ပူဖောင်းဟာ တကယ့်ကို ပေါက်မှာပဲ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

Yoma Strategic Holdings ၏ အမှုဆောင် ဥက္ကဋ္ဌ ဦးသိမ်းဝေခေါ် Mr.Serge Pun နှင့် တွေ့ဆုံခြင်း။

Yoma Strategic Holdings ကုမ္ပဏီ လုပ်ငန်းစုသည် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုကျော်အတွင်း အိမ်ခြံမြေ လုပ်ငန်း၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ မော်တော်ယာဉ်နှင့် လက်လီစီးပွားရေး လုပ်ငန်းများ တွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။ ယခုနှစ် ဒီဇင်ဘာလအထိ ကုမ္ပဏီ၏ ဈေးကွက်ရှယ်ယာ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၉၂ သန်း ရှိသည်။

စင်ကာပူ စတော့အိတ်ချိန်းတွင် စာရင်းသွင်းထားသော ကုမ္ပဏီများထဲ၌ ၂၀၁၄ ခုနှစ်အတွက် အုပ်ချုပ်ရေး ဆိုင်ရာ အလေ့အထနှင့် ပွင့်လင်း မြင်သာမှုဆိုင်ရာ ညွှန်းကိန်း (2014 Governance and Transparency Index) ၏ ထိပ်ပိုင်း ၅ ရာခိုင်နှုန်းတွင် ပါဝင်နေသော ကုမ္ပဏီများထဲမှ တခုလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် မကြာသေးမီက အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၀ဝ ရရှိခဲ့သည်။

ADB ၏ ချေးငွေ၊ ရိုးမဘဏ်၏ ဝန်ဆောင်မှု လုပ်ငန်းများ ပြန်လည်စတင်ခြင်းနှင့် မြေယာအငြင်းပွားမှုများ တိုးလာနေပြီး ဈေးနှုန်းများလည်း အလွန်အမင်း မြင့်တက် နေသည့် ပိုင်ဆိုင်မှု ဈေးကွက်တွင် မြေပိုင်ရှင်များ၏ အခွင့်အရေးများနှင့် ဖွံ့ဖြိုးရေးလုပ်သူတို့၏ လိုအပ်ချက်များ ကြားတွင် ဟန်ချက်ညီမျှအောင် ပြုလုပ်ရန် လိုအပ်နေခြင်း စသည့် အကြောင်းများ နှင့် ပတ်သက်၍ Yoma Strategic Holdings ၏ အမှုဆောင် ဥက္ကဋ္ဌ ဦးသိမ်းဝေခေါ် Mr.Serge Pun အား ဧရာဝတီသတင်းထောက် ကျော်ဆုမွန်က ဒီဇင်ဘာ လ ၁၆ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။     ။ ဦးသိမ်းဝေရဲ့ စီးပွားရေး စီမံကိန်းတွေအတွက် ADB ကချေးငွေ ဘယ်လိုရရှိ ခဲ့ပါသလဲ။

ဖြေ။     ။ ADB က မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ကူညီဖို့ အရင်ကတည်းက ရည်ရွယ်ချက်ရှိပါတယ်။ ကျနော် တို့ကို ငွေမချေးခင် ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေး ဆောင်ရွက်ပုံ၊ လူမှုရေး တာဝန်ယူမှု၊ အကျင့်ပျက် ခြစားမှုနဲ့ ငွေကြေး ခဝါချမှု ကင်းရှင်းအောင် ဆောင်ရွက်ပုံတွေက သူတို့ရဲ့ စံနှုန်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီ ကျေနပ်မှု ရှိဖို့ လိုအပ်ပါတယ်။

မေး။     ။ ၁၁ နှစ်ကြာအောင် ဆိုင်းငံ့ခံထားရပြီးမှ ရိုးမဘဏ်က ဘာကြောင့် ဘဏ်လုပ်ငန်းကို ပြန်လုပ်တာလဲ။ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အတွက် ခုချိန်မှာ International Finance Corporation က ရိုးမဘဏ်ကို ကူညီနေတယ် ဆိုတာ မှန်ပါသလား။

ဖြေ။     ။ ဘဏ်ပြိုလဲမှုတွေ ဖြစ်ခဲ့တဲ့၂၀ဝ၃ ခုနှစ် နောက်ပိုင်းမှာ ကျနော်တို့ ဘဏ်ရဲ့ ဝန်ဆောင်မှုတွေကို ရပ်ဆိုင်း လိုက်ရပြီး တိုင်းပြည်အတွင်း ငွေလွှဲတဲ့ လုပ်ငန်းကိုပဲ လုပ်နိုင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစိုးရက ကျနော်တို့ရဲ့ ဘဏ်လိုင်စင်ကို ပြန်ရုပ်သိမ်းသွားလို့ ဖြစ်ပါတယ်။ အခုနှစ် နှစ်လယ်ပိုင်း ရောက်မှ ကျနော်တို့ ဘဏ်လိုင်စင် ပြန်ရပါတယ်။ အခုအချိန်မှာ  International Finance Corporation က ကျနော်တို့ကို ကူညီနေပါတယ်။ ဒါပေမယ့် ကျနော်တို့က ပြိုင်ဘက်တွေရဲ့ နောက်မှာ ၁၀ နှစ်လောက် ကျန်နေခဲ့ပြီ။ ဒါကြောင့် အမီလိုက် နိုင်အောင် ကျနော်တို့ ကြိုးစားနေပါတယ်။

မေး။     ။ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍမှာ Yoma Strategic Holdings က ရင်းနှီးမြှုပ်နှံမှု အမြောက် အမြားပြုလုပ် ထားတယ်။ မြန်မာနိုင်ငံက လက်ရှိ မြေယာ ဥပဒေတွေက မြေပိုင်ဆိုင်သူတွေနဲ့ ဖွံ့ဖြိုး ရေးလုပ်ငန်း လုပ်သူတွေ အတွက် သင့်လျော်မှု ရှိတယ်လို့ ယုံကြည်ပါသလား။

ဖြေ။     ။ မြေယာနဲ့ ပတ်သက်တဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်။ ပြဿနာတွေကို ဖြေရှင်းတဲ့ အချိန်မှာလည်း မြေပိုင်ဆိုင် သူတွေနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းလုပ်တဲ့ သူတွေကြားမှာ ပဋိပက္ခတွေ ရှိမှာလည်း အသေအချာပါပဲ။ တခြား နိုင်ငံတွေမှာလည်း အလားတူ ပြဿနာတွေ ရင်ဆိုင်နေရပါတယ်။ အဓိက အချက်ကတော့ အဖြေတခုကို ဘယ်လို ရှာမလဲ ဆိုတာပါပဲ။ လွှတ်တော်က မြေယာအခွင့်အရေး ဥပဒေတခု ပြဋ္ဌာန်းလိုက်တာ တွေ့ရတဲ့အတွက် ကောင်းပါ တယ်။ ဒါ အချိန်ကောင်းပါပဲ။

လယ်သမားတွေဟာ လယ်ကွင်းထဲမှာ ဆယ်စုနှစ်များစွာ အလုပ်လုပ်ခဲ့ကြပေမယ့် သူတို့မှာ ပိုင်ဆိုင်မှု အထောက်အထား မရှိကြဘူး။ ဒါကြောင့် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အပေါင်ထားလို့ မရသလို တခြား အဖွဲ့အစည်းတွေ ကနေ ငွေကြေး အထောက်အပံ့ မယူနိုင်ကြဘူး။ လက်ရှိလယ်ယာမြေ ဥပဒေမှာတော့ လယ်သမားတွေဟာ ပိုင်ဆိုင်မှု အထောက်အထား ရရှိနိုင်တဲ့ အတွက် သူတို့ အရင်က လုပ်နိုင်တာတွေ ထက်ပိုပြီး လုပ်နိုင်ကြပါတယ်။ ဒါက ကောင်းမွန်တဲ့ ဥပဒေဖြစ်ပါတယ်။ ဒါပေမယ့်မြေယာ ပိုင်ဆိုင်သူတွေကို မမျှတတဲ့ လျော်ကြေးတွေ ပေးဖို့ ဖွံ့ဖြိုးရေး စီမံကိန်း လုပ်သူတွေကို ဖိအားပေးဖို့ အတွက်တော့ မသုံးစွဲသင့်ပါဘူး။

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ရမယ့် တခြားအရာတွေ အများကြီး ရှိပါတယ်။ ဥပမာ ပြရရင် လမ်းပန်း ဆက်သွယ်ရေး ပေါ့။ အဝေးပြေး လမ်းစနစ် ကောင်းမွန်တိုးတက်မှု ရှိမလာခဲ့ဘူး ဆိုရင် တနေရာကနေ တနေရာကို ကုန်စည် စီးဆင်းဖို့ အတွက် အချိန်တွေ ပိုယူရပါမယ်။

ဖွံ့ဖြိုးတိုးတက်ရေးကြောင့် တချို့လူတွေ အကျိုးအမြတ် ရရှိသလို တချို့လူတွေအတွက်တော့ ထိခိုက်နစ်နာမှု ရှိပါတယ်။ ဒီလူတွေဟာ ဥပဒေအရ မျှတစွာ ဆက်ဆံခြင်း ခံရမယ်လို့ ကျနော်တို့ ဆုံးဖြတ် ရပါလိမ့်မယ်။ တချို့သူ တွေက သူတို့ရဲ့မြေကို ဖွံ့ဖြိုးရေး စီမံကိန်းတွေက ကင်းလွတ်စေချင်တဲ့ အချိန်မှာ ပြဿနာကို ဥပဒေအရ ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ကျနော်တို့ ကြည့်ရပါလိမ့်မယ်။ တကယ်လို့ သူတို့က ပုဂ္ဂိုလ်ရေး အကျိုးစီးပွား အတွက် ဆိုရင်တော့ သူတို့ဘက်က စွန့်လွှတ် ပေးရပါလိမ့်မယ်။

မေး။     ။ အရင်တုန်းကရော အခု အလုပ်လုပ်နေတဲ့ အချိန်မှာရော ဒီလိုမျိုး ပြဿနာတွေ ကြုံခဲ့ဖူးပါ သလား။

ဖြေ။     ။ ကျနော် အရင်က မြေကိစ္စတွေ အများကြီး တွေ့ခဲ့ပါတယ်။ မြေပိုင်တဲ့သူတွေက “လက်ရှိ ဈေးကွက် ပေါက်ဈေး” လိုချင်တယ်လို့ ပြောတယ်။ ဒါပေမယ့် လက်ရှိဈေးကွက် ပေါက်ဈေးဆိုတာက ဘာလဲ။ ဘယ်က လာတာလဲ။ ဥပမာ ဒလမြို့နယ်မှာ စီမံကိန်းတခု လုပ်ဖို့ရှိတယ်။ လူတွေက အဲဒီမှာ မြေတွေ အတင်းလိုက်ဝယ် ကြတယ်။ သူတို့က တယောက်ကို တယောက် ပြန်ရောင်းပြီး ဈေးကို ဖောင်းပွအောင် လုပ်လိမ့်မယ်။ ဒလမြို့နယ် တိုးတက်ဖို့ အတွက် ဒီလူတွေ အရင်က ဘာလုပ်ခဲ့သလဲ။ ဘာမှ မလုပ်ခဲ့ဘူး။ ဒါပေမယ့် ဈေးကစားပြီး အကျိုး အမြတ်တခု လိုချင်ကြတယ်။

ဈေးကွက် ပေါက်ဈေးအတိုင်း လိုချင်တယ်လို့ ပြောတဲ့ လယ်သမားတွေကို ဒီဈေး အတိုင်းပေးဖို့ ဖြစ်နိုင်မလား။ တကယ်လို့ ကျနော်တို့က ပေးခဲ့တယ် ဆိုရင် နောက်ပိုင်းကျတော့ ဒီမြေပေါ်မှာ ဘယ်သူမှ တိုက်ခန်း ဝယ်နိုင်ကြ တော့မှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က လှိုင်သာယာမှာ ကျနော်တို့ အိမ်ရာ စီမံကိန်း စလုပ်တဲ့ အချိန်မှာ ကုန်ကျစရိတ်က ကျပ် ၃ သန်းပဲ ရှိတယ်။ အခုအချိန်မှာ ဈေးကွက် ပေါက်ဈေးက ကျပ်သန်း ၆၀ဝ ဖြစ်နေပြီ။ ဒါကြောင့် စက်မှုဇုန်မှာ ဘယ်သူမှလာပြီး ရင်းနှီးမြှုပ်နှံတော့မှာ မဟုတ်ဘူး။

ဒါကို အစိုးရသိဖို့ လိုပါတယ်။ စီးပွားရေးသမားတွေရဲ့ လိုအပ်ချက်တွေကို သတိပြုဖို့လိုပါတယ်။ တကယ်လို့ ကျနော်တို့က စီမံကိန်းတခုကို အကောင်အထည် ဖော်မယ်ဆိုရင် လယ်သမားတွေကို သင့်တင့်မျှတတဲ့ နစ်နာကြေး ပေးရပါမယ်။ သင့်လျော်တဲ့ လျော်ကြေးကို သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းတခု ရှိသင့်ပါတယ်။

မေး။     ။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်က ပူဖောင်းလိုဖြစ်နေတယ်လို့ ထင်ပါသလား။

ဖြေ။     ။ ပူဖောင်းဖြစ်လာရတာက ဈေးကွက်ထဲက ဝယ်လိုအား အတုတွေကြောင့် ပါ။ ဒါက ဈေးကွက် အစစ် မဟုတ်ပါဘူး။ ဈေးကစားတဲ့ ဈေးကွက်ပါ။ ကျနော်တို့မှာ လုပ်သားအင်အား အဓိကထားတဲ့ လုပ်ငန်းကဏ္ဍ ခိုင်ခိုင်မာမာ ရှိပါတယ်။ ဒါပေမယ့် နည်းပညာမြင့်တဲ့ လုပ်ငန်းကဏ္ဍအတွက် ကျနော်တို့ မှာ အခြေခံ အဆောက်အအုံ မရှိဘူး။ အလုပ်သမား အင်အား အဓိကထားတဲ့ လုပ်ငန်းကဏ္ဍက ဈေးကြီးတဲ့ မြေနေရာတွေကို သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီပူဖောင်းက ကွဲကို ကွဲထွက်ပါလိမ့်မယ်။

လူနေရပ်ကွက်တွေမှာ ဝယ်လိုအားအနည်းငယ် ရှိပါတယ်။ ဒါပေမယ့် ဈေးကြီးတဲ့ မြေပေါ်မှာ ဆောက်လုပ်ရေး စံနှုန်း သတ်မှတ်ချက်တွေ အတိုင်း တိုက်ခန်းတွေ ဆောက်မယ် ဆိုရင် ဝယ်သူတွေ ဝယ်နိုင်ကြပါမလား။ အဲဒါတွေကို ဘယ်သူဝယ်မလဲ။ ဝယ်သူတွေက ပေးနိုင်နေတာနဲ့ အမျှ ဒါက ဆက် သွားနေမှာပဲ။ ဒါပေမယ့် သူတို့ မဝယ်နိုင်တဲ့ အချိန် ရောက်ရင်တော့ ပူဖောင်း ကွဲသွားလိမ့်မယ်။

မေး။     ။ မြန်မာနိုင်ငံမှာ ပြည်သူတွေက မြေအတွက် မတန်တဆ ဈေးနှုန်းတွေ ပေးနေတုန်းပဲလား။

ဖြေ။     ။ ဟုတ်ပါတယ်။ လူနေရပ်ကွက်တွေမှာ ဒီ ပမာဏကို ပေးနိုင်တဲ့သူ အချို့ ရှိနေတုန်းပါပဲ။ ဥပမာပြောရရင် သန်လျင် မြို့နယ်က ကျနော့်ရဲ့ ကြယ်စင်အိမ်ရာ စီမံကိန်းမှာ မြေဈေးက ၁ စတုရန်း ပေကို ကျပ် ၁၅၀ဝဝဝ လောက်ရှိပါတယ်။ ကျနော်တို့ရဲ့ အတွေ့အကြုံ အရတော့ (ဝယ်သူတွေပေးနိုင်တဲ့) အမြင့်ဆုံးဈေး ဖြစ်ပါတယ်။

ရုံးခန်း ငှားရမ်းခ ကလည်း နောက်ထပ်ကိစ္စ တခု ဖြစ်ပါတယ်။ ရန်ကုန်မှာ ငှားရမ်းခတွေက စင်ကာပူထက်ကို မြင့်နေပါ တယ်။ ရောင်းလိုအား နည်းပြီး ဝယ်လိုအားက များနေတဲ့ အတွက် ဆက်ပြီးမြင့်တက် နေတာ ဖြစ်ပါတယ်။ မြို့လယ် ပိုင်းမှာ ငှားရမ်းခက ၁ စတုရန်းပေကို ၉ ဒေါ်လာရှိပါတယ်။ လူတချို့ကတော့ ပေးနိုင်ကြတယ်။ အများစု ကတော့ မပေးနိုင်ကြ ပါဘူး။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading