“အခွန် ၂ ထပ် နီးပါးပေးရသလိုပဲ”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဧည့်သည်ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍကျယ်ပြန့်လာသည့်အချိန်တွင် မြင့်တက်လာသော ဝယ်လိုအားနှင့် လိုက်လျောညီထွေရှိရန် ရန်ကုန်မြို့မှ စားသောက်ဆိုင်များ ဆက်လက် ချိန်ညှိနေကြရသည်။ ဒေသခံ မြန်မာပိုင် စားသောက်ဆိုင်များရင် ဆိုင်နေရ သည့် စိန်ခေါ်မှု အမြောက်အမြားထဲတွင် နေရာငှားရမ်းခ ဈေးနှုန်းများ မိုးထိအောင်မြင့်တက်နေမှု၊ ကုန်သွယ်စီးပွား အခွန်မြင့်မားမှုနှင့် နိုင်ငံတကာ စားသောက်ဆိုင်လုပ်ငန်းများ ရောက်ရှိလာခြင်းတို့ ပါဝင်သည်။ အခက်အခဲ အတားအဆီးများ ရှိနေသော်လည်း ရန်ကုန် မြို့မှ ထင်ရှားသည့် အင်းလျားကန်ဘေးတွင် ရှိနေသော စိမ်းလန်းစိုပြည်ဥယျာဉ်စားသောက်ဆိုင်က အစားအစာများကို ဆက်လက်ပြီး များများနှင့် မြန်မြန်ရောင်းချပေးရန်ရှိနေသည်။ Sein Lan Ka Bar Co.,Ltd ၏ မန်နေဂျင်း ဒါရိုက်တာနှင့် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးနေလင်းကို ဧရာဝတီသတင်းဌာနမှ ကျော်ဆုမွန်က ဒေသတွင်း လုပ်ငန်းကဏ္ဍအပေါ် ရှုမြင်သုံးသပ်ချက်များကို မေးမြန်းထားပါသည်။

ဧရာဝတီ။      ။ စိမ်းလန်းစိုပြည် ဥယျာဉ် စားသောက်ဆိုင်ကို ဘယ်အချိန်က စတင်ပြီးဖွင့်ခဲ့ပါသလဲ။

ဦးနေလင်း။       ။ ကျနော် ဒီစားသောက်ဆိုင်ကို ၂၀ဝ၄ ခုနှစ်မှာ စဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျနော်တို့က ပန်းခြံတခုပဲ ဖန်တီးဖို့ဆုံးဖြတ်ခဲ့ပြီး တော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဆီကနေ ကာလတိုစာချုပ်နဲ့မြေငှားရမ်းခဲ့ပါ တယ်။ အဲဒီနောက် ကျနော့် ညီမရဲ့ အိမ်တွင်းဖြစ် လက်ဖက် သုပ်၊ သစ်သီးဖျော်ရည်နဲ့ ကော်ဖီစတင် ရောင်းချခဲ့ပါ တယ်။ ကျနော်တို့ကို စားသုံးသူတွေက ပိုပြီးစုံလင် အောင် ရောင်းပေးဖို့ တောင်းဆိုလာတဲ့ နောက်စား သောက်စရာမျိုးစုံ ကျနော်တို့ စပြီး ရောင်းခဲ့ပါတယ်။ အရင်တုန်းက ဒီစားသောက်ဆိုင်ရှိတဲ့ နေရာက လူအရောက်အပေါက်နည်းတယ်။ မူးယစ်ဆေးသုံးတဲ့ သူ တချို့နဲ့ရာဇဝတ်မှုတွေလည်း ရှိခဲ့တယ်။ ဒါကြောင့် လည်းအရင် အစိုးရတာဝန်ရှိသူတွေက ဒီနေရာကို ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ချင်ခဲ့ပြီးတော့ကျနော် တို့ကို ပန်းခြံကောင်းကောင်း တခုဖြစ်အောင်လုပ်ဖို့ တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချိန်ကစလို့ ၃ ဒသမ ၆ ဧက ကျယ်ဝန်းပြီး လှပတဲ့ ပန်းခြံတခု ဖြစ်အောင် ကျနော်တို့ စီမံလုပ်ဆောင်ခဲ့ပါတယ်။

ဧရာဝတီ။      ။ မြန်မာနိုင်ငံမှာ အဆောက်အဦပြင်ပ ဥယျာဉ် စားသောက်ဆိုင်တခုကို စီမံခန့်ခွဲတဲ့ နေရာမှာ အဓိကကျတဲ့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်ပါသလဲ။

ဦးနေလင်း။       ။ ကျနော်တို့ရဲ့ စားသုံးသူအများစုက အင်းလျား ကန်ဘေးမှာ ထိုင်ချင်ကြတယ်။ ဒါကြောင့် သူတို့ကို ဝန်ဆောင်မှု ပေးဖို့အတွက် စားပွဲထိုးတွေ ပိုပြီးလိုပါ တယ်။ ကျယ်ပြန့်တဲ့နေရာမှာ ရှိနေတဲ့ စားသုံးသူတွေ အတွက် ကျနော်တို့ အမြဲတမ်း ဂရုစိုက်ပါတယ်။ ကျနော်တို့မှာ ဝန်ထမ်း ၁၁၀ ရှိပါတယ်။ အောင်မြင်ဖို့ အတွက် ကျနော်တို့ အလုပ်ကို စနစ်တကျ စီမံခန့် ခွဲရမှာ ဖြစ်ပါတယ်။ ဧည့်သည်များတဲ့ ရာသီတွေမှာ ဆိုရင် တနေ့ကို လူ ၃၀ဝ၀ လောက်ဒီကိုရောက်လာကြ တယ်။ ကျနော်တို့က လုံခြုံရေး၊ အစားအစာ အရည် အသွေးနဲ့ ဝန်ဆောင်မှုကို အမြဲတမ်း ဂရုစိုက်ပါတယ်။ ကျနော်တို့မှာ လူ၂၅၀ အတွက် အမိုးပါတဲ့ မြက်ခင်း ပြင် အကြီးတခုနဲ့ လူ ၁၀ဝ အတွက် မြက်ခင်းအငယ် တခုရှိပါတယ်။ ဒါကြောင့် ဖောက်သည်တွေ ဒီမှာ အခန်းအနားပြုလုပ်လို့ရပါတယ်။ မြန်မာနိုင်ငံမှာ မိုးရာသီက ၆ လလောက်ကြာပါတယ်။ ဒါကြောင့် စားသုံးသူ များများလာဖို့အတွက်ကျနော်တို့ကကျန် တဲ့ ၆ လကိုပဲ မှီခိုနေရပါတယ်။

ဧရာဝတီ။      ။ အဆောက်အဦးပြင်ပ စားသောက်ဆိုင်က ဘာဖြစ်လို့ ပိုနည်းနေရပါသလဲ။

ဦးနေလင်း။       ။ အဓိက အခက်အခဲကတော့ ဒီလိုမျိုး အများ ပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ အစိုးရက အဆောက် အဦးပြင်ပ စားသောက်ဆိုင်တွေ များများစားစား ခွင့်ပြုမပေးလို့ပါ။ ကျနော်တို့မှာ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေ အများကြီး လိုပါတယ်။ ဒါပေမယ့် တကယ်လို့ အစိုးရက ဒီနေရာတွေကို ကွန်ဒိုတိုက် ခန်းတွေနဲ့ အိမ်ရာစခန်းတွေပဲ ဆောက်ဖို့ခွင့်ပြုမယ် ဆိုရင် လွယ်မှာမဟုတ်ပါဘူး။ သိတဲ့အတိုင်းပဲ။ ရန်ကုန် မှာ မြေဈေးက တက်နေတယ်။ ဖွံ့ဖြိုးရေးလုပ်တဲ့သူတွေ ကလည်း အခြေခံအဆောက်အဦတွေတည်ဆောက် ဖို့ပဲအလေးပေးကြတယ်။ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေ မရှိဘူး။ ရန်ကုန်မှာနေတဲ့သူတွေ အပန်း ဖြေဖို့အတွက် ကန်တော်ကြီး ပန်းခြံ၊ ပြည်သူ့ဥယျာဉ်နဲ့ ကျနာ့် ပန်းခြံလိုမျိုး အများပြည်သူ သွားလို့ရတဲ့ နေရာက နည်းနည်းပဲ ရှိပါတယ်။ တခြားတိုင်းပြည် တွေမှာဆိုရင် ရပ်ကွက်တိုင်းမှာ အများပြည်သူနဲ့ဆိုင် တဲ့ ပန်းခြံတွေ ရှိတယ်။ ဒီမှာတော့ ဥယျာဉ်စား သောက်ဆိုင် အရေအတွက်က အရမ်းနည်းတယ်။ ရေကြည့်မယ်ဆိုရင် ရန်ကုန်မှာ ၂ ခု ၃ ခု ပဲရှိတယ်။

ဧရာဝတီ။      ။ မြန်မာနိုင်ငံမှာ အဆောက်အဦတွင်း စား သောက်ဆိုင်တွေရဲ့ အခြေအနေက ဘယ်လိုရှိသလဲ။ စီးပွားရေး ကျနေသလား။

ဦးနေလင်း။       ။ စီးပွားရေး ပုံစံကတော့ ကောင်းနေပါသေး တယ်။ ဒါပေမယ့် ဝင်ငွေကတော့ ကျနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမားခတွေက မြင့် လာတယ်။ ကုန်ကြမ်းဈေးတွေကလည်းတက်တယ်။ ဒါကျနော်တို့ အခုရင်ဆိုင်နေရတဲ့ အကြီးဆုံး အခက် အခဲဖြစ်ပါတယ်။ နေရာငှားရမ်းခ တွေကလည်း မိုးပေါ်ရောက်တော့မယ်။ စီးပွားရေးလုပ်ငန်းအတွက် မြေငှားမယ်ဆိုရင် ပုံမှန်အားဖြင့် ၃ နှစ် စာချုပ်နဲ့ ငှားပါတယ်။ အဲဒီ ၃ နှစ်အတွင်းမှာ ကျနော်တို့က အဆောက်အဦဆောက်ရတယ်။ ဒီဇိုင်းတွေဖန်တီးရ တယ်။ ဒါပေမယ့် ရင်းနှီးသလောက် ပြန်ရဖို့ခက် တယ်။ ဒါကြောင့် ဝင်ငွေကျဆင်းနေတာ ဖြစ်ပါ တယ်။ စီးပွားရေး တိုးတက်မှုအနေနဲ့ကတော့ အခု အချိန်မှာ တခြားနိုင်ငံတွေကနေ လေ့လာခြင်းအား ဖြင့် ကျနော်တို့ နည်းပညာ အသစ်တွေ အသုံးပြုနေ နိုင်ပြီ၊ ဒီဇိုင်းအသစ်တွေ ဖန်တီးနိုင်ပြီ။ ကျနော်တို့ ရဲ့ လုပ်ငန်းကို ကျနော်တို့ အဆင့်မြှင့် နိုင်ပါတယ်။ ဈေးကွက်ကလည်း ကောင်းလာနေတယ်။ အခု အချိန်မှာ စားသောက်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ လုပ်ငန်းတွေကို ဘယ်လို စီမံခန့်ခွဲရမယ် ဆိုတာကို သိကြပါတယ်။

ဧရာဝတီ။      ။ စားသောက်ဆိုင်လုပ်ငန်းကဏ္ဍ အတွင်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတဲ့အတွက် ဘယ်လိုသက်ရောက်မှု ရှိပါသလဲ။ KFC ကလည်း မကြာခင်ဈေးကွက်ထဲကို ဝင်လာတော့မယ်။ နိုင်ငံ တကာ အစားအစာလုပ်ငန်းတွေရဲ့ ခွင့်ပြုချက်ရ လုပ်ငန်းတွေကလည်း ဒီမှာဆိုင်ဖွင့်နေကြပြီ။ သူတို့ အားလုံး အနာဂတ်မှာ ယှဉ်ပြိုင်နိုင်ကြမှာလား။

ဦးနေလင်း။       ။ ဈေးကွက်အပေါ် သက်ရောက်မှု အနည်းငယ်ပဲ ရှိပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာ စားသောက်ဆိုင်တွေ ပထမဆုံးဝင်လာတဲ့အခါ စားသုံးသူတွေက သွားပြီးတော့ စမ်းစားကြည့်ကြပါ လိမ့်မယ်။ ဒါပေမယ့် ရေရှည်မှာတော့ အမြန်ရ အစားအစာကို ဘယ်သူမှ ပုံမှန် မစားနိုင်ပါဘူး။ ပြည်တွင်းဈေးကွက်ကို သက်ရောက်မှု ရှိပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့မှာ ကိုယ်ပိုင် ဖောက်သည်တွေ ရှိပါတယ်။ သူတို့နဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကျနော်တို့ က အစားအစာရဲ့ ကျန်းမာရေးနဲ့ ညီညွတ်သန့် ရှင်းမှု အဆင့်အတန်းကို ထိန်းထားရပါမယ်။ မြန်မာ နိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းမှာ မြန်မာနိုင်ငံက စားသောက်ဆိုင်တွေအားလုံး မပါဝင်ပေမယ့် ရန်ကုန်၊ မန္တလေးနဲ့ ပုဂံက အသင်းဝင် ၄၀ဝ လောက်ရှိပါတယ်။

ဧရာဝတီ။      ။ နိုင်ငံခြားက ဧည့်သည် အမြောက်အမြားက အစားအစာအဆင့်အတန်းနဲ့ ပတ်သက်လို့ စောဒက တက်နေကြတဲ့ အချိန်မှာ မြန်မာနိုင်ငံက အစားအစာ တွေ ကျန်းမာရေးနဲ့ ညီညွတ်သန့်ရှင်းမှုရှိရေးအတွက် လှုံ့ဆော်ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါသလား။

ဦးနေလင်း။       ။ ဒီကိစ္စကို ကျနော်တို့ စဉ်းစားနေပါတယ်။ နိုင်ငံခြား ဧည့်သည်တွေကလည်း အများကြီးလာနေ ကြတယ်။ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင် များအသင်းကို အစိုးရက အသိအမှတ်ပြုထားပါ တယ်။ ဒါပေမယ့် ကျနော်တို့က အစိုးရ အာဏာပိုင် အဖွဲ့အစည်းမဟုတ်ဘူး။ စေတနာ့ဝန်ထမ်းတွေ သက်သက်ပါ။ ဒါကြောင့် အစိုးရနဲ့ အတူလုပ်ဖို့ လိုပါတယ်။ ကျနော်တို့ လုပ်နိုင်တာကတော့ ဒီ အကြောင်းကို သိထားမိအောင် လုပ်ပေးဖို့ပါပဲ။ ကျနော်တို့က သူတို့ကို အရေးယူလို့လည်း မရဘူး။ တွန်းအားပေးလို့လည်း မရပါဘူး။

ဧရာဝတီ။      ။ အသေးစားနဲ့ အလတ်စား လုပ်ငန်း (SMEs)တွေအပေါ် အစိုးရရဲ့ ကူညီထောက်ပံ့မှုက နည်းနေ သေးတယ်လို့ လက်ခံပါသလား။ (SMEs) တွေကို ကူညီဖို့အတွက် အစိုးရက ဘာလုပ်ဖို့လိုနေပါသလဲ။

ဦးနေလင်း။       ။ ဒီလုပ်ငန်း ကဏ္ဍမှာ ရပ်တည်နိုင်ဖို့ အတွက်ပဲ ကျနော်တို့ စိန်ခေါ်မှုတွေအများကြီးနဲ့ ရင်ဆိုင်နေရ ပါတယ်။ ဥပမာ ပြောရရင် နေရာငှားရမ်းတဲ့ စရိတ် များတာမျိုးပေါ့။ ရန်ကုန်မှာဆိုရင် နေရာကောင်းတွေ က ကားအရောင်းပြခန်းတွေ ဖြစ်ကုန်ပြီ။ သူတို့က ပိုက်ဆံပိုပေးတယ်။ ကျနော်တို့ မတတ်နိုင်ဘူး။ တကယ်တော့ ဒီကားပြခန်းတွေက မြို့ပြင်ဘက်မှာ ရှိသင့်တာ။ ဈေးနှုန်းမြင့်မြင့် ပေးတဲ့နေရာမှာ ကျနော်တို့က သူတို့ကို မယှဉ်နိုင်ဘူး။

အစိုးရက မြို့နယ်တိုင်းမှာ စားသောက်ဆိုင်တွေ ဖန်တီးပေးသင့်တယ်။ ဒါမှလည်း စားသုံးသူတွေက သူတို့ လိုအပ်သမျှကို တနေရာတည်းမှာ ရနိုင်မယ်။ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းဝင်တွေက ဒီစားသောက်ဆိုင်တွေကို လုပ်ပေးနိုင်ပါတယ်။

ကျနော်တို့ ရင်ဆိုင်နေရတဲ့ နောက်ထပ် အခက်အခဲ တခုကတော့ ကုန်သွယ်စီးပွားခွန်နှုန်း မြင့်တာပဲ။ ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်း ပေးရပါတယ်။ ကျနော်တို့က ၂၅ ရာခိုင်နှုန်း ပေးရပြီးတော့ စားသုံးသူတွေက ၅ ရာခိုင်နှုန်း ပေးရပါတယ်။ ဒီနှုန်းထားက ကျနော်တို့ အတွက်များပါတယ်။ စားသုံးသူတွေကလည်း မပေးချင်ကြဘူး။ ကျနော်တို့ စားသောက်ဆိုင်အတွက် ကုန်ကြမ်း ပစ္စည်းတွေ နိုင်ငံခြားက တင်သွင်းတဲ့အခါ အခွန်ထပ်ပေးရတယ်။ ဒါကြောင့် အခွန် ၂ ထပ် နီးပါးပေးရသလိုပါပဲ။ နောက်ဆုံးတော့ စားသုံးသူက ဒီဝန်ထုပ်ဝန်ပိုးကို ထမ်းရတယ်။ ဒါကြောင့် ကျနော်တို့က အစိုးရနဲ့ ဒီကိစ္စကို စကားပြောနေရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အစားအစာတွေရဲ့ ဈေးနှုန်းက အရှေ့တောင်အာရှမှာ ဈေးအကြီးဆုံးထဲမှာ ပါပါတယ်။ ဈေးနှုန်းတွေကလည်း အမြဲတမ်း တက်နေပါတယ်။

ဧရာဝတီ။      ။ နောက်နှစ်ထဲမှာ အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဒေသ (ASEAN Free Trade Area) ကို အကောင်အထည်ဖော်ပြီးတဲ့ နောက်မှာ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားကုန်သည် တွေနဲ့ ယှဉ်ပြိုင်နိုင်မှာလား။

ဦးနေလင်း။       ။ ကျနော် ဒါကို စိုးရိမ်ပါတယ်။ ကျနော်တို့ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေက ကျနော်တို့ ကိုယ်ပိုင်ငွေနဲ့ အလုပ် လုပ်ရပါတယ်။ ဒါပေမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေမှာက စားသောက်ကုန် လုပ်ငန်းကြီးတွေရဲ့ ကျောထောက် နောက်ခံရှိတယ်။ ငွေကြေးအင်အားကောင်းတယ်။ ဥပမာ မြေငှားရမ်းခ မြင့်မားလာလိုမျိုးမှာ ကျနော်တို့ ရှုံးနိုင်တယ်။ ကျနော်တို့ မပေးနိုင်ဘူး။ ဒါပေမယ့် သူတို့က ပေးနိုင်တယ်။ ဒါကြောင့် တကယ်လို့ ဒါကို မထိန်းချုပ်နိုင်ရင် နောက်ဆုံးမှာ ကျနော်တို့ ပျောက်ဆုံးသွားလိမ့်မယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading