လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ ပြည်သူ တဦးချင်းစီတွင် ကျန်းမာရေး အသုံးစရိတ်ကျခံသုံးစွဲမှုသည် တနှစ် လျှင် ၁၁ ဒေါ်လာပင် မပြည့်ကြောင်း သိရသည်။ ပြည်သူတဦး အတွက် တနှစ်ပတ်လုံး ကျန်းမာရေး အသုံးစရိတ်ကို နိုင်ငံတော် က ကျခံပေးနေရသည်မှာ ကာလပေါက် ဈေးနှုန်းအရဆိုလျှင် ကျပ်တသောင်း သာသာလေးပင် ဖြစ်သည်။ လွန်စွာ ရယ်ဖွယ်ဖြစ်ရသည်။
တဖက်က လှည့်စဉ်းစားလျှင် နိုင်ငံတော်က ကျန်းမာရေး ဘတ်ဂျက်ကို နှစ်စဉ် နှစ်တိုင်း တိုးတိုး၍ ချပေးနေ ပါသည်ဟု ဆိုသော်လည်း တနှစ် ကျပ်တသောင်းသာသာ အကုန်အကျခံ ပေးနေသည်မှာ လုံးဝ တပြားမျှ မကုန်ကျတာနှင့် စာလျှင် တော်သေး၏ ဟု ဆိုရချိမ့်မည်။
ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၃၄ ရက်မြောက်နေ့က ယင်း ကျန်းမာရေး အသုံး စရိတ် ကိစ္စနှင့် စပ်လျဉ်းသော မေးခွန်းကို ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်မှ ဒေါက်တာနေလင်းက မေးခွန်းထုတ် ခဲ့သည်။ “နိုင်ငံတော် သမ္မတ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး ဆိုင်ရာ မူဝါဒများအနက် သာတူ ညီမျှ ကျန်းမာရေး လွှမ်းခြုံစနစ် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးမှု အခြေအနေအား သိလိုကြောင်း” မေးခဲ့သည်။
ယင်းမေးခွန်းကို ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြန်လည် ဖြေကြားခဲ့သည်။ အချုပ်အားဖြင့် တင်ပြရလျှင်“လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ တခုတည်းသော ကျန်းမာရေးဘဏ္ဍာ ငွေလုံးငွေရင်းသည် ဝန်ကြီးဌာန၏ ဘတ်ဂျက် ဖြစ်ပြီး ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် တိုက်ရိုက်ကုန်ကျခံ နေရသည့် အပြင် ယင်းဘတ်ဂျက် ထဲမှ လစာ၊ ဝန်ထမ်းနေအိမ်၊ လျှပ်စစ်မီတာခ၊ စက်သုံးဆီ အစရှိသည့် လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ် Operational Cost များလည်း ပါဝင်နေကြောင်း၊ ယင်းကိစ္စများ မပါလျှင် ပြည်သူတဦးချင်းစီအတွက် ကျန်းမာရေး အသုံးစရိတ် ကျခံသုံးစွဲမှုသည် တနှစ်လျှင် ၁၁ ဒေါ်လာနှုန်း ရှိကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်အတွက် ကျန်းမာရေး ဘတ်ဂျက်မှာ ကျပ် ၆၅၂ ဘီလီယံရရှိပြီး အစိုးရဘတ်ဂျက်၏ ၃ ဒသမ ၈၄ ရာခိုင်နှုန်းဖြစ်ကာ GDP ၏ ဝ ဒသမ ၉၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ သို့ကြောင့် စုစုပေါင်းကျန်းမာရေးအသုံးစရိတ်တွင် ပြည်သူလူထု၏ ကိုယ့်ငွေကိုယ်သုံး တိုက်ရိုက်ကျခံမှုမှာ ၆၅ ရာခိုင် နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ရှိနေကြောင်း၊ ထို့ပြင် လူမှုဖူလုံရေး အာမခံမှအပ အခြား ကျန်းမာရေးဆိုင်ရာ ကြိုတင် ထည့်ဝင်သည့် အစီအမံများသည်လည်း ယခုထိမရှိသေးကြောင်း” ဖြေကြားထားသည်။
ဤတွင် ဒုဝန်ကြီး၏ အဖြေကို ကြားဖြတ်၍ သုံးသပ်ချင်ပါသည်။ ပြည်သူ့လွှတ်တော် အစည်းအဝေးများ ၁၁ ကြိမ် မြောက် ကျင်းပလာချိန်တွင် ယခုတကြိမ် ကျင်းပသော အစည်းအဝေးတွင် ယခု တင်ပြခဲ့သော ကျန်းမာ ရေး ကိစ္စ ဆိုင်ရာ မေးခွန်းနှင့် အဖြေတို့သည် အနည်းငယ် ပွင့်လင်းမြင်သာ ရှိလာသည်ဟု ယူဆရသည်။
ကျန်းမာရေး ဒုဝန်ကြီး၏ ယခုဖြေကြားချက်သည် ယခင့်ယခင်က ကျန်းမာရေး ကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင် ရာ တာဝန်ရှိပုဂ္ဂိုလ်များ ဖြေကြား ထားသည်ထက် ပိုမိုပွင့်လင်းမြင်သာ ရှိလာသည်ဟု ခံစားမိသည်။
သူပြောသည့် အထဲတွင် ရနေသည့် ဘတ်ဂျက်ထဲက လစာ၊ ဝန်ထမ်းနေအိမ်၊ လျှပ်စစ်မီတာ၊ စက်သုံးဆီစ သည့် ကုန်ကျ စရိတ်များကို တသီးတခြား ဖယ်ထားနိုင်ပါက ပြည်သူ တဦးချင်း အတွက် တနှစ်လုံး ကျန်း မာရေး အကုန် အကျ ခံပေးနိုင်မည့် နှုန်းထား ၁၁ ဒေါ်လာ ရှိနိုင်မည်။ ယခုသော် ယင်း ကုန်ကျစရိတ် များကြောင့် ယခု ၁၁ ဒေါ်လာပင် မပြည့် ဖြစ်နေသည်ဟု သွယ်ဝိုက်သောအားဖြင့် ထောက်ပြဖြေကြား ထားသည်။
ထို့အပြင် ပွင့်လင်းမြင်သာမှု ရှိလာသည့် ဖြေကြားချက် နောက်တခုမှာ ပြည်သူလူထု၏ ကိုယ့်ငွေကိုယ်သုံး တိုက်ရိုက် ကုန်ကျမှုမှာ ၆၅ မှ ၈၀ ရာခိုင်နှုန်း ရှိနေသေးသည် ဟူသော အချက် ဖြစ်သည်။
ဆိုလိုသည်မှာ ပြည်သူတဦး ဆေးကုသမှု ခံယူရ၍ ကျပ် ၁၀ဝ ကုန်ကျလျှင် နိုင်ငံတော်က ၃၅ ကျပ်မှ ကျပ် ၂၀ သာ ကျခံပေးနိုင်ပြီး ကျန်ငွေ ၆၅ ကျပ်မှ ၈၀ ကျပ်ကို ပြည်သူတို့ အိတ်စိုက် ကျခံနေရသေးသည်ဟု ဆိုလိုရင်းဖြစ်သည်။ ယင်းအချက်သည်လည်း ဒု ဝန်ကြီးက သက်ဆိုင်ရာကို ထောက်ပြထားခြင်း ဖြစ်သည်ဟု မြင်သည်။ ထို့ပြင် ဒုဝန်ကြီး ဖြေကြားထားချက်တွင် စိတ်ဝင်စားစရာ ရှိသေးသည်။
“စိတ်ကျေနပ်ဖွယ် ကောင်းသည့် ကျန်းမာရေး စောင့်ရှောက်မှု အတွက် ပြည်သူ့ကျန်းမာရေး ကျခံသုံးစွဲမှု သည် အနည်းဆုံး တနှစ်တွင် တဦးလျှင် အမေရိကန်ဒေါ်လာ ၃၀ မှ ၄၅ ဒေါ်လာအထိရှိသင့် သည်ဟု WHO က အကြံပြု ထားကြောင်း၊ သို့ဖြစ်၍ ကျန်းမာရေးဆိုင်ရာ ဘဏ္ဍာငွေ စုဆောင်းရေး၊ တည်ငြိမ် ရေရှည်ခံသည့် ကျန်းမာရေး စနစ် ဖြစ်စေရန် ကြိုတင်ထည့်ဝင်ငွေ အာမခံစနစ် (မယူမနေရ ပြည်သူ့ကျန်းမာရေး အာမခံစ နစ်) တို့ကို စတင် လုပ်ဆောင် ရန် လိုအပ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ပါသော်မှ ၂၀၃၀ ပြည့် နှစ်လောက် တွင်မှ ပြီးပြည့်စုံသည့် နိုင်ငံ လွှမ်းခြုံလူတိုင်း လက်လှမ်းမီနိုင်သည့် သာတူညီမျှ ကျန်းမာရေး လွှမ်းခြုံ စနစ်ကို ရနိုင်ရန် ရည်မှန်းထားကြောင်း” ဖြေကြားခဲ့သည်။
ဒုဝန်ကြီးကတော့ ထိုသို့ သဘောထားပေးခြင်းနှင့် အတူ ဖြေကြားခဲ့သော်လည်း အနည်းငယ်သော ပွင့်လင်း မြင်သာ ရှိမှုမှ တပါး ကျန်းမာရေး ကိစ္စအတွက် သတင်းကောင်းကို မျှော်လင့် နေကြသော ပြည်သူများ အတွက်ကား ဝမ်းမြောက်စရာ သတင်းစကား ဖြစ်မလာခဲ့ပါ။
ပြည်သူတို့ ကျန်းမာရေးကိစ္စ ပေါ်လာလျှင် “ပြည်သူ့ဆေးရုံများဆီ သွားပြ၊ ကုန်ကျစရိတ် ကျပ် ၁၀ဝ ကျပါက နိုင်ငံတော်က ကျပ် ၂၀ ကျခံမည်။ ကျန်သည့် ကျပ် ၈၀ ကိုယ့်အိတ်ထဲက ကိုယ် စိုက်ထုတ်ရှင်းပေးခဲ့” ဆို သည်သာ ပွင့်ပွင့်လင်းလင်း ပြောရဲလာသည်သာ ရှိသည်၊ နိုင်ငံတော်က ကုန်ကျခံမည့် ကျပ် ၂၀ ဟူသည် လည်း သုံးခွက် တခွက်တင် ကိစ္စ ဖြစ်နေသည်။ ယင်းကိစ္စသည် အနယ်နယ် အရပ်ရပ်ရှိ ပြည်သူ့ဆေးရုံတိုင်း မဟုတ်နိုင်၊ ကိုးရေးတရေး ဆယ်ရေးတရာသာ ဖြစ်သည်။
ယင်းသို့ ကျန်းမာရေး ဘတ်ဂျက်ကိစ္စ တင်ပြနေရင်းက ကာကွယ်ရေး ကဏ္ဍ အတွက် ကုန်ကျခံနေသော ဘတ်ဂျက်ကို လည်း ထောက်ပြချင်ပါ သေးသည်။ အောက်တိုဘာ ၂၈ ရက်နေ့က ပြည်ထောင်စု လွှတ်တော် တွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၏ ရှင်းလင်းချက်နှင့် တရားဝင် ထုတ်ပြန်ချက်အရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် တပ်မတော်က တောင်းခံခဲ့သည့် ဘတ်ဂျက်ငွေ ပမာဏမှာ ကျပ် ၂၃၆၅၈ ဒသမ ၂၁၈ သန်း (အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ) ဖြစ်ပြီး ထပ်မံတောင်းခံငွေမှာ ကျပ် ၂၄၈၀၃၄ ဒသမ ၇၂၃ သန်း ဖြစ်သည်။ ယင်းပမာဏသည် တနိုင်ငံလုံး ဘတ်ဂျက်ငွေ၏ ထက်ဝက် နီးပါးဖြစ်သည်။
ကာကွယ်ရေး ဝန်ကြီးက အကြောင်းပြသည်မှာ မြန်မာ့ကာကွယ်ရေး အသုံးစရိတ်သည် အိမ်နီးချင်း နိုင်ငံ များနှင့် နှိုင်းယှဉ်ပါက များပြားမှု မရှိသေးကြောင်း ဆိုထားသည်။ အမေရိကန်အခြေစိုက် မက်စ်ကင်ဆေး ကုမ္ပဏီ က ထုတ်ပြန်သော အစီရင်ခံစာ အရ အာဆီယံနိုင်ငံများတွင် ၂၀၁၂ ခုနှစ် အတွင်း စစ်အသုံးစရိတ် အများဆုံးနိုင်ငံသည် စင်ကာပူဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၂ ဘီလီယံ၊ အင်ဒိုနီးရှားသည် ၆ ဒသမ ၈၇ ဘီလီယံ၊ ထိုင်းသည် ၅ ဒသမ ၃၉ ဘီလီယံ၊ မြန်မာသည် ၂ ဒသမ ၂ ဘီလီယံသာရှိပြီး အာဆီယံနိုင်ငံ များတွင် အဆင့် ၇ နေရာတွင်သာ ရှိသည် ဆို၏။
သို့ရာတွင် မြန်မာ၏ စစ်သည်အင်အားကို နှိုင်းယှဉ်ကြည့်ပါက စစ်အသုံး စရိတ် အားလုံး၏ သုံးပုံနှစ်ပုံကို လစာနှင့် စရိတ်၊ အုပ်ချုပ်မှုနှင့် အဆောက်အအုံ ကိစ္စ အပါအဝင် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စများ အတွက် အသုံးပြု နေရသည် ဆိုခြင်းမှာ လက်ခံနိုင်ဖွယ်ရာ ရှိသော အချက်ဖြစ်သည် ဟု ဆိုထားသည်။ ကျန်သော သုံးပုံတပုံ ကိုသာ စစ်ဆင်ရေး ကိစ္စများ အတွက် အသုံးပြုနေသည် ဟုလည်း ဆိုထားသည်။
မည်သူက မည်သို့ပင် ဆိုစေ မိမိတို့ မှန်သည်၊ ကြောင်းကျိုး ညီညွတ်သည်ချည်းသာ ခြေစုံကန် ဆိုနေကြမည် ဖြစ်သည်။
နိုင်ငံတော် ဘတ်ဂျက် အရနည်းသည်၊ အရများသည် ဆိုရာတွင် ဘတ်ဂျက်ငွေ စီးဆင်းရာ လမ်းကြောင်း သည် မည်သည်သို့ စီးဆင်း စိမ့်ဝင်သွားပါသနည်းသာ အဓိကကျသည်ဟု မြင်သည်။
ကျန်းမာရေး ကဏ္ဍကဲ့သို့သော ဘတ်ဂျက် အရနည်းလွန်းသော ဌာနတွင် ရရှိသောဘတ်ဂျက်ငွေ မြစ်မကြီး ထဲမှ မြစ်ခွဲအသီးသီးသို့ ဖြာထွက်စီးဆင်းရ သည်ဖြစ်ရာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု မြစ်လက်တက် ကလေး ထဲသို့ ပိုမိုစီးဆင်းသင့်သည်။ တခြားသော မြစ်ခွဲများထဲသို့ ပေးပို့မည့် ဘတ်ဂျက်ငွေ အချို့ကို ခြိုးခြံ ချွေတာကာ ပြည်သူတို့ အတွက် တနှစ်စာကျန်းမာရေး ကုန်ကျစရိတ် အတွက် တဦးလျှင် ဒေါ်လာ ၄၀ မက ၅၀ အထိ ကျခံပေးနိုင်လျှင် ကောင်းပေမည်။ သို့ကြောင့် ကျန်းမာရေး ဘတ်ဂျက် ခွဲဝေသုံးစွဲရေး ပြန်လည် စီမံခန့်ခွဲသူတို့ သတိချပ်သင့်ပါပြီ။
ထိုနည်းတူစွာ ကာကွယ်ရေး အသုံးစရိတ် ဘတ်ဂျက်ကိုလည်း နှစ်စဉ် နိုင်ငံတော် ဘတ်ဂျက်၏ ထက်ဝက် နီးပါး တောင်းခံနေခြင်းထက် ပြည်သူဘက် မျက်နှာလှည့်ကာ ရာခိုင်နှုန်း ၃၀ သာသာ လောက်သာ တောင်းခံ သင့်သည်။ တပ်မတော်သားများသည် လည်း ပြည်သူထဲက ပြည်သူများပင် ဖြစ်၍ ပြည်သူတို့နှင့် တသား တည်းထားစေချင်သည်။ သာမန် ပြည်သူကသပ်သပ် တပ်မတော်သားများက သပ်သပ်ဟူသော ပြည်သူချင်း သွေးခွဲခြင်းသဘောကို တပ်တော်ခေါင်းဆောင်တို့ ရပ်တန်းကရပ်သင့်ပြီ။
ယနေ့ မြန်မာပြည်သူများသည် နိုင်ငံတော် ဘတ်ဂျက်ငွေကို မျှတစွာ ခွဲဝေခံစားခွင့် မရကြသည့် ဒဏ်ကို ခံစားနေရသည်။ ဘတ်ဂျက်ငွေ၏ အကျိုးဆက်သည် အောက်ခြေအထိ ပျံ့နှံ့ စိမ့်ဝင်ခြင်း မရှိ ဖြစ်နေသည်။ ပွဲဈေးခင်းထဲ ဆီးသီးဗန်းမှောက်သည့် ကိစ္စမှာ ယင်းကို တင်စားကာ လှောင်စရာ ပြောခြင်း လောက်နှင့်သာ ပြီးနေသည်။
ထို့နောက်လည်း “အလေးပြု၊ နေမြဲ” ဆိုသည့် အတိုင်း နေမြဲ၊ စားမြဲ၊ သောက်မြဲ၊ ဝေစားမျှစားလုပ်ဆဲ၊ တိုင်းပြည်နှင့် ပြည်သူ ဆင်းရဲတွင်း နက်နေတာက သူ့ထိုက်နှင့်သူ့ ကံပဲ ဟု ကံကိုသာ ပုံချ၊ ဗိုလ်ကျစိုးမိုးရေး ဝါဒသာ ကြီးစိုးနေဆဲပင် ဖြစ်ပါကြောင်း သုံးသပ်လိုက်ရ ပါသည်။