ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် ဖွင့်လှစ်ထားသော အရက်ဘီယာဆိုင်ပေါင်း ၂ ထောင်ကျော်ကို အရေးယူထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမူရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြီးခဲ့သော တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ၁၀ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တိုင်းလွှတ်တော်အမတ်တဦးဖြစ်သူ ဒေါက်တာ ဒေါ်ညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် တရားမဝင် ဖွင့်လှစ်လုပ်ကိုင်နေသော အရက်ဘီယာဆိုင်များအား မည်သို့ဆောင်ရွက်နေခြင်း ရှိ မရှိနှင့် ပတ်သက်၍ သိလိုကြောင်း မေးမြန်းချက်ကို လူမှုရေးဝန်ကြီးက ပြန်လည် ပြောကြားခြင်းဖြစ်သည်။
ဒေါက်တာမြင့်သိန်းက ဖြေကြားရာတွင် တရားမဝင် ဖွင့်လှစ်သည်ဟု သတ်မှတ်နိုင်သည့် အရက်ဘီယာဆိုင်များကို စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးအရေးယူခဲ့ရာ ၂၀၁၂ ခုနှစ်တွင် ယစ်မျိုးဆိုင် ၁၉၅၈ ဆိုင်ကို အရေးယူနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ၃၇၃၉ ဆိုင်အထိ အရေးယူမှုမြင့်တက်ခဲ့သည်ဟု ဆိုသည်။ ၂၀၁၄ ခုနှစ်တွင် ပြီးခဲ့သော ဧပြီလအထိ ၂၀၆၁ ဆိုင်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်အထိ ဖမ်းဆီးမှုများ မြင့်တက်နေသည်ဟု ဆိုသည်။
ထိုသို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးက တိုင်းလွှတ်တော်တွင် တရားဝင်ဖြေကြားခဲ့သော်လည်း ရန်ကုန်မြို့၏ မြို့နယ်တော်တော်များများတွင် ယစ်မျိုးဥပဒေနှင့် အခါအားလျော်စွာ ပြဋ္ဌာန်းထားသော အမိန့် ညွှန်ကြားချက်များကို ဖျောက်ဖျက်ကာ မသိသာ ဖွင့်လှစ်လုပ်ကိုင်နေသော အရက်ဘီယာဆိုင်များလည်း ရှိနေသေးကြောင်း ဒေါက်တာညိုညိုသင်းက ပုဂ္ဂလိက မီဒီယာအချို့၏ မေးမြန်းချက်ကို ပြောကြားထားသည်။
ဒေါက်တာ ညိုညိုသင်း၏ ပြောကြားချက်တွင် ဥပမာတခုအဖြစ် ထောက်ပြထားသည်မှာ ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းမ (ဆရာစံ တောင်ရပ်ကွက်အပိုင်) တွင် တည်ရှိသည့် အရက်ဆိုင်တဆိုင်သည် ရပ်ကွက်နေပြည်သူများ အနားယူအပန်းဖြေရန် စီစဉ်ထားသော ပန်းခြံနှင့် နီးနီးကပ်ကပ် တည်ရှိနေကြောင်း၊ ယင်းအနီးအနားတွင် တည်ရှိနေသော စာသင်ကျောင်းတကျောင်းနှင့်လည်း ကိုက် ၅၀ အတွင်း တည်ရှိနေကြောင်း၊ ယင်းကိစ္စကို ရပ်ကွက်နေ ပြည်သူများက တိုင်တန်း ကန့်ကွက်ပြီး ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ရာ သက်ဆိုင်ရာ အာဏာပိုင်များက ယနေ့ကာလ တနှစ်ကျော်ကြာလာခဲ့သော်လည်း မည်သည့်အရေးယူ ဆောင်ရွက်ခြင်းမျှ မရှိခဲ့ကြောင်း ထောက်ပြခဲ့သည်။
ဟုတ်လည်း ဟုတ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်တော်တော်များများတွင် တရားမဝင် ဖွင့်လှစ်ရောင်းချနေသော အရက်ဘီယာဆိုင်များစွာကို ယစ်မျိုးဥပဒေအရ စည်းကမ်းမညီသည့် ဆိုင်များကို စစ်ဆေးဖမ်းဆီး အရေးယူနေပါသည်ဟု ဆိုနေပါသော်လည်း အရက်ဆိုင်၊ ဘီယာဆိုင်များကတော့ မိုးဦးကျ ထွက်မြဲ ထွက်ဆဲ မှိုပွင့်များ၊ မျှစ်စိုပေါက်များသဖွယ် ဟောတဆိုင်၊ ဟောတဆိုင် ထွက်ပေါ်နေပါသည်။ ယင်းကိစ္စသည် ငြင်းမရသော ကိစ္စဖြစ်သည်။ ယနေ့ကာလတွင် ရန်ကုန်မြို့တော်၏ ရပ်ကွက်လမ်းမအချို့၏ မြေညီထပ်အခန်းအချို့တွင် အလှပြင်ဆိုင် သို့မဟုတ် ဆေးဆိုင် သို့မဟုတ် ကုန်စုံဆိုင် သို့မဟုတ် စတိုးဆိုင် သေးသေးလေးတဆိုင် ဖွင့်လှစ်၍ မအောင်မမြင်ဖြစ်ကာ ပြောင်းရွှေ့သွားခဲ့ရပါသော် မကြာခင် ဘီယာစတေရှင် လာဖွင့်ကြည့်ပါ၊ နေ့ချင်းညချင်း စီးပွားတတ်သွားကြသည်မှာ အံ့ချီးဘနန်း မြင်တွေ့ရပါလိမ့်မည်။ သည်လောက်တောင် မြန်မာတွေ အရက်ဘီယာ သောက်သုံးနေကြသည်လား။
ဤစစ်တမ်းမျိုးကို ကျန်းမာရေး ဝန်ကြီးဌာနက ကောက်သင့်သည်မှာ ကြာကြာလှပေါ့ဟု ပြောဆိုနေကြသည်များလည်း ကြားနေရသည်။ သေချာသည်ကတော့ စစ်တမ်းကောက်သော်ရှိ၊ မကောက်သော်ရှိ ကျနော်တို့ မြန်မာများ သောက်လုံးကြီးနေသည်ကတော့ ရှင်းနေပါသည်။ မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းနယ်မြေ ပုဂံဒေသသို့ရောက်လျှင် လက်ညိုးထိုးမလွဲအောင် ဘုရားစေတီ ပုထိုး အုတ်ကျောင်းတို့ရှိနေသကဲ့သို့ မဟာရန်ကုန်မြို့တော်ကြီးတွင်လည်း မည်သည်မြို့နယ်၊ မည်သည့်လမ်းမပေါ်ရပ်ကာ ကြိုက်ရာအရပ်ကို လက်ညိုးထိုးကြည့် အရက်ဘီယာဆိုင်တဆိုင်ကိုတော့ တန်းတန်းချည်း ထိုးမိလိမ့်မည်မှာ မလွဲပါချေ။ သို့ဖြစ်သောကြောင့်လည်း အရပ်တကာ အရက်ဘီယာဆိုင်ပေါများရာ မြို့တော်ကြီးဖြစ်သော်ကြောင့် အရက်သောက်သုံးသူ ပေါများနေရခြင်းဖြစ်သည်။ အရက်သောက်သုံးသူ ဦးရေ တိုးတက်များပြားနေရခြင်းဖြစ်သည်။ အရက်ကြောင့်ဖြစ်ပွားရသော ရောဂါများ ထူပြောနေရခြင်းဖြစ်သည်။ အရက်ရောဂါလူနာများကို ကုသပေးရဆုံး နိုင်ငံစာရင်းဝင်နေသည်ဟု ဆေးပညာရှင်များက သုံးသပ်နေကြခြင်းလည်းဖြစ်သည်။
