၂၀၁၄ ခုနှစ်က မကြာမီကုန်ဆုံးတော့မှာဖြစ်ပြီး ဒီနှစ်ရဲ့ ကောင်းမွေဆိုးမွေတွေဟာ လာမယ့်နှစ်ကို ပုံဖော်ပေးမှာဖြစ်ပါတယ်။ ဒီနှစ်မှာ အကောင်းအဆိုး အတက်အကျတွေ အများကြီးရှိခဲ့ပြီးတဲ့နောက် (တကယ်တမ်းမှာ အတက်ထက် အကျက ပိုများခဲ့တာပါ) ၂၀၁၅ ခုနှစ်မှာ ကျနော်တို့မျှော်လင့်ထားတာတွေ ဖြစ်လာမယ့် အခြေအနေ မရှိတာကို တွေ့ရပါတယ်။ ဒါဟာ စိတ်အားတက်ဖွယ် မဟုတ်တဲ့ ပကတိအခြေအနေ ဖြစ်ပါတယ်။ ထုံးစံအတိုင်း မြန်မာပြည်သူတွေဟာ အကောင်းဆုံးကို မျှော်လင့်ထားပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားကြရဦးမှာပါ။ ဒါကလည်း မျိုးဆက်တွေနဲ့ ချီပြီး အသားကျလာခဲ့ကြတာလည်း ဖြစ်ပါတယ်။
လာမယ့်နှစ်နှောင်းပိုင်းမှာ အထွေထွေရွေးကောက်ပွဲကျင်းပမှာဖြစ်တဲ့အတွက် လာမယ့်နှစ်ဟာ မြန်မာနိုင်ငံအတွက် အထူးအရေးပါတဲ့ နှစ်ဖြစ်လာပါလိမ့်မယ်။ တကယ်လို့ စီစဉ်ထားတဲ့အတိုင်းသာ ရွေးကောက်ပွဲကျင်းပဖြစ်မယ်ဆို ထွက်ပေါ်လာတဲ့ရလာဒ်ဟာ မြန်မာနိုင်ငံအနေနဲ့ စာမျက်နှာသစ်တရပ်ကို ဖွင့်လှစ်နိုင်မလား၊ ဒါမှမဟုတ် အခြေအနေက ထူးမခြားနားလားဆိုတာကို အဆုံးအဖြတ်ပေးလိမ့်မှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိလိမ့်မလားဆိုတာကိိုု ကျနော်တို့ သေချာမပြောနိုင်သေးပါ။ ဒါပေမယ့် လက်ရှိ နိုင်ငံရေးအခြေအနေကို သုံးသပ်ကြည့်မယ်ဆိုရင်တော့ မြန်မာပြည်သူတွေ ဆယ်စုနှစ်ပေါင်းများစွာမက်ခဲ့တဲ့ လွတ်လပ်မှု၊ ချမ်းသာကြွယ်ဝမှုနဲ့ ဒီမိုကရေစီ အိပ်မက်ဟာ အကောင်အထည် ပေါ်လာနိုင်ဖို့ ခဲယဉ်းတာကို တွေ့ရမှာဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ နီးပါး ကမ္ဘာ့အဖိနှိပ်အချုပ်ချယ်ဆုံးသော အစိုးရတွေထဲမှာ တခုအပါအဝင်ဖြစ်ခဲ့တဲ့ စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေခဲ့ပြီးနောက် ဒီနေ့မှာတော့ မြန်မာနိုင်ငံဟာ ပြန်ပြီး ရုန်းထလာနေပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ လူဟောင်းတွေရဲ့ လက်ထဲမှာပဲ ရှိနေပါသေးတယ်။ သမ္မတဦးသိန်းစိန်ဟာ ဗိုလ်ချုပ်ကြီး မဟုတ်တော့ပါဘူး။ ဒါပေမယ့် အရင်စစ်အစိုးရလက်ထက်မှာ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေထဲက တယောက်ပါ။ အစိုးရဝန်ကြီးတွေဟာလည်း လက်ရှိတာဝန်ထမ်းဆောင်ဆဲနဲ့ အငြိမ်းစား စစ်အရာရှိတွေက အများစုဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအသစ်မှာ စစ်တပ်ဟာ အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးကဏ္ဍတွေကို ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းကတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီကိုသွားနေတယ်လို့ ယုံကြည်နေကြတာပါ။ မြန်မာပြည်သူ အများစုမှာတော့ ကွဲပြားတဲ့အမြင်တစ်ခု ရှိနေပါတယ်။ သူတို့က မြန်မာနိုင်ငံဟာ ယခုသေဆုံးသွားပြီဖြစ်တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၀ ပြည့်နှစ်ကာလတွေမှာ “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်” ကို ကျင့်သုံးခဲ့သလိုမျိုး “မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီစနစ်”ကို သွားနေတာလို့ ယူဆကြပါတယ်။
လက်ရှိ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ပုံဖော်ထုဆစ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကတော့ ဒါကို “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ”လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ သူ့နေရာကို ဆက်ခံတဲ့ သမ္မတဦးသိန်းစိန်ကတော့ “ဒီမိုကရေစီ”တည်ဆောက်မယ်လို့ တွင်တွင်ပြောပြီး နိုင်ငံတကာရဲ့ မျှော်လင့်ချက်နဲ့ ကိုက်ညီစေဖို့ တဖြည်းဖြည်း ပြောင်းလဲပုံသွင်းခဲ့ပါတယ်။ ဒီအယူအဆတွေ အားလုံးမှာ ထင်ရှားတဲ့အချက်တခုကတော့ စစ်တပ်ဟာ အင်အားကြီးမားတဲ့ နိုင်ငံရေးသြဇာအာဏာကို ဆက်ထိန်းထားတယ်ဆိုတာပါပဲ။
စစ်တပ်ကရေးဆွဲခဲ့တဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်တပ်ရဲ့ နိုင်ငံရေးသြဇာအာဏာကို ကာကွယ်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ စစ်တပ်အနေနဲ့ သူတို့ရဲ့ အရေးပါ အရာရောက်တဲ့ အခန်းကဏ္ဍကို မှေးမှိန်သွားစေမယ့် ဘယ်လိုပြင်ဆင်ချက်မျိုးကိုမဆို ဆန့်ကျင်ကြမှာဖြစ်လို့ ထိပ်တိုက်ရင်ဆိုင်မှုတွေမရှိဘဲ ဖွဲ့စည်းပုံကိုပြင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
စစ်တပ်ရဲ့ အင်အားကြီးမားတဲ့ ခုခံဆန့်ကျင်မှုနဲ့ ရင်ဆိုင်ရပြီးနောက်မှာတော့ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ဒီမိုကရေစီ လိုလားတဲ့အုပ်စုတွေရဲ့ ကြိုးပမ်းမှုတွေဟာ အရာမထင်ဖြစ်ခဲ့ရပါတယ်။ သူတို့တွေဟာ နိုင်ငံရေးတိုက်ပွဲမှာ ရှုံးနိမ့်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အမတ်နေရာ ၄၄ နေရာမှာ ၄၃ နေရာ အနိုင်ရခဲ့တဲ့ သူမရဲ့ NLD ပါတီတို့ရဲ့ အဓိကရည်မှန်းချက်က ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမကို ထောက်ခံသူတွေဟာ ဖွဲ့စည်းပုံအခြေ ခံဥပဒေထဲက ပုဒ်မ ၅၉(စ) အပါအဝင် ဒီမိုကရေစီနည်းလမ်းမကျတဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်ဖို့ မျှော်လင့်ခဲ့ကြတာပါ။ သားနှစ်ယောက်ဟာ နိုင်ငံခြားသားတွေဖြစ်နေတဲ့အတွက် ပုဒ်မ ၅၉(စ)အရ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရှိ ဖြစ်နေပါတယ်။
နိုဝင်ဘာလမှာ သြဇာကြီးမားတဲ့ ဗိုလ်ချုပ်ကြီးဟောင်းတဦးဖြစ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်နာယက သူရ ဦးရွှေမန်းက ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်လိမ့်မယ်လို့ ပြောခဲ့ပြီးတဲ့ နောက်မှာတော့ ဒီမျှော်လင့်ချက်တွေ အားလုံး ကျိုးပျက်ခဲ့ရပါတယ်။
ဆိုလိုတာကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက ဝင်ပြိုင်လို့ အပြတ်အသတ်နိုင်ရင်တောင်မှ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်မလာနိုင်တော့ဘူးဆိုတာပါပဲ။ ဒီလိုအခြေအနေမှာ အတိုက်အခံခေါင်းဆောင်ဟာလည်း သူမရဲ့ပါတီထဲက အခြားဘယ်တယောက်က သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံနိုင်မလဲဆိုတာ ဆုံးဖြတ်ထားပုံ မပေါ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အပြင် အရည်အချင်းပြည့်မီတဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်သူတယောက်ကိုမှ ကျနော်တို့ မတွေ့ရသေးပါဘူး။
ဒီနိုင်ငံရေးကစားပွဲမှာ အတိုက်အခံတွေဟာ အရင်စစ်အစိုးရကိုရော လက်ရှိအရပ်သားအမည်ခံ အစိုးရကိုပါ ဘယ်သောအခါကမှ အပေါ်စီးမရခဲ့ပါဘူး။ သူတို့တွေအားလုံးဟာ စစ်အစိုးရအဆက်ဆက် ရေးဆွဲခဲ့တဲ့ နိုင်ငံရေးမူဘောင်ထဲမှာ (စစ်အစိုးရနဲ့) ယှဉ်ပြိုင်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိအားပေးခံခဲ့ရပါတယ်။
သေချာတာကတော့ လက်ရှိအချိန်မှာ အစိုးရဟာ အရင်အတိုင်း အင်အားတောင့်တင်းဆဲ၊ တောင့်တင်းမြဲဖြစ်ပြီး အခါအခွင့်သင့်တိုင်းမှာ အစိုးရ၊ တပ်မတော်နဲ့ အာဏာရပါတီတို့ရဲ့ ကန့်သတ်ချုပ်ခြယ်မှုတွေကို ခံရတဲ့ အတိုက်အခံတွေကတော့ အင်အားနည်းမြဲ နည်းနေဆဲပါ။
ဒါဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း နိုင်ငံတကာအသိုင်းဝိုင်းရဲ့ မူဝါဒတွေ ပြောင်းလဲသွားရတဲ့ အကြောင်းအရင်းတွေထဲက တခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ အပြောင်းအလဲတွေဖြစ်စေနိုင်တဲ့ အဖွဲ့အစည်းတွေကို လက်ရှိအာဏာဆုပ်ကိုင်ထားသူတွေနဲ့ ဖွဲ့စည်းထားတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ယုံကြည်နေကြပါတယ်။ ဒီနေ့အချိန်မှာ အနောက်နိုင်ငံအများအပြားက အဓိက အာဏာပိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်တွေ တဖြည်းဖြည်းပြောင်းလဲလာအောင် ဖျောင်းဖျ နားချနိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။ ဒါပေမယ့် ဒါဟာ လွယ်ကူတဲ့အလုပ် မဟုတ်ဘူး ဆိုတာကတော့ အသေအချာပါပဲ။
အနောက်နိုင်ငံတွေက မြန်မာစစ်တပ်ကို ကျင့်ဝတ်သိက္ခာနဲ့ညီတဲ့ တပ်မတော်ဖြစ်စေဖို့၊ လက်ရှိလွှတ်တော်နဲ့ ဝန်ကြီးဌာနတွေမှာ နေရာယူထားမှုတွေကို စွန့်လွှတ်ပြီး စစ်တန်းလျားကို ပြန်သွားစေဖို့ တိုက်တွန်းနားချနိုင်လိမ့်မယ်လို့ ကျနော်တို့ စိတ်ကူးကြည့်လို့ ရပါတယ်။ ဒါပေမယ့် ဒါဟာ စစ်တပ်ရဲ့ ရည်ရွယ်ချက် မဟုတ်ဘူးဆိုတာကတော့ ထင်ရှားနေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပထမအခန်း နိုင်ငံတော် အခြေခံမူတွေထဲမှာ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်လို့ ဖော်ပြထားတာပါ။
တပ်မတော်ဟာ အရပ်ဘက်အုပ်ချုပ်ရေးမှာ ဘယ်တော့မှ အဆင်ပြေနိုင်စရာ မရှိပေမယ့် မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကနေစပြီးတော့ အစဉ်အဆက် စစ်ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိခဲ့တာပါ။ တကယ်လို့ စစ်တပ်က စစ်တန်းလျားကို ပြန်မယ်ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ ပုံမှန်အခြေအနေကို ပြန်ရောက်ကောင်း ရောက်နိုင်ပါလိမ့်မယ်။ ဒါလည်း လာမယ့့် ဆယ်စုနှစ်အတွင်း ဖြစ်နိုင်ခြေမရှိပါဘူး။
ဒီလို စစ်ဗိုလ်ချုပ်ဟောင်းတွေ စိုးမိုးထားတဲ့ အစိုးရအုပ်ချုပ်မှုအောက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ကလည်း ခက်ခဲနေတာပါ။ နိုဝင်ဘာ ၁၉ ရက်က အစိုးရတပ်တွေ ကချင်ပြည်နယ်မြောက်ပိုင်း KIA ဌာနချုပ်အနီးကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့မှုမှာတော့ KIA ဗိုလ်လောင်း ၂၃ ယောက်သေဆုံးခဲ့ပြီး အယောက် ၂၀ ဒါဏ်ရာရရှိခဲ့ပါတယ်။ တပ်မတော်က ဒီပစ်ခတ်မှုအတွက် တောင်းပန်ခဲ့ပြီး အခြေအနေ အနည်းငယ်ကောင်းလာသလိုရှိပေမယ့် လာမယ့်လ အနည်းငယ်အတွင်း အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဘာရလဒ်မှ ထွက်ပေါ်နိုင်ဖွယ် မရှိပါဘူး။ ဒီအခြေအနေမှာ တိုင်းရင်းသားခေါင်းဆောင် တော်တော်များများကလည်း အစိုးရကိုရော သူတို့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုမှုကို နှစ်ပေါင်းများစွာ ဖိနှိပ် ငြင်းပယ်လာခဲ့တဲ့ တပ်မတော် ကိုယ်တိုင်ကိုရော ယုံကြည်မှုရှိတဲ့ပုံ မပေါ်ပါဘူး။
အောက်တိုဘာလကုန်မှာပဲ သမ္မတဦးသိန်းစိန်၊ တပ်ခေါင်းဆောင်တွေနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားနိုင်ငံရေးခေါင်းဆောင်အချို့နဲ့ မတွေ့စဖူး တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် ဒီတွေ့ဆုံမှုဟာ အများကမျှော်လင့်နေတဲ့ တွေ့ဆုံဆွေးနွေးမှု မဟုတ်ခဲ့တာတော့ အထင်အရှားပါပဲ။ ဝေဖန်သူတွေကတော့ ဒီတွေ့ဆုံမှုက သမ္မတအိုဘားမား နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မလာမီ ထလုပ်တဲ့ ဟန်ပြလုပ်ရပ်တခုလို့ ဝေဖန်ကြပါတယ်။
သာမန်ပြည်သူတွေအတွက်လည်း အစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကနေ ဘာမှအကျိုးကျေးဇူး ကြီးကြီးမားမား မရရှိသေးပါဘူး။ အုပ်ချုပ်ရေးဖွဲ့စည်းမှုဟောင်းကသာ အခိုင်အမာ တည်ရှိနေဆဲ ဖြစ်ပါတယ်။ တပ်ပိုင်ကုမ္ပဏီတွေနဲ့ ခရိုနီတွေဟာ အကျိုးအမြတ်အရှိဆုံးသော လုပ်ငန်းတွေကို ဆက်လက်လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားဆဲဖြစ်ပြီး စီးပွားရေးလုပ်ပိုင်ခွင့် ချထားပေးမှုတွေဟာလည်း ပွင့်လင်း မြင်သာမှု မရှိသေးပါဘူး။
ဒါပေမယ့် အရင်စစ်အစိုးရလက်ထက်နဲ့စာရင် ဒီနေ့မြန်မာနိုင်ငံမှာ သက်ဆိုင်သူအဖွဲ့အစည်း ပုဂ္ဂိုလ်တွေ အားလုံး လုပ်ပိုင်ခွင့်တွေ ပိုရလာတာကတော့ ကျနော်တို့ ဝန်ခံရပါမယ်။ တချိန်တည်းမှာပဲ ၂၀၁၄ ခုနှစ်ရဲ့ ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်ဟာ မျှော်လင့်ထားသလိုမျိုး အားရစရာမကောင်းတော့ဘူးဆိုတာတော့ ထင်ရှားနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “ဒီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့နှစ် အစောပိုင်းကစပြီး ရပ်တန့်လာနေပါတယ်” လို့ နိုဝင်ဘာလအစောပိုင်းမှာ ပြောခဲ့သလိုပါပဲ။
၂၀၁၁ ခုနှစ်မှာ စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်က အံ့မခန်းရလာဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ မြန်မာပြည်သူတွေက မျှော်လင့်မထားပါဘူး။ သူတို့က ဒီမိုကရေစီစံနှုန်းတွေနဲ့ကိုက်ညီပြီး ကြွယ်ဝတဲ့ နိုင်ငံအဖြစ်ကို တဖြည်းဖြည်းချင်း တိုးတက်ရောက်ရှိဖို့သာ မျှော်လင့်နေကြတာပါ။ ၂၀၁၄ ခုနှစ်မှာ ဒီလိုဖြစ်ထွန်းတိုးတက်မှု မရှိခဲ့ပါဘူး။
စစ်အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ၁၀ စုနှစ်များစွာ ဖိနှိပ်ချုပ်ချယ်ခံလာရခဲ့ပေမယ့်လို့ ဘယ်အရာမှမတည်မြဲဘူးဆိုတဲ့ ဒဿနသဘောတရားအရ မျှော်လင့်ချက်တွေကတော့ မကုန်ဆုံးသေးပါဘူး။ တရားမျှတမှုရှိတဲ့ လူ့အသိုင်းအဝန်းတရပ် ပေါ်ပေါက်ရေးအတွက် မပြီးဆုံးသေးတဲ့ တိုက်ပွဲဝင်တရပ်ဟာ ၂၀၁၅ မှာလည်း ဆက်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။