နှစ်ပေါင်း ၆၅ နှစ် ကျော်ကြာ ကျင်းပခြင်း မရှိခဲ့ဘဲ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်၌ ပထမဆုံးအကြိမ် ပြန်လည် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲတွင် တရား မျှတမှု မရှိနိုင်ဟု ဝေဖန်သံများ ထွက်ပေါ်နေသည်။ စည်ပင်ကော်မတီ ရွေးကောက်ပွဲ အပေါ် ပြည်သူလူထုက စိတ်ဝင်စားမှု အားနည်းနေရာ စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် မေစစ်ပိုင်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ဒီဇင်ဘာ၂၇ ရက်မှာ လုပ်မယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ အတွက် မဲပေးဖို့ အစီအစဉ်ကို ဘယ်လိုမျိုး ဆောင်ရွက်နေပါပြီလဲ။
ဖြေ။ ။ စည်ပင်ရွေးကောက်ပွဲ အတွက် ပြည်သူတွေ မဲပေးနိုင်ဖို့ မဲရုံတွေကို ခန့်မှန်းခြေ လူဦးရေ ၃၀၀ ဝန်းကျင်ရှိတိုင်း ရပ်ကွက်အလိုက် မဲရုံတရုံ ထားပေးမယ်။ ဒါကြောင့် ရပ်ကွက်တိုင်းမှာ မဲရုံရှိမယ်။ မဲရုံ စုစုပေါင်း ပြောရရင်တော့ ရန်ကုန် မြို့တော် စည်ပင်သာယာ နယ်နမိတ် ၃၃ မြို့နယ်မှာ မဲရုံပေါင်း ၁၀၈၆ ခု ရှိမယ်။
မေး။ ။ ရွေးကောက်ပွဲရက်က နီးကပ်လာပေမယ့် ပြည်သူတွေက မဲပေးပုံ စနစ်ကို သေချာမသိကြဘူး၊ အဲဒီအတွက်ရော ဘယ်လို စီစဉ်ထားပါသလဲ။
ဖြေ။ ။ ဒီရွေးကောက်ပွဲမှာ အဆင့် ၃ ဆင့်ပေါ့။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်၊ ခရိုင်နဲ့ မြို့နယ် အဆင့်ပေါ့။ မြို့တော်စည်ပင် သာယာရေး ကော်မတီ အဆင့်မှာ ခရိုင်က ၄ ခုရှိနေတော့ ရွေးချယ်တင်မြောက် ခံရမှာက ၄ ဦး ဖြစ်တယ်။ ခရိုင် ၁ ခရိုင်ကို ၁ ဦးနှုန်းနဲ့ ၄ ဦး ရွေးချယ်ခံရမှာ ဖြစ်ပါတယ်။ သူတို့မှာ ဘာထူးခြားလဲဆိုတော့ ဆန္ဒမဲ လက်မှတ် အဖြူရောင် သတ်မှတ်ထားပြီး အဖြူရောင် မဲပုံးထဲကိုပဲ မဲထည့်ရမှာ။ ခရိုင်အဆင့် မဲပေးတဲ့အခါမှာ မဲပုံးက ၃ ပုံး ရှိမယ်။ ရပ်မိရပ်ဖ ကိုယ်စားလှယ်အတွက် မဲပုံး အစိမ်းနဲ့ လက်မှတ် အစိမ်းရောင် ဖြစ်မယ်၊ သူက ဥက္ကဋ္ဌ တာဝန်ထမ်းဆောင် ရမှာပေါ့။ နောက်မဲပုံး တပုံးက အသိပညာရှင်၊ အတတ်ပညာရှင် ကိုယ်စားလှယ်တွေကို ပေးရမှာတော့ မဲပုံး အနီရောင်နဲ့ လက်မှတ် အနီရောင် ဖြစ်ပြီး၊ လူမှုရေး အဖွဲ့အစည်း ကိုယ်စားလှယ်တွေကို ပေးရမှာက မဲပုံး အပြာရောင်နဲ့ လက်မှတ် အပြာရောင် သတ်မှတ်ထားတယ်။ အဲဒါကြောင့် မဲပေးမယ့်သူက မဲလက်မှတ် ၃ စောင် ထုတ်ပြီးတော့ အရောင်အလိုက် ဆန္ဒမဲ ပေးရမှာ ဖြစ်ရမယ်၊ အရောင်တူတဲ့ မဲပုံးထဲကို ထည့်ရမှာပေါ့။
မြို့နယ်အဆင့် ကိုယ်စားလှယ်တွေလည်း ဒီလိုပဲ ဖြစ်မယ်။ မီဒီယာတွေမှာ ကြေညာထားသလို မဲရုံမှာလည်း ပညာပေး ပိုစတာတွေ ချိတ်ထားပါတယ်။ မဲရုံမှာလည်း ကူညီမှုတွေ ရှိမှာပါ။ အမှန်ကတော့ မဲပေးနိုင်သူ စာရင်းကို ကြေညာပြီးနေပြီ။ နီးလာရင်တော့ ဘယ်ရပ်ကွက်က ဘယ်သူက ဘယ်မှာမဲပေးရမယ် ဆိုတာကို ကြေညာပေးမှာပါ။ မဲပေးရမယ့် နေ့မှာလည်း မဲပေးရမယ့်သူ နာမည်က ဘယ်နေရာမှာ ပါသလဲဆိုတာ ကြည့်လို့ရမယ် ။ မဲပေးရတာ လွယ်သွားတာပေါ့။
မေး။ ။ မဲပေးချိန်ကိုရော ဘယ်လို သတ်မှတ်ထားပါလဲ။
ဖြေ။ ။ မဲပေးချိန်က မနက် ၆ နာရီကနေ ညနေ ၄ နာရီ အထိ ဖြစ်မယ်။ မဲရုံပိတ်တာနဲ့ တပြိုင်နက် မဲရရှိမှုကို စပြီး ရေတွက်မယ်။
မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲလိမ်တယ်၊ ဖယောင်းသုတ်တယ်ဆိုပြီး ပြဿနာ ဖြစ်သွားတာမျိုး ရှိခဲ့တယ်၊ အခုလည်း ဒီရွေးကောက်ပွဲကို တရားမျှတမှု ရှိပါ့မလားဆိုပြီး ကိုယ်စားလှယ် အချို့က ဝေဖန်နေတာတွေ ရှိနေတော့ မဲလိမ်မှု မရှိအောင်၊ တရားမျှတမှု ရှိအောင် ဘယ်လိုလုပ်မှာပါလဲ။
ဖြေ။ ။ မဲလိမ်မှု မရှိအောင်၊ တရားမျှတမှု ရှိအောင်နဲ့ စနစ်တကျ ဖြစ်အောင် စီစဉ်ထားပြီးသားပါ။ ဒီရွေးကောက်ပွဲ စနစ်က၂၀၁၀ ခုနှစ် လွှတ်တော် ရွေးကောက်ပွဲပုံစံ စနစ်အတိုင်း ဖြစ်ပါလိမ့်မယ်။
မေး။ ။ ပယ်မဲ၊ အတည်ပြုမဲကိုရော ဘယ်လို ဆုံးဖြတ်မှာပါလဲ။
ဖြေ။ ။ ပယ်မဲ လုပ်ရမယ့် သတ်မှတ်ချက်တွေ ရှိပါတယ်။ ဥပမာ – ကော်မရှင်က သတ်မှတ်ထားတဲ့ အမှတ်အသား မပါတာ ပေါ့၊ ဒါကတော့ ဖြစ်စရာအကြောင်း မရှိဘူး။ မဲလက်မှတ်တွေရဲ့ နောက်ကျောမှာ ရန်ကုန်ကော်မတီ တံဆိပ် ပါတယ်၊ နောက်တခုက မဲရုံမှူး လက်မှတ်မပါတဲ့ ဆန္ဒမဲကလည်း ပယ်မဲ ဖြစ်မယ်။ ဒါလည်းပဲ မဲရုံမှူးက စနစ်တကျနဲ့ လက်မှတ်ထိုးပြီး ထုတ်ပေးဖို့ ပြောထားတယ်၊ တကယ်လို့ လက်မှတ်မပါတဲ့ မဲမှားယွင်းပြီး ပါသွားရင်တော့ ပယ်မဲ ဖြစ်မယ်။
နောက်တခု ဆန္ဒမဲ ပေးထားတာမှာ တဦးထက်ပိုပြီး ဆန္ဒပြုထားတဲ့မဲ ဖြစ်နေမယ် ဆိုရင်လည်း ပယ်မဲဖြစ်မယ်။ ဥပမာ ဦးဖြူကို ပေးမယ်ဆိုရင် ဦးဖြူအတွက် သတ်မှတ်ထားတဲ့ အကွက်ထဲမှာလည်း အမှန် ခြစ်ရမယ်။ ဦးဖြူလည်း ပေးမယ်။ ဦးနီလည်း ပေးမယ် ဆိုရင် ပယ်မဲဖြစ်မယ်။ ဘယ်သူ့ကိုမှ ဆန္ဒမဲ ပေးထားတာ မရှိဘူး။ အမှတ်အသား တစုံတရာ မပါဘူးဆိုရင်လည်း ပယ်မဲ ဖြစ်မယ်။ ဆန္ဒမဲ ပေးတာက ဘယ်သူ့ပေးမှန်း မသိ ဟိုလိုလို ဒီလိုလို ဖြစ်နေတယ် ဆိုရင်လည်း ပယ်မဲ ဖြစ်မယ်။
မဲလက်မှတ်က ဆုတ်ဖြဲထားတယ် ဆိုရင်လည်း ပယ်မဲ ဖြစ်မယ်ဆိုတော့ မဲရေတွက်တဲ့ အခါမှာ ဘယ်ဟာက ပယ်မဲ ဖြစ်တယ်။ ဘယ်ဟာက အတည်ပြုမဲ ဆိုတာကို မဲရုံမှူးက ဆုံးဖြတ်ရမယ်။ မဲရေတွက်တဲ့ အခါမှာ ရတဲ့မဲတွေကို မဲပုံးထဲက ထုတ်မယ်။ စိစစ်မယ်။ ပြီးတော့မှ တခုချင်းစီ စစ်ပြီး ဦးဖြူရတဲ့မဲက ဦးဖြူရဲ့ ခြင်းထဲမှာ ထည့်မယ်။ ဦးနီဆိုလည်း ထိုနည်း အတိုင်းပဲ။ ပယ်မဲဆိုရင်လည်း ပယ်မဲခြင်းတောင်းထဲ ထည့်မယ်။ ပြီးတော့မှ တဦးချင်းစီ ပြန်ရေတွက်ပြီး မှတ်တမ်းထဲမှာ ဖြစ်မယ်။
မေး။ ။ မဲအဆုံးအဖြတ် အပေါ် ကိုယ်စားလှယ်လောင်းတွေဘက်က စောဒက တက်လာတဲ့ ကိစ္စမျိုးတွေ ရှိလာခဲ့မယ် ဆိုရင် ဘယ်လို စီစဉ်ထားပါသလဲ။
ဖြေ။ ။ တဦးချင်း ကိစ္စကို လေ့လာမယ်။ ဘယ်လို အကြောင်းနဲ့ စောဒက တက်လာတာလဲ။ သူတို့ မရတဲ့ အပေါ် ဘာကြောင့် စောဒက တက်တာလဲ ဆိုတာကို ပြန်စိစစ် လေ့လာရမယ်။
မေး။ ။ မဲရေတွက်ပြီး ဘယ်လောက် အကြာမှာ အနိုင်၊ အရှုံး အတည်ပြု ကြေညာပေးမှာပါလဲ။
ဖြေ။ ။ မြို့နယ်ကော်မရှင်က မဲရုံတွေက ရလာတဲ့ စာရင်းတွေကို စာရင်းချုပ်ပြီး ခရိုင်ကိုပို့၊ ခရိုင်ကလည်း ခရိုင်စာရင်း ချုပ်ပြီး မြို့တော် ကော်မရှင်ကို ပို့မယ်။ မြို့တော်က မဲအများအနည်း စာရင်းကို စီပြီးတော့ ၄၈ နာရီ အတွင်း ကြေညာမယ်။
မေး။ ။ တချို့ မြို့နယ်တွေမှာ တဦးတည်းပဲ ပြိုင်နေတဲ့ ကိုယ်စားလှယ်တွေရှိတယ် ဆိုတော့ သူတို့အတွက်ရော ဘယ်လို ဆုံးဖြတ်မှာပါလဲ။
ဖြေ။ ။ တဦးတည်းပဲ ရှိနေတဲ့ ကိုယ်စားလှယ်က ရွေးကောက်ခံစရာ မလိုဘူး။ အလိုအလျောက် ရွေးချယ်ပြီးသား ဖြစ်သွားပြီ။ မဲရုံထောင်တဲ့ အထဲမှာလည်း မထည့်ဘူး။ တဦးတည်း ဖြစ်နေတဲ့ ကိုယ်စားလှယ်က ၅၀ လောက် ရှိမယ်။ သူတို့ကတော့ အလိုအလျောက် ကိုယ်စားလှယ် ဖြစ်မယ်။
မေး။ ။ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေရဲ့ သက်တမ်းကရော ဘယ်လောက်အထိ ရှိပါလဲ။
ဖြေ။ ။ လက်ရှိအစိုးရ သက်တမ်း အတိုင်းပဲ။ ၂၀၁၅ ရွေးကောက်ပွဲ ပြီးသည်အထိ သူတို့ တာဝန် ထမ်းဆောင်ရမှာပေါ့။
မေး။ ။ စည်ပင်ကော်မရှင်က တရားမျှတမှု မရှိမှာကို ကိုယ်စားလှယ်တွေကလည်း စိုးရိမ်ကြတယ်။ တချို့ ဝေဖန် သုံးသပ်သူတွေကလည်း ပြောဆိုနေကြတဲ့ အပေါ် ဘယ်လို ပြောချင်ပါလဲ။
ဖြေ။ ။ တဦးချင်းရဲ့ ထင်မြင်ယူဆချက်တွေပဲပေါ့။ ကိုယ်ထင်ရာ ကိုယ်ပြောနေကျတာပဲလေ။ အန်ကယ် မြင်တာတော့ ဒီရွေးကောက်ပွဲ ကော်မရှင် ဆိုတာက ဒိုင်လူကြီး လုပ်တာပဲ။ လွတ်လပ်ရမယ်၊ တရားမျှတရမယ်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ ဒီအတိုင်းပဲ လုပ်သွားမှာပဲ။ သတ်မှတ်ထားတဲ့ နည်းဥပဒေ ရှိပြီးသားဆိုတော့ အဲဒီအတိုင်း လုပ်သွားမှာပဲ။ မဲပေးတာ၊ မဲရေတွက်တာကအစ သူ့စနစ် အတိုင်း ရှိတယ်။ မဲရေတွက်တဲ့ အခါမှာလည်း ပြည်သူလူထု လာပြီးတော့ လေ့လာနိုင်တယ်။ မီဒီယာတွေကိုလည်း အကုန်ခေါ်ထားတယ်၊ လာပြီး လေ့လာပါ။ ကြည့်ပါ။ တခုတော့ ရှိတာပေါ့။ မဲရေတွက်တာကိုတော့ အနှောင့်အယှက် မပေးနဲ့ပေါ့။ ပွင့်လင်းမြင်သာအောင် ရေတွက်ပြမှာပါ။ အခုပြောနေတာက အပြောပဲ ရှိသေးတာပေါ့။ တကယ့်ပွဲမှာလည်း တရားမျှတအောင် လုပ်ဆောင်သွားမှာပါ။
မေး။ ။ စည်ပင်ရွေးကောက်ပွဲ အတွက် လျာထားတဲ့ ဘတ်ဂျက်က သိန်း ၅၀၀၀ လို့ သိရတော့ အဲဒီ ပမာဏအတိုင်း ကုန်ကျနိုင်မှာပါလား။
ဖြေ။ ။ ဘတ်ဂျက် လျာထားသတ်မှတ်ချက်ကတော့ သိန်း ၅၀၀၀ ဆိုပြီး ဘတ်ဂျက်ဌာနကို တင်ပြ တောင်းခံခဲ့တာပေါ့။ တကယ်လုပ်တဲ့ အခါကျတော့ ဒီလောက် ကုန်စရာ အကြောင်း မရှိပါဘူး။
မေး။ ။ပြည်သူတွေက ဒီရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိကြဘူး၊ ကိုယ်စားလှယ်လောင်းတွေလည်း အားနည်းနေတယ်ဆိုပြီး ပြောနေကြတယ်။ ဘာကြောင့် စိတ်ဝင်စားမှု မရှိကြတာလို့ မြင်ပါလဲ။
ဖြေ။ ။ရွေးကောက်ပွဲ ဆိုတာက ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ၊ လွှတ်တော် ရွေးကောက်ပွဲတွေလောက်ပဲ ပြည်သူတွေက သိခဲ့ကြတာလေ။ အဲဒီတုန်းကတောင်မှ လူတွေက ပြည်သူ တဦးတယောက် အနေနဲ့ ပြည်သူရဲ့တာဝန် ပြည်သူကောင်း တယောက်ဖြစ်အောင် ဒီမိုကရေစီ နိုင်ငံကြီးသား ပီသစွာနဲ့ မဲပေးရမယ်ဆိုတဲ့ စိတ်ဓာတ် မရှိဘူး။ မဲပေးတာ ငါတို့ အလုပ်မဟုတ်ဘူးလို့ တချို့က ထင်မြင် ယူဆကြတယ်။
အဲလိုစိတ်ဓာတ်တွေ ရှိနေတဲ့ကြားမှာ စည်ပင်ရွေးကောက်ပွဲ ဆိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ နှစ် အရှေ့ပိုင်းကပဲ လုပ်ခဲ့တာ ၊ ၁၉၄၉ ခုနှစ် နောက်ပိုင်းမှာ စည်ပင်ရွေးကောက်ပွဲဆိုတာ မရှိဘူး။ အသက် ၆၀ လောက် ရှိသူတောင် မတွေ့ကြုံဘူးတော့ ဒီရွေးကောက်ပွဲ ဆိုတာကို သူတို့အာရုံထဲမှာလည်း မရှိဘူး။ ခေါင်းထဲမှာလည်း မထားဘူး။ စိတ်မဝင်စားလို့ မသိတာ၊ ဒီလောက် လုပ်နေကြတာပဲ စိတ်မဝင်စားဘူး၊ ကင်းကွာနေတာ ကြာခဲ့ပြီလေ။
ဒါတွေက နောက်ပိုင်းမှာ ဘာဖြစ်လာနိုင်မလဲဆိုတော့ သူ့လူကိုယ့်လူ ဖြစ်လာတာ၊ သူ့အဖွဲ့ကိုယ့်အဖွဲ့ ဖြစ်လာတဲ့ အခါကျရင် အများကြီး စိတ်ဝင်စားလာလိမ့်မယ်။ အခုဟာက ပုဂ္ဂလိကတွေကနေ တဦးချင်း ရွေးကောက်ခံတယ် ဆိုတော့ တဦးချင်း လူတွေကို မသိတဲ့သူတွေ အများကြီး ရှိနေတယ်ဆိုတော့ မဲပေးရမယ် ဆိုတာကို မသိဘူး။ ဒီလိုအဖွဲ့အစည်းမှာ ကိုယ့်ရဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက် တင်မြှောက်ရမယ်ဆိုတဲ့ စိတ်လည်း မရှိဘူး။ သွားမေးရင် ကြားတော့ ကြားတယ် မသိဘူး ဆိုတာချည်းပါပဲ။