မြန်မာ-တရုတ် ဆက်ဆံရေး အနီးအဝေး

ဒေါက်တာ ကျော်သန်းထွန်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကာလများဆီသို့ ပြန်ကြည့်လျှင် အိန္ဒိယနှင့်ဖြစ်စေ၊ တရုတ်နိုင်ငံနှင့်ဖြစ်စေ မြန်မာနိုင်ငံ၏ ဆက်ဆံရေး အနေအထားသည် ဘန်ဒေါင်းညီလာခံမှ ချမှတ်ပေးခဲ့သည့် မူကြီး ၅ ရပ်ကို စွဲကိုင်ခဲ့သည့်အလျောက် အိန္ဒိယဝန်ကြီးချုပ် နေရူး၊ မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးနုနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်း တို့အပေါ် အမေရိကန် နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံကြီးများက လေးစားစေခဲ့သည်သာမက ငြိမ်းချမ်းရေး မူဝါဒ ၅ ရပ်သည်လည်း သမိုင်းမှတ်တမ်း ဝင်စေခဲ့သည်။

တရုတ်-မြန်မာဆက်ဆံရေး အနေအထားနှင့် ပတ်သက်၍ မြန်မာ့သမိုင်းဦးကာလ (ပုဂံခေတ်မတိုင်မီ) ခရစ်နှစ် (၈၀၂ ခု ဖေဖော်ဝါရီလ) ကတည်းကပင် ပျူကချေသည် ၃၅ ဦးပါဝင်သော ချစ်ကြည်ရေး မစ်ရှင်အဖွဲ့သည် ချန်အန်းသို့ ရောက်ရှိလာခဲ့ကြောင်း ဆရာကြီး ဦးရည်စိန်က သူ၏စာတမ်းတွင် ရေးသားဖော်ပြခဲ့သည်။ ဤသို့လျှင် မြန်မာ-တရုတ် ဆက်ဆံရေး သမိုင်းခရီးကို ပြန်လည်ကြည့်က ပျူခေတ်ကတည်းက ယဉ်ကျေးမှုအနုပညာ အဖွဲ့များ သွားရောက်ခဲ့သည့် မှတ်တမ်းများ၊ ရှေးအစဉ်အလာ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ အခိုင်အမာရှိခဲ့ပြီး ဖြစ်သည်။

ပုဂံခေတ် အနော်ရထာမင်းလက်ထက် (၁၀၄၄-၁၀၇၇) တွင် ဗုဒ္ဓမြတ်စွယ်တော် ပင့်ဆောင်ရန်သွား ရောက်ခဲ့သည့် မှတ်တမ်းများလည်း သမိုင်းတင်ပြီးဖြစ်သည်။ ထို့အတူ အိမ်နီးချင်းနိုင်ငံတို့၏ အစဉ်လာအတိုင်း မင်းဧကရာဇ်တို့၏ အမျှော်အမြင်ကြီးမားစွာ ဆက်ဆံရေး အနေအထားတို့အပေါ် မူတည်၍ ကျွမ်းဝင်မှုတို့က နီးတခါ ဝေးတလှည့် ဖြစ်ခဲ့ဖူးသည်။ နရသီဟပတေ့မင်းလက်ထက် ငြိမ်းရေး သံတမန်ရဟန်းတော် ရှင်ဒိသာပါမောက်၏ ဩဝါဒ စကားတို့သည်လည်း သမိုင်းတလျှောက် ချစ်ကြည်ရေး သံတမန်စကားအဖြစ် ထင်ရှားစေခဲ့သည်။

ဘိုးတော်ဘုရားခေတ် မြန်မာ-တရုတ် ဆက်ဆံရေးကို ရန်ကုန်တက္ကသိုလ် အရှေ့တိုင်း ရာဇဝင်ဘာသာ ကထိက သမိုင်းပညာရှင် ဒေါက်တာ ကျော်သက်က အင်္ဂလိပ်ဘာသာဖြင့် The Orient မဂ္ဂဇင်းတွင် ရေးသားတင်ပြခဲ့သည်။ ဆောင်းပါး တင်ပြချက်များကို စာပေဗိမာန်မှ မြန်မာဘာသာပြန်ဆို၍ ဖော်ပြထားသည်တို့မှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှသည် (စာပေဗိမာန်မဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၈၊ စာမျက်နှာ ၂၈)။ သမိုင်းဖြစ်စဉ် တင်ပြချက်တွင် မြန်မာဘုရင် ဘိုးတော်ဘုရား လက်ထက် (၁၇၈၂-၁၈၁၉) က တရုတ် ပြည်ကြီးတွင် မန်ချူးတို့၏ ချင်မင်းဆက် အထွဋ်ထိပ်သို့ရောက်ဆဲကာလ ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံတွင်လည်း ကုန်ဘောင်မင်းဆက် တန်ခိုးအကြီးဆုံး အချိန်ကာလနှင့် တိုက်ဆိုင်နေသည်။

ဒေါက်တာ ကျော်သက်က တရုတ်-မြန်မာ ဆက်ဆံရေးအား ကျယ်ကျယ်ပြန့်ပြန့် တင်ပြထားသော်လည်း အနှစ်ချုပ်အားဖြင့် နှစ်ပြည်ထောင် နယ်စပ်ဒေသများတွင် အုပ်ချူပ်သူတို့၏ ဆက်ဆံရေးသည် သက်ဆိုင်ရာ နှစ်ပြည်ထောင် မင်းဧကရာဇ်တို့၏ အမိန့်အာဏာ မသက်ရောက်စေဘဲ မိမိတို့၏ သဘောထားဖြင့်သာ ပြုမူဆက်ဆံခြင်းဖြင့် မြန်မာ-တရုတ် မင်းနှစ်ပါးတို့ကို အထင် အလွဲလွဲအချော်ချော်ဖြစ်အောင် ထိန်ဝှက် လုပ်ဆောင်ခဲ့ကြကြောင်း တင်ပြရေးသားချက်တို့သည် အထူးစိတ်ဝင်စားဖွယ် ကောင်းလှသည်။ တင်ပြချက်တခု၌ ၁၇၈၇ ခုနှစ်တွင် ရောက်ရှိလာသော တရုတ်သံအဖွဲ့သည် တရုတ်ဧကရာဇ်ထံမှ တိုက်ရိုက်စေလွှတ်သော သံအဖွဲ့ ဖြစ်ဟန်မတူဟု ဖော်ပြရေးသားခဲ့သည်။

