တိုင်းပြည်တိုင်း လူ့အဖွဲ့အစည်းတိုင်းမှာ ပြဿနာရှိပါတယ်။ ပြီးပြည့်စုံတဲ့ တိုင်းပြည်၊ ပြီးပြည့်စုံတဲ့ လူ့အဖွဲ့အစည်း ဆိုတာလည်း ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြဿနာကို ဘယ်လို သဘောထားသလဲ၊ အမှားတွေ၊ အားနည်းချက်တွေကို သင်ခန်းစာ ယူသလား၊ မယူဘူးလား ဆိုတာက တိုင်းပြည်တခုရဲ့ အတက်အကျ ကံကြမ္မာကို အဆုံးအဖြတ်ပေးပါတယ်။
နိုဝင်ဘာလက မြန်မာပြည်ခရီးစဉ်အတွင်း သမ္မတ အိုဘားမားက ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။ “ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်” ဆိုတဲ့ မြန်မာစကားပုံကို မြန်မာလို ပြောသွားတာကိုတော့ တော်တော်များများ သတိထားမိကြပါတယ်။ ဒါပေမယ့် “အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ဆိုတာ သူတပါး ပေးစာကမ်းစာ မဟုတ်ဘူးဆိုတာကို အမေရိကန် ပြည်သူတွေ ကောင်းကောင်းသိပါတယ်။ ရုန်းကန်တိုက်ပွဲဝင်ရမယ်။ စည်းကမ်းရှိရမယ်။ ဇွဲရှိရမယ်။ ယုံကြည်ချက် ခိုင်မာရမယ်” ဆိုပြီး ပြောသွားတာကိုတော့ သတိထားမိသူ များမယ်လို့ မထင်ပါဘူး။
တကယ်တော့ မြန်မာပြည်မှာ သမ္မတ အိုဘားမားက ဒီလို မိန့်ခွန်းပြောနေတဲ့ အချိန် အမေရိကန် ပြည်ထောင်စုမှာ လွတ်မြောက်ရေး တိုက်ပွဲက မပြီးသေးပါဘူး။ မစ်ဇူရီ ပြည်နယ် ဖာဂူဆန်ဆိုတဲ့ မြို့ငယ်လေးမှာ မိုက်ကယ်ဘရောင်းဆိုတဲ့ အသက် ၁၈ နှစ်အရွယ် လူမည်းချာတိတ် တယောက်ကို လူဖြူရဲအရာရှိက သတ်ဖြတ်တဲ့ကိစ္စကို အကြောင်းပြုလို့ ပြဿနာတွေ ပေါ်ပေါက်နေတယ်။ တခါတလေ ထိန်းမနိုင်သိမ်းမရ အခြေအနေတွေ၊ မီးရှို့မှု၊ လုယက်မှုတွေနဲ့ ရောထွေးနေတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပါတယ်။
မိုက်ကယ်ဘရောင်း အမှုမှာ အငြင်းပွားစရာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် မငြင်းနိုင်တဲ့ အချက်ကတော့ လူဖြူရဲအရာရှိက လက်နက်မပါတဲ့ အာဖရိကန် နွယ်ဖွား အမေရိကန် တယောက်ကို သေနတ်နဲ့ ပစ်သတ်လိုက်တယ် ဆိုတာပါပဲ။ လူတော်တော် များများအတွက် ဒီတချက်တည်းနဲ့ လုံလောက်ပါတယ်။
မိုက်ကယ်ဘရောင်း အမှုမှာ တချို့အမှန်တရားက ဝိရောဓိအဖြစ်နဲ့ပဲ ဆက်ရှိနေပါလိမ့်မယ်။ အဓိက တာဝန်ရှိတဲ့ လူဖြူ ရဲအရာရှိ ဒါရန် ဝီလ်ဆင်ရဲ့ ထွက်ဆိုချက်နဲ့ အခင်းဖြစ်တဲ့အချိန်မှာ အတူရှိနေတဲ့ မိုက်ကယ် ဘရောင်းရဲ့ သူငယ်ချင်း ဂျွန်ဆင်တို့ရဲ့ ထွက်ဆိုချက်က တမျိုးစီ ဖြစ်နေသလို မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေကလည်း မူကွဲတွေ အမယ်စုံဖြစ်နေတယ်။ အဓိက ရန်စသူဟာ မိုက်ကယ် ဘရောင်းလား၊ ရဲအရာရှိ ဝီလ်ဆင်လား။ မိုက်ကယ်ဘရောင်းက ရဲကားထဲမှာ ထိုင်နေတဲ့ ဝီလ်ဆင်ရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးခဲ့သလား။ ဒါမှမဟုတ် ရဲအရာရှိက မိုက်ကယ်ဘရောင်းကို လည်ပင်းကိုင်းပြီး ဆွဲပင့်ခဲ့သလား။ မိုက်ကယ်ဘရောင်းက ရဲသေနတ်ကို လုဖို့ ကြိုးစားခဲ့သလား၊ ဒါမှမဟုတ် ထွက်ပြေးရင်း လက်မြှောက်ရင်း သေနတ်နဲ့ အပစ်ခံလိုက်ရသလား စသဖြင့် အငြင်းပွားစရာတွေ အမြောက်အမြား ရှိပါတယ်။
ဒီကြားထဲမှာ လူဖြူ ၉ ယောက်နဲ့ လူမည်း ၃ ယောက်ပါတဲ့ ဂျူရီအဖွဲ့ကတော့ လူဖြူရဲအရာရှိ ဒါရန် ဝီလ်ဆင်ကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုနိုင်လောက်တဲ့ အချက်အလက် မတွေ့ရဘူးလို့ သုံးသပ်ခဲ့တယ်။ နောက်ထပ် စုံစမ်းမှုနှစ်ခုက ကျန်ပါသေးတယ်။ ဒီအဖြစ်အပျက်မှာ ဝီလ်ဆင်က ပြည်သူ့အခွင့်အရေးကို ချိုးဖောက်ခဲ့သလားဆိုတာကို FBI က စုံးစမ်းနေပါတယ်။ ပြည်ထောင်စု တရားရေးဌာနကလည်း ဖာဂူဆန် ရဲအဖွဲ့ရဲ့ နောက်ကြောင်းရာဇဝင်မှာ ပြည်သူ့အခွင့်အရေးကို ချိုးဖောက်ဖူးသလား ဆိုတာကို စုံစမ်းနေပါတယ်။ ဂျူရီအဖွဲ့က ဆုံးဖြတ်ပြီးသွားတဲ့တိုင်အောင် မိုက်ကယ်ဘရောင်းရဲ့ မိသားစုအနေနဲ့ မတရား သတ်ဖြတ်မှုနဲ့ အမှုဖွင့်နိုင်ပါသေးတယ်။
ဒီနေရာမှာ အထင်လွဲနိုင်တဲ့ ကိစ္စတခုရှိပါတယ်။ ဂျူရီလူကြီးအဖွဲ့ဟာ မိုက်ကယ်ဘရောင်း အမှုပေါ်လာလို့ ခန့်အပ် တာဝန်ပေးတာ မဟုတ်ပါဘူး။ နဂိုကတည်းက ရှိပြီးသား အဖွဲ့ဖြစ်ပါတယ်။ တခုတော့ ရှိပါတယ်၊ ဂျူရီအဖွဲ့ဟာ စိန့်လူးဝစ် အုပ်ချုပ်ရေးနယ်မြေကို ကိုယ်စားပြုပါတယ်။ အခု ပြဿနာဖြစ်နေတဲ့ ဖာဂူဆန် မြို့ကလေးကတော့ စိန့်လူးဝစ် နယ်မြေထဲမှာ ရှိပြီး လူမည်းအများစု နေထိုင်ပါတယ်။ လူမည်းတွေက နဂိုကတည်းက ဂျူရီလူကြီးအဖွဲ့ အပေါ် မယုံကြည်ပါဘူး။ ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ထွက်ပြီး ရက်ပိုင်းမှာပဲ ရဲအရာရှိ ဝီလ်ဆင်ဟာ သူ့သဘောနဲ့သူ နုတ်ထွက်သွားခဲ့တယ်။ သူ့ကြောင့် နောက်ထပ် ဘယ်သူမှှ ထိခိုက်နာကျင်တာ မဖြစ်စေချင်တော့ပါဘူးလို့ ဆိုတယ်။ ဒါပေမယ့် တရားမျှတမှုအတွက် တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေက ရုတ်တရက် ပြီးမယ့် အခြေအနေမရှိပါဘူး။
စိတ်ဝင်စားစရာ ကောင်းတာက မိုက်ကယ်ဘရောင်းရဲ့ မိသားစုနဲ့ လူမည်းသမ္မတ ဘာရတ် အိုးဘားမားတို့ရဲ့ ရပ်တည်ချက်ပါပဲ။ အကြီးဆုံးသားကို ဆုံးရှုံးခဲ့ရလို့ ယူကြုံးမရ ဖြစ်နေတဲ့ မိုက်ကယ်ဘရောင်းရဲ့ မိဘတွေက ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အကြီးအကျယ် စိတ်ပျက်တယ်လို့ ကြေညာချက်ထုတ်တယ်။ သူ့တို့ မိသားစု ခံစားနေရတာကို စာနာတဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်၊ တချိန်တည်းမှာ သူ့သား သေဆုံးတဲ့ကိစ္စကနေ အပြုသဘော အပြောင်းအလဲကို ပေါ်ပေါက်စေချင်တာပါလို့ အားလုံးကို မေတ္တာရပ်ခံတယ်။ သမ္မတ အိုဘားမားကိုယ်တိုင် ပြန်ကိုးကားရတဲ့ သူ့စကား အတိအကျကတော့ “တခြားလူကို ထိခိုက်စေတာ၊ ပစ္စည်းတွေကို ဖျက်ဆီးတာဟာ အဖြေမဟုတ်ဘူး။ ဂျူရီအဖွဲ့က ဘယ်လိုပဲ ဆုံးဖြတ်ပါစေ၊ ကျနော့်သား သေဆုံးတာကိုတော့ အချည်းနှီး မဖြစ်စေချင်ဘူး။ ဒီအဖြစ်အပျက်ကနေ ပြောင်မြောက်တဲ့ အပြောင်းအလဲ ဖြစ်စေချင်တယ်။ အပေါင်းလက္ခဏာ အပြောင်းလဲ ဖြစ်စေချင်တယ်၊ စိန့်လူးဝစ် နယ်မြေထဲမှာ အားလုံးအတွက် ပိုကောင်းစေမယ့် အပြောင်းအလဲ ဖြစ်စေချင်ပါတယ်” လို့ ဆိုတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားရဲ့ ရပ်တည်ချက်ကလည်း ကျိုးကြောင်းသင့်ပါတယ်။ ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံသူတွေရှိသလို၊ လက်မခံသူတွေသူတွေ၊ ဒေါသထွက်သူတွေ ရှိတာကို နားလည်တယ်။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စုဟာ တရားဥပဒေ စိုးမိုးမှုအခြေခံပေါ်မှာ တည်ဆောက်ထားတဲ့ နိုင်ငံဖြစ်လို့ ဒီအမှုကို ဂျူရီအဖွဲ့က ဆုံးဖြတ်တာ သူ့အလုပ်သူ လုပ်တာပဲ။ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေက ပြည်သူတွေအပေါ် ရဲတွေက ဘယ်လို ဆက်ဆံသင့်သလဲ ဆိုတာကို မီးမောင်းထိုးပြနေတာဟာ အကျိုးအကြောင်း ဆီလျော်တဲ့ကိစ္စဖြစ်တယ်။
ဒါကြောင့် ရဲတွေက ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို ကိုင်တွင်တဲ့နေရာမှာ ဆင်ခြင်သတိရှိရမယ်။ ရဲအဖွဲ့က အသက်စွန့်ပြီး ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် တာဝန် ထမ်းဆောင်နေတာကိုလည်း အသိအမှတ်ပြုတယ်။ တချိန်တည်းမှာ တချို့ကိစ္စတွေမှာ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ လူမျိုးရေး ခွဲခြားတဲ့သဘောပါနေတယ်၊ ဒီပြဿနာ ရှိနေတာကို အသိအမှတ် ပြုရမယ်။ ပြည်သူတွေ၊ အထူးသဖြင့် လူမည်းတွေက ရဲအဖွဲ့အပေါ် အယုံအကြည်မဲ့နေတာကို အသိအမှတ်ပြုရမယ်။ ပြုပြင်ဖို့ နည်းလမ်းရှာရမယ်လို့ ပြောတယ်။
အရေးအကြီးဆုံး သတင်းစကားကတော့ “ဖြစ်သွားတဲ့ ဝမ်းနည်းဖွယ် အဖြစ်အပျက်တွေကနေ သင်ခန်းစာယူရမယ်၊ ဒီကိစ္စဟာ ဖာဂူဆန်မှာ ကွက်ဖြစ်နေတဲ့ ပြဿနာ မဟုတ်ဘူး။ အမေရိကားရဲ့ ပြဿနာ ဖြစ်တယ်။ လူမျိုးရေး ခွဲခြားမှုနဲ့ ပတ်သက်လို့ ဆယ်စုနှစ်ပေါင်းများစွာ အတွင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်အောင် လုပ်ခဲ့ကြတယ်။ ကျနော့် ဘဝအတွေ့အကြုံအရ မျက်မြင်ကိုယ်တွေ့ပါပဲ။ ဒါကြောင့် ဒါကို ငြင်းဆန်နေမယ်ဆိုရင် အမေရိကားမှာ ပြောင်းလဲ နိုင်စွမ်းရှိတယ် ဆိုတာကို ငြင်းဆန်ရာ ရောက်တယ်လို့ ကျနော် ထင်ပါတယ်” လို့ ဆိုတာပါပဲ။
အမေရိကန်သမိုင်းကို သမင်လည်ပြန် ကြည့်လိုက်ရင် အသားအရောင်ခွဲခြားတဲ့ ဥပဒေကို လွန်ခဲ့တဲ့ နှစ် ၅၀ က ဖျက်သိမ်းခဲ့တယ်။ လူမည်းခေါင်းဆောင် မာတင်လူသာကင်းက တနေ့ကျရင် “ကျွန်ဖြစ်ခဲ့သူတွေရဲ့ သားသမီးတွေနဲ့ ကျွန်ပိုင်ရှင် ဖြစ်ခဲ့သူတွေရဲ့ သားသမီးတွေ မောင်ရင်းနှမလို ချစ်ကြည်ရင်းနှီးစွာ အတူတူ နေထိုင်နိုင်ကြလိမ့်” လို့ သူ့အိပ်မက်ကို ကြေညာခဲ့တယ်။
မိုက်ကယ်ဘရောင်း ကိစ္စကို အကြောင်းပြုလို့ လူဖြူ၊ လူမည်းပြဿနာကို လူတွေ အာရုံစိုက်တဲ့အချိန်မှာ အမေရိကန် သမ္မတက မိုက်ကယ်ဘရောင်းလိုပဲ အာဖရိကန်နွယ်ဖွား အမေရိကန် ဖြစ်တယ်။ နိုင်ငံတော် ရှေ့နေချုပ် အဲရစ်ဟိုဒါ ကိုယ်တိုင်က လူမည်းတယောက် ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကရေစီ စံပြ ဘိုးအေ နိုင်ငံကြီးဖြစ်တယ်။ ဒါပေမယ့် မိုက်ကယ်ဘရောင်း အမှုကို လူငယ်တယောက်နဲ့ ရဲတယောက်တို့ ဖြစ်တဲ့ ပြဿနာလောက်နဲ့ မပြီးလိုက်ကြပါဘူး။
မိုက်ကယ်ဘရောင်းနဲ့ ဝီလ်ဆင်တို့ ဘယ်ပုံဘယ်နည်း ဖြစ်ပျက်သွားသလဲ ဆိုတာက အဓိက မကျတော့ဘူး။ ဝီလ်ဆင်က မိမိကိုယ်ကို ခုခံကာကွယ်တဲ့အနေနဲ့ မိုက်ကယ်ဘရောင်းကို သတ်ဖြတ်ခဲ့သလား ဆိုတာက အဓိက မကျတော့ဘူး။ ရဲအဖွဲ့နဲ့ လူမည်းတွေကြားထဲမှာ မယုံကြည်မှု၊ အမြင်စောင်းမှုတွေကို တကယ်ရှိ၊ မရှိ၊ ဖြေရှင်းဖို့လို၊ မလို၊ ရဲအဖွဲ့ဟာ အင်အားအလွန် အကျွံသုံးနေသလား၊ ရဲအဖွဲ့ဟာ လူမည်းတွေကို ခွဲခြားနှိမ့်ချ ဆက်ဆံနေသလား ဆိုတဲ့ကိစ္စတွေကို ပြန်သုံးသပ်ဖို့ လို၊ မလို ဆိုတဲ့ ကိစ္စတွေက ပိုပြီး အဓိက ကျလာပါတယ်။
အောက်ခြေမှာ ပြဿနာတွေ ရှိနေပါတယ်။ Pew သုတေသနအဖွဲ့က စစ်တမ်းကောက်ကြည့်တဲ့အခါ ဖြေဆိုသူ လူမည်း ၈၀ ရာခိုင်နှုန်းက မိုက်ကယ်ဘရောင်း အမှုဟာ လူဖြူလူမည်းကိစ္စနဲ့ ဆိုင်တယ်လို့ မြင်ကြတယ်။ ဖာဂူဆန် မြို့ငယ်ကလေးမှာ လူဦးရေရဲ့ သုံးပုံနှစ်ပုံက အာဖရိကန်နွယ်ဖွား အမေရိကန်တွေ ဖြစ်ပေမယ့် ရဲအဖွ့ဲ ၅၃ ယောက်ထဲမှာ အာဖရိကန် အမေရိကန် လေးယောက်ပဲ ပါဝင်နေတာကို မီးမောင်းထိုးပြလာကြတယ်။
လူမည်းတွေကို ရဲတွေက ပိုပြီး မယုံသင်္ကာ ဖြစ်တတ်တာကို အသိအမှတ်ပြုကြတယ်။ တရားဥပဒေ စိုးမိုးရေးမဏ္ဍိုင်မှာ အမြင့်ဆုံးရာထူးဖြစ်တဲ့ နိုင်ငံတော် ရှေ့နေချုပ် အဲရစ်ဟိုဒါ ကိုယ်တိုင်က သူလည်းပဲ လူမည်းဖြစ်နေတာကြောင့် မလိုအပ်ဘဲနဲ့ စစ်ဆေးတာတွေများပြီလို့ ထုတ်ပြောလာတယ်။ အမေရိကန် ရဲအဖွဲ့ဟာ ထစ်ကနဲ ရှိတာနဲ့ ပစ်ခတ်တာ များနေပြီ၊ ဒါပေမယ့် အစိုးရရဲ့ဘယ်ဌာနကမှ တိတိကျကျ စာရင်းပြုစုထားတာ မရှိဘူးဆိုတာကို မေးခွန်း ထုတ်လာကြတယ်။ လွတ်လပ်တဲ့ သုတေသီ Jim Fisher ရဲ့ စစ်တမ်းအရ ၂၀၁၁ ခုနှစ်မှာ ရဲအရာရှိတွေရဲ့ သေနတ်ပစ်ခတ်မှု ၁၁၄၆ ကြိမ် ရှိခဲ့ပြီး လူ ၆၀၇ ယောက် သေဆုံးခဲ့တယ်လို့ ဆိုတယ်။ တခြား ဘယ်ဒီမိုကရေစီနိုင်ငံထက် မဆို အလွန်များတဲ့ အရေအတွက် ဖြစ်ပါတယ်။
ဒီနေ့ ဘာရတ်အိုဘားမားဆိုတဲ့ အာဖရိကန် နွယ်ဖွား လူမည်းတယောက်ကို အမေရိကန် ပြည်သူတွေက ရွေးကောက် တင်မြှောက်လိုက်လို့ အိမ်ဖြူတော်မှာ ရောက်နေတယ်။ မနှစ်သြဂုတ်လကပဲ မာတင်လူသားကင်းရဲ့ I have a dream နာမည်ကျော် မိန့်ခွန်း ရွှေရတု နှစ်ပတ်လည် ကျင်းပခဲ့တယ်။ ဒီနှစ် သြဂုတ်လမှာတော့ မိုက်ကယ်ဘရောင်းအမှု ပေါ်တယ်။ လူဖြူ လူမည်း ကိစ္စကို အာရုံစိုက်ဖို့ ပေါ်လာတယ်။
မာတင်လူသာကင်း အလွန် အမေရိကားဟာ နိုင်ငံရေးအရ၊ ပညာရေးအရ၊ လူမှုရေးအရ အကြီးအကျယ် ပြောင်းလဲသွားတာကတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။ ဒါပေမယ့် မပြောင်းလဲသေးတဲ့ အစွဲအလမ်းတွေ၊ စရိုက်တွေ ကျန်နေပါသေးတယ်။ ဒါတွေကို ပြောင်းလဲဖို့ လိုနေတယ်ဆိုတာ မိုက်ကယ်ဘရောင်းရဲ့ ဝမ်းနည်းဖွယ် အဖြစ်အပျက်က မီးမောင်းထိုးပြ လိုက်ပါတယ်။ ဒီလို ပြောင်းလဲဖို့ အရေးအကြီးဆုံးကတော့ ပြဿနာရှိနေတယ် ဆိုတာကို အမှန်အတိုင်း လက်ခံဖို့ပါပဲ။
မြန်မာပြည်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အရပ်သားတွေကို လက်ရဲဇက်ရဲ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်တဲ့ကိစ္စတွေ ရှိနေတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့အပေါ် ပြည်သူတွေ မယုံကြည်မှုကလည်း နက်နက်ရှိုင်းရှိုင်း ရှိနေတာ အမှန်ပါပဲ။ ဒီပြဿနာကို အသိအမှတ်မပြုရင် အပြောင်းအလဲဆိုတာလည်း မဖြစ်နိုင်ပါဘူး။ အမှန်ကို အမှန်အတိုင်း မမြင်တာ၊ အမှားလုပ်တာကို အမှန်ပါလို့ အမျိုးမျိုး အကြောင်းပြ၊ ဆင်ခြေပေး ကာကွယ်နေတာဟာ စိတ်ဓာတ်ညံ့ဖျင်းမှု ဖြစ်ပါတယ်။ စာရိတ္တညံ့ဖျင်းမှု ဖြစ်ပါတယ်။ အရည်အချင်း ညံ့ဖျင်းမှုထက် အများကြီး ပိုဆိုးပါတယ်။
အပြောင်းအလဲမှာ အရေးအကြီးဆုံးက အမှန်တရားကို မျက်မှောက်ပြုခြင်းပါပဲ။ မိုက်ကယ်ဘရောင်း အမှုမှာ လူငယ် တယောက်နဲ့ ရဲတယောက်တို့ ဖြစ်တဲ့ ပြဿနာလောက်နဲ့ အမေရိကန် လူ့အဖွဲ့အစည်းက မပြီးလိုက်ကြပါဘူး။ မိုက်ကယ်ဘရောင်း အမှုကို အမေရိကန် လူ့အဖွဲ့အစည်းက ဘယ်လို တုံ့ပြန်သလဲဆိုတာကို ကြည့်ရင် အမေရိကန်ပြည် ကြီးပွားရတဲ့ အကြောင်းနဲ့ မြန်မာပြည်အနေနဲ့ ဘာကို အတုယူသင့်သလဲဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်ရပါလိမ့်မယ်။
(ညီစောလွင်သည် မြန်မာ့ရေးရာနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)