၂၀၁၁ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက် မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် မီဒီယာ ပြုပြင်ပြောင်းလဲရေးလည်း တခုအပါအဝင် ဖြစ်ခဲ့သည်။ ထင်ထင်ရှားရှား ဥပမာများမှာ စာပေစိစစ်ရေး မရှိတော့ခြင်း၊ ပြည်ပအခြေစိုက် မီဒီယာများ ပြည်တွင်းတွင် အခြေချခွင့် ပေးလာခြင်း၊ ပုဂ္ဂလိကနေ့စဉ် သတင်းစာများ ထုတ်ဝေခွင့် အစရှိသဖြင့် ဖြစ်သည်။ ထိုသို့ မီဒီယာပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့သော်လည်း မြန်မာပြည်သည် မီဒီယာသမားများကို ထောင်အချဆုံး ၁၀ နိုင်ငံထဲတွင် ပါဝင်နေသည်ဟု ဝေဖန်ခံနေရသည်။
ထို့ကြောင့် လက်ရှိ ပြန်ကြားရေးဝန်ကြီးလည်း ဖြစ်၊ သမ္မတ ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်သူ ဦးရဲထွဋ်ကို မြန်မာပြည် ပြုပြင်ပြောင်းလဲမှု အရွေ့၊ ဒီမိုကရေစီရေး အကောင်အထည်ဖော်မှု၊ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ (Public Service Media-PSM) များအဖြစ် အစိုးရပိုင် မီဒီယာများကို ပြောင်းလဲမည့် အခြေအနေ ရှိ၊ မရှိ၊ ရင်ဆိုင်ရနိုင်သည့် အခက်အခဲများ အစရှိသည်တို့ကို ဧရာဝတီအယ်ဒီတာများက နေပြည်တော် ပြန်ကြားရေး ဝန်ကြီးရုံးတွင် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ လက်ပံတောင်းက ဒေါ်ခင်ဝင်းကိစ္စ ဖြစ်သွားတာဟာ အစိုးရအနေနဲ့ သဘောထား ပိုပြီး တင်းမာလာတယ်လို့ ယူဆလို့ ရမလား။
ဖြေ။ ။ ကျနော်တို့ အစိုးရအနေနဲ့ ပိုပြီးတော့ သဘောထား တင်းမာသွားလား ဆိုတဲ့ အယူအဆကို ကျနော် ငြင်းပါတယ်။ လက်ပံတောင်းမှာ ကျနော်တို့ သင်ခန်းစာ ဘာရလဲ ဆိုတော့ ဒီလို စီမံကိန်းကြီးမျိုးတွေမှာ မူလ စကတည်းက ကျနော်တို့က လူထုနဲ့ ပတ်ဝန်းကျင် ထိခိုက်မှုတွေကို ကျနော်တို့ သေသေချာချာ လေ့လာ စူးစမ်းမှု လုပ်သင့်တယ်။ ဒေသခံတွေကို စီမံကိန်းရဲ့ အကျိုးအပြစ်တွေ နားလည်အောင် ပြောပြီးမှ လုပ်ဆောင်တာမျိုးက ပိုပြီးတော့သင့်တော်တယ် ဆိုတဲ့ သင်ခန်းစာ ကျနော်တို့ ရလိုက်တယ်။ ဒါကြောင့် ခင်ဗျားတို့ တွေ့ပါလိမ့်မယ်၊ နောက်ပိုင်းမှာ ကျနော်တို့ အစိုးရရဲ့ လုပ်ဆောင်ချက် အားလုံးက ကျနော်တို့ ဒီ MOU ထိုးပြီးရင် EIA ကအစ လေ့လာရမယ်၊ ဖြစ်နိုင်ခြေ လေ့လာရမယ်။ ပြီးတော့မှ အဲဒီအပေါ် မူတည်ပြီးတော့မှ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တင်ပြမယ်၊ ဒီလိုမျိုးနဲ့ ကျနော်တို့ သွားတယ်။
လက်ပံတောင်းမှာ ကျနော်တို့ဖြစ်ခဲ့တာ၊ ပထမအကြိမ်ဖြစ်ခဲ့တဲ့ ဖြစ်စဉ် တွေရှိတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးမှ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ကော်မရှင်ဖွဲ့တယ်။ ကော်မရှင်ရဲ့ တွေ့ရှိချက်အပေါ် မူတည်ပြီးတော့မှ အကောင်အထည် ဖော်မယ့် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ခေါင်းဆောင်တဲ့ ကော်မတီအဖွဲ့ ရှိနေတယ်၊ ဆိုလိုချင်တာက ပထမအကြိမ် ဖြစ်ရပ်နဲ့ အခုအချိန် ဖြစ်ရပ်နဲ့ ကျနော်တို့ ထပ်တူ ပြောလို့တော့မရဘူး။
ကျနော်တို့သည် ဒီပြဿနာနဲ့ ပတ်သက်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအရ၊ လူမှုဝန်းကျင် ထိခိုက်မှုအရ၊ ကျေးရွာရဲ့ ဖွံ့ဖြိုးမှုလိုအပ်ချက် အရ ဘယ်လိုနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ မူဘောင်တွေက ကျနော်တို့ ရှိပြီးသား ဖြစ်ပါတယ်။ အဲဒီမူဘောင်ထဲက ကျနော်တို့ဖြေရှင်းတာလည်း ၈၀ ရာခိုင်နှုန်း နီးပါးလောက်က သဘောတူ လက်ခံလိမ့်မယ်၊ အနည်းစုတော့ ကျန်နေသေးတယ်။ ဒီအနည်းစု ကျန်တဲ့ဟာကို ဖြေရှင်းဖို့အတွက်က ကျနော်တို့ကတော့ ဒီမူဘောင်ထဲကပဲ ဖြေရှင်းဖို့ လိုလားတာပေါ့။
ဖြစ်နေတာကတော့ တင်းမာမှု ပိုပြီးတော့ မြင့်သထက်မြင့်အောင် လာပြီးတော့ နှိုးဆွတဲ့ ဖြစ်ရပ်မျိုးတွေလည်း ကျနော်တို့ တွေ့နေရတယ်။ ကိုယ်ထိလက်ရောက် ရဲကို ပြုမူတဲ့ ကိစ္စမျိုးတွေ၊ ဒါမျိုးတွေလည်း ဖြစ်နေတော့ ဆိုလိုတာက ဒါသည် နောက်ကြောင်းပြန်ခြင်းနဲ့ မဆိုင်ဘူး။ ဒီအခြေအနေ တခုမှာ နှစ်ဘက်ရင်ဆိုင်တဲ့၊ ထိပ်တိုက်ရင်ဆိုင်တဲ့ နှစ်ခုကြားမှာ ကျနော်တို့ တဘက်နဲ့တဘက် ကျင့်သုံးတဲ့ နည်းလမ်းတွေကြောင့်လည်း ဒီကြေကွဲဖွယ် ဖြစ်ရပ် ဖြစ်ရတယ်လို့ ကျနော်တို့ မြင်တယ်။
