၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက် မြန်မာပြည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် မီဒီယာပြုပြင် ပြောင်းလဲရေးလည်း တခုအပါအဝင် ဖြစ်ခဲ့သည်။ ထင်ထင်ရှားရှား ဥပမာများမှာ စာပေစိစစ်ရေး မရှိတော့ခြင်း၊ ပြည်ပအခြေစိုက်မီဒီယာများ ပြည်တွင်းတွင် အခြေချခွင့်ပေးလာခြင်း၊ ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ထုတ်ဝေ ခွင့် အစရှိသဖြင့် ဖြစ်သည်။ ထိုသို့ မီဒီယာ ပြုပြင် ပြောင်းလဲရေးများ ပြုလုပ်ခဲ့သော်လည်း မြန်မာပြည်သည် မီဒီယာသမားများကို ထောင်အချဆုံး ၁၀ နိုင်ငံထဲတွင် ပါဝင်နေသည်ဟု ဝေဖန်ခံနေရသည်။
ထို့ကြောင့် လက်ရှိ ပြန်ကြားရေးဝန်ကြီးလည်းဖြစ်၊ သမ္မတ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်သူ ဦးရဲထွဋ်ကို မြန်မာပြည် ပြုပြင်ပြောင်းလဲမှု အရွေ့၊ ဒီမိုကရေစီရေး အကောင်အထည်ဖော်မှု၊ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ (Public Service Media-PSM) များအဖြစ် အစိုးရပိုင်မီဒီယာများကို ပြောင်းလဲမည့် အခြေအနေ ရှိ၊ မရှိ၊ ရင်ဆိုင်ရနိုင်သည့် အခက်အခဲများ အစရှိသည်တို့ကို ဧရာဝတီ အယ်ဒီတာများက နေပြည်တော် ပြန်ကြားရေး ဝန်ကြီး ရုံးတွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဧရာဝတီ ။ ။ Public Service Media ဘယ်လောက်အထိ Independent ဖြစ်မလဲဆိုတာ မေးစရာရှိပါတယ်။ မီဒီယာလို့ ပြောလိုက်ပြီဆိုကတည်းက မီဒီယာရဲ့ ဂုဏ်သိက္ခာက Independent ပဲ။ Independent ဆိုတာ NLD နဲ့လည်း ကင်းရမယ်၊ ပြည်ခိုင်ဖြိုးနဲ့လည်း ကင်းရမယ်၊ အစိုးရနဲ့လည်း ကင်းရမယ်။ နောက်ပြီးတော့ Max Myanmar နဲ့လည်း ကင်းရမယ်ပေါ့နော်။ KBZ နဲ့လည်း ကင်းရမယ်။ အဲဒီတော့ ဒီ Public Service Media က ဘယ်လောက်အထိ Independent ဖြစ်နိုင်မလဲ။
ဦးရဲထွဋ် ။ ။ ကျနော်တို့ အခု ဆွဲထားတာပေါ့နော်၊ လွှတ်တော်ကတော့ ဘယ်လိုပုံစံနဲ့အတည်ပြုမလဲ မသိဘူး။ ဒီမှာတော့ ကျနော် ထင်တယ်လေ၊ နိုင်ငံတကာစံရဲ့ ၉၀ ရာခိုင်နှုန်းလောက်တော့ ရနိုင်မယ်ထင်တယ်။ ဥပမာ ဆိုပါတော့ ကျနော်တို့က နိုင်ငံရေးအရ ဖိအားကင်းတုန်းကဆိုရင် သူတို့ကို အပေါ်မှာကောင်စီရှိမယ်။ အဲဒီကောင်စီက လွှတ်တော်ရယ်၊ လွှတ်တော်နှစ်ရပ်ရယ်၊ သမ္မတရယ်က ရွေးပေါ့ဗျာ။ သို့သော် ရွေးပြီးတော့ ကျနော်တို့ပြည်သူ ကိုချပြရဦးမယ်။ ပြည်သူ့ဆီက Feedback ပြန်ယူရမယ်။ ကန့်ကွက်မယ့်သူမရှိမှ ခန့်မယ်။ ပြီးမှ သူက အောက်မှာ Board of Director ကိုရွေးမယ်။ ပြီးရင် Board of Director က CEO ကိုခန့်မယ်။ ဒါပေမယ့် အယ်ဒီတာတွေ ဘာတွေ ဖြုတ်ချင်တယ်ဆိုရင် CEO က ဖြုတ်လို့မရဘူး။ သူက Board of Director ကိုတင်ပြီးမှ ဖြုတ်ရမယ်။ CEO ကိုဖြုတ် ချင်တယ်ဆိုရင် Board of Director က ဖြုတ်လို့ မရဘူး။ ဒီလိုမျိုးတော့ ကျနော်တို့ အာဏာရှိတယ်။ ခင်ဗျားပြောတာ ကျနော်တို့ လက်ခံပါတယ်။
သို့သော် ပြဿနာက ဘာလဲဆိုတော့ Public Service Media ဖွဲ့လို့ရှိရင် ကျနော်တို့မှာ အရေးအကြီးဆုံး ပြဿနာ ၃ ခု ရှိတာပေါ့။ တစ်ကတော့ ဝန်ထမ်းတွေက လုပ်တတ်ကိုင်တတ် ဖြစ်ရမယ်။ နှစ်က နိုင်ငံရေးသမား တွေကရော၊ ပြည်သူတွေကရော PSM ရဲ့သဘောတရားကို နားလည်ရမယ်။ ၂၀၁၂ က ကျနော်တို့ International Conference လုပ်တဲ့အချိန်မှာ ကျနော်တို့တွေ့တာ လူတွေက နားမလည်ဘူး။ ဆိုလိုတာက နိုင်ငံ့ဘဏ္ဍာစားနေရင် နိုင်ငံတော်ကို ထောက်ခံရမှာပဲဆိုတဲ့စိတ်က ရှိနေတယ်။ ဒါကို ကျနော်ပြောတာ။ နံပါတ်သုံးက ပြဿနာက အခု ခင်ဗျားကိုပြောတဲ့ အများပြည်သူဝန်ဆောင်မှု မီဒီယာကောင်စီတို့၊ Board of Diretor မှာပေးဖို့အတွက် လူ၊ အဲဒါက ပြဿနာ။ ဘာလို့ဆို ကျနော်တို့ဆီမှာ Independent Media လည်း မရှိခဲ့တာကြာပြီ။ Media Law နဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတွေက လည်း မရှိတဲ့အခါကျတော့ တာဝန်ပေးမယ့် သူတွေသည် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးသမားဟောင်းတွေ၊ အစိုးရဝန်ထမ်းဟောင်းတွေ ဖြစ်ဖို့များတယ်။ အဲဒီဟာကတော့ ကျနော်လည်း …။
ဥပဒေက ဘယ်လောက်ရှိရှိ သူ့ရဲ့ Concept ကိုက အဲဒီလိုဖြစ်နေတယ်။ တကယ်လို့ ဖွဲ့တော့မယ်ဆိုရင် Workshop တွေ တောက်လျှောက်လုပ်ရမယ်။ ဘာလို့လဲဆိုတော့ ရွေးချယ်မယ့် လွှတ်တော်တို့ဘာတို့ကို ကျနော်တို့ ရှင်းပြရမယ်။ မဟုတ်ဘူး၊ ဒီလိုဖြစ်အောင်လုပ်ရမယ် ဆိုတဲ့ဟာမျိုးပေါ့နော်။
အဓိက အဲဒီ Board Member တွေက၊ ဆိုလို တာက ရွေးချယ်စရာလူ သိပ်မရှိဘူးဗျာ။ ဒါကြောင့် အဲဒီမှာထည့်ထားတာ၊ လက်ရှိ မီဒီယာလုပ်ငန်းလုပ်သူ မဖြစ်စေရလို့ တတ်နိုင်သမျှတော့ ထည့်ထားတာပေါ့။ သို့သော် ဘာပဲဖြစ်ဖြစ် တချိန်တုန်းက မီဒီယာစီးပွားရေး လုပ်ငန်းရှင် ဖြစ်ခဲ့တာမျိုး၊ မီဒီယာ အယ်ဒီတာ ဖြစ်ခဲ့ တာမျိုးရှိရင် မီဒီယာဘက်က အိုင်ဒီယာ၊ Private Media ဘက်က အိုင်ဒီယာ သူ့မှာပါလာမယ်။ အစိုးရဘက်က လူတယောက်က အဲဒီမှာ သွားလုပ်ရင် အစိုးရဘက်က Thinking က ပါသွား မယ်။ ဆိုတော့ အဲဒီဟာကို လူရှာရတာပဲ။ ဒါ ၉၀ ရာခိုင်နှုန်းလောက် ကျနော်သေချာတယ်။ ဒါပေမယ့် ထည့်တဲ့သူတွေက ပြဿနာ။ အဲဒါ ရွေးချယ်ဖို့ Selection မှာ နည်းနည်းစကားပြောမယ်။ အဲဒီ ပြဿနာတခု ကျနော်တို့ ကျန်တယ်။ နောက်တခုက ငွေကိစ္စပေါ့။ ငွေက ကျနော်တို့က နိုင်ငံတကာမှာ ကျတော့ တီဗီကနေ ကောက်တဲ့ပိုက်ဆံပေါ့။ အဲဒီတော့ ပုံမှန်ဖြစ်သွားမယ်။ သို့သော် မြန်မာပြည်မှာက ကောက်ကြည့်တော့ နော်ဝေမှာ ၄ သိန်းလောက် ပေးရတယ်၊ အင်္ဂလန်မှာ ၁ သိန်းလောက်ပေးရတယ်၊ မြန်မာပြည်မှာ တီဗီ ၁ လုံးကို တနှစ် ၁ သိန်း လာ ပေးဆိုမဖြစ်နိုင်ဘူး။ အဲဒီလိုဖြစ်နေတယ်။ အဲဒီတော့ ကျနော်က ဘယ်လိုစဉ်းစားလဲဆိုတော့ ယိုးဒယားလိုမျိုး Sin Test ပေါ့။ အကုသိုလ်ခွန်ပေါ့။ အရက်နဲ့ ဆေးလိပ်က ရတဲ့ဟာကို သုံးမလားလို့ ကျနော် စဉ်းစားဖူးတယ်။ အဲဒီတော့ လွှတ်တော်တွေကို ကျနော်သွားရှင်းပြတယ်။ သွားရှင်းပြတဲ့အခါကျတော့ ဦးအောင်ကြည် ဝန်ကြီးဖြစ်ပြီးခါစပေါ့။ နိုင်ငံတကာ ဃသညခနစအ အနေနဲ့ပေါ့။ ကျနော်ပဲ သွားရှင်းပြတယ်။ ဦးအောင်ကြည်တို့ လိုက်လာတယ်။ ရှင်းပြတော့လည်း အဲဒီတုန်းက နားထောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက မကြိုက်ဘူး။ ဒီဟာက နိုင်ငံတော်ဘတ်ဂျက်ထဲ ဝင်ပြီးတော့ ကျန်းမာရေး၊ ပညာရေးအတွက် သုံးသင့်တယ်လို့ဖြစ်တယ်။ ဖြစ်တော့ ကျနော်တို့က ဘာကို ယူခဲ့လဲဆိုတော့ ဘယ်လောက် Grant ပေါ့၊ ပိုတဲ့ ရန်ပုံငွေရဲ့ ၇၀ ရာခိုင်နှုန်းကို လွှတ်တော် ကနေပေး၊ ၃၀ ရာခိုင်နှုန်းကိုတော့ ကျနော်တို့က ကော်မာရှယ်က နေယူမယ်။ လုံးဝကြီး ဘယ်လောက်ပေးဆို လည်း မဖြစ်နိုင်ဘူး။ ကော်မာရှယ်က အရမ်းများရင်လည်း မစားသာဘူးဆိုပြီး ကျနော်တို့က ၇၀ – ၃၀ အချိုးနဲ့ တင်ထားတယ်။ အဲဒီမှာ ကျနော်တို့ ဘာတခု ထပ်ထည့်ထားလဲဆိုတော့ တကယ်လို့ လွှတ်တော်က ပိုက်ဆံကို မပေးဘူးဆိုရင်၊ ဒါက ဖြစ်လာနိုင်တယ်လေ၊ ပိုက်ဆံကိုလျှော့မယ်ဆိုရင် At least(အနည်းဆုံး) မနှစ်က ပေးထားတဲ့ဟာအတိုင်း အလိုအလျောက် သုံးခွင့်ရှိရမယ်လို့ ကျနော်တို့ထည့်ထားတယ်။ ဒါတော့ လွှတ်တော် သဘောတူ မတူတော့ မသိဘူး။ သူက စဉ်းကို မစဉ်းစားသေးတာပေါ့။ ဒါကတော့ Safe back ပေါ့။ ဖြစ်လာ နိုင်တာပေါ့။ ၇၀ ရာခိုင်နှုန်းကို ပိုက်ဆံလျှော့ချလိုက်မယ်ဆိုရင် သေပြီ။
ဧရာဝတီ ။ ။ ဒါပေမယ့် ခုနပြောတဲ့ ကော်မာရှယ်ကိစ္စတွေ ပါလာပြီဆိုတော့ ဒီဟာက State Media ပဲပြောပြော၊ Public Service Media ပဲပြောပြော၊ အဲဒီလိုမျိုး လုပ်တဲ့အခါကျတော့ Independent Media တွေ၊ Private Media တွေ ကျတော့ရော။ ပြဿနာက သူတို့အတွက် ဈေးကွက်မှာ အစသိမ်းပိုက်ထားသလို ဖြစ်မသွားဘူးလား။
ဦးရဲထွဋ် ။ ။ မဖြစ်နိုင်ဘူးလေ။ BBC မှာတောင် Channel တွေ အများကြီး ရှိတယ်လေ။ ကြော်ငြာထည့်တဲ့ Channel တွေရှိတယ်၊ BBC Celebrity တို့ဘာတို့ ဆိုရင် ဒါ ကော်မာရှယ်လိုင်းပဲ။ ပိုက်ဆံယူခွင့်ရတယ်။ ကျနော်တို့က ဘာကိုယူမှာလဲဆိုရင် အခုလက်ရှိ ဥပမာ သတင်းစာပေါ့ဗျာ၊ အလွယ်ဆုံးပြောမယ်၊ သတင်းစာရဲ့ Income အများစု ၈၀ ရာခိုင်နှုန်းက ကြော်ငြာကနေရတယ်။ ဒါပေမယ့် အဲဒီ ဥပဒေအရ ဆိုရင် သူ့ရဲ့ ကြော်ငြာ လက်ခံမှုနှုန်းထား အလိုလို လျော့ကျသွားမယ်။ ၃၀ ရာခိုင်နှုန်းထက်များရင် လက်ခံလို့မရတော့ဘူး။ သူ ဒီနှစ်ကို သိန်း ၁၀ဝ သုံးမယ်ဆိုရင် ၇၀ ကို လွှတ်တော်ကနေ ယူရမယ်။ သိန်း ၃၀ ကိုပဲ သူက ကော်မာရှယ်ကနေ ရှာရမယ်၊ ဆိုတော့ သူက လျော့ကျသွားမယ်။ မြန်မာ့အသံလည်း ဒီလိုပဲ။ မြန်မာ့အသံဆိုလည်း ကြော်ငြာတွေ အရမ်းရတယ်၊ ကြော်ငြာတွေလျှော့ချရမယ်။ ပြဿနာမရှိဘူး။ ဆိုတော့ ကျနော်တို့ကသွားတဲ့ Trends တွေက တယောက်နဲ့တယောက် မတူဘူး။ ဈေးကွက်ကလည်း မတူဘူး။ သူကတော့ မားကက်ကို သွားမှာ ကိုး၊ ကျနော်တို့က Public ကို သွားမှာဆိုတော့ ကျနော်ထင်တယ်၊ အဲဒါက ပြဿနာမရှိဘူး။
ဧရာဝတီ ။ ။ အခုဟာက Transition ဆိုတော့ အားလုံးက မီဒီယာပဲပြောပြော စီးပွားရေးပဲပြောပြော အကုန်လုံး က Reforms ကို Step by Step သွားနေတယ်။ သို့ပေမယ့် တချိန်ကျတော့ ဝန်ကြီးလည်း သိတဲ့ အတိုင်းပဲ၊ ဒီမိုကရေစီနိုင်ငံကို တကယ်သွားပြီဆိုရင် တော့ မီဒီယာတွေအကုန်လုံးက Independent ဖြစ်ပြီးတော့ Private Type ဖြစ်သွားတာ ပေါ့။ ဆိုတော့ အဲဒီလို အချိန်ကာလ ဘယ်တော့လောက် ဖြစ်မယ်လို့ မျှော်လင့်ထားလဲ။
ဦးရဲထွဋ် ။ ။ ကျနော် ထင်တယ်လေ၊ ကျနော်တို့ကတော့ ဘယ်လောက်ပဲ Private ကဏ္ဍကို ပေးပေး၊ PSM ကတော့ ဆက်ထားထားမှာပဲ။ ကျနော်တို့က European Model ကို အများဆုံးယူတာပေါ့။ ဒါပေမယ့် ဂျပန်မှာရော၊ ကိုရီးယားမှာရော ရှိပါတယ်၊ ကျနော် တို့နဲ့ပေါင်းလုပ်နေတာ။ နောက်တခါ ဩစတြေးလျ မှာဆို ABC ပေါ့၊ ထိုင်းမှာလည်းရှိတယ်။ ကျနော်တို့ ကတော့ PSM ကိုတော့ ထားမှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ရှောင်နိုင်တာက နောက်တခုက မီဒီယာမိုနိုပိုလီပေါ့။ အုပ်စုကြီးတွေကပဲ ဒီသတင်းစာ ကိုရော၊ ပုံနှိပ်ရော၊ ရုပ်သံတွေရော ကိုင်တဲ့လူတွေ။ ပြီးရင် စောင်ရေနည်းနည်းပဲ ကျန်ပြီးတော့မှ သူတို့ ကိုယ်တိုင်ကိုက ပထမပိုင်း တော့ အများအတွက်ချည်းပဲ။ နောက်ပိုင်းကျမှ သူတို့ကိုယ်တိုင်ကိုယ်က သူတို့ လိုချင်တဲ့ Agenda က လူကို ဆွဲတင်တဲ့ဟာမျိုး။ အဲဒီလိုဖြစ်သွားမှာကို ကျနော် ရှောင်ချင်တယ်။
ဒုတိယ ကျနော် ဘာကိုရှောင်လဲဆိုတော့ အခု ကျနော်တို့ရဲ့ မီဒီယာတွေအားလုံးရဲ့ ၉၉ ရာခိုင်နှုန်းက ရန်ကုန်မှာလာစုနေတယ်။ သူတို့ရေးတဲ့ သတင်းတွေက ဘယ်လောက်ပဲ Divergent ဖြစ်တယ်ပြော ပြော၊ Diverse သွားတယ်ပဲပြောပြော ရန်ကုန်ပရိသတ် စိတ်ဝင်စားတဲ့ သတင်းဖြစ်တယ်။ နယ်မှာ ပြဿနာ တခုရှိရင် သူရေးရင်ရေးမယ်၊ ပြီးရင် သူပိတ်သွားမှာပဲ။ ဒါပေမယ့် အဲဒီမှာ သူ့ဟာသူ Day to Day ဖြစ်နေတာတွေရှိတော့ ကျနော်တို့က မီဒီယာတွေကို ဒီတိုင်းရင်းသား၊ အထူးသဖြင့် လူနည်းစုတွေ၊ နောက် ပစ်ပယ်ခံထားရတဲ့ အုပ်စုတွေ၊ ကလေးသူငယ်တို့၊ မသန်မစွမ်းအုပ်စုတို့ ဒီလိုအုပ်စုမျိုးကို ကျနော်တို့ သွားပေးမယ်။ အဲဒီလိုပေး နိုင်တာ တခုကတော့ Public Service Media ကျမှပဲ ဒီဟာတွေကို Converse ပေးရမှာပေါ့။ ဒီကနေ့ ကြည့်လေ၊ Public Service Media မရှိသေးတာတောင်မှ ကျနော်တို့ မွန်နဲ့ကရင်မှာ စထုတ်နေပြီ။ တိုင်းရင်းသား ဘာသာနဲ့ တပတ်တကြိမ်ထုတ်နေပြီ။ အခုမန္တလေးမှာ တပတ်တကြိမ် မန္တလေးသတင်းကို သီးခြားထုတ်နေ ပြီ။ ရခိုင်မှာ လာမယ့်နှစ်မှာ ရခိုင်မှာ ပုံနှိပ်စက်တခု ရွှေ့ပြီးတော့မှ ကာလာနဲ့ထုတ်ဝေနိုင်ဖို့ ကျနော်တို့ လုပ်နေတယ်။
ဧရာဝတီ ။ ။ ဒါပေမယ့် Press Council ကိုယ်တိုင်က အဲဒါကို လက်မခံဘူးနော်၊ PSM ကို။
ဦးရဲထွဋ် ။ ။ အခုတော့ လက်မခံဘူး။ ဒါပေမယ့် ကျနော် ပြောတာက ကျနော်တို့လူတွေ အားလုံးက တသက်လုံး လွတ်လပ်ရေးရပြီးကတည်းက State Media နဲ့ပဲ ကြီးပြင်းလာခဲ့တာ။ Public Service Media ဆိုတာ ဘယ်သူမှမသိခဲ့ဘူး။
ဧရာဝတီ ။ ။ ပြဿနာက သူတို့လက်မခံတာ၊ Journalist တွေ အများစု လက်မခံနိုင်တာက ပွင့်ပွင့်လင်းလင်း ပြောရရင် မယုံကြည်မှုပေါ့။ State Media တွေ ကနေ Public Service Media ကိုပြောင်းနိုင်ပါ့ မလားဆိုတဲ့ အတွေးမျိုး ရှိမယ်ထင်တယ်။
ဦးရဲထွဋ် ။ ။ ဒါကတော့ ဥပဒေနဲ့၊ အလုပ်နဲ့ သက်သေပြရမှာ ပေါ့ဗျာ။ သို့သော် ကျနော်တို့က ရှိကိုရှိရမယ်။ ပုံနှိပ်မှာလည်း လိုတယ်။ ဥပမာ ကျနော်တို့ ထည့်ပေးနေတယ်၊ ဥပဒေကြမ်းတွေ၊ ၁၀ မျက်နှာ၊ ၁၅ မျက်နှာ။ ခင်ဗျား အပြင်ဂျာနယ်တွေ အခမဲ့ထည့်ပေးဆို ထည့် ပေးနိုင်မလား။ ဥပဒေကြမ်းတွေ ကျနော်တို့ထည့်တာ။ တကယ်တော့ ဥပဒေအရဆိုရင် ကျနော်တို့ တွဲပေးစရာမလိုဘူး။ ဥပဒေကြမ်းကို ဥပဒေအရ နိုင်ငံတော် ပြန်တမ်းမှာပဲ ထည့်ပေးဖို့လိုတယ်။ သို့သော် ကျနော်တို့က ဘာကြောင့်ထည့်သလဲဆိုတော့ ဥပဒေပြုရေး အစကာလမှာ ပြည်သူတွေအနေနဲ့ များများသိသင့်တယ်လို့ထင်လို့ ကျနော်တို့က အရှုံးခံပြီးထည့်နေတာ။ ဆိုတော့၊ အဲဒါမျိုးကို ဘယ်သူထည့်ပေးမလဲ။ ဒါကြောင့်ပြောတာ ဒီလိုမျိုး လုပ်ဖို့အတွက်တော့ လိုသေးတယ်။
