၂၀၁၄ တနှစ်တာ အတွင်း မြန်မာနိုင်ငံရှိ နိုင်ငံရေး၊ လူမှုရေး၊ လူ့အခွင့်အရေး၊ ယဉ်ကျေးမှုနှင့် အနုပညာ ကဏ္ဍများတွင် ထူးခြားထင်ရှား လူသိများပြီး အာရုံစူးစိုက်ခြင်း ခံရသူများကို The Irrawaddy သတင်းအဖွဲ့က Special Report အဖြစ် ရွေးချယ်ဖော်ပြလိုက်ပါသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (သို့မဟုတ်) အပြောင်းအလဲကြားက စစ်ဗိုလ်ချုပ်
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနဲ့ အပစ်အခတ်ရပ်စဲရေးမှာ အဓိက တာဝန်ရှိသူ၊ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ လွှတ်တော်ရေးရာတွေမှာ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားသူ၊ မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းမှာ သဘောထားတင်းမာသူ၊ အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး ပြန်လည်စတင်ချိန်မှာ အခရာကျနေသူအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြည်တွင်းပြည်ပက စောင့်ကြည့်လေ့လာသူတွေရဲ့ အာရုံစိုက်မှုကို ခံရသူဖြစ် ပါတယ်။
စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အရပ်သားတပိုင်း အစိုးရကို အာဏာမလွှဲခင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးအတွက် တခြားစီနီယာ ဗိုလ်ချုပ်ကြီးတွေကို ကျော်ဖြတ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်သာရှိသေးတဲ့ မင်းအောင်လှိုင်ကို ရွေးချယ်လိုက်ကတည်းက စိတ်ဝင်စားမှုတွေ မြင့်တက်ခဲ့ကြတာပါ။ မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အာရပ်နွေဦးဆိုပြီး တင်စားလာကြချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း “ဒီမိုကရေစီ”၊ “ပြည်သူ့တပ်မတော်” စတဲ့ စကားလုံး တွေနဲ့ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ လှုပ်ရှားလာပါတယ်။
အရပ်ဘက် လူ့အဖွဲ့အစည်းတွေက ဝေဖန်မှုတွေ ရှိသည့်တိုင် ဇွန်လအတွင်းမှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင် နောင်စကီး၊ အာရှပစိဖိတ် ဒေသဆိုင်ရာ စစ်ဒေသ ကွပ်ကဲရေးမှူး ကြယ် ၃ ပွင့် ဗိုလ်ချုပ်ကြီး အန်ထော်နီ ခရပ်ချ်ဖီးလ်ဒ်တို့ မြန်မာပြည်ကို လာရောက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဘက်ဆက်ဆံရေး ကိစ္စတွေ တွေ့ဆုံဆွေး နွေးကြပါတယ်။ ဗိုလ်ချုပ်ကြီး ခရပ်ချ်ဖီးလ်ဒ်ကလည်း မြန်မာ့ကာကွယ်ရေး တက္ကသိုလ်မှာ ပထမဆုံးအဖြစ် မိန့်ခွန်းပြောခဲ့ပါတယ်။ ဒေသတွင်း စစ်ဘက်ဆက်ဆံရေးကို ကြည့်ရင် အောက်တိုဘာလမှာ ဂျပန်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှင်ဂဲရုအီဝါ ဆာကီရဲ့ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်နေဝင်း လက်ထက် နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် သွားရောက်ခဲ့ပါတယ်။ ထိုင်းစစ်တပ်နဲ့လည်း ချစ်ကြည်ရေး တည်ဆောက်ခဲ့ပြီး ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုအပေါ်လည်း ထောက်ခံ ချီးမွမ်းခဲ့ပါသေးတယ်။
နိုင်ငံတကာကို ဝင်ဆံ့ဖို့ ကြိုးစားနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းမှာတော့ သဘောထား တင်းမာသူတဦးအဖြစ် သိထားကြသလို ငြိမ်းချမ်းရေးကိစ္စမှာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ် တပ်မတော် ကိစ္စကို လုံးဝငြင်းဆန်ထားပါတယ်။ သမ္မတ ဦးသိန်းစိန်ကို အခိုင်အမာထောက်ခံသူ၊ သမ္မတ ဦးသိန်းစိန် ဘက်တော်သားရယ်လို့လည်း ဝေဖန်ခံရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီး ပင်စင်ယူပြီးတဲ့နောက် သမ္မတလောင်းအဖြစ်လည်း ခန့်မှန်းမှုတွေ ရှိနေပါတယ်။
ဦးဝီရသူ (သို့မဟုတ်) ပွဲဆူစေသူ
အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးလို့ ဆိုလိုက်တာနဲ့ မန္တလေး မစိုးရိမ်တိုက်သစ်က ဦးဝီရသူကို ပြေးမြင်ကြပါတယ်။ လူမှုကွန်ရက် Facebook ကနေ ဦးဝီရသူ အကောင့်ကတဆင့် အားကောင်းတဲ့ လှုံဆော်မှုတွေဟာလည်း မြန်မာနိုင်ငံ အနှံ့အပြားက လူမျိုးရေး အဓိကရုဏ်းတွေနဲ့ ဆက်စပ်နေခဲ့လို့ ပြည်တွင်းပြည်ပ သတင်းတွေမှာ မကြာခဏ ဖော်ပြခြင်းခံရပါတယ်။ ဦးဝီရသူကတဆင့် လှုံ့ဆော်ခဲ့တဲ့ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စဟာ လွှတ်တော်ထဲအထိ ရောက်လာပြီး ဆွေးနွေးဖို့ တင်သွင်းကြတဲ့အထိ တက်လာခဲ့ပါတယ်။
ဦးဝီရသူ Facebook အကောင့်ကနေဆင့် လူမျိုးရေးအခြေခံ မှုခင်းဖော်ပြမှုများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) ပြင်ဆင်ရေးကို ကန့်ကွက်မှုများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ကို ဝေဖန်ရေးသားမှုများကြောင့် လူမှုကွန်ရက်နဲ့ လူထုအကြား ထောက်ခံသူ၊ ကန့်ကွက် သူတွေနဲ့ မကြာခဏ ပွဲဆူခဲ့ရပါတယ်။
သူဟာ ၂၀ဝ၃ ခုနှစ်မှာ ထောင်ကျခဲ့ပြီး ၂၀၁၂ ဇန်နဝါရီလမှာ မြစ်ကြီးနားထောင်က ပြန်လွတ်လာကာ နောက်ပိုင်း အမျိုးဘာသာ သာသနာ ၉၆၉ အမှတ်လက္ခဏာကို အသက်သွင်း လှုပ်ရှားခဲ့ပါတယ်။ ထောင်ကလွတ်လာပြီး မကြာခင်မှာပဲ ဝေဖန်မှုတွေ မကြာခဏခံရတဲ့ လွတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းနဲ့ တွေ့ဆုံခဲ့မှုတွေ ထွက်ပေါ်လာလို့ အဓိကရုဏ်းလှုံ့ဆော်မှုတွေမှာ ဦးဝီရသူနဲ့ ဦးအောင်သောင်း ဆက်စပ်မှုတွေကို သံသယဖြစ်ခဲ့ကြပါတယ်။
ဒီနှစ်အတွင်းမှာပဲ သီရိလင်္ကာကိုသွားရောက်ပြီး အငြင်းပွားဖွယ် မျိုးချစ် ဗုဒ္ဓဘာသာ အင်အားစု Bodu Bala Sena အဖွဲ့နဲ့ တွေ့ဆုံပြီး ပူးပေါင်းရေး ဆွေးနွေးခဲ့သေးတာ ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မံဖြစ်ပွားမှာ ကို စိုးရိမ်စိတ်တွေ ကြီးထွားစေခဲ့ပါတယ်။
ဦးဝီရသူ Facebook ကနေ ရှင်းလင်းမှုမရှိတဲ့ လူမျိုးရေးအခြေခံ မှုခင်းများကို မကြာခဏ ဖော်ပြနေမှုကြောင့် အကင်းမသေသေးတဲ့ လူမျိုးရေး အဓိကရုဏ်းတွေ၊ ဆူပူမှုတွေ၊ လူသေကျေမှုနဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်မှုတွေ ထပ်ဖြစ်မှာကို မကြာခဏ စိုးရိမ်ခဲ့ကြပါတယ်။ ဦးဝီရသူရဲ့ အငြင်းပွားဖွယ်တရား ပွဲတွေ၊ လှုပ်ရှားမှုတွေကြောင့် လူ့အခွင့်အရေးသမားများ၊ စောင့်ကြည့်လေ့လာသူများနဲ့ သတင်းဌာနများရဲ့ အာရုံစိုက်မှု၊ စောင့်ကြည့် ဝေဖန်မှုတွေကို အစဉ်တစိုက် ခံယူနေရသူ ဖြစ်ပါတယ်။
ဒေါက်တာ သန့်မြင့်ဦး (သို့မဟုတ်) ရန်ကုန်မြို့ အမွေအနှစ်ကို စောင့်ရှောက်သူ
ပွင့်လင်းလာတဲ့ မြန်မာပြည်မှာ မပျောက်မပျက် ကျန်နေသေးတဲ့ ရှေးဟောင်း ကိုလိုနီခေတ် ဗိသုကာ အဆောက်အအုံ အမွေအနှစ် လက်ရာတွေကို ထိန်းသိမ်းဖို့ တစိုက်မတ်မတ် ဆောင်ရွက်နေသူကတော့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) ရဲ့ ဥက္ကဋ္ဌဖြစ်သူ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦး ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့မြေးဖြစ်ပြီး ယမန်နှစ်က ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းကြီးရဲ့ Leading Global Thinkers နဲ့ ယခုနှစ် Prospect မဂ္ဂဇင်းရဲ့ ထိပ်တန်းတွေးခေါ်သူ ၅၀ စာရင်း ဝင်ဖြစ်ခဲ့တဲ့ ဒေါက်တာ သန့်မြင့်ဦးဟာ နိုဝင်ဘာလ သမ္မတ အိုဘားမားရဲ့ မြန်မာပြည် ခရီးစဉ်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးများရုံးကို လာရောက်လည်ပတ်ရာမှာ ဧည့်ခံရှင်းလင်း တင်ပြခဲ့ပါတယ်။
ရန်ကုန်မြို့ရှိ ရှေးဟောင်း ယဉ်ကျေးမှု မြို့ပြ အမွေအနှစ်များ ထိန်းသိမ်းရေးအတွက် မြို့ပြ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ဥပဒေတရပ်ကို ယမန်နှစ်မှာ Yangon Heritage Trust က မူကြမ်း ရေးဆွဲပြီး အစိုးရကို တင်ပြခဲ့ပါတယ်။ ဒါပေမယ့် ယခုနှစ် အောက်တိုဘာလမှာတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒေါက်တာညိုညိုသင်းရဲ့ တင်ပြမေးမြန်းချက်အပေါ် ဒီလို ဥပဒေမျိုး ပြဋ္ဌာန်းဖို့ အစီအစဉ်မရှိသေးကြောင်း လွှတ်တော်က တုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။ ဒေါက်တာ သန့်မြင့်ဦး ဦးဆောင်တဲ့ Yangon Heritage Trust ဟာ ရှေးဟောင်းဓာတ်ပုံများ ခင်းကျင်း ပြသခြင်း၊ ရှေးဟောင်း အဆောက်အအုံများတွင် ကမ္ပည်းစာ တပ်ဆင်ခြင်း၊ ရှေးဟောင်း အဆောက်အအုံများသို့ အပတ်စဉ်လည်ပတ်ရေး ခရီးစဉ် စီစဉ်ခြင်း စတာတွေကို လုပ်ဆောင်နေပါတယ်။
အိမ်ဈေး၊ ခြံဈေးတွေ အလွန်မြင့်မားပြီး မြို့ပြတိုးချဲ့မှုတွေ အစွမ်းကုန်လိုအပ်နေတဲ့ ရန်ကုန်မြို့မှာ အာဏာပိုင်တွေ လက်ခံနိုင်အောင် ပြောဆိုနိုင်ပြီး ကမ္ဘာပေါ်က ပညာရှင်တွေကိုပါ ရှေးဟောင်း အဆောက် အအုံ ထိန်းသိမ်းရေးအတွက် ပူးပေါင်းပါဝင်အောင် ဆွဲဆောင်နိုင်သူအဖြစ် ဒေါက်တာသန့်မြင့်ဦးဟာ အများရဲ့ ယုံကြည်ကိုးစားမှုကို ရရှိနေပါတယ်။ မြို့ပြ အမွေအနှစ်ဆိုင်ရာ မူဝါဒများ ထုတ်ဖော်ခြင်း၊ သက်ဆိုင်ရာ အာဏာပိုင်များနဲ့ အကြံပြု ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူများကို ပညာပေးခြင်း၊ သင်တန်းပို့ချခြင်း၊ သုတေသနလုပ်ငန်းတွေကို ဒေါက်တာသန့်မြင့်ဦး ဦးဆောင်ကာ ပြုလုပ်နေပြီး သူ့ရဲ့ ထိရောက်တဲ့ လုပ်ဆောင်မှုကြောင့် အဆောက်အအုံတွေ တရှိန်ထိုး တိုးတက်နေတဲ့ ရန်ကုန်မြို့က အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ် အဆောက်အအုံတွေကို ထိန်းသိမ်းထားနိုင်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။