နောက်ဆုံးအချက်ကတော့ အခု ဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေး ဌာနကရော၊ တိုင်းဒေသကြီး ကရော လိုအပ်တဲ့စိစစ်မှုတွေ လုပ်သွားမယ်။ ဆိုလိုတာက ရဲတပ်ဖွဲ့သည် အင်အားသုံးရတဲ့ အဆင့်ရောက်တဲ့ အခါမှာ သူသည် လုပ်သင့်လုပ်ထိုက်တဲ့ နည်းလမ်းတွေနဲ့ လုပ်ခဲ့သလား၊ ဘယ်လို အခြေအနေမျိုးကြောင့် သူတို့သည် အင်အားသုံးပြီး ထိန်းသိမ်းဖို့၊ လူစုခွဲဖို့ ဆုံးဖြတ်ခဲ့ရသလဲ။ ဒါတွေအားလုံး သေချာ ပြန်စိစစ်မယ်။
အခုဆိုရင် ရဲရဲ့ တင်ပြချက်မှာဆိုရင် ကုမ္ပဏီ အလုပ်သမား ၁၀ ယောက် အဖမ်းခံရတယ်ဆိုတဲ့ သတင်း အချက်အလက်တွေ ပါတယ်။ တကယ် အဖမ်းခံရသလား၊ အဖမ်းခံရလို့ ကယ်ထုတ်ခဲ့ ရသလား။ ကယ်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာ ဘယ်လိုအန္တရာယ် ပြုမှုနဲ့ ရင်ဆိုင်ရလို့ သူတို့ပစ်ခဲ့ရသလဲ။ ပစ်ခဲ့ရတဲ့ အခါမှာ ရော်ဘာ ကျည်ဆံနဲ့ ပစ်သလား။ ဘယ်ကို ချိန်ရွယ်ပြီး ပစ်သလဲ။ ဒီလို ဟာမျိုးတွေ ကျနော်တို့ပြန် စိစစ်ပြီးမှ ကျနော်တို့ ကောက်ချက် တခု ချနိုင်မယ်။ ဒါပေမယ့် ကျနော်တို့ဒီမှာ တိုက်တွန်းချင်တာက ဖြေရှင်းရမယ့် မူဘောင်ရှိနေတဲ့ အတွက်ကြောင့် ဒေသခံတွေ အနေနဲ့ ဒီမူဘောင်ထဲကနေ မိမိ လိုချင်တဲ့ အခွင့်အရေးကိုရဖို့ ကျနော်တို့် တောင်းဆိုစေချင်တယ်။ ကိုယ်ထိလက်ရောက် သွားပြီးတော့ ရဲကိုဓားနဲ့ လုပ်တာတို့၊ ခဲနဲ့လုပ်တာတို့ မျိုးကျရင်တော့ ဟိုဘက်က ဥပဒေ စိုးမိုးရေး လုပ်ရတဲ့ လူတွေ အနေနဲ့ ကလည်း မလွှဲမရှောင်သာ တုန့်ပြန်ရတဲ့အခါမှာ ဒီလိုကြေကွဲဖွယ် ဖြစ်ရပ်တွေဖြစ်တာပေါ့။ ရဲဘက်မှာလည်း ကျနော် ထင်တယ်၊ မျက်လုံး ထွက်သွားတဲ့ လူတွေရှိတယ် ပြောတယ်၊ ခွမှန်ပြီးတော့။ အသေးစိတ် အချက်တော့ မသိရသေးဘူး။ ဘယ်ဘက်ကပဲ ဖြစ်ဖြစ် ဒါကတော့ ကြေကွဲဖွယ်ကိစ္စ ဆိုတော့ ကျနော်တို့ တတ်နိုင်သလောက် ရှောင်ရှား ချင်ပါတယ်။
မေး။ ။ နောက်မေးခွန်းက လွှတ်တော်ကနေ တောင်းဆိုလိုက်တဲ့ ၆ ပွင့်ဆိုင်ဆိုတဲ့ ကိစ္စပေါ့၊ နောက် … သမ္မတကြီး လုပ်ခဲ့တဲ့ ၁၄ ပွင့်ဆိုင်ပေါ့၊ ဆိုတော့ တဘက်က တောင်းဆိုတဲ့ကိစ္စက လူများလို့ရှိရင် စကား ပြောရတဲ့ အခါမှာ ပိုပြီးတော့ ကျယ်ကျယ်ပြောရတယ်ပေါ့၊ လူနည်းတဲ့အခါကျတော့ ပိုပြီးတော့ ရှင်းရှင်းလင်းလင်းနဲ့ ပြောလို့ဆိုလို့ ရမယ်ဆိုတဲ့ တောင်းဆိုချက်မျိုး ရှိနေတယ်၊ အဲဒီ တွေ့ဆုံဆွေးနွေးတဲ့ ကိစ္စက ဘယ်လို ဆက်ဖြစ်လာမလဲ။
ဖြေ။ ။ ကျနော်တို့ ကတော့လည်း ၁၄ ပွင့်ဆိုင်ဆိုတာ အဖွဲ့ကြီး ၅ ဖွဲ့လို့ သုံးတာပေါ့။ နိုင်ငံရေးပါတီ ဆိုတဲ့ အောက်မှာ ပါတီကြီးတွေ ပါမယ်၊ လွှတ်တော်ထဲကို မရောက်သေးတဲ့ ပါတီတွေရှိမယ်၊ နောက်တခါ တိုင်းရင်းသားတွေ အလိုက် ညီနောင် ပါတီဖွဲ့ထားတဲ့ အုပ်စုတွေရှိမယ်။ ဒီလူတွေရဲ့ ကိုယ်စားလှယ်တွေ ကျနော်တို့ ပါစေချင်တယ်။ ဘာကြောင့် ကျနော်တို့ ပါစေချင်လဲ ဆိုတော့ ကျနော်တို့ နှစ်ပေါင်းများစွာ ပေါ့ဗျာ၊ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို ပြန်ကြည့်လိုက်ရင် ထိပ်သီးတွေ ချည်းပဲ တွေ့ဆုံဆွေးနွေး ပြီးတော့မှ အဖြေရှာဖို့ လုပ်ခဲ့တာ၊ ဒါပေမယ့် ဘယ်တော့မှ အဖြေမရဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ ဒီအပေါ်မှာရှိတဲ့ အဓိက အင်အားစုတွေလို့ ပြောပေမယ့် အောက်မှာ မကျေနပ်တဲ့လူ ရှိနေရင် တခါ ထပ်ပြီးတော့မှ နည်းလမ်းတခုပေါ့နော်၊ မြေပေါ် ဖြစ်ရင်ဖြစ်မယ်၊ မြေအောက် ဖြစ်ရင်ဖြစ်မယ်။ လက်နက် ကိုင်မယ်၊ ဒီလို ပြန်ရွေးရင် ပဋိပက္ခက ပြန်ပြီးရှိမယ်။ အခုလည်း ခင်ဗျားတွေ့ပါလိမ့်မယ်၊ တချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဆိုရင် တဖွဲ့က အဓိကခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေး လုပ်တဲ့အခါမှာ၊ တခါ မကျေနပ်တဲ့ သူတွေက ပြန်ခွဲထွက်၊ နောက်ထပ်တခါ လက်နက်ကိုင် ပုန်ကန်မှု တခုလုပ် ဆိုတော့၊ ဒီလိုမျိုးတွေ ဖြစ်တော့ နံပါတ်တစ်ကတော့ ကျနော်တို့ သမ္မတကြီးရဲ့ယုံကြည်ချက် ကတော့ တတ်နိုင်သမျှ ပါဝင်သင့်တဲ့ သူတွေ အားလုံး ပါဝင်ပြီးတော့ ဆွေးနွေးမှရမယ် ဆိုတဲ့ အခြေခံမူကို ကျနော်တို့ ဆွဲကိုင်ထားတယ်။
ဒုတိယအချက် ကတော့ တောင်အာဖရိကနဲ့ ဥပမာပေးပြီး ပြောတာရှိမယ်၊ တောင်အာဖရိက မှာတော့ မင်ဒဲလားနဲ့ ဟိုဘက်က လူဖြူ အစိုးရ။ တောင်အာဖရိကမှာ အဓိက အင်အားစုကြီး ၃ ခုရှိတယ်။ လူဖြူအစိုးရရယ်၊ လူမည်းတွေရဲ့ ANC ခေါင်းဆောင်တဲ့ လူမည်းအုပ်စုရယ်၊ ပြီးရင် ဇူးလူးဆိုတာ ရှိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူတို့က ဇူးလူးကိုထည့် ပြီးတော့ မစဉ်းစားခဲ့ဘူး။ နှစ်ယောက်ကိုပဲ ဆွေးနွေးတဲ့ အတွက်ကြောင့် ခင်ဗျားပြန်ကြည့်လိုက်ရင် လူဖြူ အစိုးရနဲ့ဒီ ANC နဲ့ သဘော တူပြီးတော့မှ ပြုပြင် ပြောင်းလဲရေး စလုပ်မယ်ဆိုတော့ ဇူးလူးနဲ့ လူမည်းတွေကြားထဲမှာ ပဋိပက္ခတွေ အရမ်း ဖြစ်တယ်။ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးတော့မှ ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းကြီးတောင် ရပ်မလိုဖြစ် သွားတယ်၊
အဲဒီတော့ ဟိုမှာ ၃ ခု ရှိတာတောင် ၁ ခုကို ပယ်လိုက်တဲ့အခါမှာ အတော် ပြဿနာ တက်တယ်။ ကျနော်တို့မှာက အဖွဲ့တွေကလည်း အများကြီး၊ အကျိုးစီးပွား တွေကလည်း အများကြီးဖြစ်တော့ တတ်နိုင်သမျှ ကျနော်တို့ကတော့ များများ ပါစေချင်တယ်။ များများပါစေချင်တဲ့ အထဲမှာ ပါတီ ၆၇ ပါတီလို့ ဆိုတဲ့ သူတို့အုပ်စုလိုက် ဖွဲ့ထားတဲ့ ခုန UNA တို့၊ ညီညွတ်သော တိုင်းရင်းသားများ ညီနောင်အဖွဲ့တို့ ဆိုတဲ့အုပ်စုတွေက ကိုယ်စားလှယ် တက်ရင် အရေအတွက်ကို လျှော့ချလို့ရမယ်။ သို့သော် သူ့အုပ်စုလိုက်သူတော့ မန်းဒိတ် ပါလာမှာပေါ့။ ဒီလိုမျိုး ကျနော်တို့က လုပ်ချင်တယ်။ ဒါမှသာလျှင် ကျနော်တို့က ရှေ့ကိုရွေ့လို့ရမယ်။ မဟုတ်ရင် ဒီ ၄ ယောက်က သဘောတူပြီး ပြင်လိုက်ပြီဆိုပါတော့၊ အဲဒါကို နောက်တခါ အဲဒီလူတွေနဲ့ ပြန်ဆွေးနွေးတဲ့အခါ၊ ဒါမှမဟုတ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ကျနော်တို့ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးတဲ့အခါ ဟာ … အဲဒီတုန်းက သဘောတူထားတဲ့ အချက်တွေ ကျနော်တို့ သဘောမတူပါဘူး ဆိုရင် ဘာဖြစ်မလဲ၊ ကျနော်တို့ တစ်က ပြန်စရဦးမှာပဲ။
အဲဒီတော့ တစ်က ပြန်စဖို့ ရှောင်နိုင်ဖို့ကတော့ ကျနော်တို့ တတ်နိုင်သမျှ များများပါစေချင်တာပေါ့။ ကျနော် ထင်တယ်လေ၊ ပါပြီးတော့မှ ကျနော်တို့ စကားပြောမယ်။ ပြီးရင် အဓိက မူဘောင်တခု ထွက်မယ်ဆိုရင် ပူးပေါင်းလို့ မြန်သွားမယ်။ ဒါပေမယ့် ချန်ထားခဲ့ပြီးမှ ဒီပုံစံအတိုင်း ဝင်ရမယ်လို့ ကျန်တဲ့သူတွေကို ပြောမယ်ဆိုရင် ကျနော် ထင်တယ်၊ အခက်အခဲ ပိုများမယ်၊ ဒါကြောင့်မို့ ကျနော်တို့က များများ ပါစေချင်တာ။
မေး။ ။ ဒါဆို ဒီ ၁၄ ပွင့်ဆိုင်က ထပ်ပြီးတော့ နောက်တခေါက် ထပ်ဖြစ်ဖို့ ရှိနေသေးတယ်ပေါ့။
ဖြေ။ ။ အခုတော့ဗျာ၊ ကျနော်တို့က အဆိုပြုချက်တွေ အများကြီးပါတော့ အရှိန်တန့်သလို ဖြစ်သွားတာပေါ့။ အမှန်တော့ ကျနော်တို့ရဲ့ ပထမဆုံး ဟာကတော့ ရှင်းရှင်းပြောရင် Ice Breaking ပေါ့ဗျာ။ မတွေ့သေးတဲ့ သူတွေကြားထဲမှာ တွေ့လိုက်မယ်။ တွေ့လိုက်ရင် Opening ပေါ့ဗျာ။ တယောက်ရဲ့အကြောင်း တယောက် သိသွားမယ် ဆိုတော့ ပြန်သွား ကြမယ်။ ပြန်သွားပြီးတော့ ကိုယ့်ပါတီ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ပါတီအစုအဖွဲ့ပေါ့၊ မဟာမိတ်အဖွဲ့တွေ ကြားမှာ ပြန်ရှင်းပြမယ်။ Mandate ယူမယ်၊ ပေါ်လစီယူပြီးရင် ပြန်လာကြမယ်ပေါ့။ ပြန်လာတဲ့အခါမှာ ကျနော်တို့ဖိတ်တဲ့ ဥပမာ ဆိုပါတော့ဗျာ၊ UNA မှာ ကျနော်တို့က အရင်တုန်းက တယောက်ပဲ ဖိတ်တယ်။ ဒါပေမယ့် သူတို့ဆုံးဖြတ်တဲ့ အခါမှာ တယောက်အစား နှစ်ယောက်၊ သုံးယောက် လာချင်လာမယ်။ USDP ကလည်း တမျိုးဖြစ်နေမှာဘဲ၊ NLD ကလည်း တမျိုးဖြစ်နေတယ်။ အဲဒီလို ဆိုလို့ရှိရင် မဏ္ဍိုင်ကြီး ကတော့ ကျနော်တို့ ၅ ခုပဲ ဖြစ်မယ်။ အရေအတွက်က တိုးကောင်းတိုးမယ်၊ လျော့ကောင်း လျော့မယ်။ ဒီလိုမျိုးနဲ့ ကျနော်တို့ စဉ်းစားခဲ့တာ။
မေး။ ။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ Dialouge ၊ တွေ့ဆုံဆွေးနွေးရေး ဆိုပြီး တောက်လျှောက် တင်ခဲ့တယ်။ တကယ် လက်တွေ့မှာ ဘာမှ မဖြစ်ခဲ့ဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့တယ်၊ အဲဒီတုန်း ကလည်း ဗိုလ်ချုပ်ကြီး မောင်အေးတို့ ပါတယ်။ ဦးခင်ညွန့် ပါတယ် ပေါ့နော်။ နောက်ပိုင်းမှာလည်း ဆက်တွေ့တယ်။ အဲဒါ ၁၉၉၅/ ၉၆ လောက်ကတည်းက တွေ့တာ နောက်ဆုံး ၁၄ ယောက်ပေါ့။ ဒီတွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ အပေါ်မှာ လုပ်နေတဲ့၊ ပါနေတဲ့ သူတွေက တကယ်ကော ယုံယုံကြည်ကြည် ရှိရဲ့လား၊ ဟန်ပြ လုပ်နေသလား။ အဲဒီဟာကတော့ မြန်မာနိုင်ငံသားတွေ အတွက် မေးခွန်းတခုပါ။
ဖြေ။ ။ အားလုံးကတော့ တွေ့ဆုံဆွေးနွေးဖို့ လိုတယ်ဆိုတာကို လက်ခံထားတယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒုတိယက ဘာလဲ ဆိုတော့ ပြဿနာက၊ တွေ့တဲ့ အခါမှာ စည်းတခုပေါ့ဗျာ။ အတိတ်က တယောက်နဲ့ တယောက် ရှိနေခဲ့တဲ့ သံသယတွေက အတားအဆီး ဖြစ်နေတယ် ထင်တယ်။ ဒါကြောင့်မို့ သမ္မတကြီးက ပထမဦးဆုံး ဟာကို Ice Break လုပ်ချင်တာ။ ငြိမ်းချမ်းရေးကိစ္စဆို အခုကြည့်လိုက်၊ ကျနော်တို့နဲ့ တိုင်းရင်းသားတွေနဲ့ ဒီလိုပဲလေ။ ဟိုတုန်းက စားပွဲဝိုင်းမှာတောင် မဆုံဖြစ်ဘူး။ စားပွဲဝိုင်းမှာ စဆုံတယ်၊ ပြောတယ်၊ ပြောတယ်၊ များလာတော့ ဒီထက်ပို ပွင့်ပွင့်လင်းလင်း ပြောဖြစ်တယ်။ ဒီလိုမျိုး အတွေ့အကြုံကို ကျွန်တော်တို့ Apply လုပ်ချင်တာပေါ့။
သို့သော် မဖယ်ရှားနိုင်တာက တယောက်နဲ့ တယောက်ကြားမှာ ရှိနေတဲ့ သံသယတွေ၊ Interest တွေ၊ ကိုယ့်ရဲ့ Interest တွေကို လျှော့ဖို့၊ ကိုယ့်ရှိနေတဲ့ သံသယ တွေကို ဖယ်ရှားဖို့။ အဲဒါကြောင့်မို့ ကျနော်တို့က ပထမအကြိမ်တွေ့မယ်၊ ဒုတိယ အကြိမ် တွေ့မယ်၊ များများထိတွေ့မှ သဘောတရားကို နားလည်မယ်။ အစည်းအဝေးခန်းထဲမှာ ပြောတာရှိမယ်၊ Conference Diplomacy ပေါ့၊ အပြင်မှာ စားရင်းသောက်ရင်းနဲ့ အလွတ်သဘော ပြောတာ ရှိမယ်။ အဲဒါတွေကနေ နွေးထွေးမှုကို အရင်စလုပ်ရမယ်။ နွေးထွေးမှု စလုပ်ပြီးတော့မှ Framework က ဖြစ်မယ်။ Framework ဖြစ်တော့မှ အဲဒီ Framework ထဲမှာ ကျနော်တို့ တိတိကျကျ သွားလို့ရမယ်။ ဘယ်ခေါင်းစဉ်၊ ဘယ်ခေါင်းစဉ်ဆိုတာ။ အခုဟာက ဒီ Ice Break ပေါ့နော်။ ဒီ အေးစက် နေတာကို ကျနော်တို့ ကျော်လွှားနိုင်အောင် လုပ်တဲ့ဟာမှာကို ဆက်သွားဖို့က နောက်ထပ် သီအိုရီတွေ တခါ ထပ် ပေါ်လာလိုက် ဆိုတော့ ဒီသံသယတွေ ထပ်ဖြစ်လာလိုက်၊ အဲဒီလို ပြန်ပြန် ဖြစ်နေတယ်။
မေး။ ။ ၂၀၁၁ ခုနှစ် ပြောင်းလဲမှု တွေ စလုပ်တဲ့အချိန်မှာ ကျနော်တို့တတွေ ပြန်လာ ကြတယ်။ ကျန်တဲ့သူတွေလည်း အများကြီး ပြန် လာကြတယ်။ ၂၀၁၁၊ ၂၀၁၂၊ နောက်ဆုံး ၂၀၁၃ ဝန်းကျင်လောက် အထိကို နိုင်ငံတကာ ဘက်ကရော၊ မြန်မာတွေ အနေနဲ့ကော ပြုပြင်ပြောင်းလဲမှု Reforms သွားနေတယ်၊ တိုးတက်နေတယ်လို့ မြင်ကြတယ်။ ဒါပေမယ့်ဒီဘက် ၂၀၁၄ နောက်ပိုင်း မှာတော့ တုံ့သွားပြီတို့၊ တချို့က နောက်ပြန်ဆွဲနေ ပြီတို့၊ ရပ်နေပြီတို့ ရှေ့သွားဖို့ နေနေသာသာပေါ့။ အဲဒီလိုပြောလာတဲ့ အခြေအနေမျိုးကို ဝန်ကြီး ဘယ်လိုမြင်လဲ။
ဖြေ။ ။ အဲဒါတော့ ကျနော် မြင်တယ်ဗျ။ အဲဒီမှာ လူတွေက ဘာဖြစ်လို့ပြောလဲဆိုတော့ ပထမပိုင်းမှာ ဖြစ်ခဲ့တဲ့ Reform Process အများစု က ကျနော်တို့ အစိုးရ တခုတည်း လုပ်လို့ရတဲ့ကိစ္စတွေ၊ ဥပမာ အကျဉ်းသားတွေ ကျနော်တို့ လွှတ်ပေးမယ်၊ Censorship ကို ဖြုတ်မယ်၊ နောက်တခါ ကျနော်တို့က လူတွေ တော်တော် များများကို ပြန်လာခွင့်ပြုမယ်။ စီးပွားရေးဆိုင်ရာ ဥပဒေတွေ ပြောင်းလဲတယ်၊ လုပ်ထုံး လုပ်နည်း တွေ ပြောင်းလဲတယ်။ အဲဒါတွေ အများစုက အစိုးရ တခုတည်းက လုပ်လို့ရတဲ့ဟာတွေဖြစ်တယ်။ အခုက ကျတော့ ကျနော်တို့တခုတည်း လုပ်လို့ရတဲ့ ကိစ္စတွေ မဟုတ်တော့ဘူး။ ဒီ Stakeholders တွေ အားလုံးနဲ့ ပေါင်း လုပ်ရတဲ့ ကိစ္စတွေ ဖြစ်လာတယ်။ ဆိုလိုတာက၊ ဥပမာ – ကျနော်တို့က နိုင်ငံရေးသမားတွေကို လွှတ် ပေးလိုက်တယ်။ အဲဒီလူတွေ နိုင်ငံရေး လောကထဲကို ဝင်လာတဲ့အခါမှာ ဘယ်လိုပုံစံနဲ့ ဝင်ပြီးတော့မှ သူတို့က ဒီ ပြုပြင်ပြောင်းလဲမှုမှာ ဘယ်လိုအခန်းကဏ္ဍနဲ့ ဝင်မယ်ဆိုတာ ကျနော်တို့က ညှိလို့ မရတော့ဘူး။ ပြီးရင် ကျနော်တို့က ယုံကြည်မှုရှိလာလို့ ခက်ခဲတဲ့ ကိစ္စဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်တွယ်တော့မယ်၊ ပြင်ဆင်ရေးကို ကိုင်တွယ်တော့မယ်။ ပြင်ဖို့တော့သဘောတူတယ်။ ဒါပေမယ့် လက်တွေ့ကျ တော့ တယောက်နဲ့ တယောက်က ဘယ်လိုမှ သဘော မတူနိုင်တော့ဘူး။ အဲဒါတွေမှာ ညှိရတာ ပိုများလာတယ်။ များလာတဲ့ အခါကျတော့ လူတွေ ထင်တာက အားမလိုအားမရ ဖြစ်လာတယ်။ ဒါကတော့ တကယ့်အခြေ အနေ။ ကျနော်တို့ချည်းပဲ လုပ်လို့ရတဲ့ ကိစ္စတွေ မဟုတ်တော့ဘူး။ အခု ဖြစ်နေတဲ့ ကိစ္စတွေ၊ ငြိမ်းချမ်းရေး၊ အားလုံးနဲ့ ညှိရတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဟုတ် လား၊ ခင်ဗျားတို့၊ ကျနော်တို့ … နောက်ဆုံးမှာဗျာ မီဒီယာ ပြုပြင်ပြောင်းလဲရေးတောင်မှ ဖွင့်ပေးတုန်း က ကျနော်တို့ ဖွင့်ပေးလို့ရတယ်။ ဒါပေမယ့် ကျင့်သုံးတဲ့ သူတွေက ကျင့်ဝတ်ပိုင်း ဆိုင်ရာတို့ အတတ်ပညာပိုင်းဆိုင်ရာတို့ ကျန်တဲ့လူတွေနဲ့ ကျနော် တို့ ညှိရတာတွေ ပါလာတယ်။ ဒီလိုကိစ္စတွေမှာ ကျတော့ ကျနော်တို့ ၤနနိဘခေု တွေ ပြန်ယူရတာ ရှိတယ်၊ ပြန်ညှိရတာတွေ ရှိတယ်။ ညှိရတာတွေ များလာတော့ အရှိန်နှေး သွားတာပေါ့ဗျာ။ ဒါက ပကတိ ဖြစ်တဲ့အခြေအနေ။ နံပါတ်နှစ်က လူတွေရဲ့ စိတ်ခံစားမှု။ ပထမ ကျနော်တို့ စပြီးတော့ ပြုပြင် ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ အချိန်တုန်းက ဘယ်သူ မှ မယုံဘူး။ သုံးလေးခါ ကျတော့ လူတွေက ယုံလာပြီးတော့ မျှော်လင့်ချက်တွေ အရမ်းများလာတယ်။ ဒါပေမယ့် ကျနော်တို့ အစိုးရကျတော့လည်း ကျန်တဲ့ ဒီမိုကရေစီ အစိုးရတွေလိုပဲ ကျနော်တို့ အာဏာနဲ့ ချည်းပဲ လုပ်လို့မရတဲ့ ကိစ္စတွေ အများကြီးရှိတယ်။ ကျနော်တို့ တွေ့တဲ့ဟာတွေက ညှိရတာတွေ အများ ကြီးရှိတယ်။
ညှိတဲ့အခါကျတော့ လူတွေက အားမလို အားမရ ဖြစ်တာပေါ့။ အားမလိုအားမရ ဖြစ်တဲ့အခါကျတော့ မြင်လာတော့ ဘယ်သူ့မြင်လဲဆိုတော့ ကျနော်တို့ကိုပဲ မြင်တယ်။ ဟာ ဒီအစိုးရ မလုပ်နိုင်ဘူးလားပေါ့။ သို့သော်ကျနော်ပြောမယ်၊ အစိုးရကလည်း အာဏာရှင်အစိုးရ မဟုတ်ဘူး။ ဒီမိုကရေစီ အစိုးရဖြစ်တဲ့အတွက် ကြောင့် သူသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲ ကနေ ညှိနှိုင်းပြီး လုပ်ရတဲ့အတွက်ကြောင့် အပေး အယူတွေ အလျှော့အတင်းတွေ ရှိတယ်။ ဆိုတော့၊ လူတွေက ဒီလိုဖြစ်ကုန်တယ်။ အဲဒီ မျှော်လင့်ချက်က မြင့်နေတဲ့ဟာနဲ့ နောက်က လိုက်လာတဲ့ဟာကြားမှာ ကွာနေတဲ့အခါကျတော့ သံသယဝင်လာတယ်။ အဲဒီ သံသယ ဘယ်သူ့အပေါ်ပုံကျလည်းဆိုတော့ အများ ရှေ့မှာ ထွက်လုပ်နေရတဲ့ ကျနော်တို့ အစိုးရအပေါ် ပုံကျလာတာပေါ့။ ဒီလိုမျိုး ရှိပါတယ်။ ဒါပေမယ့် ကျနော် ထင်တယ်လေ၊ ကျနော်တို့က သွားနေတာ။
မေး။ ။ အခု Reform တွေထဲမှာ မီဒီယာ Reform လည်းလုပ်လာတယ်။ ဒါပေမယ့် အခု ဝေဖန်သံတွေ ကြားနေရတာက မြန်မာနိုင်ငံက ဂျာနယ်လစ်တွေကို ထောင်အချဆုံး ၁၀ နိုင်ငံထဲမှာ ပါနေတယ်ပေါ့။ အဲဒါကို ပြန်ကြား ရေးဝန်ကြီးဖြစ်တဲ့ ဝန်ကြီးအနေနဲ့ ဘယ်လိုပြန်ပြော ချင်ပါသလဲ။
ဖြေ။ ။ နံပါတ်တစ်ကတော့ ကျနော်တို့ ဖွင့်လိုက်တဲ့ အခါမှာ ဖြစ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ပေါ့။ ဆိုတော့ အဓိကကတော့ စာနယ်ဇင်းသမားတွေ မှာ ဥပဒေဆိုင်ရာ အတွေ့အကြုံ မရှိတာတွေလည်း ပါတယ်။ ဥပမာ ဆိုပါတော့ Unity ဂျာနယ်ကိစ္စလို ဟာမျိုးတွေ။ နောက်တခါ မွန်းတည့်နေလို ဟာမျိုး တွေ၊ သာမန် ဥပဒေကို လေ့လာထားတဲ့ စာနယ်ဇင်းသမား တယောက်ဆိုရင်ရှောင်ပြီးတော့ သူပြောချင်တဲ့ အချက်အလက် ကို၊ ဥပဒေ ကို၊ Lineကို ကျော်စရာမလို ဘဲနဲ့ ရေး လို့ရတာပေါ့။
နောက်တခါကျတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာတွေပေါ့။ ဆိုတော့ ကျနော် ထင်ပါတယ်လေ၊ အရေးယူ တာ များတယ်လို့ ပြောပေမယ့်လည်း တကယ် တိုးတက်မှု အခြေအနေကို ယှဉ်ကြည့် လိုက်မယ် ဆိုရင်တော့ အများကြီး တိုးတက်တယ်။ အထူးသဖြင့် မီဒီယာတွေဟာ အစိုးရအဖွဲ့ ဥပဒေ ပြုရေးမဏ္ဍိုင်တွေရဲ့ မူဝါဒ ချမှတ်တဲ့သူတွေအပေါ်မှာ အများကြီး ကောင်းမွန်တဲ့ ထိန်းကျောင်းမှု၊ ကောင်းမွန်တဲ့ သတင်းအချက်အလက် တွေ ပေးနိုင်တယ်ဆိုတာ ခင်ဗျားတို့ တွေ့ရမှာပါ။ ဘာပဲပြောပြောကျနော် တို့တတွေ မူဝါဒတခု လုပ်တော့ မယ်ဆိုရင် အခုအချိန် မှာ မီဒီယာရဲ့ ဝေဖန်သုံးသပ်မှုတွေကို ထည့်စဉ်း စားရမယ့် အဆင့်ရောက်လာပြီ။ ဒါက ကောင်းတယ်။ ဟိုဟာကတော့ ကျနော် ထင်တယ်လေ၊ ဘေးထွက် ဆိုးကျိုးလေးပေါ့ဗျာ။ နှစ်ဖက်စလုံး ရင့်ကျက်သွား တဲ့နေ့ ရောက်လာရင် ဒါတွေက ပျောက်သွားမှာပါ။ ကျနော်လည်း ဒါခင်ဗျားတို့ ဒီနေ့ဂျာနယ် ပေါင်း ၂၀ဝ ကျော်မှာဗျာ၊ ရေးနေတာတွေ အများကြီးပါပဲ။ ဝေဖန်တာတွေလည်း အများကြီးပဲ၊ လွန်ကျူးတဲ့ဟာ တွေလွဲရင် ကျနော်တို့ တကယ်တော့ ဘာမှအရးယူ ခဲ့တာ မရှိဘူး။ ကျနော် ထင်တယ်လေ၊ ကျနော်တို့ ဘက်က သတင်းထုတ်ပြန်ရမယ့် စနစ်တွေမှာသမ္မတ အိမ်တော်အထိ ပေးမယ့်ဟာမျိုးတွေ၊ သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေထွက်လာရင် ဌာနတွေကိုယ်တိုင် က လုပ်လာလိမ့်မယ်။ မဖြစ်မနေ သတင်းထုတ်ပေး ရမှာတွေ၊ အခု တပ်မတော်ဆိုရင် စပြီးတော့တွေ့ဆုံ ဆွေးနွေးနေပြီ။ ကျနော် ထင်တယ်၊ အကောင်းဘက် ကို ပိုရွေ့သွားမယ်။ မီဒီယာတွေဘက်က တခုပဲ။ ကျင့်ဝတ်ဆိုင်ရာ သင်တန်းတွေနဲ့ ဥပဒေပိုင်းဆိုင်ရာ သင်တန်းတွေ များများပေးဖို့ လိုတယ်ဗျ၊ ဟုတ်တယ် မဟုတ်လား။
မေး။ ။ ကျင့်ဝတ်ကြောင့် တရားစွဲရတဲ့ အထိ ဖြစ်သွား တာမျိုးကတော့ ထားတော့ပေါ့။ ဒါပေမယ့် ထောင် ချ လောက်အောင် မဟုတ်ဘဲနဲ့ တခြားနည်းလမ်းနဲ့ အပြစ်ယူလို့ မရဘူးလား။ တခြားနည်းလမ်းနဲ့ လုပ်လို့မရဘူးလား။
ဖြေ။ ။ တခုတော့ ရှိတာပေါ့ဗျာ၊ လူတယောက်က လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီးပြောတာနဲ့ စာနယ်ဇင်း တခုမှာ ပြောတာနဲ့ အပေါ်မှာ တုံ့ပြန်ပုံခြင်းတော့ တူမှာမဟုတ်ဘူးလေ။ စာနယ်ဇင်းမှာ ပါလာတဲ့ဟာက အကျိုး သက်ရောက်မှုက များတယ်။ ပျံ့နှံ့မှုက ပိုများတာကိုးဗျ။ အဲဒီအခါ ကျတော့ ခုနလိုမျိုး နိုင်ငံတော် လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေ၊ လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေ ကျရင် ဒီလို ဥပဒေတွေနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူတဲ့အခါမှာ ထောင်ဒဏ်က ပါတာပေါ့။ ဒါကြောင့်မို့ စာနယ်ဇင်းသမားတွေ ဆိုတာ ရှင်းရှင်း ပြောရရင် ပါးနပ်ရမှာပေါ့။ လိုင်းက ဘယ်မှာဆွဲထား လဲ၊ သူတို့ နားလည်လို့ရှိရင် အဲဒီလိုင်းနား က ကပ်ပြီး ရေးလို့ရတာပေါ့။
မေး။ ။ အဲဒီနေရာမှာကျတော့ တည်ဆဲဥပဒေ ပြဿနာ ပေါ့။ တည်ဆဲဥပဒေက ကျတော့ လွှတ်တော်ပိုင်းက လုပ်ရတာ ပေါ့။ ဒါပေမယ့် ဂျာနယ်လစ်ပဲ ဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် တရားစွဲချင်ပြီဆိုရင် ၁၉၂၀ အက်ဥပဒေတွေ၊ အရေးပေါ် အက်ဥပဒေတွေ၊ အဲဒီလို အဟောင်းတွေနဲ့ စွဲတာတွေ့ရတယ်။ အသရေ ဖျက်မှုဆိုတာ နိုင်ငံတိုင်းမှာ ရှိတာပဲ။ ဒါပေမယ့် အဲဒါကို အသုံးချပြီး စွဲတဲ့ပုံစံမျိုးဖြစ်ရင် ပြန်ကြားရေးအနေနဲ့ပဲ ဖြစ်ဖြစ်၊ ဘယ်လို မှန်မှန် ကန်ကန် အသုံးချဖို့ရှိလဲ။
ဖြေ။ ။ အသရေ ဖျက်မှုကတော့ဗျာ၊ ကျနော်တို့ ဥပဒေမှာ ကြည့်လိုက်ရင် ကင်းလွတ်ခွင့် ၁၀ ချက် ပေးထားတယ်ဗျ။ အဲဒီ ကင်းလွတ်ခွင့် ၁၀ ချက်ကို တကယ်သာ အသုံးချနိုင်မယ် ဆိုရင် ခုန ခင်ဗျားပြော သလို လွတ်လပ်မှုကို ပိတ်ပင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ သပ်သပ် လုံးဝ တရားစွဲလို့မရဘူး။ ဆိုတော့ အဲဒီ ၁၀ ချက် ကိုလည်း ရေးတဲ့ သူက နားလည်ထားဖို့ လိုတာပေါ့။ ဒါက ပြဿနာမရှိဘူး။ ၁၉၂၃ လျှို့ဝှက် ချက် အက်ဥပဒေကတော့ အဲဒီအတိုင်းပဲ။ အခုထက်ထိ အိန္ဒိယမှာလည်း ရှိနေသေးတယ်။ ဒါပေမယ့် ကျနော် ထင်တယ်လေ၊ ဟိုတလော လေးကတော့ ဦးသိန်းညွန့်တို့ ဒီကိစ္စကို ပြင်ဖို့ဆိုပြီးတော့ တင်တာ တွေ ရှိပါတယ်။ ကျနော်ထင်တယ် သက်ဆိုင်ရာ ဌာနတွေလည်း အဲဒါကို ပြန်စဉ်းစားမှာပါ။ တချို့ အသုံးအနှုန်းတွေက လက်ရှိခေတ်နဲ့လည်း မကိုက်ညီတော့ပါဘူး။ ပြောင်းလဲတဲ့ စနစ်နဲ့လည်း မကိုက် ညီတော့ဘူး။ ဒါလည်း ကျနော်တို့ ပြောင်းတော့ ပြောင်း ရမှာပေါ့။ နောက် ဒီဘက်မှာ ထွက်လာတဲ့ သတင်းမီဒီယာ ဥပဒေမှာပေးထားတဲ့ Access to Information နဲ့လည်း ကျနော်တို့ပြန်ပြီးတော့ ညှိရမှာပေါ့။ ဒါတွေ လည်း လုပ်ရမှာပေါ့။ ဒီဟာလည်း ကျနော်တို့ ဆွေးနွေးတဲ့ထဲမှာ ပါပါတယ်။ ဒီဥပဒေကတော့ ပြန်ပြီးတော့ အသစ်ပြန်ရေးဆွဲဖို့ လိုကောင်းလိုလိမ့် မယ်လို့၊ လွှတ်တော်မှာလည်း စဉ်းစားနေတာတွေ ရှိပါတယ်။
မေး။ ။ လွှတ်တော်က အမတ်တွေ အနေနဲ့ တကယ့်ကို Out of date ဖြစ်နေတဲ့ ဥပဒေတွေကို ဘာဖြစ်လို့ အပြီး ဖျက်သိမ်းဖို့ အရင်မလုပ်တာလဲ။ တခါတလေ ကျရင် သေးသေးလေးတွေကိုလျှောက်ပြီး ဆွေးနွေး နေတာတွေ အများကြီးပဲ။
ဖြေ။ ။ သူတို့ကလည်း ပြဿနာက၊ ဟိုတခါ ကျနော်တို့ လုပ်ထားတဲ့ စာရင်းဇယား အရ ပြင်သင့်တာ၊ ဖျက်သင့်တာ ဆိုတဲ့ဟာတွေက ၄၀ဝ ကျော်လောက် ရှိတယ်။ ဥပဒေ ၄၀ဝ ကျော်လောက်။ အဲဒီ ၄၀ဝ ကျော်က လက်ရှိ လိုအပ်နေတဲ့ အခြေအနေအရ ဦးစားပေး ကိုင်တွယ်နေရတာ တွေလည်းရှိပါတယ်။ ဥပမာဆို စီးပွားရေး လူမှုရေးနဲ့ ပတ်သက်တာမျိုး၊ မီဒီယာနဲ့ ပတ်သက်တာမျိုး ကျရင် ဦးစားပေး ထဲမှာ ပါတာပေါ့။ လျှို့ဝှက်ချက် အက်ဥပဒေ ဆိုတာကတော့ တနှစ်မှာ တမှုလောက်တောင် မဖြစ်တဲ့ အမှု မျိုးတွေ၊ ရှောင်မယ်ဆိုရင်လည်း ရှောင်လို့ရတဲ့ ဟာ မျိုးတွေ ဖြစ်တော့ ဦးစားပေးထဲမှာ ပါတာလည်း ဖြစ် နိုင်ပါတယ်။ ဒါတွေအားလုံးက လုပ်မှာ ပေါ့။ အနှစ် ကတော့ ကျနော်တို့ ဝန်ကြီးဌာနတွေမှာရော၊ ဥပဒေ ပြုရေး မဏ္ဍိုင်မှာရော ဒီလောက်ကြီး ကျနော်တို့ ဥပဒေတွေ ဆွဲခဲ့တဲ့ အတွေ့အကြုံ မရှိဘူးဗျ။ တကယ် ပြောရရင်လေ၊ အရင်တုန်းက ကျနော်တို့ ဥပဒေ တခုဆို တာ ရှေ့နေချုပ် ရုံးကနေပြီးတော့ ဝန်ကြီးဌာနတွေက အဆိုပြု၊ ရှေ့နေချုပ်ရုံးက သုံးသပ်ဆိုပြီး လုပ်ကြတာပဲ။ ဒါပေမယ့် အဲဒါလည်း အရင် အစိုးရစနစ်မှာ ကြည့်လိုက်ရင် တနှစ်မှာ ဥပဒေက ၅ ခု၊ ၆ ခု၊ အဲဒီလောက်ပဲ ထွက်တာ။
မေး။ ။ အဟောင်းနဲ့ပဲ သုံးနေတာ၊ တလျှောက်လုံးလေ။
ဖြေ။ ။ အင်း၊ အခုဟာကျတော့ ဝုန်းဝုန်း ဝုန်းဝုန်းနဲ့ ဝင်လာတဲ့အခါကျတော့ ကျနော်တို့ ဝန်ကြီးဌာနတွေမှာလည်း ဆွဲပါဆိုတဲ့ အခါမှာ ကျနော်တို့မှာ အတွေ့ အကြုံ မရှိဘူး။ ကျနော်တို့ နိုင်ငံတကာအဖွဲ့တွေနဲ့ ပေါင်းပြီး လုပ်ရတယ်။ အဲဒါတွေ ဘာသာပြန်ရတယ်။ ရှေ့နေချုပ် ရုံးကလည်း ဝန်ကြီးဌာန ၃၀ ကျော်က တင်သမျှတွေ သူ့ဆီကို ဖြတ်ရတာ။ သူ့မှာ လည်း အဲဒါ ပြဿနာ။ လွှတ်တော်ကျတော့လည်း လွှတ်တော်တွေက အစ ဆိုတော့ သူ့မှာ ကော်မတီ System က မပီပြင်သေးဘူး။ သူများ လွှတ်တော် တွေမှာ ကျတော့ ကော်မတီ စနစ်တွေ၊ အဲဒီ ကော်မတီမှာ လုပ်အားပေးတွေနဲ့ပဲ ဖြစ်ဖြစ်၊ အခနဲ့ ဖြစ်ဖြစ် ပညာရှင်တွေက အများကြီး ဖြစ်နေပြီ။ ဆိုတော့၊ အဲဒီလိုပညာရှင်မျိုးတွေ၊ သက်ဆိုင်ရာ Subject လိုက် ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေ ရှိတယ်ဗျာ။ ကျနော်တို့ဆီမှာ အခု နိုင်ငံတကာ ဥပဒေပညာနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူဆို လက် ချိုးရေလို့ ရတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ပတ်သက်လို့ ကျွမ်းကျင်သူဆို လက်ချိုးရေလို့ ရတယ်ဆိုတော့ အဲဒီမှာ ပြဿနာ အားလုံးက ဘယ်ကိုပြန်ရောက်သွားလဲ ဆိုတော့ Capacity Building ကိုပဲ ပြန်ရောက် သွားတယ်။ ဒါကြောင့် သမ္မတကြီးက Institution တွေ ခိုင်မာဖို့ လိုတယ်၊ HR တွေ လုပ်ဖို့လိုတယ်ဆိုတာ အဲဒါကို ပြောတာ။ တစ်က Institution တွေ ခိုင်မာရမယ်၊ နှစ်က HR တွေ မရှိဘူး။ အားလုံးက ဒီအပေါ်ပဲ ပြန်ရောက်တယ်။ လူတိုင်းကတော့ ပြောင်းရမယ်ဟေ့၊ လုပ်ကြ မယ်ဟေ့လို့ ပြောနေတာ။ ဒါပေမယ့် လုပ်ရမယ့် လူ မရှိဘူး။ အဲဒီပြဿနာကြောင့် ဖြစ်တာ။
မေး။ ။ အခု ဝန်ကြီးတို့ လုပ်နေတဲ့ ဒီ Media Reform ပေါ့။ အဓိကကတော့ ဝန်ကြီးရှေ့က ဦးအောင်ကြည် လုပ်သွား သလိုမျိုးပဲ အများပြည်သူ ဝန်ဆောင်မှုဆိုပြီးတော့ ဒီ အစိုးရပိုင် မီဒီယာတွေကို အသွင်ကူးပြောင်းမှုမှာ ခုနပြောတဲ့ ပြဿနာတွေ၊ HR ကိစ္စတွေရှိမယ်၊ ပေါ်လစီရေးရာကိစ္စ အပြောင်း အလဲတွေရှိမယ်။ ဆိုတော့၊ အခု ဘယ်အနေ အထား အထိ ရောက်သွားပြီလဲ။
ဖြေ။ ။ ဒီ Media Reform က တကယ်တမ်းကျတော့ ၂၀ဝ၉ ထဲက ကျနော်တို့က စလေ့လာတာ။ ၂၀ဝ၉ မှာ အဲဒီတုန်း က ကျနော်က ညွှန်ချုပ်ဖြစ်ကာစ၊ ကိုတင့်ဆွေက ညွှန်ကြားရေးမှူးနဲ့ ကျနော်တို့ ခေါင်းဆောင်တဲ့အဖွဲ့ ရန်ကုန် မှာ ကျနော်တို့ ဆွေးနွေးကြတယ်။ အဲဒီတုန်းက ကျနော်က ပြောတယ်၊ အဲဒီတုန်းက လူကြီးတွေက ဦးကျော် ဆန်းတို့ နောက် အဲဒီတုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က တချိန်ကျရင် မီဒီယာက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ပြောင်းရတော့မယ်။ ၂၀ဝ၈ က ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုလိုက်ပြီ။ ပြောင်းတော့မယ်၊ အဲဒီ တော့ ဘယ်လိုသွားမလဲ ဆိုတာ လေ့လာဖို့လိုပြီလို့ ပြောတော့ ကျနော်တို့က Mindset ပေါ့၊ မြန်မာ နိုင်ငံရဲ့ မဟာဗျူဟာ လေ့လာရေးဌာနနဲ့ FES တို့ လုပ်တဲ့ ဥရောပသမဂ္ဂမြန်မာ ဆက်ဆံရေး ဆွေးနွေး ပွဲရှိတယ်။ အလွတ်သဘောဆွေးနွေးပွဲမှာ ကျနော်တို့ တက်တယ်။ တက်ပြီးတော့မှ ကျနော်တို့ အဲဒါ တင်ပြတယ်။ ကျနော်တို့ အဲဒါလုပ်ချင်တယ်။ ကူညီနိုင်ရင် ကူညီပါဆိုတော့ အဲဒီ ဥရောပသမဂ္ဂက နေပြီးတော့မှ ပညာရှင်တွေ က ကျနော်တို့ကို မလေးရှားနဲ့ စင်ကာပူမှာ လာရှင်းပြတယ်။ ဆိုတော့ အဲဒီထဲက ကွင်းဆက်တွေနဲ့ ကျနော်တို့ လုပ်တဲ့အခါ မှာ ကျနော်တို့ ဒီဥပဒေတွေဆွဲရတယ်။ State Law အရ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ပြောင်းရမယ်၊ သွားတဲ့အခါမှာ ခုနပြောသလို ဥပဒေစဆွဲတဲ့ အခါမှာ ကျနော်တို့က မသိဘူး။ နိုင်ငံခြားပညာရှင် တွေနဲ့ ကျနော်တို့ ပေါင်းဆွဲရတယ်။
နှစ်က ကျနော်တို့ နိုင်ငံပိုင်မီဒီယာမှာ ကျင့်သုံး နေတဲ့ လူတွေက စနစ်တခုတည်း အောက်မှာ နှစ်ပေါင်းများစွာ နေလာခဲ့တဲ့ လူတွေ။ ဆိုတော့၊ သူတို့က အများပြည်သူ ဝန်ဆောင်မှု မီဒီယာဆိုတာ ဘာမှန်းကိုမသိဘူး။ ကျနော်တို့ MoU တွေ ထိုးပြီးတော့မှ BBC Media Action တို့၊ နောက်တခါ ကျနော်တို့ Australian Broadcasting Corporation တို့၊ နောက် IMS တို့၊ အဲဒါတွေနဲ့ လက်မှတ်ထိုးပြီး Training တွေ ပေးနေရတယ်။ ဥပဒေကတော့ ကျနော်တို့ လွှတ်တော်က ကျတာကို စောင့်နေတယ်။ သို့သော် ဥပဒေရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ၊ လွန်ခဲ့သည့်တနှစ် နှစ်နှစ်အတွင်းမှာတော့ ကျနော်တို့ရဲ့ ပြောင်းလဲမှုက တတ်နိုင်သမျှ အများပြည်သူ ဝန်ဆောင်မှုမီဒီယာရဲ့ ကွင်းဆက်တွေကို ဖြည်းဖြည်း ချင်း ထည့်နေတာပေါ့ – ဝန်ထမ်းတွေကို။ ထည့်ပြီးတော့ သုံးနေတာပေါ့။ အနှေးနဲ့အမြန်တော့ ကျနော်တို့ သွားရမှာပေါ့။ ဘာလို့ဆိုတော့ အစိုးရ လက်ကိုင် တုတ်လို ကျနော်တို့ ဖြစ်နေလို့ မရတော့ဘူး။ အထူးသဖြင့် Election ကာလမျိုးမှာဆိုရင် ပိုပြီးတော့ Fair and Balance ဖြစ်ဖို့တော့ လိုတာပေါ့။ ဆိုတော့ ဥပဒေ မရှိပေမယ့် ကျနော်တို့ အဲဒီအတိုင်း ဖြစ်အောင်တော့ သွားဖို့လုပ်နေတယ်။ ဥပမာဆိုရင် လာမယ့် ဇန်နဝါရီက စပြီးတော့ ကျနော်တို့ နိုင်ငံပိုင် မီဒီယာတွေက သတင်းထောက်တွေ၊ အယ်ဒီတာ တွေကို ရွေးကောက်ပွဲ သတင်းယူနည်းတွေကို သင်တန်းတွေ ပေးဖို့ရှိတယ်။ Fair and Balance ဖြစ်အောင် လုပ်နေတယ်။ ဒါမျိုးတွေ ကျနော်တို့ လုပ်ဖို့ရှိပါတယ်။ ကျနော်တို့က ဒါတွေကို မဖြစ်ဖြစ် အောင်သွားမှာပါ။
(ဆက်လက်ဖော်ပြပါမည်)