သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်အတွင်း မြန်မာနည်း မြန်မာဟန်ဖြင့် ပထမဆုံးအကြိမ် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေခဲ့သူ ဦးစံလင်းပြီးနောက် ယခု ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဒုတိယအကြိမ်မြောက် ဓမ္မစေတီခေါင်းလောင်း ဆယ်ယူခွင့်ကို သင်္ဘောအရာရှိဟောင်း ဦးကျော်ဝင်းက ရရှိခဲ့သည်။
ရေထဲတွင် နှစ်ပေါင်း ၄၀၀ ကျော် နှစ်မြှပ်နေသည်ဆိုသော ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှုကို ဝိဇ္ဇာနှင့် သိပ္ပံနည်းလမ်း ၂ မျိုးစလုံး အသုံးပြုပြီး ရှာဖွေမည် ဖြစ်ကြောင်း သိရသည်။ ဦးကျော်ဝင်းက ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှုကို ဇန်နဝါရီလ ၁၂ ရက်က ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်း ၃ ခု ဆုံရာ သန်လျင်ရေနံချက်စက်ရုံ ဆိပ်ကမ်းအနီးတွင် စတင်နေပြီ ဖြစ်သည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး ဒုတိယအကြိမ် ရှာဖွေခွင့်ရသူ ဦးကျော်ဝင်းအား ဧရာဝတီ သတင်းဌာန သတင်းထောက် ဘုန်းမြတ်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ဖို့ ဘယ်လို စိတ်ကူး ဖြစ်ခဲ့တာပါလဲ။
ဖြေ။ ။ ကျနော် ၁၉၉၇ ခုနှစ်၊ သီလဝါ စတားဘိလပ်မြေ စက်ရုံ၊ အခု (Lavice) ဘိလပ်မြေ စက်ရုံ တည်တုန်းကပေါ့။ အဲဒီတုန်းက စသိတာပါ။ အဲဒီတုန်းက ဘယ်သူမှ ဆယ်လို့ မအောင်မြင်တဲ့ အချိန်ပေါ့လေ။
မေး။ ။ အခုအချိန်မှ ခေါင်းလောင်းဆယ်ဖို့ ဖြစ်လာတာက ဘယ်လို အခြေအနေတွေကြောင့်ပါလဲ။
ဖြေ။ ။ အိမ်မက်တွေ၊ အတိတ်နိမိတ်တွေလည်း ပါတာပေါ့။ နောက် ဒါက တကယ့် လူစွမ်းကောင်း ရွေးပွဲကြီးလိုပေါ့။ အဲဒါလည်း ပါတာပေါ့။
မေး။ ။ ဘယ်လို အိမ်မက်တွေ၊ ဘယ်လို အတိတ်နိမိတ်တွေကြောင့် ဆယ်ဖြစ်သွားတာပါလဲ။
ဖြေ။ ။ ဦးက ရန်ကုန်မြစ်ကြီးကို Google Earth ကနေ အမြဲကြည့်နေတာ၊ တရက်မှာ အဲဒီ နေရာတခုကို သံသယ ရှိတယ်ပေါ့နော်။ ညဘက် အိမ်မက်မက်တော့ ကောင်းကင်မှာ ကြယ်ကြီးတလုံးပေါ။့ အဲဒီကြယ်က “လ” နားမှာ ရှိတယ်။ သူက “လ” လောက် အရွယ်အစား ရှိတယ်။ သူထဲမှာ ကြယ်လေးတွေ အပြည့်ရှိတယ်။ နောက်အဲဒီ ကြယ်ကို မတွေ့တော့ တိမ်ညွန့်လေးတွေ ကြည့်ပြီး လိုက်ရှာတော့ အဲဒီ ကြယ်ဟာ ရေထဲကျသွားတယ်။ အဲဒီ ရေပြင်ကြီးက လှပနေတယ်၊ ပန်းကန်ပြားပျံကြီး ကျသလို။ ဘာနဲ့တူလဲဆိုရင် ၅ ထောင်တန်ထဲမှာပါတဲ့ ဆင်ဖြူတော်ကြီးက ရှေ့မှာ ရေထဲကျတဲ့ ကြယ်တခုကို ရှာတဲ့ပုံစံနဲ့ ဦးအဖြစ်နဲ့ တူပါတယ်။
မေး။ ။ ခေါင်းလောင်း ရှာဖွေမှု လုပ်ငန်းတွေအတွက် လောလောဆယ် ငွေကြေးသုံးစွဲမှု ဘယ်လောက် ရှိသွားပါပြီလဲ။
ဖြေ။ ။ စက်လှေ ငှားခကတော့ တရက်ကို ၄ သောင်းပါ။ နောက် ကားခတွေ ကုန်တာတွေ ရှိတယ်။ ဒါတွေကတော့ အသေးအဖွဲပါ။ ရှာတဲ့စက် (ရေအောက် တိုင်းတာရေးစက်) ကတော့ ၈ သိန်း ပေးရပါတယ်။ ဒါလည်း သိပ်ဈေးကြီးတယ်လို့ မဆိုသာပါဘူး။ ခေါင်းလောင်း တွေ့ရင်ပေါ့။
မေး။ ။ တကယ်လို့ ခေါင်းလောင်းကြီးကို တွေ့ခဲ့မယ်ဆိုရင် ဘယ်လိုနည်းနဲ့ ဆယ်ယူမှာပါလဲ။
ဖြေ။ ။ တွေ့ခဲ့မယ်ဆိုရင် နိုင်ငံတော်ကို ပထမဆုံး သတင်းပို့မယ်။ သူတို့ ကျနော်ကို ဘာတာဝန်ပေးမလဲပေါ့။ တကယ်လို့ ဦးကျော်ဝင်းပဲ ဆက်လုပ်ပါဆို ကျနော်မှာ အစီအစဉ် ရှိပြီးသားပါ။ တကယ်လို့ ကမ်းနားဘက်မှာ ရှာတွေ့ခဲ့မယ် ဆိုရင် ဘာမှ သိပ်ခဲယဉ်းတဲ့အလုပ် မဟုတ်ပါဘူး။ ပထမဆုံး သောင်စုပ်တဲ့ စက်လှေတွေနဲ့ စုပ်မယ်။ ကျနော် စက်အကြီးကြီးတွေ မသုံးပါဘူး။ ဘာလို့လဲဆိုတော့ တခြား ပစ္စည်းတွေလည်းပါရင် ထိခိုက်သွားမှာ စိုးလို့ပါ။ ပြီးရင် မြစ်ထဲမှာ ဘော်ယာဆယ်တဲ့ ဆင်ပြောင် သင်္ဘောကြီးတွေ ရှိပါတယ်။ ဝန်ချီစက် အကြီးစားကြီးတွေပါတဲ့ သင်္ဘောကြီးတွေနဲ့ ဆယ်ဖို့ အစီအစဉ် ရှိပါတယ်။
မေး။ ။ ခေါင်းလောင်းကြီး ရှာဖွေဖို့အတွက် ရက် ဘယ်လောက် သတ်မှတ်ထားပါလဲ။
ဖြေ။ ။ အခုစက်က ကျနော် စိတ်တိုင်း မကျသေးဘူး။ ကျနော် လိုချင်တဲ့ပုံစံ မဟုတ်ဘူး ဖြစ်နေတယ်။ ပြီးတော့ ရေအတိမ်အနက် ပြတာလည်း မမှန်ဘူး။ ကမ်းစပ်ကို တိုင်းတော့လည်း ဒီအတိုင်း ပြတယ်။ ရေအနက်မှာ တိုင်းတော့လည်း ဒီအတိုင်း ပြတယ်။ ဝယ်ထားတဲ့ဆိုင်ကို သေချာပြန်ပြပြီး စက်စိတ်တိုင်းကျမှ ပြန်ရှာမယ်။
မေး။ ။ ဒီရှာဖွေမှုနဲ့ ပတ်သက်ပြီး ဝိဇ္ဇာတွေအနေနဲ့ ပြောထား၊ ဆိုထားတာများရော ရှိပါလား။
ဖြေ။ ။ အကြားအမြင် ဆရာမ တယောက်တော့ပြောဖူးတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကပေါ့။ ပစ္စည်းတခု ရှာရမယ်။ အဲဒီပစ္စည်းက ခေါင်းလောင်း ဒါမှမဟုတ် ကျောက်စာ၊ ဒါမှမဟုတ် ရွှေသရဖူပေါ့။ အဲဒီနေရာကို လှေနဲ့တဆင့် သွားရမယ်။ အချိန် မကျသေးဘူးတဲ့။ အဲဒါ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပြောတာပေါ့။ ပြောတာက ဝင်းစိန်တောရ ကျောင်းက အကြားအမြင် ဆရာမပါ။ သူက ကျနော် မမေးဘဲ ပြောတာပါ။ ဒါနဲ့ ကျနော်လည်း အားတက်ပြီး ဆယ်ဖြစ်သွားတာပါ။
မေး။ ။ ခေါင်းလောင်းက သန်လျင် ရေနံချက်စက်ရုံ ဆိပ်ကမ်းရဲ့ ဘယ်နှစ်ကိုက် အကွာလောက်မှာ ရှိမယ်လို့ ထင်ပါလဲ။
ဖြေ။ ။ ကျနော် ထင်တယ်၊ ကိုက် ၁၀၀ အကွာလောက်မှာပဲ ရှိမယ်ထင်တယ်။ သိပ်ဝေးဝေးကြီးတော့ မဟုတ်ဘူး။ ကျနော်က Google Earth က ပုံတွေနဲ့ ရေကြောင်း တိုင်းတာရေး စက်တွေနဲ့ ရှာတာလေ။ ဒါပေမယ့် ဘာပုံရိပ်မှ မပေါ်ဘူး။ တခုခုများ ချို့ယွင်းချက် ရှိနေမလားလို့ ကျနော် ထင်တယ်။
မေး။ ။ ခေါင်းလောင်းကြီး ဆယ်ယူမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ခေါ်တွေ့တယ်ဆိုတော့ ဘာတွေများ ညွှန်ကြားတာလဲ။
ဖြေ။ ။ ဒါသူတို့နဲ့ မပတ်သက်ဘူးပေါ့။ ဆယ်ချင်လွန်းလို့သာ ခွင့်ပြုလိုက်တာပေါ့လေ။ ကျနော်ကလည်း အကျဉ်းချုပ်ပြီး ဆယ်မယ်။ ငွေကုန်ကြေးကျလည်း မများဘူး။ နောက် ခေတ်မီစက်နဲ့ ရှာတယ်ဆိုတော့ အဲဒါ သူတို့ ခွင့်ပြုလိုက်တာ ပါပါတယ်။
မေး။ ။ ခေါင်းလောင်း ဆယ်ယူမှုနဲ့ ပတ်သက်ပြီး အလှူငွေတွေ ရရှိထားတာများ ရှိလား။ ကိုယ်ပိုင် ပိုက်ဆံနဲ့ပဲ လုပ်တာလား။
ဖြေ။ ။ အရင် ၁၀နှစ် လောက်ကလည်း ဆယ်ဖို့ ကျနော် လုပ်သေးတယ်။ အဲဒီလိုမျိုးလုပ်တော့ ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေက ပိုက်ဆံ လာလှူတာ ရှိတယ်။ အဲဒီတုန်းက ကျနော် ဘုန်းကြီးဝတ်ကြီးနဲ့ ရွှေတိဂုံဘုရား ဇရပ်မှာ သွားနေတယ်။ ကျနော်ကို ပေးမနေဘူး။ ကျနော် မဆယ်ဖြစ်ဘူး။ နောက်တော့ အဲဒီ ပိုက်ဆံတွေနဲ့ ခေါင်းလောင်းတလုံးလုပ်ပြီး ဝင်းစိန်တောရကို လှူလိုက်တယ်။
အခုက ကိုယ်ပိုင် ပိုက်ဆံနဲ့ပါ။ အလှူလည်း မခံပါဘူး။ သူတို့ (ရန်ကုန်တိုင်း အစိုးရအဖွဲ့) ကလည်း ပြောပါတယ်။ အလှူခံခွင့် မရှိဘူးတဲ့။ ဒါဖြူစင်တဲ့ ပိုက်ဆံနဲ့ပေါ့ဗျာ။ ကျနော် သင်္ဘောလိုက်တုန်းက ရတဲ့ပိုက်ဆံနဲ့ အမေကို အိမ်တလုံး ဆောက်ပေးခဲ့ဖူးပါတယ်။ အခု အဲဒီအိမ်က အမွေဆိုင် ဖြစ်ပြီးတော့ ရောင်းချတဲ့အခါ ကျနော် ပိုက်ဆံရပါတယ်။ ကျနော် ၂ ပုံ ရပါတယ်။ အဲဒီ ပိုက်ဆံနဲ့ ကျနော် လုပ်တာပါ။
မေး။ ။ ခေါင်းလောင်းကြီး ရှာဖွေနိုင်မယ်လို့ ယုံကြည်ပါလား။
ဖြေ။ ။ လမ်းဆုံးရင်တော့ ရွာရောက်မှာပဲလေ။ ကျနော်တို့ အခက်အခဲတွေ ဖြေရှင်းနိုင်ရင်ပေါ့။ ဥပမာ ရှာဖွေတဲ့စက်က အလုပ်မလုပ်ဘူး။ ဒါတွေကို ဖြေရှင်းနိုင်မယ်။ နောက်တခုက ဆိုင်ရာ၊ ပိုင်ရာတွေနဲ့ သူတို့ကို ခွင့်တောင်းပြီးတော့ အကူအညီနဲ့ပေါ့။ ကျနော် လုပ်လို့ မအောင်မြင်တာ မရှိသေးပါဘူး။ ကျနော် ဆယ်နိုင်မယ်လို့ ရာနှုန်းပြည့် ယုံကြည်ပါတယ်။
မေး။ ။ ခေါင်းလောင်း ရှာဖွေမှုကို အချိန်အတိုင်းအတာ ဘယ်လောက်အထိ ဆောင်ရွက်သွားမလဲ။
ဖြေ။ ။ ဒီအလုပ်ကို မပြီးသ၍ လုပ်သွားမှာပေါ့။ မအောင်မြင်သရွေ့ လုပ်သွားမယ်။ ဦးရဲ့ ကံအရတော့ ရမှာပါ။ မခဲယဉ်းပါဘူး။ သိပ်ကြာမယ်လို့လည်း မထင်ပါဘူး။ လူစွမ်းရင်တော့ နတ်တွေလည်း မနေသာပါဘူး။ ။