုသည်ကို ထုတ်ပေးခဲ့သည်။ အမျိုးသားမှတ်ပုံတင် မရသေးသော လူငယ်များကို အဖြူကတ်သာ ထုတ်ပေးခဲ့သည်။ သက်ဆိုင်ရာ လဝကဌာန အဆင့်မြင့်တာဝန်ရှိသူများ၏ အဆိုအရ ယာယီသက်သေခံကတ်ကိုင်ဆောင်သူ ရခိုင်ပြည်နယ်မှာ ၆ သိန်းခွဲခန့်ရှိနေသည်။
ဤနေရာတွင် လွှတ်တော်၌ အားလုံးတညီတညွှတ်တည်း ဥပဒေကြမ်းကို အတည်ပြုခြင်းသည် လူအများစုကို ကိုယ်စားပြုသူ ကိုယ်စားလှယ်များက လူနည်းစု (ဘင်္ဂါလီ ခေါ်) ရိုဟင်ဂျာ၏ နိုင်ငံရေး အခွင့်အရေးကို ပိတ်ပင်ခြင်းမျိုးဖြစ်နေရာ မြန်မာ့ဒီမိုကရေစီသည် Tyrany of Majority ဖြစ်နေသလားဟု စဉ်းစားနေရသည်။
အကြောင်းကား
(က) ရိုဟင်ဂျာများသည် အင်္ဂလိပ်ခေတ် MLC အမတ်ရွေးကောက်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းဦးစီး ကျင်းပခဲ့သော ၁၉၄၇ ခုနှစ်တိုင်းပြုပြည်ပြုလွတ်တော် Constitutional Assembly မှအစ ၂၀၁၀ ခုနှစ် လွှတ်တော် အသီးသီးအဆုံး အားလုံးသော ရွေးကောက်ပွဲများမှာ မဲထည့်ခွင့်၊ အရွေးချယ်ခံခွင့်များ ရခဲ့သည်။ ၎င်းသည် နိုင်ငံသားများကသာ ရနိုင်သော အခွင့်အရေးဖြစ်သည်။ မြန်မာ့ဥပဒေအရ နိုင်ငံခြားသားများ မဲထည့်ခွင့်မရှိပါ။
(ခ) ယာယီကတ်သည် ယနေ့ဝန်ကြီးတချို့ပြောနေသလို မည်သူမည်ဝါ ခွဲခြားနိုင်သူကို ထုတ်ပေခြင်းမဟုတ်။ ပြည်တွင်းနေထိုင်သူများ မှတ်ပုံတင်ခြင်းနည်းဥပဒေအပိုဒ် (၁၃) ၁၊ ၂ အရ အမျိုးသားမှတ်ပုံတင်အစား ယာယီထုတ်ပေးခြင်းဖြစ်သည်။ နိုင်ငံခြားသားများကို ထုတ်ပေးခြင်းမဟုတ်။ နိုင်ငံသားများကိုသာ ထုတ်ပေးခွင့်ရှိသည်။ ဤတွင် အမျိုးသားမှတ်ပုံတင်ကတ်၊ ယာယီသက်သေခံကတ်ပြား ကိုင်ဆောင်သူ နိုင်ငံသားများကို ပါတီတည်ထောင်ခွင့်မပေးဘဲ နိုင်ငံရေးအခွင့်အရေးပိတ်ပင်ခြင်းသည် အခြေခံလူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပါသည်။
(ဂ) သက်သေခံကတ်ဖြစ် (အမျိုးသားမှတ်ပုံတင်ကတ် NRC) သည် ၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲအထိ အရွေးခံ လွှတ်တော်ကိုယ်စားလှယ်များက ကိုင်ဆောင်အရွေးခံခွင့်ရှိခြင်းကိုကြည့်ပါက ၎င်းသည် နိုင်ငံသားလက်မှတ်ဟု ဆိုရပေမည်။ မကြာခင်ကာလအထိ နိုင်ငံသားလက်မှတ်အဖြစ် ရပ်တည်ခဲ့သည်။ လက်ရှိ လဝက ဝန်ကြီးကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အမျိုးသားမှတ်ပုံတင် အတူတူဟု ပြောခဲ့သည်။
(ဃ) အမျိုးသားမှတ်ပုံတင်သည် နိုင်ငံသားလက်မှတ်မဟုတ်ဟုဆိုလျှင် ယနေ့လွှတ်တော် အသီးသီးသို့ ရောက်ရှိနေသော အမတ်မင်းများ၏ မိဘများတွင် ထိုလက်မှတ် (NRC) ကိုင်ဆောင်ဆဲသူများ ရှိနိုင်သည်။ နိုင်ငံရေးစိစစ်ရေးကတ် စတင်ထုတ်ပေးသော ၁၉၈၉ ခု မတိုင်ခင် အမျိုးသားမှတ်ပုံတင်ကတ် ကိုင်ဆောင်စဉ် ကွယ်လွန်သူ (မိဘ)များလည်း ရှိနိုင်သည်။ ထို လွှတ်တော်အမတ်များ၏ မိဘများ နိုင်ငံသားဖြစ်မဖြစ်ကို မည်သည့်အရာ (ပေတံ) ဖြင့် တိုင်းတာမည်နည်း။ လွှတ်တော်ကိုယ်စားလှယ်၏ မိဘများလည်း နိုင်ငံသားဖြစ်ရမည်ဟု ဥပဒေကဆိုထားသည်။ ကချင်၊ ကယား၊ ချင်း၊ မြန်မာ၊ ရခိုင်ဆိုရုံဖြင့် နိုင်ငံသားဖြစ်သွားပါသလား။ လက်ရှိ နိုင်ငံသားဥပဒေ၊ နည်းဥပဒေ အပိုဒ် (၆) မှာ နိုင်ငံခြားမှာ မွေးပြီး နိုင်ငံခြားမှာ ကြီးပြင်းသော တိုင်းရင်းသား မျိုးနွယ်စုများသည် နိုင်ငံသားမဟုတ်ဟု ဆိုထားပါသည်။
(င) သို့ဖြစ်ပါ၍ အမျိုးသားမှတ်ပုံကတ် NRC သည်၎င်း၊ ယင်းကိုယ်စား ယာယီထုတ်ပေးသော ယာယီသက်သေခံကတ် သော်၎င်း၊ နိုင်ငံသားလက်မှတ်ဖြစ်သည်ဟု ကျနော်တို့ ယုံကြည်ပါသည်။ ယင်းတို့အား နိုင်ငံရေးပါတီ မတည်ထောင်နိုင်၊ ပါတီဝင်မဖြစ်နိုင်ဆိုခြင်းသည် နိုင်ငံသားအဆင့် လျှော့ချခြင်း ဖြစ်နေသည်။ ထိုသို့ နိုင်ငံရေးအခွင့်အရေးပိတ်ပင်မူသည် အတ္တလွန်ကဲမှု အစွဲအလန်းကြီးမှုဖြစ်ပြီး ဥပဒေနှင့်မညီညွတ်ပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၅) နှင့် ကမ္ဘာ့ကလေးများ အခွင့်အရေး ကြေညာစာတမ်းနှင့် ဆန့်ကျင်နေသည်။ ထိုစာတမ်းများကို မြန်မာနိုင်ငံလက်မှတ်ရေးထိုးပြီး ဖြစ်သည်။
ဥပဒေပြင်ဆင်ချက် အပိုဒ်(၃)တွင် နိုင်ငံသား စိစစ်ရေး ကတ်အမှတ်၊ အမျိုးသား မှတ်ပုံတင် အမှတ်၊ ဧည့်နိုင်ငံသား လက်မှတ်အမှတ်၊ နိုင်ငံသားပြုခွင့် လက်မှတ်အမှတ်၊ ယာယီသက်သေခံ လက်မှတ်အမှတ် စသည့် စကားရပ်ကို နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟု ပါရှိပါသည်။ ၎င်းတွင် အမျိုးသားမှတ်ပုံတင်အမှတ်လည်း အစားထိုးရန် ဖြစ်နေရာ ၎င်းသည် နှစ်ပေါင်းငါးဆယ်ကျော် နိုင်ငံသားလက်မှတ်အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုခဲ့ခြင်းကို ကျောခိုင်းသွားခြင်းပင်ဖြစ်သည်။
ပြင်ဆင်ချက် အပိုဒ်(၅)တွင် မှတ်ပုံတင်ရထားပြီးသော နိုင်ငံရေးပါတီများအား ယခုပြင်ဆင်ပြီး ဥပဒေနှင့်အညီ ပြင်ဆင်ဆောင်ရွက်နိုင်ရန် သင့်တင့်သော အချိန်ပေးမည်ဟု ဆိုသော်လည်း ပြင်ဆင်ထားရာတွင် ယာယီသက်သေခံ ကတ်ပြား၊ အမျိုးသား သက်သေခံ ကတ်ပြားများကို နိုင်ငံစိစစ်ရေးကတ်များအဖြစ် ရယူခြင်းကို ဆိုလိုသည်။ ဧည့်နိုင်ငံသားလက်မှတ်၊ နိုင်ငံသားပြုခွင့်လက်မှတ်များအား ဥပဒေအရ စိစစ်ရေးကတ်နှင့် လဲလှယ် ၍မရ။ ဤတွင်သက်ဆိုင်ရာ လဝကရုံးမှ နိုင်ငံရေးစိစစ်ရေးကတ် မထုတ်ပေးပါက မည်သို့ဖြစ်မည်နည်း။ ယနေ့အထိ ရခိုင်မှာ စိစစ်ရေးကတ် ထုတ်မပေးသဖြင့် ယာယီကတ်ကိုင်ဆောင်နေရခြင်းဖြစ်သည်။
လွတ်လပ်ရေးရပြီး နှစ်ခြောက်ဆယ်ကျော်မှ ရိုဟင်ဂျာများ နိုင်ငံသားအဖြစ် ဆုံးရှုံးခံရခြင်းဖြစ်နေပေသည်။ သူတို့၏ နိုင်ငံရေး အနာဂတ်ပျောက်အောင် ပြုလုပ်နေခြင်းမျိုး ဖြစ်နေသည်။
(စာရေးသူသည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် အနိုင်ရခဲ့သော အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်ဖြစ်သည်။ ယခုဆောင်းပါးသည် ဦးကျော်မင်း၏ ကိုယ်ပိုင်အယူအဆသာဖြစ်ပြီး ဧရာဝတီ၏ အယ်ဒီတာ့အာဘော် မဟုတ်ပါ။)