မည်သည့်ပညာရှင်များက မည်သို့ဆိုနေကြပါစေ၊ မဟာရန်ကုန်မြို့တော်ကြီးတွင် အရက်ဘီယာဆိုင်များကတော့ တနှစ်ထက်တနှစ် တိုးတိုးလာနေပါသည်။ တိုး တိုးလာနေရခြင်း အကြောင်း ရင်းမှာလည်း စီးပွားရေးခွင် ဖန်တီးရန် အခွင့်အလမ်း ဖော်ပေးထားသောကြောင့် ဖြစ်သည်။ ယစ်မျိုး ဥပဒေအရ စည်းကမ်းနှင့် ညီညွတ်သော အရက်ဘီယာရောင်းချမည့် စီးပွားရေးလုပ်ငန်းကို မည်သူက လိုင်စင်ထုတ်ပေး သည်ကို အားလုံးသိကြသည်။ မြို့တော်စည်ပင်သာယာရေးသည် ဆိုင်တည်နေရာ အပါအဝင် မြေပြင် ကွင်းဆင်း စစ်ဆေးခြင်းနှင့်အတူ စစ်ဆေးပြီးမှသာ ဆိုင်ဖွင့်ခွင့်ကို ခွင့်ပြုပေးခြင်းဖြစ်သည်။ သို့သော် လက်ရှိတွင် ထိုသို့ စည်းစနစ်တကျ ဆောင်ရွက်ခြင်းရှိ၊ မရှိသည်ကား ကာယကံရှင်များသည်သာ အသိဆုံးဖြစ်လိမ့်မည်။
ယနေ့ ပေါ်ထွက် ဖွင့်လှစ် စီးပွားဖြစ်နေကြသော အရက်ဘီယာဆိုင်ပေါင်းများစွာ၏ ဆိုင်ပိုင်ဆိုင်ရှင် အတော်များများသည် တပ်မတော် အငြိမ်းစားပုဂ္ဂိုလ်များဖြစ်နေသည်ကို လေ့လာလျှင် ယစ်မျိုးဥပဒေအရ နည်းစနစ်တကျ ဖွင့်လှစ် ထားခြင်း ရှိ မရှိ ကိစ္စအဖြစ် ပေါ်ပါသည်။
ထို့ပြင် သူတို့တွင်လည်း အခြားသော ရဲနှင့်ပတ်သက်သည့် လိုင်းကြေး၊ ဘော်ဒါကြေး၊ စည်ပင်ကြေးစသည့် အခကြေးငွေများကိုလည်း တရင်းတနှီး ပေးဆောင်နေသည်ဟု သိရသည်။ ထိုကြောင့် သူတို့သည် စာသင်ကျောင်းနှင့် အများပြည်သူနားနေရာ ပန်းခြံနှင့်၊ အခြားဘာသာရေး အဆောက်အအုံနှင့် နီးခြင်း ဝေးခြင်းကို ဂရုမထားအား၊ ယစ်မျိုးဥပဒေဆိုသည်ကိုလည်း အရေးမထားအား၊ ဘာအကန့်အသတ်ရှိရှိ ငွေကြေးဖြင့် ဖြေရှင်း၍ ရနေသဖြင့် ဘယ်သူသေသေ ငတေမာနည်းကျင့်သုံးကာ စီးပွားဖြစ်အောင် ကြံဆောင်နေရသည်ဟု ဆိုရမလောက်ပင်ဖြစ်သည်။ ထို့ကြောင့် အရက်သောက်သူဦးရေ တိုးလာလေ အိုကေ၊ ဆယ်ကျော်သက်များ ညစဉ်ဘီယာ လာသောက်ကြလျှင်လည်း စိုပြေ သဘောမျိုးဖြစ်နေကြသည်။ သို့ဖြစ်နေလျှင် ယစ်မျိုးဥပဒေအပါအဝင် အခြားဥပဒေများ လွှမ်းခြုံနိုင်ရေးဆိုသည်မှာ ခဲတလုံးကို ကောက်ပြီး အပေါ်မြှောက်ပစ်လိုက်ကာ ပြန်ကျလာသည့်အခါ မကောင်းသူထိပ် ကောင်းသူထိပ် ဖြစ်နေပါ တော့သည်။
အရက်ဘီယာဆိုင်များဥပဒေကို လက်တလုံးခြားကာ ထင်ရာစိုင်း ဖွင့်လှစ်လုပ်ကိုင် စားသောက်နေကြခြင်းသည် မဟာရန်ကုန်မြို့တော်ကြီးတွင်သာမက မြန်မာပြည်အရပ်ရပ် အမြို့မြို့ အနယ်နယ် အတွက် မကောင်းသော လက္ခဏာတရပ်ဖြစ်သည်။ မကောင်းသော လက္ခဏာ၏ အကျိုးဆက်အရ ယနေ့မြန်မာပြည်တွင် အရက်ဘီယာ သောက်သုံးမှု နှစ်စဉ်မြင့်တက်နေကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ စာရင်းထုတ်ပြန်ချက်အရ သိရသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အရက်နှင့် ဘီယာ ဂါလန် ၂၄၈ သိန်းကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဂါလန် ၂၇၄ သိန်းကျော်နှင့် ၂၀၁၃-၂၀၁၄ ဒီဇင်ဘာအကုန်အထိ ကိုးလတာတွင် ဂါလန် ၂၅၂ သိန်းကျော်သည် ပြည်တွင်းတွင် ထုတ်လုပ်ခဲ့ကြောင်းဖော်ပြထားသည်။ ယင်းပမာဏထဲတွင် နိုင်ငံခြားက တရားဝင်နှင့် တရားမဝင် လမ်းကြောင်းများမှ တင်သွင်းလာသော ပမာဏ မပါဝင်သေးပေ။
ထို့ကြောင့်လည်း ပြည်တွင်းတွင် အရက်ဘီယာသောက်သုံးမှု မြင့်တက်လာနေခြင်းကို လျှော့ချနိုင်ရန် လွှတ်တော်အမတ်အချို့က အရက်ဘီယာ တင်သွင်းမှုနှင့် ပြည်တွင်းထုတ်လုပ်မှုများအတွက် အခွန်တိုးမြင့် ကောက်ခံရန် အဆိုတင်ကြသည်။ အာဆီယံနိုင်ငံအချို့တွင် အရက်ဘီယာခွန်ကို ရာခိုင်နှုန်း ၁၀၀၊ ၁၅၀၊ ၂၀၀ အထိ ကောက်ခံပြီး တင်သွင်းထုတ်လုပ်မှု လျော့ကျစေရန်နှင့် ပြည်သူများ သောက်သုံးမှု လျော့ကျစေရန် ရည်ရွယ်ထားကြောင်းကိုလည်း ထောက်ပြကြသည်။ သို့သော် လွှတ်တော်တွင် အရက်ဘီယာ တင်သွင်းခွန်ကိစ္စ ဆွေးနွေးဆုံးဖြတ်ကြသောအခါ အရက်တင်သွင်းမှုအတွက် Custom Duty ၄၀ ရာခိုင်နှုန်း ကောက်ခံပြီး သုံးမျိုးပေါင်း ၈၂ ရာခိုင်နှုန်းကောက်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ပြည်တွင်းထုတ် အရက်ဘီယာများကိုတော့ မည်ရွေ့မည်မျှ ကောက်မည်ဆိုသည်ကို မသိရပါ။
ပြည်တွင်းတွင် အရက်ဘီယာထုတ်လုပ်ခြင်း လုပ်ငန်းအများစုကို တပ်မတော်ပိုင် ဦးပိုင်စီးပွားရေး လီမိတက်က ချုပ်ကိုင်ထားပြီး စီးပွားဖြစ်နေသည်မှာလည်း ကျိကျိတက်နေပါသည်။ မြန်မာပြည် အမြို့မြို့ အနယ်နယ်အရပ်ရပ်တွင် မြန်မာဘီယာ ဗီနိုင်းဆိုင်းဘုတ်များ၊ ဝီစကီ အရက်တံဆိပ်မျိုးစုံကြော်ငြာဆိုင်းဘုတ်များ မကင်းသောမြို့နယ်၊ ကျေးရွာဟူ၍ မရှိသလောက်ဖြစ်နေသည်ကို တတိုင်းပြည်လုံးသိကြသည်။ ထို့ပြင် နိုင်ငံခြား အရက်မျိုးစုံဆိုလျှင်လည်း အမြို့မြို့အနယ်နယ်တွင် တရားဝင် ဝယ်ချင်သည့် အချိန်ဝယ် အချိန်မရွေးရသည်။ အသက် ၁၈ နှစ်အောက်မကလို့ ဆယ်ကျော်သက်အရွယ် လာဝယ်လည်း တံခါးမရှိ ဓားမရှိ ဝယ်၍ရသည်။ ပြည်တွင်းတွင် အရက်ဘီယာသောက်သုံးမှု လျှော့ချခြင်း တရားမဝင် အရက်ဘီယာဆိုင်များ စစ်ဆေးပိတ်ပင်နေ ခြင်းများ မည်မျှပင် ရည်ရွယ်ချက်ကောင်းကောင်းဖြင့် ဆောင်ရွက်နေပါသော်လည်း ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းကမ်း၊ အမိန့်ကြော်ငြာချက်များသည် ရေပေါ်အရုပ်ရေးသလို ဖြစ်နေသည်။
အရက်ဘီယာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းသည် စီးပွားဖြစ် အလွယ်ဆုံး စီးပွားရေးလုပ်ငန်း တခုဖြစ်နေကာ တနေ့တခြား ကြီးထွားရင့်သန်နေ၍ ဥပဒေ၊ အမိန့်၊ တားမြစ်ချက်၊ကန့်သတ်ချက်များသည် လည်း ယင်းစီးပွားရေး လှိုင်းလုံးအောက် စုပ်စမြုပ်စ ပျောက်ကွယ်နေရသည်။ ပြည်သူများ အရက်ဘီယာ သောက်သုံးမှု မြင့်တက်နေခြင်း၊ ဆယ်ကျော်သက် လူငယ်များ တနှစ်ထက်တနှစ် သောက်သုံးမှု တိုးလာခြင်းများကိုလည်း လေ့လာဆန်းစစ်သင့်သည်။ သေသေချာချာ ဆန်းစစ်လျှင် စိတ်ညစ်၍ သောက်သူက ပိုများမည် ထင်သည်။ တဆက်တည်း မိမိတို့တိုင်းပြည်အခြေအနေကိုလည်း ဆက်လက်လေ့လာသင့်သည်။ မိမိတို့ တိုင်းပြည်သည် စိတ်ညစ်စရာကောင်းသော တိုင်းပြည်လား နေချင်စဖွယ် ဖြစ်ကာ စိတ်ချမ်းသာစရာများဖြင့် ပြည့်နေသော တိုင်းပြည်လား။
အရက်ဘီယာသောက်သုံးမှုမြင့်တက်နေခြင်း၊ အရက်ဘီယာဆိုင်များ လက်ညိုးထိုးမလွဲ တိုးပွားနေခြင်းသည် ယနေ့မြန်မာပြည်၏ လက်ငင်း အမျိုးသားရေးပြဿနာတရပ်ဖြစ်လာနေသည်။ ငွေကြေးအကျိုးအမြတ် တခုတည်းအတွက် မကြည့်ဘဲ တိုင်းပြည်နှင့် လူမျိုး၏ ကျန်းမာရေးနှင့် စာရိတ္တဖွံ့ဖြိုးရေးအတွက် စေတနာထားကာ လက်ရှိအစိုးရ၊ တပ်မတော်နှင့် နိုင်ငံရေးသမားများအနေဖြင့် ငဲ့စောင်းကြည့်သင့်ပြီဖြစ်ကြောင်း ဝေဖန်ထောက်ပြလိုက်ပါသည်။
(စာရေးသူသည် သတင်းစာ၊ ဂျာနယ်များတွင် သတင်း ဆောင်းပါးများကို ပုံမှန်ရေးသားနေသူဖြစ်ပြီး ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်)