စပိန်ပန်းချီဆရာ ဗစ်တာလန်ဒီတာ (Victor Landeta) နှင့် မေးခွန်း တချို

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မဝေးသေးသည့် အတိတ်သမိုင်း ပုံရိပ်၌ ထင်ကျန်နေဆဲ ဖြစ်သည့် ဘာလင် တံတိုင်းကြီးက လူ့အဖွဲ့အစည်း အတွင်း ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ သာတူညီမျှ ရှိရေးတို့ကို ခေတ်အဆက်ဆက် မျှော်လင့်ခဲ့ကြကြောင်း၊ တောင်းဆိုခဲ့ကြ ကြောင်း၊ ရုန်းကန်ခဲ့ကြကြောင်းများကို သက်သေခံ ပြန်ပြောင်း ပြောပြနေသည်။ အရင်းရှင်နှင့် ကွန်မြူနစ်တို့ အားပြိုင် ပြီး ပြိုကျသွားခဲ့သည့် ဘာလင် တံတိုင်းသည် လူသားတို့၏ မြင့်မြတ်ခြင်းကို ဖော်ကျူးဂုဏ်ပြုခြင်း ဖြစ်သလို အခြား တဖက်ကလည်း လူသား၏ နိမ့်ကျမှု၊ အနိုင်ကျင့်ရက်စက်မှုများ၊ ချုတ်ချယ်မှုများ ကိုလည်း ထင်ဟပ် ပြနေသည်ဟု ဆိုနိုင်သည်။

ဘာလင်တံတိုင်းကို ၁၉၆၁ ခုနှစ် သြဂုတ် ၁၃ ရက်နေ့တွင် ယခင်က GDR  ခေါ် အရှေ့ဂျာမနီက စတင်ဆောက်လုပ် ခဲ့ခြင်း ဖြစ်ပြီး ၁၅၅ ကီလိုမီတာ ရှည်ကြောင်း၊ တံတိုင်းတလျှောက် လုံခြုံရေး စောင့်ကြည့်မျှော်စင် ၃၀၂ ခုရှိကြောင်း၊ မှတ်တမ်းများ အရ တံတိုင်းကို ကျော်ဖြတ်ပြီး အနောက်ဂျာမနီသို့ ဝင်ရောက်ရန် ကြိုးစားခဲ့သည့် အရှေ့ဂျာမနီ နိုင်ငံသား ၁၉၂ ဦး အသတ်ခံခဲ့ရပြီး လူ ၂၀၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့တွင် လုံး၀ ပြိုကျသွားခဲ့ကြောင်း သိရသည်။

စပိန်ပန်းချီဆရာ ဗစ်တာလန်ဒီတာ (Víctor Landeta aka “AUM”) က ထို ဘာလင်တံတိုင်း အောက်မေ့ဖွယ် အထိမ်းအမှတ် နေရာတွင် ငြိမ်းချမ်းရေး ပုံရိပ်များ အဖြစ် ဂျာမန် နိုင်ငံရေး ခေါင်းဆောင် ဝီလီဘရန့်၊ တိဗက် ဘုန်းတော်ကြီး ဒလိုင်လားမား၊ အိန္ဒိယ အမျိုးသားခေါင်းဆောင် မဟတ္တမဂန္ဒီ၊ အာဖရိက အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး ခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလားနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုံတူများကို ရေးဆွဲခဲ့သည်။

၁၉၈၁ ခုနှစ်ဖွား Víctor Landeta သည် ၂၀၀၄ ခုနှစ်တွင်  စပိန် U.P.V Leioa  တက္ကသိုလ်က ရသပန်းချီ (Fine Arts) အထူးပြုဖြင့် B.A ဘွဲ့ရရှိခဲ့ပြီးနောက် UK နိုင်ငံ Bradford Art College of Arts ၊ London Metropolitan University တို့ကို ဆက်လက်တက်ရောက်ခဲ့ကြောင်း နှင့် ၎င်းသည် ထင်ရှားသည့် ပန်းချီဆရာကြီး Víctor de Landeta ၏ မြေးတဦးဖြစ်ကြောင်းလည်း သိရသည်။

စပိန်ပန်းချီဆရာ ဗစ်တာလန်ဒီတာ (Víctor Landeta aka “AUM”) အား ဧရာဝတီ သတင်းဌာနမှ ကော်ပီအယ်ဒီတာ နိုင်စွမ်းက အနုပညာရေးရာ၊ နိုင်ငံရေးရာများနှင့် ပတ်သက်၍ မေးမြန်းထားချက်များ ဖော်ပြလိုက်ပါသည်။

မေး။      ။ ခင်ဗျားရဲ့ လက်ရာတွေကိုကြည့်ပြီး ကျနော် သိမြင်လာတာက ခင်ဗျားဟာ စီးရီလိုက် ရေးဆွဲဖန်တီး တင်ပြတာ အများစု ဖြစ်နေတာ တွေ့ရတယ်။ ကျနော် သိချင်တာက ခင်ဗျား အနေနဲ့ အနုပညာလက်ရာ တခုကို ဖန်တီးဖို့ ဘယ်လို ပြင်ဆင်သလဲ ဆိုတာပဲ။

ဖြေ။       ။ ကျနော် အတွက် ပြင်ဆင်ဖို့ အချက် ၂ ချက်ရှိတယ်။ တခုက စုတ်တံနဲ့ ကင်းဗတ်ပေါ်မှာ ရေးဖို့ ဖြစ်ပြီး နောက်တခုက လမ်းဘေး နံရံတွေမှာ စပရေး (မှုတ်ဆေး) နဲ့ ရေးဆွဲဖို့ ဖြစ်တယ်။ ကျနော် ရေးဆွဲရမယ့် နံရံနားကို ရောက်အောင် သွားတယ်၊ အဲဒီ နေရာရဲ့ အနေအထား၊ ဝန်းကျင်ရဲ့ အနေအထားကို သုံးသပ်တယ်။ ကိုယ်ဖန်တီးမယ့် လက်ရာကို ဘယ်အတိုင်းအတာ အထိ ထားမယ်၊ အနီးက ရှိနေတဲ့ အရာတွေနဲ့ ဘယ်လို ပေါင်းစည်း ပေါင်းစပ်ယူမယ် ဆိုတာ ဆုံးဖြတ်ဖို့ပေါ့။

ကင်းဗတ်ပေါ်မှာ ရေးဆွဲတာကျတော့ အဲဒါနဲ့ သဘောသဘာ၀ တော်တော် ခြားနားတယ်။ စိတ်ကူးမှာ စီးရီးလိုက် ရေးဖို့ အတွက် နောက်ထပ် ကင်းဗတ် အများအပြားလည်း ကျက်ထား ပြင်ထားရတယ်။ ဘယ်အချိန်ဆွဲဆွဲ၊ ကျနော့်မှာ ပန်းချီကား ၂ ကားထက် ပိုပိုနေတတ်တယ်။ တခါတလေကျတော့ ဆွဲတဲ့ ကားတွေက တခုနဲ့ တခု လုံး၀ မတူတာ လည်း ရှိတယ်ပေါ့။ အဲဒီလို မတူတဲ့ ပန်းချီကားတွေ ရေးဆွဲဖြစ်ပြီ ဆိုရင် ပန်းချီရေးဆွဲတာ ရပ်နားဖို့ ဖြစ်လာစေ သလို နောက် ဆက်ပြီး ရေးဆွဲဖို့ အတွက်လည်း (စိတ်အပြောင်းအလဲ ဖြစ်လာတဲ့ အတွက်) မငြီးငွေ့စေဘူး ပေါ့။ ဥပမာ ပြောရရင် ခြောက်အောင် စောင့်နေရတာမျိုး လည်း မရှိဘူးပေါ့။

ကျနော်မှာ ရှာဖွေ စုဆောင်းထားတဲ့ ရုပ်ပုံပန်းချီကားတွေ၊ အချက်အလက်တွေ အများကြီး ရှိတယ်။ ကျနော် စိတ်ဝင်စား နှစ်သက်တဲ့ အကြောင်းအရာတွေ ပေါ့။ အင်တာနက်ကရော စာအုပ်စာစောင်တွေ ထဲကရော ရတဲ့ အချက်အလက်နဲ့ ရုပ်ပုံတွေပါ။ ပြီးတော့ ကျနော် ကမ္ဘာတဝန်း ခရီးသွားတဲ့ အခါမှာလည်း ကိုယ်တိုင် ရိုက်ယူထားတဲ့ ပုံတွေ အချက်အလက် တွေလည်း ပါတယ်ပေါ့ဗျ။ အဲဒါတွေက အနုပညာလက်ရာ ဖန်တီးဖို့ လှုံ့ဆော်တာလည်း ရှိပါတယ်။

မေး။      ။ တချို့ Artist တွေက အနုပညာလက်ရာ (Artwork) တခု ဖန်တီးတဲ့ အခါ Beauty (အလှအပ) အပေါ် အခြေပြုတယ်၊ တချို့ကျတော့ Emotion (စိတ်ခံစားမှု) အပေါ် အခြေပြုတယ်၊ တချို့ကျတော့ Concepts  (နွှယ်ဆက်အတွေး) စသဖြင့် အခြေပြု ဖန်တီးကြတာ တွေ့ရတယ်။ ခင်ဗျားကရော ဘယ်အပေါ် အခြေပြု ဖန်တီးတယ်လို့ ဆိုနိုင်မလဲ။

ဖြေ။       ။ မနှစ်တုန်းက “Woman of the World” လို့ အမည်ပေးထားတဲ့ ပထမဆုံး စီးရီးတခု ဖန်တီးတင်ပြနိုင်ခဲ့ တယ်။ ကမ္ဘာ့တိုက်ကြီးတွေက အမျိုးသမီးပုံတွေ ပေါ့။ ကျနော် အဲဒီလို တင်ပြလိုက်နိုင်တာ အတွက် ကျနော် ကျေနပ်မိ တယ်။ ဒုတိယ စီးရီးလို့ ပြောရမှာက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေရဲ့ ပေါ့ထရိတ်တွေကို ဘာလင် တံတိုင်းက ကျောက်တုံးတွေ ပေါ်မှာ ရေးဆွဲတာပါပဲ။ အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါပါတယ်။ ဒီလို စီးရီးလိုက် ရေးဆွဲတာက Concept ကို ဖွင့်ထုတ်နိုင်ဖို့ တကယ့်ကို အရေးကြီး အရေးပါတာ တွေ့ရတယ်။ နောက်ပြီး ကြည့်သူကို ပိုမို နက်ရှိုင်းလေးနက်တဲ့ အတွေးအမြင်တွေ ရစေနိုင်ပါတယ်။

ကျနော်ရဲ့ လက်ရာတွေက အဲဒီ ၃ ချက် (Beauty, Emotion and Concepts) ကို အခြေပြုတယ်လို့ ဆိုနိုင်ပါတယ်။ အလှအပနဲ့ စိတ်ခံစားမှုဆိုတာတွေက ကျနော် နှစ်သက်တာတွေပါ။ ဒါပေမယ့် ကွန်ဆက် (Concept) လည်း ပါဝင်တယ် ပေါ့။ ဒါကြောင့် အဲဒီ ၃ မျိုးကို ပေါင်းစပ်ရောယှက် ဖန်တီးတယ် လို့ ဆိုရမှာပါ။

မေး။      ။ ခင်ဗျားရဲ့ တချို့လက်ရာတွေက နိုင်ငံရေးနဲ့ နှီးနွယ်ဆက်စပ်နေတယ်လို့ ကျနော်ထင်တယ်။ အထူးသဖြင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ ပုံတူတွေပေါ့။ ခင်ဗျားရဲ့ အမျိုးသမီး figure ပန်းချီကားတွေ တွေ့ရပြန် တော့ ခင်ဗျားရဲ့ ဖန်တီးမှုက လူသားဝါဒနဲ့ ဆက်စပ်နေတယ်လို့ မြင်မိတယ်။ တကယ်လို့ ခင်ဗျားရဲ့ လက်ရာတွေကို ဝါဒဖြန့် လှုံ့ဆော်မှု (Propaganda) လို့ အမည်ပေး သတ်မှတ်ရင် ခင်ဗျား ဘယ်လို ရှင်းပြမလဲ။ အဲဒီ ဝါဒဖြန့် လှုံ့ဆော်မှု (Propaganda) နဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လို ယူဆထားသလဲ။ အခုလို မေးရတာကလည်း ခင်ဗျား ယုံကြည်ထား တဲ့ အနုပညာနဲ့ ဝါဒဖြန့်လှုံ့ဆော်မှုကြား ကွာခြားချက်ကို သိချင်လို့ ပဲ။

ဖြေ။       ။ သိပ်ကောင်းတဲ့ မေးခွန်းပါပဲဗျာ။ တကယ်လို့ဗျာ ကျနော်ရဲ့ လမ်းဘေးမှာ ဖန်တီးတဲ့ အနုပညာကို ကြည့်မယ် ဆိုရင်တော့ ခင်ဗျား ပြောသလို propaganda (ဝါဒဖြန့်လှုံ့ဆော်မှု) လို့ သတ်မှတ်ကောင်း သတ်မှတ်နိုင်လိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အများပြည်သူထံ ရောက်နိုင်လို့ပဲ။

အထူးသဖြင့်တော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တွေကို ရေးဆွဲတဲ့ စီးရီးလိုက် လက်ရာတွေမှာတော့  ကျနော် ဖွင့်ထုတ် ဖော်ပြချင်တာက ငြိမ်းချမ်းမှုနဲ့ ကောင်းမြတ်မှုကို ထင်ဟပ်ပြတာပါ။ သို့ပေမယ့် Propaganda နဲ့တော့ ဆန့်ကျင်ပါ တယ်။ ကျနော်က ကြည့်ရှုသူတွေကို ဆွဲဆောင် ခေါ်ငင်ပြီး တဖက်သတ်အမြင်တရပ်တည်း ချပြ ခင်းပြတာ မဟုတ်ဘူး။

ခင်ဗျား တွေ့မြင်ကြည့်ရှုရတဲ့ ပုံတူတိုင်းကို ကြည့်၊ သူတို့မှာ စိတ်ကျေနပ်ပျော်ရွှင်မှု သာမက သူတို့မှာ ထူးခြားတဲ့ စွမ်းဆာင်ရည်နဲ့ တက်ကြွအောင်မြင်မှုတွေလည်း တွေ့နိုင်ပါတယ်။ သူတို့ဟာ သူတို့ဘဝမှာ ခက်ခဲတဲ့ ဘ၀ အမှောင် တွေကို ဖြတ်သန်းခဲ့ကြတယ်။ ကျနော် ဆွဲတဲ့ ကမ္ဘာက လေးစားခံရတဲ့ ပုဂ္ဂိုလ်တွေဟာ ထူးခြားတဲ့ စွမ်းဆောင်ရည်နဲ့ ဆိုးညစ်မှုကို ကောင်းမြတ်မှုနဲ့ အောင်ပွဲခံခဲ့သူတွေပါ။ နိုင်ငံရေး၊ ဘာသာရေးစသဖြင့် နယ်အသီးသီးက ပုဂ္ဂိုလ်တွေပါပဲ။

ကျနော် ယူဆတာကတော့ဗျာ.. အနုပညာ ဆိုတာ အနှစ်သာရ တခုဖြစ်ပြီး၊ Propaganda (ဝါဒဖြန့်လှုံ့ဆော်ခြင်း) ကတော့ လှည့်စားထားတဲ့ သတင်းအချက်အလက်တွေ ဖြန့်ချိတာပဲ ဗျ။

မေး။      ။ အနုပညာက လူ့အဖွဲ့အစည်းကို အားပေးမြှင့်တင်ပေးတယ်လို့ ခင်ဗျား ယူဆပါသလား။

ဖြေ။       ။ အနုပညာက လူ့အဖွဲ့အစည်းကို အလုံးစုံ အားပေးမြှင့်တင်နိုင်တယ်လို့ ကျနော် ယုံကြည်တယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ သွင်ပြင်အမျိုးမျိုးကို အနုပညာက အားပေးနိုင်သလို – အနုပညာက ဒဏ်ရာအနာတရတွေကို ကုသ ပျောက်ကင်းစေနိုင်တယ်၊ လူသားတွေ အတူတကွ နေထိုင်နိုင်ရေး ဖေးမပေးတယ်၊ လူအချင်းချင်း အပြန်အလှန် နားလည်ပေးဖို့ ကြားခံ ဆက်သွယ်ပေးတယ်။ ကုန်ကုန်ပြောရရင်ဗျာ.. အနုပညာက လူ့သားဘဝတွေကို ပိုမိုကောင်းမွန် ပြည့်စုံအောင် ဆောင်ကြဉ်းပေးသလို သာယာလှပမှုတွေ ဆောင်နှင်းပေးပါတယ်။

Street Art နဲ့ ဆက်စပ်တဲ့ အမြင်ကို ပြောရဦးမယ် ဆိုရင်.. ဒီ အနုပညာ (Street Art) က လူအများအပေါ် သက်ရောက်မှု တော်တော်ရှိတယ်ဗျ။ ဘာလို့လဲ ဆိုတော့ လမ်းသွားသူ လူအများ မြင်နိုင်တယ်ဗျာ၊ သီးသန့် မဆန်ဘဲ လူတိုင်းအတွက် အလွယ်တကူ တွေ့မြင်နိုင်တဲ့ အခွင့်အလမ်း ရှိတယ်။

မေး။      ။ ခင်ဗျား မြန်မာပြည်ကို ရောက်ဖူးတယ် လို့ ကျနော် သိရတယ်။ မြန်မာလူမျိုးတွေနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လို ထင်မြင်မိလဲဗျ။ မြန်မာ့ အနုပညာကိုရော ခင်ဗျား ဘယ်လို ထင်လဲ။ မြန်မာတွေရဲ့ အနုပညာဖန်တီးမှုကိုရော ခင်ဗျား ဘယ်လို ယူဆပါသလဲ။ နောက်ပြီး ဘာကြောင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို ခင်ဗျား ရေးဆွဲဖြစ်ခဲ့တာလဲ သိပါရစေ။

ဖြေ။       ။ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတွေနဲ့ ပတ်သက်လို့ ကျနော့်မှာ အကောင်းမြင်တဲ့ ဘက်က ရှိပါတယ်။ သို့ပေမယ့် သူတို့ဟာ သူတို့ရဲ့ အတွေးစိတ်ကူးတွေ၊ စိတ်ကူးစိတ်သန်းတွေကို တကယ့်ကို သတိထားပြီး ဖော်ပြ ဖန်တီးနေရတယ် ဆိုတာ သေချာတယ်။

ပြီးခဲ့တဲ့ အပတ်ထုတ် နယူးယော့တိုင်းမ်စ် (New York Times) သတင်းစာမှာ ရေးထားတဲ့ ဆောင်းပါး တပုဒ်မှာတော့ မြန်မာ့ အနုပညာ ဖန်တီးမှုဟာ ပွင့်လင်းလာနေပြီ၊ အထူးသဖြင့် ရန်ကုန်မှာ လွန်ခဲ့တဲ့ နှစ်တွေကထက် ဂယ်လာရီ ၁၀ ခုလောက် ပိုမိုဖွင့်လှစ် လုပ်ဆောင်လာတဲ့ အကြောင်း ဖတ်လိုက်ရတယ်။

ကျနော် ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံရောက်တုန်းကတော့ မော်ဒန်အတ် ဖန်တီးမှုတွေ မတွေ့ရသလောက်ပဲဗျ။ ကျနော် သီးသီးသန့်သန့် ရှာဖွေ မကြည့်ဖြစ်တာလည်း ပါပါလိမ့်မယ်။ သို့ပေမယ့် မြန်မာတို့ရဲ့ ရိုးရာဟန် အနုပညာ လက်ရာတွေ ကိုတော့ ကျနော် နှစ်သက်ပါတယ်။ အဲဒီထဲမှာ ပန်းချီ၊ ပန်းပု၊ ဗိသုကာလက်ရာတွေပါဝင်ပြီး ရွှေရောင် လွှမ်းတဲ့ ဖန်တီးမှုတွေပါပဲ။

ကျနော် ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကို ရေးဆွဲခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ တွေ့ကြုံခဲ့ရတဲ့ ဘ၀ အနေအထားအပေါ်မှာ သူဟာ ဘယ်လို စိတ်ဓာတ်နဲ့ ကျော်လွန် ဖြတ်သန်းခဲ့တယ် ဆိုတာတွေကို တကယ့်ကို လေးစား လို့ပဲ။ မြန်မာပြည်ကို ကျနော်ချစ်တယ်။ ပြီးတော့ စစ်အုပ်ချုပ်ရေး အောက်မှာ ပြည်သူတွေ တွေ့ကြုံနေရတဲ့ အခက်အခဲ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ အကြောင်းအရာတွေ အများကြီး ကြားခဲ့ရတယ်၊ သိမြင်ခဲ့တယ်။ သူမရဲ့ အဲဒီ စွန့်လွှတ်စွန့်စား ဆောင်ရွက်မှုတွေက ကျနော့်ကို ဂရပ်ဖတီ ရေးဆွဲဖြစ် အောင် လွှမ်းမိုးစေ့ဆော်ပေးတယ်လို့ ဆိုရမယ်။

ဝီလီဘရန့်နဲ့ နယ်လ်ဆင်မင်ဒဲလား ပုံတူတွေ ရေးဆွဲ ပြီးတဲ့ နောက် ကျနော် စဉ်းစားတယ်၊ အမျိုးသမီး တဦးပုံကို ရေးချင်တယ် ပေါ့။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မင်ဒဲလားနဲ့ အတော်ဆင်တူတဲ့ လုပ်ဆောင်မှုတွေ ရှိတယ် ဆိုတာ လေ့လာတွေ့ရှိ ရတယ်။ သူမဟာ မြန်မာပြည်သူတွေရဲ့ အနာဂတ်ကို ကိုယ်စားပြုသူ သက်ရှိ အမျိုးသမီး တဦးဆိုတာ လည်း ကျနော် သတိပြုမိပါတယ်။ သူမရဲ့ စွန့်လွှတ်စွန့်စား လုပ်ဆောင် ဖြတ်သန်းမှု ပုံရိပ်တွေကို တခြား သူမ အကြောင်း မသိသေးသူတွေကို သိမြင်စေချင် သတိပြုမိ စေချင်တယ် ပေါ့။ ဒါနဲ့ သူမကို ဂုဏ်ပြုရေးဆွဲဖို့ ဖြစ်လာရတယ်။

မေး။      ။ ခင်ဗျား သိတဲ့ အတိုင်း ကျနော်တို့ တိုင်းပြည်က ဒီမိုကရက်တစ် လမ်းပေါ် လျှောက်နိုင်ဖို့ ကြိုးပမ်းနေတယ်။ ခင်ဗျား အနေနဲ့ ကျနော်တို့ မြန်မာ အနုပညာရှင်တွေ၊ ကျနော်တို့ ပြည်သူတွေကို အကြံပြုစကား တခုခု ပြောပေး ပါလား။

ဖြေ။       ။ ကျနော် အားပေး အကြံပြုချင်တာတော့ မြန်မာ အနုပညာရှင်တွေ အနေနဲ့ တိုင်းပြည်ရဲ့ ဆိုးဝါး မနှစ်မြို့ ဖွယ်ရာတွေ ကိုပဲ  ကြည့်မနေပါနဲ့၊ အဲဒီလို ဆိုးဝါးမနှစ်သက်ဖွယ်ရာနဲ့ အမျိုးအထွေတွေ ကွဲပြားတာကိုက အနုပညာ ဖန်တီးမှု အတွက် အရေးပါတဲ့ တွန်းအား ဖြစ်စေနိုင်တယ်၊ ပြီးတော့ တခြားနိုင်ငံတွေက အလေးထား စိတ်ဝင်စား လာစေမှာ ဖြစ်တယ်။ သေချာတာကတော့ အနာဂတ်မှာ မြန်မာအနုပညာရှင်တွေဟာ နိုင်ငံရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်လာမှာ ဖြစ်ပြီး၊ မြန်မာ လူ့အဖွဲ့အစည်းကို အားပေး ဖေးမပြီး ပိုမိုမြင့်မားတဲ့ အသိအမြင်နဲ့ အတွေးအခေါ်တွေ မျှဝေ ဖြန်ဝေပေးမှာပါပဲ။

မြန်မာ ပြည်သူတွေကို အကြံပြု ပြောချင်တာကတော့ ခွင့်လွှတ်ခြင်းနဲ့ အားလုံးကို ကျော်လွန်နိုင်အောင် ကြိုးစားဖို့ ကျနော် ပြောပါရစေ။ ခွင့်လွှတ်ခြင်း ဆိုတာ လူသား ဘဝရဲ့ အခက်ခဲဆုံးနဲ့ အမြင့်မြတ်ဆုံး စိတ်ထားပါ။

မေး။      ။ ခင်ဗျား ဆက်လက်ဆောင်ရွက်မယ့် အနုပညာ လှုပ်ရှားမှုတွေ အကြောင်း ပြောပါဦး။

ဖြေ။       ။ ကျနော့် စိတ်ကူးမှာ အစီအစဉ်တွေ အများကြီး ရှိနေပါတယ်။ အာရှ၊ လက်တင် အမေရိက ဒါမှမဟုတ် အာဖရိက ဖြစ်ဖြစ်ပေါ့ အဲဒီကို (Artist Residency) နဲ့ သွားရောက်ပြီး အနုပညာ ဖန်တီးတင်ပြတဲ့ အလုပ်တွေ လုပ်ချင်ပါတယ်။ ကျနော့်ရဲ့ နောက်ထပ် စိတ်ကူး စိတ်သန်း တခုက နယူးယောက်ကို သွားရောက်နေထိုင်ပြီး အနုပညာ ဖန်တီးမှုတွေ လုပ်ချင်တာပါပဲ။

Did you find apk for android? You can find new Free Android Games and apps.
Loading