ဦးဗအုပ်ခိုင် (သို့မဟုတ်) စားသုံးသူများကို မျက်စိဖွင့်သူ
မြန်မာနိုင်ငံမှာ အရင်သတိမပြုမိတဲ့ အန္တရာယ်ရှိတဲ့ အစားအသောက်တွေကိစ္စ၊ မြန်မာတွေနဲ့ မယဉ်ပါးသေးတဲ့ စားသုံးသူ အခွင့်အရေးကိစ္စတွေကို ဦးဆောင်သတိပေး မိတ်ဆက်ပေးတဲ့သူဆိုရင် ဦးဗအုပ်ခိုင်ကိုပဲ ပြေးမြင်မှာ ဖြစ်ပါတယ်။ မြင်းခြံဇာတိသား စာရေးဆရာ၊ ကဗျာဆရာ၊ သဘာဝဆေးပညာ ဆရာဖြစ်သူ ဦးဗအုပ်ခိုင်ဟာ ကင်ဆာလူနာတွေ အရမ်းများတာကို အဖြေရှာရာမှာ အစားအသောက်ကြောင့်ဆိုတာကို တွေ့ရှိခဲ့ ကြောင်း၊ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)က လွှင့်တဲ့ ဂျပန်စားသုံးသူကာကွယ်ရေး အသင်းတွေအကြောင်း ကြည့်ရာက မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း တည်ထောင်ဖို့ ၂၀၁၂ မှာ အကြံရခဲ့ကြောင်း သိရပါတယ်။
လုပ်ငန်းရှင်တွေရဲ့ ခြိမ်းခြောက်မှု၊ ကျန်းမာရေး ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဗဟိုဌာန (FDA) အပါအဝင် အစိုးရဌာနတွေနဲ့ ထိပ်တိုက်တွေ့မှု၊ ရုံးခန်းအခက်အခဲ၊ ရန်ပုံငွေ အခက်အခဲ၊ လူအင်အား အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် ယမန်နှစ်ကစပြီး ငါးပိမှာ ဓာတုပစ္စည်း ပါဝင်တဲ့ ကိစ္စကစလို့ တပြည်လုံး အတိုင်းအတာအထိ သူတို့ရဲ့ လှုပ်ရှားမှုကို လူသိများလာပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မုန့်ပဲသရေစာတွေ ကိစ္စကို ဖော်ထုတ်ခဲ့လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကို စာပို့ပြီး ဖိအားပေးတာမျိုးအထိ ရှိခဲ့ပါတယ်။ ပြည်သူတွေက စားသုံးသူ အခွင့်အရေး ခံရမှုတွေ မသိကြကြောင်း၊ အစိုးရကလည်း အကာအကွယ်မပေးနိုင်ကြောင်း၊ ဥပဒေတွေက စာရွက်ပေါ်မှာသေနေပြီး လွှတ်တော်ကို စာပို့ရာမှာလည်း အကြောင်းပြန်ကြားမှု မရှိကြောင်း ဦးဗအုပ်ခိုင်က ထောက်ပြဝေဖန်ထားပါ တယ်။
နိုင်ဟံသာ (သို့မဟုတ်) အားမနာတဲ့ တိုင်းရင်းသား နိုင်ငံရေးသမား
အစိုးရနဲ့ တိုင်းရင်းသား ပေါင်းစုံတို့ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ မှန်တယ်ထင်ရာကို ခေါင်းမာသူ၊ အားမနာတမ်း ဝေဖန်ပြောဆိုတတ်သူကတော့ နိုင်ဟံသာ ဖြစ်ပါတယ်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်လည်းဖြစ်တဲ့ နိုင်ဟံသာဟာ ရိုးအေးစွာ နေထိုင်တတ်ပြီး မကြောက်တရားနဲ့ အဂတိတရား ကင်းတဲ့အတွက် သူ့ကို တိုင်းရင်းသား ခေါင်းဆောင်တိုင်းက လေးစားကြပါတယ်။
သူ့ရဲ့ မှန်တယ်ထင်ရင် ခေါင်းမာမှုကြောင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ကြန့်ကြာတယ်လို့ ဝေဖန်မှုတွေရှိပေမယ့် တောင်းဆိုသင့်တာကို ပြတ်ပြတ်သားသား မကြောက်မရွံ့ တောင်းမှရမယ်လို့ နိုင်ဟံသာ က လက်ခံထားသူပါ။ မွန်လူမျိုးအတွက်ပဲ ဒီလိုညှိနှိုင်းဆွေးနွေးမှု တွေလုပ်နေတာ မဟုတ်ဘူးလို့ ပြောလေ့ရှိတဲ့ နိုင်ဟံသာကို အစိုးရဘက်ကတော့ စိတ်တိုတတ်သူအဖြစ် သတ်မှတ်ထားပြီး ဆွေးနွေးပွဲတွေမှာ တဖက်ပြောစကားကို အပြုံးမပျက် နားထောင်တတ်တဲ့ သူ့ကို ခန့်မှန်းရခက်တယ်လို့လည်း ဆိုကြပါတယ်။ NCCT မှာ သူ့ကို အကြောက်ရဆုံးပဲလို့လည်း အစိုးရ ကိုယ်စားလှယ်တွေက ပြောကြပါတယ်။ အစိုးရဘက်က ပျားရည်နဲ့ ဝမ်းချချင်တဲ့ကိစ္စတွေမှာ နိုင်ဟံသာကြောင့် လွယ်လွယ်မရတော့တာတွေ ရှိတယ်လို့ ဆိုပါတယ်။
အပစ်အခတ်ရပ်စဲဖို့ ကြန့်ကြာနေတာ မလိမ်မညာတမ်း ပြောရရင် တပ်မတော်ကြောင့်လို့ ဝေဖန်တဲ့သူ့ကို တပ်ပိုင်းဆိုင်ရာဘက်က မကျေလည်ပေမယ့်လည်း သူကတော့ ဂရုစိုက်ပုံမပေါ်ပါဘူး။
ဒေါက်တာ အာကာမိုးသူ (သို့မဟုတ်) ကျောင်းဆရာများရဲ့ အသံ
မြန်မာ့ပြုပြင်ပြောင်းလဲရေး ကာလမှာ ဗြူရိုကရေစီ ယန္တရားတွေ ခိုင်ခိုင်မာမာ ဆက်လက် အမြစ်တွယ်နေဆဲဖြစ်တဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ပညာရေးကဏ္ဍမှာ ရသင့်ရထိုက်တဲ့ လုပ်ပိုင်ခွင့်တွေအတွက် ထိထိရောက်ရောက် ရပ်တည်ပြောဆိုနေသူကတော့ ဒဂုံတက္ကသိုလ်၊ အရှေ့တိုင်းပညာဌာန လက်ထောက်ကထိက ဒေါက်တာ အာကာမိုးသူ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အကြမ်းဖက် လှုပ်ရှားမှုတွေကြောင့် စစ်တွေတက္ကသိုလ် ပိတ်လိုက်ရကာ ပညာရေးဝန်ထမ်းတွေ လုံခြုံရေးကြောင့် နေရပ်ပြန်တာကို ပညာရေး ဝန်ကြီးဌာနက ခွင့်မဲ့တာဝန် ပျက်ကွက်မှုနဲ့ အရေးယူခဲ့ပါတယ်။ အဲဒီလို အရေးယူမှုကြောင့် နစ်နာခဲ့ရတဲ့ ဆရာ၊ ဆရာမတွေဘက်က ရပ်တည်ပြီး နိုင်ငံဝန်ထမ်းများ လုံခြုံရေး အပြည့်အဝရှိသော နေရာဒေသများတွင် တာဝန်ထမ်းဆောင်ခွင့် ရရှိရေးနှင့် အကယ်၍ လုံခြုံမှုအားနည်းနေပါက လုံခြုံမှု အပြည့်အဝရရှိတဲ့ နေရာများတွင် နေထိုင်ခွင့် ရရှိရေးစတဲ့ အခွင့်အရေးများကို ဒေါက်တာ အာကာမိုးသူက ဦးဆောင်တောင်းဆိုခဲ့ပါတယ်။
ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး လည်းဖြစ်တဲ့ ဒေါက်တာ အာကာမိုးသူက ကိုယ့်အခွင့်အရေးအတွက် ဖွဲ့စည်းတဲ့အသင်းနဲ့ ပတ်သက်လို့ နားလည်သဘောပေါက်အောင် ပြောဆိုစည်းရုံးရကြောင်း၊ ဆရာ၊ ဆရာမ အများစုက ဗျူရိုကရေစီ ယန္တရား အုပ်ချုပ်ရေးနဲ့ နှစ်ကာလကြာရှည်စွာ ရှင်သန်ခဲ့ရလို့ တချို့တလေက နားလည်မှုလွဲမှားတာတွေ ရှိကြောင်း ပြောပြပါတယ်။
နောက်ပြီး ဆရာများသမဂ္ဂဟာ ကျောင်းသားအဖွဲ့ အစည်းများကို လွှမ်းမိုးခြင်း၊ ကြိုးကိုင်ခြင်း၊ မြှောက်ပေးခြင်း မရှိကြောင်း၊ ကျောင်းသူ ကျောင်းသားများရဲ့ အခွင့်အရေးကို ကာကွယ်ပေးရန်သာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒီမိုကရေစီစနစ်ကို သွားနေပေမယ့် ဗျူရိုကရက်ဝါဒကို ဆုပ်ကိုင်ထားသ၍ ပညာရေးပြုပြင် ပြောင်းလဲမှုဟာနှောင့် နှေးနေမယ်လို့ ဒေါက်တာ အာကာမိုးသူက ထောက်ပြပြော ဆိုထားပါတယ်။
ဦးလှဆွေ (သို့မဟုတ်) လူရွှင်တော် အမတ်မင်း
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ ငြိမ်းချမ်းရေး ကိစ္စမှာ “ရွှေလက်နဲ့ ခေါ်လို့မလာရင် ဘူးလက် (Bullet) လွှတ်ရတာ မကောင်းဘူး” ဆိုတဲ့စကားကနေ “ဘူးလက်လှဆွေ” ဆိုပြီး လူမှုကွန်ရက် Facebook မှာ ပြန်ကြာရေးဝန်ကြီး ဦးရဲထွဋ်ကို ကျော်တက်ကာ လူသိများလာသူကတော့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ် ဦးလှဆွေ ဖြစ်ပါတယ်။
နျူကလီးယားစက်ရုံပင် ဖြစ်လင့်ကစား မျိုးချစ်စိတ်နဲ့ “ငံပြာရည်စက်ရုံ” လို့ ပြောသင့်ကြောင်း အကြံပြုသူ၊ ဒေါ်အောင်ဆန်းစုကြည်ကို Angry Bird လို့ ခေါ်ခဲ့သူ၊ စစ်တပ် အငြိမ်းစားတွေရဲ့ ပင်စင်လစာဟာ ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး ဂျနီဖာလိုပက်ဇ်ရဲ့ တင်ပါးတခြမ်း အာမခံဖိုးလောက် မရှိကြောင်း ခိုင်းနှိုင်းပြောခဲ့သူ စသဖြင့် သူပြောဆိုသမျှဟာ လူမှုကွန်ရက်မှာ ဝေဖန်သူ၊ ထောက်ခံသူ၊ ရယ်ပွဲဖွဲ့သူရယ်၊ ဆဲဆိုကြိမ်းမောင်းသူတွေရယ် မပြတ်ရှိနေပါ တယ်။ တချို့ကလည်း ရယ်ရလို့သူ့ Facebook ကိုတမင် Add ထားပြီး သူ့ပရိသတ် ဖြစ်နေရတယ်လို့ ဆိုကြပါတယ်။
ဗိုလ်မှူးကြီးဟောင်း ဦးလှဆွေကတော့ သူဒီလို ထွေလီကာလီတွေ ရေးတတ်တာဟာ စာတွေဖတ်တာရယ်၊ သတင်းတွေ နားထောင်တာရယ်၊ ဘဝတလျှောက်လုံး အထက်လူကြီးတွေနဲ့ အဆင်မပြေခဲ့တာရယ်ကြောင့် ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ အခုလို လူမှုကွန်ရက်မှာ စတန့်ထွင်နေတာဟာ နောက် ရွေးကောက်ပွဲ အတွက်လားလို့ ဝေဖန်သူတွေနဲ့ ပတ်သက်လို့ ရာထူးဆိုတာ “ရူးတာ”ဖြစ်လို့ ဝန်ကြီးလည်း မဖြစ်ချင်ဘူးလို့ ကြွေးကြော်ထားပြီး တနှစ်ပတ်လုံးမရိုးရ အောင် Facebook လူရွှင်တော် အမတ်မင်းအဖြစ် အသုံးတော်ခံနေတာ တွေ့ ရပါတယ်။
ဦးအောင်သောင်း (သို့မဟုတ်) အမေရိကန် အစိုးရက စာရင်းသွင်းလိုက်တဲ့ လူဆိုး
အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်မတိုင်မီ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲ ထည့်သွင်းခံရလို့ တကျော့ပြန် အာရုံစိုက်ခံရသူကတော့ ယခင် စစ်အစိုးရလက်ထက် ဝန်ကြီးတွေထဲမှာ ဆွေမျိုးစုလိုက် အချမ်းသာဆုံး တဦးဖြစ်သွားခဲ့တဲ့ ဦးအောင်သောင်း ဖြစ်ပါတယ်။ လက်ရှိမှာ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုအတိုင်ပင်ခံလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးအောင်သောင်းဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ အတားအဆီးဖြစ်စေတယ်၊ ပြည်တွင်း အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ နောက်ကွယ်က ပါဝင်နေတယ်လို့ စွပ်စွဲခံရပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကန့်သတ်ပိတ်ဆို့မှု စာရင်းထဲကို ထည့်သွင်းခံလိုက်ရပါတယ်။
ဦးအောင်သောင်းကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲသွင်းတဲ့ ဂယက်ကြောင့် သူ့သားပိုင်ဆိုင်တဲ့ ယူနိုက်တက် အမရာဘဏ်မှာ ငွေတွေ အစုလိုက် အပြုံလိုက် ပြန်ထုတ်မှုကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုဟာ ဦးအောင်သောင်း တဦးတည်းနဲ့သာ သက်ဆိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ရပါတယ်။ အမေရိကန်က ပြတ်ပြတ်သားသား အရေးယူပေမယ့် မြန်မာအစိုးရနဲ့ လွှတ်တော်ကတော့ ဦးအောင်သောင်းဘက်က ရပ်တည်ခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရမယ့်အစား နာမည်ပျက်စာရင်းထဲ အထည့်ခံရတာကို ကန့်ကွက်ကြောင်း၊ အရေးယူခံရအောင် သတင်းပေးသူကို ရှုတ်ချကြောင်း လွှတ်တော်က ကြေညာခဲ့ပါတယ်။
စစ်အစိုးရလက်ထက် စက်မှု (၁) ဝန်ကြီးအဖြစ် ၁၄ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ဦးအောင်သောင်းဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ပြီး ဦးအောင်သောင်းရဲ့ သားတွေဖြစ်တဲ့ ဦးနေအောင်၊ ဦးပြည်အောင်တို့ဟာ သစ်လုပ်ငန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဟိုတယ် ခရီးလုပ်ငန်းတွေ ပိုင်ဆိုင်ပြီး အချမ်းသာဆုံး စာရင်းဝင်တွေ ဖြစ်ကြပါတယ်။
သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ဦးအောင်သောင်းဟာ သူ့ဇာတိ တောင်သာမြို့နယ်ကနေ ဝင်ရောက် အရွေးခံခဲ့ပြီး စွမ်းအားရှင် လက်သစ်တွေ လက်သပ် မွေးထားတယ်လို့လည်း သတင်းဌာန တချို့က ဝေဖန်ရေးသားကြပါတယ်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ကြွေးကြော်ပြီး လှုပ်ရှားသူ ဦးဝီရသူနဲ့ အဆက်အဆံတွေ ရှိခဲ့တာကြောင့်လည်း ပိုပြီး သံသယဖြစ်ခံရတာတွေ ရှိပါတယ်။
ဦးအောင်သောင်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံရတာကို ကန့်ကွက်တယ်ဆိုပြီး သူ့ဇာတိ တောင်သာမြို့မှာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ပေမယ့် ဆန္ဒပြသူတွေကို ဒံပေါက်ဝေတာမှာ ဒံပေါက်လုရာက ကိုင်ဆောင်ထားတဲ့ ဆိုင်းဘုတ်တွေ ပစ်ချနင်းခြေခံရလို့ နှစ်မကုန်ခင်မှာ ဦးအောင်သောင်းဟာ သတင်းလူသား ထပ်ဖြစ်လိုက်ပါသေး တယ်။
မဖြူနှင်းထွေး (သို့မဟုတ်) မတရားမှုကို အံတုသူ
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ဝမ်ပေါင်ကုမ္ပဏီ တရုတ်ဝန်ထမ်း နှစ်ဦးကို တရက်ကျော်ကြာ ထိန်းသိမ်းထားရာမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တက်ကြွလှုပ်ရှားတဲ့ ကျောင်းသူတဦးကို ဖမ်းလိုက်လို့ ယခုနှစ် စက်တင်ဘာလအတွင်း အကြီးအကျယ် ဂယက်ရိုက်မှုတွေ ဖြစ်သွားခဲ့ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (အထက်မြန်မာပြည်) အဖွဲ့ဝင်တဦးဖြစ်တဲ့ မဖြူနှင်းထွေးကို အဲဒီစွဲချက်နဲ့ ဖမ်းဆီးလိုက်တာကြောင့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေကို တဖက်လှည့်နဲ့ နှိပ်ကွပ်နေတာလား၊ အစိုးရဟာ တရုတ်ရဲ့ အကျိုးစီးပွားကိုပဲ ကာကွယ်နေတာလားဆိုပြီး မေးခွန်းတွေ ပေါ်ထွက်ခဲ့သလို ပြည်တွင်းပြည်ပက ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အဲဒါတွေ မတိုင်ခင်က မြန်မာ နိုင်ငံမှာပညာရေး ပြုပြင်ပြောင်းလဲဖို့ဆိုပြီး အမျိုးသားပညာရေး ဥပဒေမူကြမ်း ထွက်လာပေမယ့် မူကြမ်းပါ အချက်တွေဟာ ပညာရေးလွတ်လပ်ခွင့် အပြည့်အဝမရှိဘူးဆိုပြီး စက်တင်ဘာလလောက်မှာ မဖြူနှင်းထွေးတို့ရဲ့ ကျောင်းသားသမဂ္ဂတွေက ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ဆောင်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတယ်။
မန္တလေးတက္ကသိုလ်က မြန်မာစာ ဒုတိယနှစ် အဝေးသင် ကျောင်းသူ မဖြူနှင်းထွေးဟာ အဲဒီအခင်း ဖြစ်ပွားစဉ်က အဲဒီဒေသအတွင်းက အလယ်တန်းကျောင်းသူ၊ ကျောင်းသားတချို့ကို အခမဲ့စာပြပေးဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ မဖြူနှင်းထွေး ပုဒ်မ ၃၆၄ နဲ့ ပုဒ်မ ၃၆၈ တို့နဲ့ တရားစွဲ အဖမ်းခံရတော့ အမျိုးသမီးအဖွဲ့အစည်း အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေက အမျိုးသမီးငယ်လည်းဖြစ်၊ ကျောင်းသူ တဦးလည်းဖြစ်တဲ့ မဖြူနှင်းထွေးကို ဖမ်းဆီးပြီး ပုဒ်မတပ် တရားစွဲတာဟာ မတရားဘူးဆိုပြီး အမြန်ဆုံးလွှတ်ပေးဖို့ အစိုးရကို ဖိအားပေး တောင်းဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။
အဲဒီလိုတောင်းဆိုမှုများရဲ့ နောက်ဆက်တွဲ အနေနဲ့ အောက်တိုဘာ ၁၅ ရက်နေ့ ယင်းမာပင်ခရိုင် ပဉ္စမမြောက် တရားရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီရဲ့စီမံကိန်း တာဝန်ခံ ဦးလှစိန်က တရားသူကြီးထံ အမှုရုပ်သိမ်းလွှာ တင်သွင်းခဲ့ပြီးနောက် မဖြူနှင်းထွေးကို တရားရုံးက တရားရှင် ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
နဂါးတွေနဲ့ ဦးစံလင်း
တိုင်းပြည် ပြုပြင်ပြောင်းလဲဖို့ အရေးကြီးတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ၂၀၁၅ မှာ သမ္မတ ဘယ်သူဖြစ်နိုင် မလဲဆိုတဲ့ ခန့်မှန်းမှုနဲ့ တခြားတိုင်းပြည်မှာ အရေးကြီးတဲ့ အကြောင်းအရာတွေကို တနိုင်ငံလုံးအနေနဲ့ ရက်အတန်ကြာ မေ့ပျောက်စေတဲ့ အဖြစ်အပျက်တခုကတော့ ဦးစံလင်းရဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေဆယ်ယူရေး ကြိုးပမ်းမှုပါ။ လွန်ခဲ့တဲ့ နှစ် ၄၀ဝ ကျော်က ရန်ကုန်မြစ်ဝအတွင်း နစ်မြုပ်ခဲ့တယ်လို့ဆိုတဲ့ ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရေးကို နဂါးအကူအညီ၊ ပရလောက အကူအညီတွေနဲ့ တူးဖော်မယ်လို့ ဆိုတာကြောင့် မြစ်ကမ်းနံဘေးမှာ သွားရောက်စောင့်ကြည့်သူ၊ မြစ်ဝအထိ စက်လှေနဲ့ သွားရောက် ကြည့်ရှုသူတွေ ချောင်းပေါက်မတတ်ရှိခဲ့ပြီး ပြည်တွင်း စာနယ်ဇင်းတွေမှာလည်း ရက်ပေါင်းအတော်ကြာ နေရာယူခဲ့တဲ့ သတင်းဖြစ်ခဲ့ပါတယ်။ ဈေးရောင်းသူတွေ၊ စက်လှေသမားတွေနဲ့ တက္ကစီသမားတွေလည်း တော်တော် စီးပွားဖြစ်ခဲ့ပါသေးတယ်။
ရခိုင်ပြည်နယ်၊ မြေပုံဇာတိသား ဦးစံလင်းဟာ ရေတပ်စစ်မှုထမ်းဟောင်း တဦးဖြစ်ပြီး ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူရေးအတွက် ငွေအားလူအား စိုက်ထုတ်ပြီး ၇ ကြိမ် ၈ ကြိမ်လောက် တစိုက်မတ်မတ် ကြိုးပမ်းခဲ့ ဖူးပါတယ်။ ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူဖို့ ဦးစံလင်းနဲ့အဖွဲ့ ကြိုးပမ်းစဉ်တွင် သူ့ကို ယုံကြည်ထောက်ခံသူ၊ မယုံလို့ လှောင်ပြောင်သူ၊ စာနယ်ဇင်းများမှာ ထောက်ခံရေးသားသူ၊ ဆန့်ကျင်ရေးသားသူ၊ လူမှုကွန်ရက် အင်တာနက်ပေါ်မှာ အငြင်းပွားကြသူ၊ သိပ္ပံနည်းကျ ဆန်းစစ်လေ့လာသူ စသဖြင့် တော်တော်လေး ပွဲဆူသွားခဲ့ပါတယ်။ မြန်မာနိုင်ငံတခုလုံးကို ဂယက်ရိုက်စေခဲ့တဲ့ ဦးစံလင်း ကတော့ အခုအချိန်မှာ ဘာမှမပြောလိုတော့ကြောင်း တုံ့ပြန်ပြီး တရားရိပ်သာတခုမှာ တရားထိုင်နေတယ်လို့ သိရပါတယ်။
ဒေါ်သန္တာ (သို့မဟုတ်) လူ့အခွင့်အရေးအတွက် စိန်ခေါ်သူ
လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ စာရင်းတင်ရလောက်အောင် များပြားတဲ့ မြန်မာနိုင်ငံမှာ ခံရသူတွေဘက်က မသိနားမလည်လို့ ဖြစ်စေ၊ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုကြောင့်ဖြစ်စေ၊ မီဒီယာတွေပေါ် ရောက်မလာလို့ဖြစ်စေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက မကူညီနိုင်လို့ဖြစ်စေ လူမသိသူမသိ ပျောက်ပျက်သွားတဲ့ ကိစ္စတွေ များပြားလှပါတယ်။ အဲဒီလို ဖြစ်ရပ်တွေအတွက် စံနမူနာ ပြလိုက်တာကတော့ အသတ်ခံရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့ဇနီး ဒေါ်သန္တာ ဖြစ်ပါတယ်။
အလွတ်တန်း သတင်းထောက် ကိုပါကြီးဟာ အစိုးရစစ်တပ်နဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုး သား တပ်မတော် (DKBA) တိုက်ပွဲအတွင်း စစ်ရေးသတင်း ဓာတ်ပုံတွေရရှိဖို့ မွန်ပြည်နယ်ကို သွားရောက်စဉ် ပျောက်ဆုံးသွားပြီး နောက်တလ နီးပါးလောက်အကြာမှာ သေဆုံးခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ကြောင့် သိရှိရတာ ဖြစ်ပါတယ်။
ဒီမိုကရေစီ ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက် အဖွဲ့ဝင် ဒေါ်သန္တာက ထိုင်းနိုင်ငံမှာ ဆုယူမယ့်အဖွဲ့နဲ့ ရောက်ရှိနေရာကနေ ချက်ချင်းပြန်လာပြီး ကိုပါကြီး သေဆုံးမှု အဖြစ်မှန် ပေါ်ထွက်ရေး ကြိုးပမ်းခဲ့ပါတယ်။ ကိုယ့်ရဲ့ ရပိုင်ခွင့်များ၊ ဥပဒေရေးရာ နားလည်မှု၊ မီဒီယာများနဲ့ ချိတ်ဆက်နိုင်မှု၊ လူ့အခွင့်အရေးလှုပ်ရှား သူများရဲ့အားနဲ့ ကိုပါကြီးသေဆုံးမှုကို မြန်မာပြည်သာမက ကမ္ဘာကပါသိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ တနည်းအားဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့အခါ ဘယ်လို တုံ့ပြန်လုပ်ဆောင်ရမယ်ဆိုတာကို နမူနာ ပြသလိုက်တာပဲ ဖြစ်ပါတယ်။
ဒေါ်သန္တာရဲ့ ဥပဒေကြောင်းအရ ကိုယ့်ဘက် ရပိုင်ခွင့်အရ တဆင့်ချင်း လုပ်ဆောင်ခဲ့တာကြောင့် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က ပါဝင်ပြောဆိုခဲ့ရပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပေးရတဲ့အထိ ခရီးပေါက်ခဲ့ပါတယ်။ ဒါပေမယ့် အစိုးရတပ်မတော်နဲ့ စုံစမ်းရေး ကော်မရှင်တွေရဲ့ ထုတ်ပြန်ချက်တွေဟာ တရားမမျှတမှု မရှိဘူး၊ ဘက်လိုက်မှုတွေ ရှိတယ်ဆိုပြီး စုံစမ်းရေး ကော်မရှင်သစ် ထပ်ဖွဲ့ပေးဖို့ ဒေါ်သန္တာက ထပ်မံတောင်းဆိုထားပါတယ်။
မျိုးကိုကိုစန်း (သို့မဟုတ်) Miss International Queen Myanmar
မန္တလေးမြို့မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် လိင်တူချစ်သူ အလှမယ် မျိုးကိုကိုစန်း (ခေါ်) ချစ်လမင်းငယ်ဟာ မန္တလေး နည်းပညာ တက္ကသိုလ်မှာ B-Tech (Civil) မေဂျာကို ပထမနှစ် တက်ရောက်နေပါတယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ Rainbow Ribbon Network Myanmar Organization က ကျင်းပပြုလုပ်ခဲ့တဲ့ Miss Rainbow Queen 2013 လိင်တူချစ်သူ အလှမယ် ပြိုင်ပွဲမှာ သရဖူရရှိခဲ့သူလည်း ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss International Queen 2014 နိုင်ငံတကာ အလှမယ် ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့ Miss International Queen Myanmar 2014 လည်းဖြစ်ပါတယ်။
အဆိုပါပြိုင်ပွဲဟာ ကမ္ဘာတဝန်းက LGBT (Lesbian, Gay, Bisexual, Transgender) လိင်တူချစ်သူတွေအပေါ် လူသားအချင်းချင်း ခွဲခြားဆက်ဆံမှု ပပျောက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်တဲ့ အလှမယ်ပြိုင်ပွဲ တခုဖြစ်ပြီး အဲဒီပြိုင်ပွဲမှာ အသက် ၁၆ နှစ်ကနေ ၃၆ နှစ်အတွင်း လိင်ခွဲစိတ်ပြီးသားဖြစ်စေ၊ မခွဲစိတ်ရသေးသူဖြစ်စေ မိန်းမပုံဝတ် လိင်တူချစ်သူ အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာ လိင်တူချစ်သူတွေအပေါ်ကို နားလည်လက်ခံလာမှုက ကျမတို့ ငယ်ငယ်ကထက်စာရင် အများကြီး တိုးတက်လာတယ်။ ဒီထက်ပိုပြီး တိုးတက်သွားအောင် ကျမတို့ဘက်က အနေအထိုင်၊ အပြုအမူတွေ အများကြီး ပြင်ရမယ်။ လူမှုဆက်ဆံရေး ပတ်ဝန်းကျင်မှာလည်း ကျမတို့ တတ်နိုင်သလောက် ဘာသာရေးတို့၊ အလှူအတန်းတို့ကအစ လုပ်ပေးရမယ်။ ပြီးတော့ နိုင်ငံ့အရေးမှာလည်း ပါဝင်ဆောင်ရွက်ရမယ်။ အခု ကျမဆိုရင်၂၀၁၅ ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကော်မရှင်မှာ ကျမတို့ Organization ကနေ ကျမကို ပါဝင်ဖို့၊ သင်တန်းတက်ဖို့ ခေါ်ထားတယ်။ ကျမဆိုရင်လည်း ဒါနိုင်ငံတိုးတက်ရေးမှာ တထောင့်တနေရာကနေ ပါဝင်တာ ပဲလေ။ ဖေဖော်ဝါရီလ တုန်းကလည်း မန္တလေးမှာ ကျင်းပခဲ့တဲ့ Mandalay Youth Forum မှာ LGBT ကိုယ်စားပြု အနေနဲ့ ကျမ တက်ရောက်ခဲ့တယ်။ ကိုယ့်ဘက်က စိတ်ရင်းစေတနာ မှန်မှန်နဲ့ တိုင်းပြည်ကို အလုပ်အကျွေး ပြုမယ်ဆိုရင် ပြည်သူတွေက ကျမတို့လို လိင်တူချစ်သူတွေကို လက်ခံလာမယ်လို့ ထင်ပါတယ်” လို့ မျိုးကိုကိုစန်းက သူ့ရဲ့ခံစားချက်ကို ဧရာဝတီကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ LGBT Right (လိင်တူ ချစ်သူများအတွက် တန်းတူညီမျှ လူ့အခွင့်အရေးများ) ရရှိရေးအတွက် Equality Myanmar, Colors Rainbow, Kings N Queens စတဲ့ လူမှုအရပ်ဘက် အဖွဲ့အစည်း အသီးသီးက ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။
သန်းပိုင် (သို့မဟုတ်) မြန်မာ ပီတာခရော့
ပြီးခဲ့တဲ့ အာရှ ယူ-၁၉ ဘောလုံးပွဲစဉ်မှာ မြန်မာက ဆီမီးဖိုင်နယ်အထိ တက်ခဲ့တဲ့အတွက် လာမယ့် ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် လူငယ် ကမ္ဘာ့ဖလား ယူ-၂၀ ပွဲစဉ်ကို ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရမှာ ဖြစ်ပါတယ်။ မြန်မာဘောလုံး အသင်းတသင်း အနေနဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ အဆုံးအဖြတ်ဂိုးကို သွင်းလိုက်သူကတော့ ရှေ့တန်းကနေ ကစားတဲ့ ရှမ်းပြည်နယ် သီပေါဇာတိဖွား သန်းပိုင်ပဲ ဖြစ်ပါတယ်။ သူဟာ YUFC ကစားသမား တဦးဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်မှာ ၂ နှစ် ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။ အရပ်မြင့်မြင့်နဲ့ သန်းပိုင်ဟာ အင်္ဂလန် တိုက်စစ်မှူးဟောင်း ပီတာခရော့လို စည်းကမ်းကောင်းပြီး ကြိုးစားမှု အားကောင်းသူ အားကစားသမားကောင်း တဦးလည်း ဖြစ်ပါတယ်။
ဒေါက်တာ ညိုညိုသင်း (သို့မဟုတ်) တကောင်တည်းပြေးတဲ့ မြင်း
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ထဲက အမတ်တွေထဲမှာ အသံအမြည်ဟိန်းဆုံး အမတ်ကတော့ တသီးပုဂ္ဂလ အမတ်တဦးဖြစ်တဲ့ ဒေါက်တာညိုညိုသင်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဖျက်မြင်းလို့ တင်စားခံရတဲ့ ဒေါက်တာညိုညိုသင်းဟာ ရန်ကုန်မြို့သစ် စီမံကိန်း ရပ်ဆိုင်းသည်အထိ လွှတ်တော်ထဲမှာ သာမက မီဒီယာတွေမှာပါ ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့သူဖြစ်ပြီး သူ့ကို ရန်ကုန်တိုင်းအစိုးရ အပါအဝင် အာဏာရ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ်တွေကပါ အမြင်ကြည်လင်မှု မရှိကြပါဘူး။ အစိုးရရဲ့ ထင်တိုင်းကြဲ ဘတ်ဂျက်ငွေ တောင်းခံမှုတွေကို စနစ်တကျ ချေပမေးခွန်းထုတ်လေ့ရှိပြီး မလိုအပ်ဘဲ သုံးစွဲနေမှုတွေကို အထောက်အထားတွေနဲ့ တင်ပြလို့ တိုင်းအစိုးရကို အောင့်သက်သက် မကြာခဏ ဖြစ်စေသူ ဖြစ်ပါတယ်။
ယခင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်ပါတီဝင် တဦးဖြစ်ခဲ့သူ ဒေါက်တာ ညိုညိုသင်းဟာ အမျိုးသမီးရေးရာနဲ့ အမျိုးသမီး အခွင့်အရေးကို မကြာခဏ တင်သွင်းလေ့ရှိပါတယ်။ သူ့ရဲ့ တသီးပုဂ္ဂလ ကြိုးပမ်းချက်တွေကြောင့် လွှတ်တော်ထဲမှာ တကောင်တည်းပြေးတဲ့ မြင်းလို့ ဆိုကြတဲ့ ဒေါ်ညိုညိုသင်းဟာ ရန်ကုန်တိုင်း အစိုးရအဖွဲ့က တင်သွင်းတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၁၂ ပွင့်ဆိုင်တွေ့ဆုံပွဲဟာ နိုင်ငံရေးလှည့်ကွက် တခုလို့လည်း ဝေဖန်ခဲ့ပါတယ်။
ကချင်တိုင်းရင်းသူ ဒီဇိုင်နာ ဆန်းဘောက်ရာ
ကချင်တိုင်းရင်းသူ ဒီဇိုင်နာ ဆန်းဘောက်ရာဟာ ၂၀ဝ၅ ခုနှစ်ကတည်းက စတင်ပြီး Shayi အမည်နဲ့ လက်ဖြစ် အမျိုးသမီး အဝတ်အထည်တွေကို ဖန်တီးရောင်းချနေသူပါ။ Shayi ဆိုတာ ကချင်ဘာသာ စကားအရ “မိန်းကလေး” လို့ အဓိပ္ပာယ်ရတဲ့အတွက် အဲဒီတံဆိပ်နဲ့ အမျိုးသမီးဝတ်စုံတွေကိုသာ ထုတ်လုပ်ရောင်းချနေခြင်း ဖြစ်ပါတယ်။ မြစ်ကြီးနားသူ ဒီဇိုင်နာ ဆန်းဘောက်ရာဟာ ကချင်ရိုးရာ ဝတ်စုံတွေကို ပရိသတ် တော်တော်များများ သတိထားမိလာအောင် ဆန်းသစ်တီထွင်ခဲ့သူလို့ ဆိုရင်လည်း မမှားပါဘူး။ ရှိပြီးသား ကချင် ရိုးရာ အဆင်ဒီဇိုင်းတွေအပြင် ဆန်းသစ်တဲ့ ဒီဇိုင်းတွေကိုပါ ကိုယ်တိုင်ပုံဖော် ဖန်တီးနေသူလည်း ဖြစ်ပါတယ်။ သူဖန်တီးထားတဲ့ ကချင်ရိုးရာ ဒီဇိုင်းဆန်းတွေကို အနုပညာရှင်တွေသာမက သာမန်ပြည်သူတွေကပါ မက်မက်စက်စက် ချုပ်လုပ်ဝတ်ဆင်လာတာကိုလည်း တွေ့ရပါတယ်။ ဒီဇိုင်နာ ဆန်းဘောက်ရာဟာ သူ့ဇာတိ ကချင် ဒေသမှာဖြစ်ပွားနေတဲ့ စစ်ဘေးဒဏ်သင့် ကလေးငယ်တွေအတွက်လည်း အများကြီး အထောက်အကူ ပေးခဲ့သူဖြစ်ပါတယ်။ စစ်ဘေးဒဏ်သင့် ကချင်ပြည်သူတွေထဲကမှ ကလေးငယ်တွေအတွက် အဓိကထား ရည်ရွယ်ပြီး သူတတ်မြောက်ထားတဲ့ ဖက်ရှင်ပညာရပ်နဲ့အတူ ဖက်ရှင်ရှိုးပွဲတွေကို ရန်ပုံငွေပွဲတွေအဖြစ် ကျင်းပပြုလုပ်ကာ သူကိုယ်တိုင် ဦးဆောင်ပြီး ရန်ကုန်အပါအဝင် နယ်မြို့တွေမှာ လိုက်လံပြသခဲ့ပါတယ်။ ဒီလို ကချင်ဒေသ စစ်ဘေးသင့် ကလေးငယ်တွေအတွက် ပရဟိတအလုပ်တွေမှာလည်း အနုပညာရှင်တွေ ပါဝင်လာ အောင် စည်းရုံးလှုံ့ဆော်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆန်းဘောက်ရာဟာ လာမယ့်နှစ်မှာလည်း ကချင်ဒေသက စစ်ဘေးသင့် က လေးငယ်တွေအတွက် လစဉ် အစာအာဟာရ ပံ့ပိုးပေးမယ့် အလှူတခုကိုလည်း လုပ်နိုင်ဖို့ ကြိုးစားစီစဉ်နေတယ်လို့ သိရပါတယ်။
ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတဲ့ အမွန်း
မြန်မာမိန်းကလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Me N Ma Girl Band ဟာ နိုင်ငံတကာ ဂီတရေစီးကြောင်းထဲအထိ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒီအဖွဲ့ကို ၂၀၁၀ ပြည့်နှစ်က စတင်ဖွဲ့ခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ နော်ဝေစတဲ့ နိုင်ငံတကာ ဖျော်ဖြေပွဲတွေက ဖိတ်ကြားခြင်းကို ခံခဲ့ရပါတယ်။ ဒီအဖွဲ့ဟာ အစောပိုင်းကာလတွေမှာ Tiger Girl Band အဖြစ်နဲ့ ဂီတလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ Power Music Industry က အယ်လ်ဘမ်ထုတ်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရတဲ့ Me N Ma ရဲ့ Girl Strong Single သီချင်းခွေဟာ ၂၀၁၄ ခုနှစ်အတွင်းမှာ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ VIMA အာရှ ဂီတဆုပေးအဖွဲ့က အကောင်းဆုံး Pop သီချင်း၊ အကောင်းဆုံး Music Video များအဖြစ် နောက်ဆုံးဆန်ခါတင် အဆင့်ထဲမှာ ထည့်သွင်း ရွေးချယ်ခံခဲ့ရပါတယ်။ ၅ နှစ်တာ ကာလအတွင်း မိန်းကလေးအဖွဲ့ဝင် ၅ ယောက်နဲ့ စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်တွေ အမျိုးမျိုး ပြောင်းခဲ့တဲ့ Me N Ma Band ဟာ အခုအချိန်မှာတော့ ုငာင နဲ့ အမွန်း နှစ်ယောက်တည်း ကျန်တော့တယ်လို့ သိရပါတယ်။ အဲဒီအထဲက တယောက်ဖြစ်တဲ့ အမွန်းဟာ ၂၀၁၃ ခုနှစ်မှာ ပဲများ တယ်ဆိုတဲ့ တကိုယ်တော်စီးရီး ထွက်ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်အတွင်းမှာတော့ မင်းပေးတဲ့အချစ်ဆိုတဲ့ စီးရီးအခွေကို ဖြန့်ချိနိုင်ခဲ့သူ ဖြစ်ပါတယ်။ ရှားရှားပါးပါး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်သီဆိုနိုင်သူ မျိုးဆက်သစ် ဂီတအနုပညာရှင် တဦးလည်း ဖြစ်ပါတယ်။ ပြင်သစ်ယဉ်ကျေးမှုဌာနက ကျောင်းသူတဦး ဖြစ်တဲ့အမွန်းဟာ ဒီဇင်ဘာလဆန်းပိုင်းမှာ ပြင်သစ်ယဉ်ကျေးမှု ဌာနမှာ ဖျော်ဖြေခဲ့ပြီး မြန်မာသီချင်းတွေ၊ အင်္ဂလိပ် သီချင်းတွေအပြင် ပြင်သစ်သီချင်း တချို့နဲ့လည်း ဖျော်ဖြေခဲ့ပါတယ်။
“Commitment က အရေးကြီးတယ်လို့ ထင်ပါတယ်။ နိုင်ငံတကာပဲ သွားသွား၊ မြန်မာနိုင်ငံမှာပဲ လုပ်လုပ် Commitment ကအရေးကြီးပါတယ်၊ Internation ကို သွားမယ်ဆိုတော့ ပိုပြီးတော့ အရေးကြီးပါတယ်။ လေ့ကျင့်မှုတွေ၊ သင်ကြားမှုတွေ၊ သင်ယူမှုတွေ အရမ်းများပြီး ကြိုးစားရတော့ဒီအဖွဲ့အနေနဲ့ ရာနှုန်းပြည့် Commitment ရှိနေမှ အဆင်ပြေမှာပါ” လို့ အမွန်းက ဟြေပါတယ်။