ပဒေသရာဇ်ခေတ် ကုန်ဆုံး၍ ကိုလိုနီခေတ် ရောက်သောအခါ မြန်မာနှင့် တရုတ်တို့သည် အင်္ဂလိပ်၊ ဂျပန်တို့၏ နယ်ချဲ့အောက် ရောက်ခဲ့ကြသည်မှာလည်း အတူတူပင်ဖြစ်သည်။ ကူမင်တန်ပါတီ ချန်ကေရှိတ်အစိုးရအား တော်လှန်၍ ၁၉၄၉ ခုနှစ် ကွန်မျူနစ်ပါတီဥက္ကဌ မော်စီတုန်းက တရုတ်ပြည်သစ်ကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံ၏ မျိုးချစ်တပ်မတော် ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်းသည်လည်း အင်္ဂလိပ်၊ ဂျပန်တို့ကို တော်လှန်ခဲ့၍ မြန်မာ့လွတ်လပ်ရေးကို ပုံဖော်ရင်းကြမ္မာဆိုးနှင့် တွေ့ကြုံရပြီးနောက် ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်သည့် ဖဆပလ အစိုးရအဖွဲ့က မြန်မာလွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်။ ကံကြမ္မာ၏ အလှည့် အပြောင်းနှင့် ကိုလိုနီ နယ်ချဲ့သမားတို့၏ လက်အောက်ခံအဖြစ်၊ ရောက်ခဲ့ပုံခြင်း တူညီခဲ့ကြသော်လည်း တရုတ်ပြည်က ယနေ့ ကမ္ဘာ့မျက်နှာစာတွင် စီးပွာရေးအင်အား ဒုတိယမြောက် အတောင့်တင်းဆုံး နိုင်ငံကြီးအဖြစ် ရောက်ရှိလာသည်။

စာရေးသူ တရုတ်ပြည်သို့ ပညာတော်သင်ခရီး ရောက်ရှိနေသည့် ၁၉၇၅-၁၉၇၉ ခုနှစ် ကာလပိုင်းများသည် တရုတ်ပြည်ကြီးအတွင်း မုန်တိုင်းထန်နေသည့် ကာလများဟု ဆိုနိုင်သည်။ ထိုခေတ်ကာလပိုင်းတို့သည် တရုတ်ပြည်ကြီး၏ တံခါးပိတ်ဝါဒ ဧကစာရီ ကျင့်သုံးနေထိုင်သည့် ကာလများဟူ၍ ခံစားမိခဲ့သည်။ တရုတ်ပြည်သူလူထုသည် ကျနော်တို့လို နိုင်ငံခြားသားများနှင့် ဆက်ဆံရန် ဝန်လေးခဲ့ကြသည်။ အတတ်နိုင်ဆုံး ရှောင်ကွင်း သွားလာလေ့ရှိသည်။ မဖြစ်မနေ စကားပြောဆို ဆက်ဆံခဲ့ရာတွင်လည်း စိုးရိမ်စိတ်နှင့် ဆက်ဆံလေ့ရှိကြသည်။ မြန်မာနိုင်ငံတွင် စစ်ထောက်လှမ်းရေး ကာလအတွင်းက နိုင်ငံခြားသွားလျှင် မည်သူနှင့် သိကျွမ်းခဲ့သလဲ၊ ဘယ်အတိုင်းအတာထိ ရင်းနှီးခဲ့သလဲဆိုသည့် မေးမြန်းတတ်သည့် သဘောတို့နှင့် ဆင်တူလွန်းလှသည်။

အသက်အရွယ်ကြီးရင့်နေပြီး ဝေဒနာ ခံစားနေခဲ့ရသည့် ဝန်ကြီးချူပ် ချူအင်လိုင်း၊ ပေါ်လစ်ဗြူရိုအဖွဲ့ဝင်များဖြစ်သည့် ချူတေး၊ ခန်ရှန်တို့ ကွယ်လွန်ခဲ့ကြပြီး လေးဦးဂိုဏ်း၏ ချယ်လှယ်စိုးမိုးနေသည့်ကာလ ရုပ်သေးအစိုးရ ဟွာကိုဖုန်း အာဏာရနေသည့်အချိန် ဖြစ်သည်။ ပေါ်လစ်ဗြူအဖွဲ့ဝင် တိန့်ရှောင်ဖိန် ကိုယ်တိုင်လည်း တာဝန်မှ ဖယ်ရှားခံခဲ့ရပြီး ၁၉၇၇-၁၉၇၈ နှစ်ပိုင်းအတွင်း ဥက္ကဋ္ဌကြီး မော်စီတုန်းလည်း ကွယ်လွန်ခဲ့ပြန်သည်။ စပ်ကူးမတ်ကူးကာလ ကြားတွင် လေးဦးဂိုဏ်း အာဏာထက်နေသည့် အချိန်ကာလများပင် ဖြစ်သည်။ ဤအချိန်ကာလများအတွင်း မြန်မာ နိုင်ငံတွင်လည်း အစိုးရ တပ်မတော်နှင့် ဗကပတို့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဒေသတွင် အကြီးအကျယ် တိုက်ပွဲများ ဖြစ်လျက်ရှိသည်။

၁၉၇၈-၁၉၇၉ ကာလပိုင်းသို့ ရောက်သောအခါ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ပြန်လည် အာဏာရရှိလာခဲ့၍ ရှေ့ဆောင်ကောင်းပီသစွာ မှန်ကန်သော စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ လူမှုအဆောက်အအုံ လမ်းစဉ်များကို ချမှတ်ပေးနိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဥက္ကဋ္ဌကြီး တိန့်ရှောင်ဖိန်အပေါ် လေးစား ယုံကြည်ခဲ့ကြခြင်းနှင့် ပြန်လည် ထူထောင်ရေးနှင့် နိုင်ငံရေးအသွင်ပြောင်းမှု၊ အမေရိကန်နှင့် ဆက်ဆံရေးတို့ကိုပါ ပြောင်းလဲကျင့်သုံးခဲ့သည့် တိန့်ရှောင်ဖိန် ခင်းပေးသည့် ခရီးလမ်းသည် ယနေ့ တရုတ်ပြည်ကြီးအား ကမ္ဘာ့မျက်နှာစာတွင် ဝင်ဆန့်စေခဲ့ပြီး ကမ္ဘာ့ဒုတိယမြောက် စီးပွားရေး အင်အားကြီးနိုင်ငံအဖြစ် အောင်မြင်မှု ရရှိစေခဲ့သည်။

မြန်မာနှင့်တရုတ် ပြည်သူ့ ဆက်ဆံရေး

ယနေ့ကမ္ဘာကြီးတွင် တရုတ် ပြည်မကြီးမှ တရုတ်များနှင့် စင်ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင်ဒေသတို့မှ တရုတ် မျိုးနွယ်များကို ပိုင်းခြား ရှုမြင်ရန်လည်း လိုအပ်မည် ဖြစ်သည်။

ပကတိ အမြင်အားဖြင့် ကွန်မြူနစ်နိုင်ငံကြီးမှ တရုတ်ပြည်သူလူထုသည် လွန်ခဲ့သော နှစ် ၃၀ ကာလက ကျနော်တို့ မြန်မာနိုင်ငံသားများ မျက်စိပိတ်နားပိတ် နေခဲ့ရသကဲ့သို့ ကမ္ဘာကြီးနှင့် ပတ်သက်၍ အသိပညာပိုင်း အားနည်းလှသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံသည် အိမ်နီးနားချင်းနိုင်ငံ ဖြစ်သော်လည်း မြန်မာပြည် အာဖရိကမှာ ရှိသလားဟု မေးမြန်းသူရှိခဲ့ဖူးသည်။ ထိုစဉ်က တရုတ်ပြည်သူတို့သည် အနေအထိုင် ရိုးသားကြ၍ လောင်းရိပ် မိနေသူများလို ရှုမြင်မိသည်။ နိုင်ငံတော်ကြီး စည်ပင်သာယာရေး၊ ပြည်သူအများ ဗဟုသုတကြွယ်ဝ၍ အသိပညာ ဖွံ့ဖြိုးရေးတို့အတွက်၊ ဝါဒလမ်းစဉ်သည် အဓိကလား၊ စွမ်းဆောင်ရည် ပြည့်ဝသည့် အုပ်ချူပ်သူ လူတန်းစားတို့နှင့် အမျှော်အမြင်ပြည့်ဝသူတို့၏ စေတနာက အဓိကလား ထင်ရှားစေမည်ဖြစ်သည်။

ထိုစဉ်က မြန်မာပြည်မှ ပြန်လာ၍ တရုတ်ပြည်တွင် အခြေချနေထိုင်သည့် တရုတ်မိသားစုများနှင့် ကန်တုန်မှာ ဆုံဖြစ်ခဲ့သည်။ သူတို့ ပြန်ရောက်စတွင် တရုတ်ပြည်မှ ပြန်လည်ပြုပြင်ရေးစခန်းသို့ ပို့၍ လေ့လာစေခဲ့သည်ဟု ဆိုသည်။ တရုတ်ပြည်တွင် မွေးဖွားသူများထက် အခွင့်အရေးနည်းပါးလျက် သူတို့ကို မြန်မာကပြားများဟူ၍ ခေါ်လေ့ရှိကြောင်း ပြောပြကြသည်။ သူတို့အားလုံး မြန်မာပြည်ကို လွမ်းဆွတ်၍ အလည်ပြန်လာချင်ကြသော်လည်း ထိုစဉ်က ငွေကြေးအခြေအနေအရနှင့် ခွင့်ပြုချက်လည်း မရရှိခဲ့ကြပေ။ ယနေ့ကာလ နှစ်ပေါင်း ၃၀ အလွန်တွင် နိုင်ငံ၏စီးပွားရေးနှင့် လူမှုအဆောက်အအုံ ပြောင်းလဲမှုအရ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခွင့် ရရှိကြပြီဖြစ်သည်။

ယနေ့ကာလ အနေအထားသည် တရုတ်ပြည်၏ တံခါးဖွင့်ဝါဒအရ၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် သူများသာမက မြန်မာမှတ်ပုံတင်ကတ်များ ကိုင်လျက် နိုင်ငံသားအဖြစ် ခံယူကြသည့် တရုတ်လူမျိုးများလည်း ရှိနေသည်။ မြန်မာနိုင်ငံအစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ဥပဒေအရ တခြားသော နိုင်ငံများသို့ သွားရောက်ကြသည့် မြန်မာနိုင်ငံသားများအား နှစ်နိုင်ငံကိုယ်စားပြု နိုင်ငံသားကတ်ပြား ကိုင်ဆောင်ခွင့် မပြုသော်လည်း တရုတ်လူမျိုးတို့ မြန်မာနိုင်ငံသားကတ်ပြား ကိုင်ဆောင်ထားသည်ကို စာရေးသူ တွေ့မြင်ဖူးသည်။ ဤအနေအထားတို့သည် မြန်မာနိုင်ငံအစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် မိမိ၏ဥပဒေကို စောင့်ထိန်းမှု အားနည်းခြင်းပင်လောဟု မေးခွန်းထုတ်စရာများ ရှိနေသည်။

မြန်မာနိုင်ငံတွင် မြန်မာစကား မပြောတတ်သော တရုတ်နိုင်ငံသား အများအပြား မန္တလေးမြို့တွင် နေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင်ခြင်းအတွက် မိမိနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် မြန်မာပြည်သူလူထု အလုပ်အကိုင် ရရှိစေနိုင်သည်ဟု ယူဆရန်ရှိသော်လည်း မြန်မာနိုင်ငံအတွင်းသို့ တရုတ်လူမျိုး အလုပ်သမားများ ခေါ်ယူလာခဲ့ခြင်းမှာ မြန်မာ့စီးပွားရေးအား အထောက်အကူပြုခြင်းထက် မြန်မာ့သယံဇာတ၊ မြန်မာ့ရင်းမြစ်တို့၏ အနှစ်သာရ ထုတ်နုတ်ရယူခြင်းသာဖြစ်၍ မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် ဆန့်ကျင်နေသည့် သဘောရှိသည်။

နိုင်ငံရေးဆိုင်ရာ မြန်မာ-တရုတ် ဆက်ဆံရေး

တရုတ်ပြည်၏ လုပ်ဆောင်မှုများသည် ရေရှည်စီမံကိန်းများ ရေးဆွဲ၍ စနစ်တကျ လုပ်ဆောင်တတ်ခြင်းနှင့် ကိုယ်ကျိုး စီးပွားရေးကို ဦးစားပေးလေ့ရှိသည်။ ဤအနေအထားတို့သည် မြန်မာနိုင်ငံအတွက် နည်းယူထိုက်သော လုပ်ဆောင်မှုများဟု ဆိုနိုင်သည်။ တဖက်သတ်ဆန်ဆန် ဆောင်ရွက်တတ်သည့် အနေအထားတို့ကို ရှေးကာလကတည်းက လိုက်နာကျင့်သုံးခဲ့ကြသည်။ မြန်မာ-တရုတ် နယ်စပ်မျဉ်း ရေးဆွဲသည့်ကာလ (၁၉၅၆-၁၉၅၈) ဆီက ကချင်ပြည်နယ် မြောက်ဖျား နယ်နိမိတ် သတ်မှတ်ကျစဉ်က ရာသီဥတုဆိုးရွားမှု၊ အသွားအလာခက်ခဲ ကြမ်းတမ်းမှု၊ အစားအစာ အခက်အခဲတွေ့ကြုံရမှု စသည့်ကြားမှပင် မြန်မာဘက်မှ မြေတိုင်းဌာန ဝန်ထမ်းများနှင့်အတူ အစိုးရတပ်မတော်မှ ယိမ်းနွဲ့ပါး စစ်ဆင်ရေး စီမံချက်ဖြင့့် လုံခြုံရေးဆောင်ရွက်ခဲ့ကြသည်။

လူသူမနီး နှင်းခဲဖုံးဒေသ တောတောင်ကြီးများအား ဖြတ်ကျော်သွားလာခဲ့ကြရင်း နှစ်နိုင်ငံဝန်ထမ်းများ နယ်နိမိတ်မျဉ်း ဆွဲကြသည့်အခါ မြန်မာဘက်မှ ပင်ပန်းကြမ်းတမ်းမှုကို ရေရှည်သွားလာ လုပ်ဆောင်ရသည့်အလျောက် သက်ဆိုင်ရာ မြန်မာအဖွဲ့ ခေါင်းဆောင်များက မိမိတို့ဝန်ထမ်းများ ပင်ပန်းမှုကို ထောက်ထား၍ လျှော့ပေါ့ ဆောင်ရွက် သင့်သည်တို့ကို လျော့ပေါ့လုပ်ဆောင်ခဲ့သည်။ သို့သော် တရုတ်ဘက်မှ ဝန်ထမ်းများကမူ ကျားကုတ်ကျားခဲ ဆောင်ရွက်တတ်ကြောင်း ထိုစဉ်က လိုက်ပါသွားသည့် စစ်တပ်အရာရှိကြီးတဦးက ပြောပြ၍ မှတ်သားခဲ့ရဖူးသည်။

ဤသည်မှာ တရုတ်အစိုးရ၏ ရေရှည်စီမံချက်ဖြင့် အထက်မှ ပေးအပ်သည့် တာဝန်တို့ကို မိမိတို့ဖာသာ မပယ်ဖျက်ရဲကြ၊ အမိန့်ကို နာခံကာ စနစ်တကျ လုပ်ဆောင်တတ်ကြသည်။ မိမိတဦးတည်း၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့်လည်း လုပ်ဆောင်လေ့ မရှိတတ်ကြချေ။ အခြေအနေအရ လိုက်လျောပြုပြင်ခြင်းတို့ကို တရုတ်တို့ဘက်မှ လုပ်ဆောင်တတ်သည့် သဘောမရှိချေ။

တရုတ်တို့သည် မြန်မာနှင့် ကွာခြားသည်ကား လျှို့လျှို့ဝှက်ဝှက် ကျစ်လစ်စွာ ရေရှည်စီမံချက်ဖြင့် လုပ်ဆောင်တတ်၍ မြန်မာတို့ကမူ အားနာတတ်သည့် သဘောရှိကြသည်။ တရုတ်တို့သည် တဦးတယောက်ကောင်း ဆုံးဖြတ်ချက်ဖြင့် မလုပ်ဆောင်ကြဘဲ စုပေါင်းတွေးခေါ် ဆွေးနွေးခြင်းဖြင့် ဆုံးဖြတ်လေ့ရှိသည်။ စီမံကိန်းတခုအတွက် အချိန်ယူလေ့လာ၍ အချက်အလက်များ အချိန်ယူစုဆောင်းခြင်း၊ နှီးနှောဖလှယ်မှုဖြင့် စုပေါင်းဆွေးနွေးခြင်း၊ တန်ဖိုးတွက်စနစ် ကျင့်သုံးခြင်းဖြင့် အမျှော်အမြင်ကြီးမားစွာ ဆောင်ရွက်တတ်လေ့ရှိသည်။ မြန်မာနိုင်ငံရှိ တရုတ်ဘုံကျောင်းကြီးများပင် စုပေါင်းစည်းဝေး ညှိနှိုင်းတိုင်ပင်မှုဖြင့် လုပ်ဆောင်လေ့ရှိကြသည်။

မြန်မာတို့ဘက်ကမူ မိမိတို့၏ ဦးဆောင်ဦးရွက်ပြုသူက ဆုံးဖြတ်ချက်ပြုလျှင် စောဒကတက်၍ ဝေဖန်မှုပြုလေ့ မရှိချေ။ အကြီးအကဲ ပြုသူကလည်း လက်ခံလေ့ မရှိကြချေ။ ပြောဆိုဝေဖန်မိက အပြုသဘောဖြင့် တင်ပြသည့်တိုင် အမိန့်ကို နာခံခြင်း မရှိသူအဖြစ် ငြိုငြင်ခြင်းခံရလေ့ရှိသည်။ သို့ဖြစ်၍ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အကြီးအကဲဖြစ်သူ တဦးတည်း၏ သုံးသပ်ချက်ဖြင့် ဆုံးဖြတ်ခဲ့၍ မှားယွင်းချွတ်ချော်ခဲ့သည့် အနေအထားတို့ကို တွေ့ရှိရသည် (ဥပမာအားဖြင့် ဧရာဝတီ မြစ်ဆုံ ဆည်ကိစ္စ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စ၊ ရခိုင်ပြည်နယ်မှ ကျောက်ဖြူ မီးရထားလမ်း ဖောက်လုပ်ခြင်း ကိစ္စ စသည်များ)။ ဤကဲ့သို့ အကြီးအကဲလုပ်သူ ခေါင်းဆောင်၏ တဦးတည်း ဆုံးဖြတ်မှုများကိုပင် အမိန့်နာခံခြင်းဟူ၍ ဂုဏ်ယူပြောဆိုတတ်ကြသည်။

ဤနေရာတွင် နစ်နာလျှင် တဦးတည်းဆုံးဖြတ်သူ အကြီးအကဲလုပ်သူက တာဝန်ယူ ဖြေရှင်းပေးခြင်း ရှိ၊ မရှိနှင့် အဆိုပါပုဂ္ဂိုလ်၏ ပညာဉာဏ်ရည် စွမ်းအားနှင့် အတွေးအခေါ် အမျှော်အမြင်တို့ကို ထည့်သွင်းစဉ်းစားမှု မရှိခဲ့ပါက နိုင်ငံနှင့် ပြည်သူတို့အတွက် နစ်နာဆုံးရှုံးမှုများ ရှိတတ်သည်ကို သတိပြုသင့်ပေသည်။

၁၉၆၂ ခုနှစ်ကတည်းက မြန်မာ့နိုင်ငံရေး အနေအထားတို့သည် အာဏာရှင်စစ်အစိုးရ၏ ကိုင်တွယ်အုပ်ချုပ်မှု ညံ့ဖျင်းခဲ့ခြင်းကြောင့် မြန်မာ့လူနေမှု အခြေခံအဆောက်အအုံများ ပျက်စီးဆုတ်ယုတ်ကာ မြန်မာနိုင်ငံ ဆင်းရဲတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ၁၉၄၈ လွတ်လပ်ရေးရပြီးစ အခြေအနေနှင့် ပြောင်းပြန်ဖြစ်သွားလျက် ကမ္ဘာ့နိုင်ငံများ၏ အထင်အမြင်သေးခံဘဝတွင် သိမ်ငယ်စွာ ရပ်တည်နေခဲ့ရခြင်းပင် ဖြစ်သည်။

လက်ရှိအစိုးရသည် အကြံပေး ပုဂ္ဂိုလ်များစွာ ခန့်အပ်လျက် အကြံပေးသူ အပေါင်းကလည်း အကြံသစ်ဉာဏ်သစ် ရယူရန် အားထုတ်နေရဆဲ ဖြစ်သည်ဟု ယူဆသည်။ ဤတွင် အကြံပေးများက နိုင်ငံရပ်ခြားမှ နိုင်ငံရေးဗေဒ စာအုပ်ကြီးများဖတ်ကာ သီအိုရီထဲက အကြံဉာဏ်များ ပေးခြင်းထက် မြန်မာနိုင်ငံဒေသ အားလုံးသို့ သွားရောက်၍ ကွင်းဆင်းလေ့လာပြီးမှ (အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း ဒေသတို့အား စနစ်တကျ ကွင်းဆင်း လေ့လာခြင်း) တို့ဖြင့် နိုင်ငံရေးအခက်အခဲများအား မှန်မှန်ကန်ကန် အကြံဉာဏ်ပေးခြင်းဖြင့် နယ်စပ်ဒေသ၏ အခြေအနေမှန်ကို သိရှိနိုင်မည်ဖြစ်သည်။

မြန်မာ-တရုတ် ဆက်ဆံရေး နိုင်ငံရေးကဏ္ဍအား လေ့လာရာတွင် စုပေါင်းစဉ်းစား ဆုံးဖြတ်လေ့ရှိခြင်းနှင့် ရေရှည် စီမံချက်တို့ကို အကောင်အထည် ဖော်တတ်ခြင်း၊ ကိုယ်ကျိုးစီးပွားကို အဓိကထား၍ လုပ်ဆောင်လေ့ရှိသည့် နိုင်ငံကြီးနှင့် မြန်မာနိုင်ငံဘက်မှ ခေါင်းဆောင်၏ အဓိကထား ဆုံးဖြတ်ခြင်းကို ဦးစားပေးလေ့ရှိခြင်း၊ ခေါင်းဆောင်ကို ဦးစားပေးခြင်း၊ နောက်လိုက်ကောင်းအဖြစ် အမိန့်ကို နာခံတတ်ခြင်းတို့ဖြင့်သာ ဂုဏ်ယူတတ်သည့် အလေ့အထ ရှိခြင်းတို့ အသားကျနေသည့် ဝန်ထမ်းတို့ကြားတွင် မြန်မာနိုင်ငံသည် စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်မှုတွင် အားနည်းမှုရှိကြောင်း တွေ့ရှိရသည်။ ဤနေရာတွင် မြန်မာနိုင်ငံဘက်မှ အကြီးအကဲအဖြစ် ဆောင်ရွက်သူ၏ အတွေးအခေါ်ဆိုင်ရာ အခန်းကဏ္ဍသည် အရေးအပါဆုံး ဖြစ်နေသည်ကို တွေ့ရှိရသည်။ ဤနေရာတွင် ဉာဏ်ရည်ဉာဏ်သွေး နည်းပါးခြင်း၊ လျို့ဝှက်၍ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ မိမိတိုင်းပြည်နှင့် ပြည်သူလူထုအတွက် အနာဂတ်ကို လုံးဝထည့်သွင်း မစဉ်းစားခြင်းတို့သည် နောင်သောအခါ အလွန်တရာ ဖြေရှင်းရခက်ခဲသည့် ပြဿနာကြီးများအဖြစ် ကြုံတွေ့ရမည်ဖြစ်သည်။ ကြီးမားလှစွာသော နစ်နာဆုံးရှုံးမှုများသည် တဦးတယောက် အုပ်စုတဖွဲ့အတွက်သာ မဟုတ်တော့ဘဲ မြန်မာတနိုင်ငံလုံးနှင့် ပြည်သူလူထု အတွက်ပါ ထိခိုက်နစ်နာစေခြင်းဖြင့် ရာသက်ပန် ပြင်ဆင်၍မရတော့သော အနေအထားသို့ ရောက်ရှိသွားစေသည်။

မြန်မာနိုင်ငံသည် ပြည်ထောင်စု တိုင်းရင်းသားတို့နှင့် ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံတော်ကြီးဖြစ်၍ နယ်စပ်ဒေသတို့တွင် နေထိုင်သော ကချင်၊ လီဆူး၊ လီရှော၊ လရှီ၊ ရှမ်း၊ လွယ်လ (“ဝ” လူမျိုး) တို့၏ နယ်မြေဒေသ တို့၏ အနေအထားတို့ကိုပါ ထည့်သွင်းစဉ်းစား ဆုံးဖြတ်ပေးရန်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဗြိတိသျှ ကိုလိုနီခေတ်ကတည်းက မပြီးပြတ်ခဲ့သော ဖီမော်ဂေါ်လန်ကန်ဖန် နယ်စပ် ပြဿနာအတွက် ၁၉၅၇ ကာလပိုင်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဘန်ဒေါင်းညီလာခံမူကြီး ငါးရပ်ကို အခြေခံလျက် တရုတ်ဘက်သို့ ပြန်လည် လွဲအပ်ပေးခဲ့သည်။ ဤသို့ လွှဲအပ်ပေးခဲ့ခြင်းကို ထိုစဉ်က ရန်ကုန်တက္ကသိုလ် ဖီမော် ကချင် ကျောင်းသားများ လှုပ်ရှားမှုကော်မတီမှ ကချင်ပြည်နယ်၏ တစိတ်တဒေကို ဆုံးရှုံးခဲ့ရသည်ဟု ယူဆကာ တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ဖူးသည်။ ဤသို့ ပြန်လည်ပေးအပ်သည့် စာချူပ်အား ၁၉၆၀ ခုဇန်နဝါရီလ ၂၈ ရက်တွင် ဗိုလ်ချူပ်ကြီး နေဝင်း ဝန်ကြီးချုပ်အဖြစ် ထမ်းရွက်နေစဉ် တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။ ဤအနေအထားတို့တွင် မြန်မာ-တရုတ် နိုင်ငံရေးကဏ္ဍ ဆက်ဆံမှုတို့တွင် အလွန်တရာ နူးညံ့သိမ်မွေ့လှကြောင်း တွေ့ရှိရမည်ဖြစ်သည်။

မြန်မာနိုင်ငံဘက်မှ ချစ်ကြည်ရေးကို အဓိကထား၍ ဦးစားပေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး ပေါ်လစီတို့တွင် ယခင်က မြန်မာနိုင်ငံ ပိုင်နက်နယ်မြေများ ဖြစ်ကြသော အာသံ၊ မဏိပူရ၊ စစ်တကောင်း ကိစ္စတို့တွင် အိန္ဒိယထံမှ ပြန်လည်တောင်းဆိုခြင်း မပြုခဲ့သည်ကို နှိုင်းယှဉ် သုံးသပ်ရန်ဖြစ်သည်။ တရုတ်အစိုးရသည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအပေါ်တွင် များစွာ စိတ်ဝင်စားမှုရှိကြောင်း တွေ့ရှိရမည်။

စာရေးဆရာတဦးလည်း ဖြစ်သော ငြိမ်းချမ်းရေးကိုယ်စားလှယ် (ယခင် ဗကပ ပုဂ္ဂိုလ်တဦး) ပြောကြားချက်အရ မိမိတို့အား ယခင်ကတည်းက အစဉ်တစိုက် လက်နက်နှင့် လိုအပ်သည့် အထောက်အကူ အားလုံး ဖြည့်ဆည်း ကူညီပေးနေသည့် တိုင်အောင် မြန်မာနိုင်ငံအား မသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မိမိတို့အား ကူညီစောင့်ရှောက်မှု ပြုမည့်အစား၊ လက်ရှိ မြန်မာနိုင်ငံ အစိုးရအား တိုက်ရိုက် အကူအညီပေးခြင်းက နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည်ဟု တရုတ်ဘက်မှ မူဝါဒ ပြောင်းလဲခဲ့ကြောင်း ပြောပြခဲ့သည်ကို စာရေးသူ သတိရမိသည်။ မှန်ပါသည်။ တရုတ်ဘက်မှ မူဝါဒပြောင်းပြီး မြန်မာစစ်အစိုးရအား ကူညီစောင့်ရှောက်ခဲ့သည်မှာ တရုတ်အစိုးရအတွက် အကျိုးများစွာ ဖြစ်ထွန်းသည်ကို တွေ့ရှိရမည် ဖြစ်သည်။ မြန်မာနိုင်ငံသို့ ငွေကြေးရင်းနှီးမြုပ်နှံမှုများနှင့် ကုလသမဂ္ဂရှိ နိုင်ငံကြီးများ ရှေ့မှောက်မှာပင် မြန်မာနိုင်ငံ စစ်အစိုးရအား အဘက်ဘက်မှ ရှေ့နေလိုက်၍ အကာအကွယ် ပေးခဲ့သည်မှာ မြန်မာ ပြည်သူလူထုအတွက် မဟုတ်ကြောင်းကို ကမ္ဘာကြီးက သိရှိပြီးဖြစ်သည်။

အကယ်၍သာ မြန်မာနိုင်ငံပြည်သူလူထု သန်းပေါင်း ၅၁ သန်းကျော်အတွက် ဘဝအခြေအနေ အရပ်ရပ်ကို ပိုမို ထောက်ထားစာနာခဲ့လျှင် မြန်မာနိုင်ငံရှိ ပြည်သူလူထုက အိမ်နီးချင်းကောင်း ပီသသည့် တရုတ်ပြည်အား ဆွေမျိုးပေါက်ဖော် နိုင်ငံကြီးအဖြစ် အသိအမှတ်ပြု၍ ကျေးဇူးတင်ရှိနေမည် ဖြစ်သည်။ သို့သော်လည်း နိုင်ငံနှင့် ပြည်သူလူထု ကိုယ်စားမပြုသည့် အကျိူးမရှိသော လုပ်ဆောင်မှု အားလုံးအတွက်ကိုမူ မြန်မာပြည်သူများ၏ ရင်ထဲတွင် ခံစားနေကြရမည် ဖြစ်သည်။ တရုတ်တို့၏ သံတမန် စကားရပ်တို့အား မြန်မာပြည်သူလူထု၏ နားတွင် ခါးသီးနေမည် ဖြစ်သည်။

ဒီမိုကရေစီ ပြောင်းလဲရေးဆီ ဦးတည်နေပြီဖြစ်သော မြန်မာနိုင်ငံနှင့် ရေရှည်ခရီးတွင် အကျိုးတူ နှစ်ဦးနှစ်ဖက် တန်းတူညီတူ လေးစားအပ်သည့် ဘန်ဒေါင်းညီလာခံ မူငါးချက်အရ ငြိမ်းချမ်းချစ်ကြည်ရေး ခရီးကို ဦးတည်လိုပါလျှင် ဧရာဝတီမြစ်ဆုံ စီမံကိန်း၊ ကျောက်ဖြူစီမံကိန်း ကဲ့သို့သော လုပ်ရပ်မျိုးကို သတိပြုဆင်ခြင်ကြည့်ရန် လိုအပ်မည် ဖြစ်သည်။

ယခင် စစ်အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်တချို့က အဆွေတော် ဆွေမျိုးပေါက်ဖော် အစိုးရအား ကျေးဇူးတင်ရှိခြင်းနှင့် ကြောက်ရွံ့နေရပါသည်ဟု ထုတ်ဖော် ပြောဆိုခဲ့ခြင်းကို မြန်မာပြည်သူတို့က ရှုတ်ချကန့်ကွက်၍ တန်းတူရည်တူ ဆက်ဆံခြင်းဖြင့် ရေရှည် ချစ်ကြည်ရေးကို ခိုင်မြဲစေခြင်းကိုသာ မြန်မာပြည်သူလူထု အပေါင်းက လေးနက်စွာ လိုလားလျက်ရှိသည်။

စီးပွားရေးဆိုင်ရာ မြန်မာ-တရုတ် ဆက်ဆံရေး

တကယ်တမ်းတွင် မြန်မာပြည်၏ စားဝတ်နေရေးအတွက် သယံဇာတပေါကြွယ်ဝသည် ဆိုသော်ငြားလည်း အဓိက ဆန်စပါးမှလွဲ၍ ကျန်ပစ္စည်းများမှာ ကုန်ကြမ်းပစ္စည်းများသာ ဖြစ်နေသည်။ သို့ဖြစ်၍ ကုန်ချောပစ္စည်းအား လုံးနီးပါးကို ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းကြရသည်။ အိမ်နီးချင်းနိုင်ငံများသည် မြန်မာနိုင်ငံ၏ လူသုံးကုန်အားလုံးအတွက် အားထားမှီခိုရာ ဖြစ်နေသည်။ တရုတ်ပစ္စည်းဈေးကွက်သည် မြန်မာနိုင်ငံတွင် အခိုင်အမာရှိသည်။ သို့ရာတွင် တရုတ် ပစ္စည်းတို့ကား ပထမတန်းစား ပြည်ပပို့ကုန် တန်းဝင်ပစ္စည်းများ မဟုတ်သည်ကို တွေ့ရှိရသည်။ ၁၉၆၂ ခုနစ် နောက်ပိုင်း ဦးနေဝင်း၏ တော်လှန်ရေးအစိုးရ၊ မဆလအစိုးရ အုပ်ချုပ်နေသည့် ကာလတလျှောက်လုံး မြန်မာ့စီးပွားရေးသည် လုံးလုံးလျားလျား ဆင်းရဲခြင်းသို့ ရောက်ရှိသွား၍ လူသုံးကုန်ပစ္စည်း အားလုံးကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ပြည်ပနိုင်ငံများမှ မတန်တဆ ဈေးနှုန်းများဖြင့် ခေါင်ခိုက်အောင် ပေးဝယ်၍ မှောင်ခိုတင်သွင်း ကြရသည်။ ယုတ်စွအဆုံး အပ်တိုတချောင်း၊ ဘောလ်ပင်၊ ခဲတံ၊ စာအုပ်ကအစ လက်ရှိ အခြေအနေမှာပင် တရုတ်ပြည်မှ တင်သွင်းဝယ်ယူကြရသည်။

ဆန်စပါးထွက်ရှိသော မြန်မာနိုင်ငံတွင် ပြည်သူလူထုသည် ဆန်ကောင်းမစားရဘဲ ရရှိသည့်အစားအစာတို့ကို စားသုံးရင်း အစမ်းသပ်ခံ လူသားများ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ကြသည်။ မသန့်ရှင်း မလတ်ဆတ်သော တရုတ်နိုင်ငံမှ အေးခဲ ကြက်သားများ၊ မသန့်ရှင်းသော စားသုံးဆီ၊ ပြန်လည် ပြုပြင်ထားသော အကြွင်းအကျန် အညစ်အထေး စွန့်ပစ်ရမည့် မည်သည့်ဆီ အမျိုးအစားမှန်း မသိရသော ဓာတုဗေဒနည်းဖြင့် အစားထိုး ဆီအတုတို့ကို မြန်မာ့ဈေးကွက်သို့ တင်ပို့ ရောင်းချခဲ့ကြသည်။ ထို့ပြင်မက မြန်မာမျိုးဆက်သစ် ကလေးငယ်များအတွက် အာဟာရတန်ဖိုး မရှိသော သွားရည်စာများ၊ အစားအစာများကို တံဆိပ်အသစ်ရိုက်ကာ ရောက်ရှိလာကြသည်။ နယ်စပ်ဂိတ်တို့တွင် စနစ်တကျ စစ်ဆေးခြင်းမရှိ၊ အခွန်အကောက်ဌာနတို့ကို ကျော်ဖြတ်ကာနည်း မျိုးစုံဖြင့် တင်သွင်း၍ ပြည်တွင်းသို့ အရောက်ပို့နိုင်ခဲ့ကြသည်။

မြန်မာပြည်ဒေသ အနှံ့အပြားတွင် တရုတ်ပြည်မှ အစားအစာ ဆေးဝါးလူသုံးကုန်ပစ္စည်း အမျိုးမျိုး ဝင်လျက်ရှိပြီး ဂျပန်၊ ထိုင်း၊ မလေးရှား ပစ္စည်းတို့နှင့်ယှဉ်က ဝယ်ယူနိုင်အောင် ဈေးပေါပေါနှင့် ဈေးနှုန်းသက်သာလှသည်။ မြန်မာပြည်တွင် တရုတ်လုပ် ဆိုင်ကယ်၊ ထော်လာဂျီများ လမ်းမများပေါ်တွင် သွားလာရင်း မြန်မာ့ဈေးကွက်ကို အရယူထားသည်။

တရုတ်ပြည်ဘက်ကမူကား မြန်မာပြည်မှ ဝင်လာသည့် ပစ္စည်းများကို စစ်ဆေးခြင်းနှင့် ကုန်သည် ဝယ်လက် များကလည်း ဈေးနှိမ်ဈေးဖြတ်ပြီးမှ ဝယ်ယူလေ့ရှိကြသည်။ မြန်မာ့ဆန်ကို မိမိတို့ကြိုက် ဈေးဖြတ်၍ ပေါက်ဈေးအဖြစ် သတ်မှတ်သည်။ မြန်မာ့ငွေကြေးစနစ်၊ မြန်မာ့သယံဇာတ အရင်းအမြစ်များ၊ ကျောက်မျက်ရတနာ၊ သစ်မျိုးစုံ၊ တွင်းထွက် ဓာတ်သတ္တု ပစ္စည်းများကို တရုတ်ဘက်မှ လိုအပ်မှု မှန်သမျှ မြန်မာပြည်ဘက်မှ တရုတ်မျိုးနွယ်များက ချယ်လှယ်ဝယ်ယူ၍ မြန်မာနိုင်ငံအတွင်းရှိ အိမ်မြေဈေးကွက်များကိုပင် တရုတ်မျိုးနွယ်များက လွှမ်းမိုးချယ်လှယ်လျက် ရှိကြသည်။ မြို့ပြကျေးရွာ အားလုံးတို့၏ အချက်အချာကျသည့် နေရာအားလုံးကို နေရာကောင်းမှန်သမျှ တရုတ်ပြည်မှ တရုတ်ပြည်တွင်းသားများနှင့် မြန်မာပြည်တွင်းမှ တရုတ်မျိုးနွယ်များက နာမည်အမျိုးမျိုး ခံယူကာ မြန်မာ့မြေများ တစတစ ပိုင်ဆိုင်လာခဲ့ကြသည်။

မြန်မာပြည်အလယ်ပိုင်းရှိ ရတနာပုံ နေပြည်တော် မန္တလေးမြို့ကြီးတွင် အချက်အချာအကျဆုံး နေရာမှန်သမျှ တရုတ် လူမျိုးများ အများစု ပိုင်ဆိုင်ကြသည်ကို တွေ့ရှိရသည်။ အဆိုပါ မန္တလေးမြို့ကြီး၌ပင် ဆင်းရဲသော မြန်မာမိသားစုတို့ ဈေးချိုသောဆန်ကို ဝယ်ယူကာ ထမင်းကို ဆားနှင့်စားလျက် ဟင်းနှင့် မစားနိုင်ကြသည်ကို စာရေးသူ ကိုယ်တိုင် တွေ့ကြုံခဲ့ဖူးသည်။

လူမှုရေးဆိုင်ရာ မြန်မာ-တရုတ် ဆက်ဆံရေး

မြန်မာနိုင်ငံသည် လူဦးရေး သန်း ၁၃၀ဝ ရှိသော အိန္ဒိယနိုင်ငံနှင့် လူဦးရေသန်းပေါင်း ၁၆၀ဝ ရှိသော တရုတ်နိုင်ငံတို့၏ ကြားတွင် တည်ရှိနေခြင်းကြောင့် ကံကြမ္မာမည်သို့ရှိသည်ကို မြန်မာပြည်သူလူထု စဉ်းစားတွေးတောကြည့်ရန် ဖြစ်သည်။ တရုတ်ပြည်သည် လူဦးရေ ထိန်းချုပ်မှုအနေဖြင့် မိသားစုတစု သားသမီး တယောက်သာ ယူစေခြင်းနှင့် ဆုပေးဒဏ်ပေးစနစ်ဖြင့် ကျင့်သုံးနေသည့်တိုင် ကျေးလက်ဒေသနှင့် လူမျိုးစုတို့ နေထိုင်ရာ အရပ်ဒေသတို့တွင် မိသားတစု ရင်သွေးတဦး မွေးဖွားခွင့်ပြုသည့် ဥပဒေမှာ အလုပ်မဖြစ်ကြောင်း တွေ့ရှိရသည်။ ကမ္ဘာ့အမြင်တွင် လူအခွင့်ရေးသမားတို့က လူဦးရေထိန်းချုပ်မှုအား ဝေဖန်လျက်ရှိကြသော်လည်း တရုတ်ပြည်တွင် လူဦးရေ ထူပြောခြင်းဒုက္ခသည် သေးငယ်လှသည် မဟုတ်ချေ။

သားသမီးကို တဦးတည်းသာ ယူခွင့်ပြုခြင်းကြောင့် တချို့သော မိသားစုက သမီးမိန်းကလေးကို မလိုချင်ကြချေ၊ များသောအားဖြင့် မိသားစုတိုင်းက သားယောကျာ်လေးကို သာမျှော်လင့်ခဲ့ကြသည်။ သို့ဖြစ်၍ ဖြစ်တည်လာသည့် သန္ဓေသားသည် သမီးမိန်းကလေးမှန်း ကြိုတင်သိရှိခဲ့ပါက ကလေး၏ ကံကြမ္မာသည် အဖြစ်ဆိုးနှင့် ကြုံတွေ့ကြရသည်။ သားယောကျာ်လေး မွေးဖွားခဲ့ပါက ဂုဏ်ရှိခြင်းနှင့် မိဘတို့၏ အားထားရာအဖြစ် တရုတ်ပြည်တွင် သတ်မှတ်လေ့ရှိရာ ယနေ့ခေတ် လူဦးရေ သန်း ၁၆၀ဝ ရှိသော အနေအထားတွင် ယောကျာ်လေးဦးရေနှင့် မိန်းကလေးဦးရေတို့ အချိုးမညီဖြစ်ကာ ပြဿနာများ ကြုံတွေ့လာရတော့သည်။

တရုတ်ယောကျာ်လေးများ လူလားမြောက်လာသောအခါ လက်ထပ်ထိန်းမြားရန် အမျိုးသမီးတို့ ရှားပါးလာသည့် အနေအထားမှာ ဖြေရှင်းရန် ခက်ခဲလာခဲ့သည်။ အိမ်ထောင်မရှိသည့် လူပျိုသိုးကြီး လုပ်မလား၊ ကာမ ဘုံသား လောကသဘာဝ မိန်းမရဖို့ အားထုတ်ကြရာတွင် ချစ်ခြင်းမေတ္တာတရားထက် စိတ်ဆန္ဒ၏ ဖြေသိမ့်ရေးကိုသာ ဦးတည်လာခဲ့ရာ ဤတွင် အိမ်နီးနားချင်းနိုင်ငံများမှ အမျိုးသမီးများ ဓားစာခံအဖြစ် ရောက်ရှိလာခဲ့တော့သည်။ ဤနေရာတွင် လာအို၊ ဗီယက်နမ်နိုင်ငံတို့မှ အမျိုးသမီးများကဲ့သို့ မြန်မာနိုင်ငံမှ အမျိုးသမီးတို့လည်း အရှင်လတ်လတ် ငရဲတွင်းကျသလို လူသားအချင်းချင်း ရောင်းဝယ် ဖောက်ကားမှုပြုသည့် လူကုန်ကူးခြင်းစနစ် ကာမဂုဏ် ကျေးကျွန်အဖြစ် ရောက်ရှိသွားခဲ့ကြသည်။ တရုတ်ယွမ်ငွေ သောင်းဂဏန်းမျှဖြင့် မြန်မာအမျိုးသမီးငယ်တို့ကို ဝယ်ယူခဲ့ကြသည်။

နယ်စပ်ဒေသတို့တွင် ရောင်းစားခြင်း ခံနေရသည့် မြန်မာတိုင်းရင်းသူ အမျိုးသမီးငယ်တို့ ဘေးဆိုးအန္တရာယ်မှ လုံးဝကင်းဝေးရန် သတိမလပ် ထိန်းကွပ်ကြပ်မတ်ပေးရန် မြန်မာအစိုးရအနေနှင့် အထူး လိုအပ်နေပြီ ဖြစ်သည်။ အဆိုပါ လူကုန်ကူးမှုကိစ္စသည် အမျိုးဂုဏ် ဇာတိဂုဏ်ဟူ၍ ထိန်းသိမ်းစောင့်ရှောက်ရန် ရေရွတ် ကြွေးကြော် နေခြင်းထက် လက်တွေ့ကျကျ ထိထိရောက်ရောက် တာဝန်သိစိတ်ဓာတ်ဖြင့် မြန်မာနိုင်ငံသားများ ထမ်းရွက်ကြရန်ဖြစ်သည်။

ရံဖန်ရံခါ မြန်မာပြည်သို့ လာရောက်ကြသည့် တရုတ်ကိုယ်စားလှယ် တချို့က မြန်မာအစိုးရအား မြန်မာပြည်တွင်း နေထိုင်သည့် တရုတ်မျိုးနွယ်စုများကို စောင့်ရှောက်ပေးရန် ပြောဆိုလေ့ရှိရာ ချစ်ကြည်ရေးစကား၊ သံတမန်စကားအဖြစ် မှတ်ယူနိုင်ပါသည်။ အမှန်အားဖြင့် မြန်မာနိုင်ငံတွင် ပြဌာန်းသည့် တရားဥပဒေတို့သည် မြန်မာပြည်တွင်း နေထိုင်ကြသူ အားလုံးအတွက် စနစ်တကျ လွှမ်းခြုံထားပြီးဖြစ်သည်။ မြန်မာ့ဓလေ့ထုံးတမ်း မြန်မာ့ယဉ်ကျေးမှု လူနေမှု အဆောက်အအုံ ပတ်ဝန်းကျင်တွင် မြန်မာတို့နှင့် တသားတည်းနေထိုင်ကာ မြန်မာစကားကို ပြောဆိုလျက်ရှိသည့် တရုတ်မျိုးနွယ်များ (ဝါ) မြန်မာ-တရုတ် ကပြားများအတွက် မြန်မာ့ တရားဥပဒေဖြင့် အကာအကွယ်ပေးလျက်ရှိပြီး ပြစ်မှုကင်းရှင်းစွာ နေထိုင်ပါက ဌာနေ မြန်မာနိုင်ငံသားများကဲ့သို့ လွတ်လပ်စွာ နေထိုင်သွားလာနိုင်မည် ဖြစ်သည်။ သီးခြားအခွင့်အရေး တရပ်အနေနှင့် ခံစားရရှိစေမည် မဟုတ်ဘဲ အပြစ်တစုံတရာ ရှိခဲ့ပါလျှင် မြန်မာ့တရား ဥပဒေ ထုံးတမ်းတို့နှင့်အညီ စီရင်ဆုံးဖြတ် အပြစ်ဒဏ်ခံကြရမည်သာ ဖြစ်သည်။

(ဒေါက်တာ ကျော်သန်းထွန်းသည် တရုတ်နိုင်ငံ ကန်တုန် ဆေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး တိုင်းရင်းဆေး သိပ္ပံ သုတေသန ဌာနတွင် သုတေသနမှူး တာဝန် ထမ်းဆောင်ခဲ့သည်။ အမျိုးသား စာပေဆု၊ ပခုက္ကူ ဦးအုံးဖေ စာပေဆုများလည်း ရရှိခဲ့သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading