ကျောင်းဆရာ ဘဝကနေ ဝါသနာကြောင့် အနုပညာလောကထဲကို မြန်မာသံသီချင်း၊ စတီရီယို သီချင်းတွေ သီဆိုပြီး ဝင်ရောက်လာတဲ့ အဆိုတော် ဗညားဟန်က“ဝါဆိုမိုးနဲ့ ပြန်ခဲ့ပါ”တေးစီးရီးနဲ့ ပရိသတ် လက်ခံ အားပေးမှု အခိုင်အမာ ရရှိခဲ့ပါတယ်။
ဗညားဟန်ဟာနယ်ရှိုးပွဲတွေမှာလိုက်လံဖျော်ဖြေနေပြီး လတ်တလောမှာအဆိုတော် စိမ့်နေခြည်နဲ့ “နှစ်ကိုယ် တူအချစ်”လို့ အမည်ရတဲ့ နှစ်ယောက်တွဲစီးရီးအသစ်တခွေ ထွက်ထားပါတယ်။ သူ့ရဲ့ အနုပညာဖြတ်သန်းမှုနဲ့ အနုပညာအပေါ် ခံယူချက်နဲ့ ပတ်သက်ပြီး ဧရာဝတီသတင်းထောက် မြတ်သူအောင်၏ တွေ့ဆုံ မေးမြန်းချက်ကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ကိုဗညားဟန် အနေနဲ့ ဝါဆိုမိုးနဲ့ ပြန်ခဲ့ပါ အခွေက အောင်မြင်ခဲ့တော့ အခုအခွေကိုရော ဘယ်လို မျှော်မှန်းထားလဲ။
ဖြေ။ ။ အင်း အဲဒါ ပြောဖို့ခက်တယ်၊ ကံတရားပေါ့နော်။ ကျနော့် အခွေထွက်ခဲ့တိုင်းလည်း အများကြီး ကြိုးစားပြီး မျှော်လင့်ခဲ့တာပဲ။ တခါတလေလည်း မျှော်လင့်ထားသလို မဖြစ်လာသလို၊ မမျှော်လင့်ဘဲ ဖြစ်လာတာလည်း ရှိတာပဲ။ အခုလည်း အများကြီး နှစ်ယောက်သား ကြိုးစားပြီး လုပ်ထားပါတယ်။
မေး။ ။ အခုအခွေမှာ ဘာ သီချင်းတွေကို ဘယ်လိုတွေ ဆိုထားကြလဲ။
ဖြေ။ ။ တကိုယ်တော် ငါးပုဒ်၊ စုံတွဲ ၂ ပုဒ် ကျနော် ဆိုထားသလို၊ သူလည်း တကိုယ်တော် ငါးပုဒ် ဆိုထားတယ်။ သီချင်းတွေကိုလည်း ကိုယ်နဲ့ လိုက်ဖက် မယ့်သီချင်းတွေ ရွေးထားသလို သူလည်း သူနဲ့ လိုက်ဖက်မယ့် သီချင်းတွေ တိုင်ပင်ပြီး ရွေးထားတယ်။ နှစ်ယောက်သား ပေါင်းပြီး ဆိုလို့ ရမယ့် သီချင်းလေးတွေ ရွေးထားပါတယ်။
မေး။ ။ တချို့သီချင်းတွေက ပရိသတ် ရင်းနှီးပြီးသားသီချင်းတွေပါနေတော့ ပြန်ဆိုရတာ ဘယ်လိုနေလဲ။
ဖြေ။ ။ ပြန်ဆိုတေးကတော့ တကယ်ကို အားစိုက်ရ ပါတယ်။ ကျနော့်ရဲ့ အရှေ့က အခွေတွေထဲမှာလည်း ပြန်ဆိုတေးတွေ အများကြီး ပါပါတယ်။ ပြန်ဆိုတဲ့ အခါတိုင်းလည်း ဂရုစိုက်ရပါတယ်။ တာဝန်လည်း တကယ်ကြီး ပါတယ်။
မေး။ ။ ကိုယ့်ရဲ့ အနုပညာကို ပရိသတ်ကို ချပြတဲ့အခါ ပရိသတ်လက်ခံဖို့ ဘယ်လို ဖန်တီးလဲ။
ဖြေ။ ။ အဲဒါကတော့ ပရိသတ်အကြိုက်ကို ဦးစားပေးရပါတယ်။ ပရိသတ်ကို ဦးစားပေးမှ ပရိသတ်က လက်ခံမှာပေါ့။ တခါတလေလည်း ကိုယ်ကြိုက်တာတွေ ကိုယ်လုပ်ဖူးတယ်၊ ပရိသတ်ကြိုက်တာကို စေတနာ ထားပြီး လုပ်ပေးဖို့ကတော့ လိုပါတယ်။ ဒါကလည်း အနုပညာသမားတွေ မလွဲမသွေလုပ်ရမယ့် တာဝန်ပေါ့။ အနုပညာသမား ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ်ကြိုက်တာ ကိုယ်လုပ်တာ ကတော့ အကောင်းဆုံး ပဲ။ တခါတလေလည်း ကိုယ်မကြိုက်ဘဲ ပရိသတ်ကြိုက်တာတွေ လုပ်ပေးလိုက်ရတာလည်း ရှိတယ်။ တခါတ လေ ဖီလင်ဖြစ်လာပြီး ရင်ဖွင့်ချင်တဲ့ အချိန်မျိုး ကျရင်လည်းကောက်ပြီး ဆိုပစ်လိုက်တာမျိုး ရှိပါတယ်။ ဒါကြောင့် ကျနော့် အခွေထဲမှာ ကိုယ်ချပြချင်တာတွေလည်း ပါပါတယ်။
မေး။ ။ ဝါဆိုမိုးနဲ့ပြန်ခဲ့ပါ သီချင်းကဘာလို့ ပရိသတ် ကြိုက်သွားတယ်လို့ ထင်လဲ။
ဖြေ။ ။ အဲဒါကတော့ ကျနော်ရဲ့ သီချင်းအသစ်ပေါ့။ ပရိသတ်က အသစ်ကို ကြိုက်ပါတယ်။ အသစ်ထဲမှာမှ သီချင်းက ခေတ်ပေါ်ပုံစံလေးလည်း ဖြစ်တော့ ခေတ်နဲ့သိပ်မဝေးတဲ့ မြန်မာသံပေါ့ နော်။ ကျနော်က မြန်မာသံ အဆိုတော် ဆိုပေမယ့် ခေတ်ပေါ် မြန်မာသံ စတီရီယိုအဆိုတော် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်က ကြိုက်တယ်လို့ ယူဆရပါတယ်။
မေး။ ။ ရန်ကုန်မှာက ခေတ်ပေါ်သီချင်းတွေ ပိုကြိုက် ကြပြီး နယ်တွေမှာ မြန်မာသံသီချင်းတွေ ပိုပေါက် တာကိုရော ဘယ်လို မြင်လဲ။
ဖြေ။ ။ အဲဒါကတော့ ဒီလောကကြီး ရှိနေသမျှ ဒီအတိုင်းပဲ သွားမှာပဲ၊ ဘာလို့လဲ ဆိုတော့ ဂီတ ရေစီးကြောင်းတွေ ပြောင်းလဲလာတယ်၊ တောနဲ့မြို့နဲ့ ဆိုတာကလည်း မတူဘူးလေ၊ တောနဲ့မြို့ ဆိုတာက ဘာဂီတဖြစ်ဖြစ်၊ တောက နောက်မှ ရောက်တာ၊ မြို့ကပဲအရင်ရောက်တာလေ၊ မြို့ကအရင်ပြောင်းလဲတာ၊ တောကနောက်မှ ပြောင်းလဲတာပေါ့။ တောဆိုတာကတော့ မြန်မာသံ၊ မြန်မာ အငွေ့အသက်တွေ ကျန်နေဦးမှာ ပဲ၊ မြို့ပေါ်မှာက မြန်မာသံ၊ မြန်မာ အငွေ့အသက် ဆိုတာ ကျန်ချင်လည်း ကျန်မယ်၊ ကျန်ချင်မှလည်း ကျန်မယ်။ အဲဒါကို ဘာမှ ခံစားနေစရာ အကြောင်းမရှိဘူး။ ဒါ သဘာဝတရားပဲလို့ မြင်ပေးလိုက်ရင် အနုပညာသမားတွေ အနေနဲ့ သက်သာပါတယ်။ တချို့တွေက မခံမရပ်နိုင် ဖြစ်ကြတယ်လေ၊ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပေါ့။ ကျနော် ကတော့ ခံနိုင်ရည် ရှိပါတယ်။ နောက် ဂီတပြောင်းလဲလာရင်လည်း အဲဒီဘက်မှာပရိသတ်တွေ ရလာမှာပဲ၊ သဘာဝပဲ ပေါ့။
မေး။ ။ မြန်မာသံ အဆိုတော်တွေက ရှိုးပွဲဆိုရင်လည်း နယ်ပွဲတွေမှာပဲ ဆိုရတာများတယ် နော်၊ အဲဒါကရော ဘာကြောင့်လို့ ထင်လဲ။
ဖြေ။ ။ ဟုတ်တယ်။ ပွဲဆယ်ပွဲရှိရင် မြို့မှာ တပွဲတောင် မရှိဘူး။ အဲဒါကနယ်မှာ မြန်မာသံ ပရိသတ် ရှိနေလို့ပဲ၊ ရန်ကုန်မှာ မြန်မာသံနဲ့ ပတ်သက်လို့ ဘာပွဲမှမလုပ်ဘူး၊ ရှင်းရှင်းလေးပဲပေါ့။ ဘာပွဲမှလည်း လုပ်ရကောင်းမှန်း မသိဘူး၊ လုပ်လည်းမလုပ်ဘူး၊ လုပ်လို့လည်း အဆင်မပြေလို့ပေါ့။ ဒါကို ဘယ်သူမှလည်း အပြစ်ပြောလို့ မရဘူး လေ။ အဓိကက ပရိသတ်ပဲပေါ့။
မေး။ ။ အဲဒီလို နယ်တွေသွားပြီး ဆိုရတဲ့အခါမှာ ကိုဗညားဟန်ရဲ့ ခံစားချက်က ဘယ်လိုရှိလဲ ပြောပြပေးပါဦး။
ဖြေ။ ။ ရှင်းရှင်းလေးပါပဲ၊ ပရိသတ်က နယ်မှာရှိလို့ ကျနော် နယ်ကို သွားဆိုရတယ်၊ ဒါကြောင့် ကျနော် လှေလည်း စီးရတယ်၊ လှည်းလည်း စီးရတယ်၊ ဆိုင်ကယ်လည်း စီးရတယ်၊ ကားလမ်းပေါက်ရင် ကားနဲ့ သွားတာပေါ့။ ရန်ကုန်မှာ ဆိုရတဲ့ အဆိုတော်တွေက ဒီဒုက္ခတွေ မခံစားရဘူးပေါ့လေ။ ဘာလို့ ဒုက္ခများလဲ ဆိုတော့ ကိုယ့်ပရိသတ်က အဲဒီမှာ ရှိနေတာကိုး။ ဒါကြောင့် ဒီနေရာတွေကို သွားကိုသွားပြီး ဖျော်ဖြေရတာပဲ လေ။ ဒါပေမယ့် ကျနော်ပျော်ပါတယ်။ ဘယ်လောက် ခက်ခဲကြမ်းတမ်းတဲ့ လမ်းကိုပဲ သွားရသွားရ အနုပညာသမား ဆိုတာ ပရိသတ်များရင် ပရိသတ်ရှိရင် အဲဒီအမောက ပြေပါတယ်။ မြို့ပေါ်မှာ ဘယ်လိုပဲ ကောင်းကောင်း ဆိုရဆိုရ ပရိသတ်မရှိရင် စိတ်ပျက်ဖို့ကောင်းပါတယ်။
မေး။ ။ ဘာဖြစ်လို့ မြန်မာသံ သီချင်းတွေဆိုဖို့ ရွေးချယ်ခဲ့တာလဲ။
ဖြေ။ ။ ကျနော့်အသံက မြန်မာသံနဲ့ လိုက်မယ်လို့ ထင်တာရယ်၊ ကျနော် ဒီလောကထဲ စဝင်ကာစက စီနီယာတွေ ဖြစ်တဲ့ ကိုမင်းအောင်တို့၊ အနိုင်တို့ တယောက်မှ မရှိကြတော့ဘူး၊ နေရာက လစ်လပ်နေတာ၊ ဒီနေရာကိုလည်း ကျနော် ဝင်ယူချင်သလို၊ ဝင်ပြီး ထမ်းဆောင်ချင်တယ်။ ကိုယ့်ကို ဒီလောကထဲ စပြီးဆွဲသွင်းခဲ့တဲ့ ကျေးဇူးရှင်ကလည်း စိုးစန္ဒာထွန်းလေ၊ အဲဒီလို တွေ့ဆုံပြီး ဒီလောကထဲမှာ ကျနော် ရပ်တည်ခွင့် ရခဲ့တာပေါ့။
မေး။ ။ စိုးစန္ဒာထွန်းနဲ့ရော သီချင်းခွေတွဲလုပ်ဖို့ အစီအစဉ် မရှိဘူး လား။
ဖြေ။ ။ ရှိပါတယ်။ သူ့ရဲ့ ဘာသာရေး သီချင်းခွေလေးတွေ၊ နောက်ထပ် သူလုပ်မယ့် သီချင်းခွေတွေမှာလည်း ဆိုဖို့ ရှိပါတယ်။ သူနဲ့ကျနော်နဲ့က မြန်မာသံဆိုတာချင်း တူပေမယ့် လိုင်းချင်းကွဲတယ် လေ။ သူက မြန်မာသံစစ်စစ် ဆိုတဲ့သူ၊ ကျနော်က စတီရီယိုဆိုတဲ့သူ ဆိုတော့ လိုင်းချင်းတော့ ကွဲပါတယ်။
မေး။ ။ မြန်မာသံ သီဆိုနေတာနဲ့ ပတ်သတ်ပြီး ကိုဗညားဟန်ရဲ့ သီးသန့်ခံစားမှုက ဘယ်လိုရှိလဲ။
ဖြေ။ ။ တောနဲ့ မြန်မာသံ ဆိုတာကပ်နေပါတယ်။ လှည်းတွေ လှေတွေ ရှိနေသရွေ့ မြန်မာသံ ဆိုတာ ရှိနေဦးမှာပဲ လို့ ကွယ်လွန်သူအဆိုတော်ကြီး တွံတေးသိန်းတန်က ပြောခဲ့တာ အရမ်းမှန်ပါတယ်။ ကျနော် မြန်မာသံတွေ ဆိုပြီးပရိသတ် အားပေးတဲ့ အဆိုတော် ဖြစ်လာတာ တကယ်ဝမ်းသာ ပါတယ်။ ကျနော် ကျောင်းဆရာဘဝကနေ ဒီဘဝတခုကို ကူးပြောင်းခဲ့တာဆိုတော့ ပြောင်းရကျိုးလည်း နပ်ပါတယ်။ ပရိသတ် ကိုလည်း ကျေးဇူးတင်ပါတယ်။ ပရိသတ် မရှိရင် ကျနော်တို့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပရိသတ်ကို ကျေးဇူးတင်တာပါ။ ကျနော့်ကို ဒီလောကထဲခေါ်ခဲ့တဲ့ စိုးစန္ဒာထွန်းကိုလည်း တကယ်ကို ကျေးဇူးတင်ပါတယ်။
မေး။ ။ ပရိသတ်ကိုဘာများထပ်ပြောချင်ပါသေးလဲ။
ဖြေ။ ။ ပရိသတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်။ နောက်လည်း ဆက်လက်အားပေးဖို့ မျှော်လင့် ပါတယ်။ ပရိသတ် အားပေးနေသရွေ့ ကျနော် အနုပညာ လောကထဲမှာ ရှင်သန်ချင်ပါတယ်။ ။