သို့သော် မပီပြင်ဘူးဆိုရင်တော့ အဲဒီဥပဒေကို ပြဋ္ဌာန်းတဲ့လွှတ်တော်ကို ခင်ဗျားတို့ အဲဒီအချိန်ကျရင် ပြောလို့ရ တယ်။ ဟုတ်တယ်မဟုတ်လား။ ဘာလို့လဲ ဆိုရင် နှစ်စဉ်မှာ နိုင်ငံတကာကို အများပြည်သူ ဝန်ဆောင်မှုကို Review တင်ရပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ Public Service Media ကောင်စီက Survey လုပ်ရမယ်၊ ပြန်တင်ရမယ်၊ စွမ်းဆောင်ရည်ကို အကဲဖြတ်ရမယ်၊ ပြည်သူ့ရဲ့ Feedback ကိုယူရမယ်။ ပြီးရင် နောက်နှစ် ဘတ်ဂျက်မှာ ဘာသုံးသင့်တယ်၊ မသုံးသင့်ဘူးလဲ ပြန်တင်ပေးရမှာပေါ့။ ဒီဟာပဲ လုပ်နေမှာဆိုတော့ Evaluation က အမြဲရှိမှာပဲ။ မပြနိုင်ဘူးဆိုရင် ဒါ ပြည်သူကလည်း ပြောလာမှာပဲ၊ မီဒီယာကလည်း ပြောလာမှာပဲ။ သို့သော် ခင်ဗျားတို့ စမ်းသပ်ခွင့်တော့ ပေးသင့်တာပေါ့။ အများပြည်သူ ဝန်ဆောင်မှုဆိုတာကို မသိတဲ့သူတွေကတော့ မျက်စိ မှိတ်ပြီး မလိုချင်ပါဘူးလို့တော့ ပြောလို့မရဘူးပေါ့။ စမ်းသပ်ခွင့်တော့ ပေးရမယ်။ တချို့ကျတော့လည်း Commercially အရ ပြိုင်ဘက်အနေနဲ့ ပြောနိုင် ခြေရှိပါတယ်။ သို့သော် ကျနော်တို့ တောင်းဆိုချင်တာက စမ်းသပ်ခွင့်တော့ ခင်ဗျားတို့ ပေးသင့်တယ်။ ဒါကြီးက သူများနိုင်ငံမှာလည်းသုံးနေတယ်။ ကျနော် တို့က ဘာလို့မစမ်းသင့်တာလဲ။ စမ်းရမှာပေါ့၊ ဟုတ်တယ်မဟုတ်လား။
ဧရာဝတီ ။ ။ ဒီ Public Service Media က State Media ကနေ ထွက်လာမယ့် အဖွဲ့အစည်းဆိုတော့ အဲဒီအပေါ်မှာ ယုံကြည်မှုမရှိကြတာလည်း မဖြစ်နိုင် ဘူးလား။
ဦးရဲထွဋ် ။ ။ ထိုင်းမှာလည်း တကယ်တမ်းကျတော့ ဥပဒေနဲ့ ပဲ ဖွဲ့ပေးခဲ့တာပဲလေ။ BBC ဆိုလည်း BBC Charter နဲ့ ဖွဲ့တာပဲ။ ဒါပေမယ့် အများပြည်သူဝန်ဆောင်မှု မီဒီယာဖြစ်လာရင်တော့ အများပြည်သူဝန်ဆောင်မှု မီဒီယာနဲ့၊ ပုဂ္ဂလိက ကဏ္ဍနဲ့၊ လွှတ်တော်နဲ့၊ အစိုးရနဲ့ အငြင်းပွားမှုမျိုးတွေ ဖြစ်လာဦးမှာပဲ။BBC တောင် မတွေ့ဘူးလား၊ တိုနီဘလဲ လက်ထက်က BBC ဥက္ကဋ္ဌနဲ့ အီရတ်သတင်းနဲ့ ပတ်သက်ပြီးတော့လေ၊ BBC Director General နဲ့ အစိုးရအဖွဲ့နဲ့ အငြင်း ပွားပြီးတော့ ဟိုလူက သူ့ဟာသူ ထွက်သွားရတာ မျိုးတွေရှိတယ်။ ဆိုတော့၊ ဒီဟာကတော့ ရှိနေဦးမှာ ပဲ။ အစိုးရကလည်း တတ်နိုင်သမျှတော့ ပုဂ္ဂလိက မီဒီယာကိုလည်း သူ့ရဲ့ Inline ဖြစ်အောင် သူစည်းရုံး မှာပဲ။ အများပြည်သူဝန်ဆောင်မှု မီဒီယာကိုလည်း စည်းရုံးမှာပဲ။ ဒါကတော့ ခုခံမှုတွေနဲ့ ဆွဲဆောင်မှုတွေ ကတော့ ရှိနေမှာပဲ။ ဒါပေမယ့် စမ်းသပ်ခွင့်ကတော့ ရှိသင့်တာပေါ့။
ဧရာဝတီ ။ ။ ကန့်သတ်ချက်တွေ ရှိတယ်ထင်တယ်၊ ဘာဖြစ် လို့လဲဆိုတော့ ခုနတုန်းကလိုမျိုး အခက်အခဲတွေ ရှိတယ်။ ဦးတည်ချက်ကို သွားတဲ့အခါမှာ ညှိနှိုင်းရ တာတွေရှိတယ်။ အဲဒီလိုမျိုးသွားနေရတဲ့ ကာလမှာ Limit က ၂၀၁၅ ပေါ့။ ပြောရမယ်ဆိုရင် အခုက ၂၀၁၅ ရွေးကောက်ပွဲနဲ့၊ နောက်ပြီး အစိုးရသစ်တခုကို တကယ်လို့သာ ချောချော မွေ့မွေ့နဲ့ လွှဲပြောင်းသွား မယ်ဆိုလို့ရှိရင်၊ ဟိုဘက် အစိုးရသစ် မတိုင်ခင် ဝန်ကြီးလက်ထက်မှာ PSM ကို ဘယ်လောက်အထိ လုပ်သွားနိုင်မလဲ။ နောက်ပြီးတော့ ဟိုဘက်ကို ဘာတွေဆက်ပြီးတော့ လွှဲသွားနိုင်မလဲ။
ဦးရဲထွဋ် ။ ။ ကျနော်တို့ရဲ့ ချဉ်းကပ်ပုံကတော့ ကျနော်တို့က Institution တခုပေါ်ချင်တော့ ဥပဒေလိုချင်တာပေါ့။ ဒါပေမယ့် ဥပဒေကတော့ ပြည်သူ့လွှတ်တော်က စဉ်းစားတဲ့ဟာပဲ ရှိသေးတာကိုး။ စဉ်းတောင် မစဉ်း စားသေးပါဘူး၊ တင်ထားတဲ့အဆင့်ပဲ ရှိသေးတော့ ကျနော်တို့ အဲဒီကိစ္စကိုတော့ ပြောလို့မရဘူး။ သို့သော် ကျနော်တို့က ဘာကိုပဲတွန်းထိုးပြီး လုပ်နေလဲဆိုတော့ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေ မရှိသေး ရင်တောင်မှ မြန်မာ့အသံတို့၊ စာနယ်ဇင်းတို့မှာရှိတဲ့ ဝန်ထမ်းတွေသည် အများပြည်သူဝန်ဆောင်မှု မီဒီယာ အတွက်လိုအပ်တဲ့ ကျွမ်းကျင်မှု၊ နောက် ခံယူချက် ပေါ့၊ ဒါကို ရှိနေအောင် ကျနော်က တိုက်တွန်းထားတော့၊ ပြင်ဆင်ထားတော့ ဒါကိုပဲ၊ ဒီတခုပဲ ကျနော်တို့က လုပ်လို့ရတာကိုး။
နောက်တခါ တတ်နိုင်သလောက် ခင်ဗျားတို့က တဆင့်ပေါ့နော်။ အများပြည်သူဝန်ဆောင်မှု မီဒီယာရဲ့ တန်ဖိုးနဲ့ စမ်းသပ်ခွင့် လိုတယ်ဆိုတာကို သိစေချင်တာ။ ဒါကို ကျနော်တို့ များများပြောမယ်၊ ဒါပဲ လုပ်လို့ရတယ်။ ကျနော် ဆိုရင် ဝန်ထမ်းတွေကို ဘာပြောလဲဆိုရင် ခင်ဗျားတို့လုပ်နေတာ ဝန်ကြီးရဲထွဋ် အတွက်လည်း မဟုတ်ဘူး။ ခင်ဗျားတို့ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်စိုးအတွက်လည်း မဟုတ်ဘူး။ ဒီလူတွေက သွားနေဦးမှာပဲ၊ တချိန်ချိန်မှာတောင်မှ ပြန်ကြားရေးဝန်ကြီးဌာနက တခြားဝန်ကြီးဌာနနဲ့ ပေါင်းတာမျိုးလည်း ဖြစ်ရင်ဖြစ်မယ်။ သို့သော် မြန်မာ့အလင်းတို့၊ ကြေးမုံတို့ဆိုတဲ့ နာမည်က တသက်လုံးကျန်ခဲ့မှာ။ ခင်ဗျားတို့ကို မေးတဲ့အခါမှာ ဘယ် သတင်းစာမှာ လုပ်လဲလို့မေးမှာ၊ ဘယ်ဝန်ကြီးအောက်မှာလုပ်လဲလို့ မေးမှာမဟုတ်ဘူး၊ တချိန်မှာ။ အဲဒီ တော့ ဒါက Reputation ကို တည်ဆောက်နေတာ။ ဒါကြောင့် ပြင်ဆင်ပါလို့ ကျနော် တိုက်တွန်းနေတာပါ။ တိုက်တွန်းတယ်ဆိုတာလည်း ကျနော်က ဒါပဲ လုပ်လို့ရတယ်။ Capacity ကို ကျနော်မြှင့်ခဲ့မယ်၊ လူတွေရဲ့ Mindest ကို ပြင်ထားခဲ့မယ်။ ဥပဒေ ဖြစ်လာရင် သူတို့အသင့်ဖြစ်နေမှာပေါ့။
ဧရာဝတီ ။ ။ ဝန်ကြီး ခုနက အလွတ်သဘော ပြောသွားခဲ့ သလို သတင်းစာအတွက် ဆောင်းပါးတပုဒ်ရွေးတာ တောင်မှ အယ်ဒီတာတယောက်က တာဝန်မခံနိုင်လို့ ဝန်ကြီးက တာဝန်ဝင်ခံပေးရတယ်ဆိုတော့၊ တာဝန် မခံနိုင်ဘူးဆိုတာ သူ့မှာ Authorities အပြည့်မယူ ရဲတာလား၊ ဒါမှမဟုတ် အပေါ်က Authorities အပြည့် မပေးထားလို့လား။ အဲဒီလို ပုံစံမျိုးနဲ့ သွားနေရတဲ့ သူတို့ရဲ့ Mindset တွေ ဘယ်လို ပြင်ပေးမှာလဲ။
ဦးရဲထွဋ် ။ ။ မဟုတ်ဘူးဗျ။ ဒီလို။ ကျနော်တို့ရဲ့ဝန်ထမ်းတွေ အားလုံးက ဗဟိုဦးစီးချုပ်ကိုင်မှု အင်မတန်မှကြီးတဲ့ စနစ်အောက် မှာ နေခဲ့ရတာ။ အရင်တုန်းက ရှင်းရှင်းပြောရင်ဗျာ၊ ဟိုကနေ သတင်းစဉ်က ချပေးတဲ့ သတင်းကို ရေးတာက အန္တရာယ် အကင်းဆုံးပဲ၊ သူတို့မှာ။ အဲဒီတော့ တီထွင်ဆန်းသစ်မှု လုပ်လိုက်လို့ မှားသွားရင် သူတို့ဘဝတခုလုံး ပျက်သွားနိုင်တယ်။ ဒါက တချိန်တုန်းက ကျနော်တို့ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေ။ ဒီကနေ့ ကျနော်တို့က တံခါးဖွင့်ပေးလိုက်ပြီ။ ပြုပြင်ပြောင်းလဲရေး လုပ်ပါလို့ပြောတဲ့ အခါမှာပင်လျှင် တခါတလေမှာ တချို့သတင်း တွေနဲ့ ပတ်သက်လို့ရှိရင် ဝန်ကြီးဌာနတွေကနေ ထောက်ပြလို့၊ သူတို့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးက သော်လည်းကောင်း၊ ဝန်ကြီး၊ ဒုဝန်ကြီးက သော်လည်းကောင်း သူတို့ကို ဆူတာ ပူတာတွေ ရှိပါတယ်။ အရေးယူတာတော့ မရှိဘူးပေါ့။ ဆိုတော့၊ သွားတော့ သွားချင်တယ်။ နဂိုတုန်းက နေခဲ့ရတဲ့ Comfort ဇုန်ထဲကနေ ထွက် ရမှာလည်းကြောက်တယ်။ ဆိုတော့ ပြုပြင်ပြောင်းလဲ ရေးလုပ်တယ်ဆိုရင် တစ်ကတော့ ရှေ့ကိုမျှော်ကြည့်ရဲ ရမယ်၊ နှစ်ကတော့ စွန့်စားရဲရမယ်။ Risk ယူရဲရ မယ်။
အဲဒီတော့ ကျနော်တို့ဆီက ဝန်ထမ်းတွေက သူတို့ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ အဲဒီမှာ အားနည်းနေ တယ်။ အားနည်းနေတဲ့ အတွက်ကြောင့်မို့ ကျနော် သူတို့ကိုလည်း အပြစ်မတင်ချင်ဘူး။ အဲဒီတော့ ကျနော်က ဘာဝင်ယူလိုက်လဲ၊ သိပ်ပြီးတော့ Sensitive ဖြစ်တဲ့၊ ထိလွယ် ရှလွယ်တဲ့ ကိစ္စတွေ၊ ဆောင်းပါးတွေ၊ မင်းတို့ ဆုံးဖြတ်ရခက်တယ်ဆိုရင် ကျနော့်ကိုလာပြ၊ ကျနော် ခေါင်းခံပေးလိုက်မယ်။ ခေါင်းခံပေးလိုက်လို့ရှိရင် ဘာဖြစ်လဲ၊ ပြဿနာဖြစ်ရင် ကျနော်ပဲ တာဝန်ယူလိုက်မယ်။ သူတို့ဆီ မရောက် တော့ဘူး။ အဲဒီတော့ ကျနော် ဒီလိုယူပေးခြင်းအား ဖြင့် ဒီလိုဟာမျိုးတွေ ထည့်တဲ့အခါမှာ လူတွေက လက်ခံလာမယ်။ ဘာမှလည်းမဖြစ်ဘူး ဆိုရင် နောင်မှာ သူတို့ပိုပြီးတော့မှ ဆုံးဖြတ်ရဲလာမယ်။ ပြဿနာက ဆုံးဖြတ်ခွင့်အာဏာတော့ သီအိုရီအရ ရှိတယ်။ ဒါပေမယ့် အဲဒီဟာကို မလုပ်ရဲဘူး။ မလုပ်ရဲတဲ့ အတွက်ကြောင့် ကျနော်ကဝင်ယူပြီးတော့မှ ခေါင်းခံ ပေးတယ်။
ဧရာဝတီ ။ ။ သမ္မတကြီး ဦးသိန်းစိန်လည်း ပြောခဲ့တယ်၊ ဒီ Reform Process ကို အတားအဆီးဖြစ်စေတဲ့ သူ့ရဲ့ ယန္တရားထဲက လူတွေကို ဖယ်ထုတ်ပစ်မယ် ဆိုပြီးတော့။ အဲဒီဟာ များများစားစား မတွေ့ရဘူး။ အခုရော အဲဒီလိုမျိုး Reform Process ကို တား ဆီးတဲ့ဟာတွေ အစိုးရထဲမှာပဲ ဖြစ်ဖြစ်ပေါ့၊ ရှိနေ သေးလား။
ဦးရဲထွဋ် ။ ။ ခုနလိုပေါ့ဗျာ၊ ကျနော်ပြောမယ်၊ ဒီ Reforms ကို မလုပ်သင့်ဘူးလို့ ပြောတဲ့လူတော့ မရှိပါဘူး။ Reforms ကိုလိုက်တဲ့အခါမှာတော့ အားလုံးကတော့ မြန်မာနိုင်ငံရဲ့ တိုးတက်ဖို့အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ရမယ် ဆိုတဲ့ဟာတော့ လူတိုင်းက လက်ခံထားပါတယ်။ ခုနလိုပေါ့၊ နည်းနာပိုင်းမှာတော့ ဒီမိုကရေစီ အစိုးရအဖွဲ့ တခုတည်းမှာ နည်းနာပိုင်းအရ နည်းနည်း ကွဲပြားတာ ရှိကောင်း ရှိနိုင်တယ်။ ဘာပဲပြောပြော ခုချိန်မှာတော့ ကျနော်တို့ ထိပ်ပိုင်း မှာရှိတဲ့ အကြီးအကဲတွေရော ဝန်ကြီးဌာနတွေရဲ့ တာဝန်ခံပုဂ္ဂိုလ်တွေ အားလုံးကတော့ ဒါကို ကျနော်တို့ အင်တိုက်အားတိုက်လုပ်ဖို့ အားလုံးက ဆုံးဖြတ် ထားကြတာပေါ့။ ပြဿနာက ဘယ်မှာလဲ ဆိုတော့ အကောင်အထည်ဖော်ခြင်းအပိုင်းမှာပေါ့။ အကောင်အထည်ဖော်ခြင်း အပိုင်းမှာ ဘယ်ဌာနမဆို တစ်က လုပ်ပိုင်ခွင့်ပေးမယ်၊ ငါများမှားသွားရင် ဘာဖြစ်မလဲ။ ဟိုတုန်းကလိုမျိုး ငါ့ဘဝကြီး၊ ဝန်ထမ်း ဘဝကြီးတခုလုံး ဆုံးရှုံးသွားမလားဆိုတဲ့ ကြောက်ရွံ့တဲ့ စိတ်တွေရှိတယ်။ ဒုတိယအချက်ကတော့ ဟိုးအနိမ့်ဆုံးကနေ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်၊ ဒီဘက် ညွှန်ချုပ် Level အထိ တချိန်တုန်းက ကိုယ်ရခဲ့တဲ့ လုပ်ပိုင်ခွင့်တွေ ပေါ်မှာ သာယာခဲ့တာတွေ ရှိတယ်။ ဒီသာယာခဲ့တဲ့ ဟာကို စွန့်လွှတ်လိုက်ရမှာကို နှမြောတဲ့ စိတ်လည်း ရှိကောင်း ရှိနိုင်တာပေါ့။ ဒါတွေကတော့ လူ့ရဲ့ သဘောသဘာဝ ရှိပါတယ်။ သို့သော် အုပ်စုကြီးတခု အနေနဲ့ ဒီ Reforms Process ကို သွားရမယ့်ဟာကို တားနေတဲ့လူကတော့ မရှိပါဘူး။
ဧရာဝတီ ။ ။ Hard Liner (ခေါင်းမာသူတွေ) ဆိုတာ ရှိသေးလား။
ဦးရဲထွဋ် ။ ။ ကျနော်တို့ဆီမှာ Hard Liner ဆိုတာ မရှိပါ ဘူး။ ဒါတွေကတော့ ရေးလို့ကောင်းတာပေါ့ဗျာ။ ရေးလို့ ကောင်းအောင်သာ ရေးနေကြတာပါ။ အပျော့ တွေ၊ အမာတွေ၊ အပြင်းတွေ ဆိုတာကတော့ ဒါတွေ က ရေးလို့ကောင်းတာပါ။
ဧရာဝတီ ။ ။ ရွေးကောက်ပွဲ ကော်မတီဥက္ကဋ္ဌ ဦးတင်အေးက ပြောတာတွေရှိတယ်။ တပ်မတော်က အာဏာ ပြန်သိမ်းမယ် ပေါ့နော်။ ဆိုတော့၊ ၂၀၁၅ ကို ဝန်ကြီး အနေနဲ့ရော ဘယ်လိုသုံးသပ်လဲ။ အလားအလာတွေ ကောင်းပါ့မလား။
ဦးရဲထွဋ် ။ ။ ဥက္ကဋ္ဌကြီး ဦးတင်အေးပြောတဲ့ဟာကို ကျနော် ရှင်းပြချင်ပါတယ်။ အဲဒီနေ့က ကျနော်လည်းတက်ပါတယ်။ ဥက္ကဋ္ဌကြီး ဦးတင်အေးက ဘာကိုပြောချင် တာလဲဆိုတော့ ရုပ်ရှင်အနုပညာရှင်တွေကို ကျနော်တို့က Voter Education အတွက်ပေါ့၊ မဲဆန္ဒရှင် တွေကို ပညာပေးပြီးတော့ ပြောတဲ့အခါမှာ၊ ဒါသည် ပါတီတခုအတွက် လုပ်တာ မဟုတ်ဘူး။ မြန်မာနိုင်ငံ ရဲ့သမိုင်းကြောင်းက ဒီလိုရှိခဲ့တယ်ဆိုတဲ့ဟာကို သူ့ရဲ့ ရှုထောင့်က သူက ရှင်းပြခဲ့တာပါ။ နောက်တခုက ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ထည့်ထားခြင်းသည် အာဏာသိမ်းဖို့ကို တားဆီးတယ်ဆိုတာ သူ အခုမှ ပြောတဲ့ အသစ်အဆန်း အယူအဆ မဟုတ်ပါဘူး။ အမျိုးသားညီလာခံမှာ ဆွေးနွေးခဲ့တဲ့ ဟာတွေမှာ ကြည့်မယ်ဆိုရင်လည်း ဒီ ၂၅ ရာခိုင်နှုန်းကို ထည့်ခဲ့တာက အဲဒီသဘောပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ခင်ဗျားတို့ ပြန်ကြည့်လိုက်ရင် မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျပ်အတည်း တွေ ဖြစ်တိုင်း ဖြစ်တိုင်း တပ်မတော်က အဲဒီစနစ်ရဲ့အပြင်မှာ သူရှိနေတယ်။ ဖဆပလ ကွဲတုန်းကလည်း တပ်မတော်ကပြောတာပဲ၊ အဲဒီတုန်းက မှတ်တမ်းတွေရှိတယ်။ မကွဲကြပါနဲ့၊ ကိုယ့်ဘာသာကိုယ် အချင်းချင်း ပြေပြေလည်လည် ညှိကြပါလို့ ပြောတာတွေရှိတယ်။ ၈၈ ခုနှစ် အရေးပေါ်ပါတီ ညီလာခံမှာဆိုရင် အဲဒီတုန်းက ဥက္ကဋ္ဌကြီး ဦးနေဝင်းက ပြည်သူ့ဆန္ဒ ခံယူသင့်ပါတယ်လို့ ပြောတဲ့အချိန်မှာ တခုတည်းသော ထောက်ခံခဲ့တဲ့ အဖွဲ့က တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ပဲ။ တပ်မတော်က လုပ်ပါ၊ တပ်မတော်အနေနဲ့ အစွမ်းကုန်ကူညီပါ့ မယ်လို့ ပြောခဲ့တယ်။ ကျနော်ထင်တယ်၊ ကျနော်မှတ်တာ မမှား ဘူးဆိုရင် အဲဒီတုန်းကဆွေးနွေးခဲ့တာက ဗိုလ်မှူးချုပ် မောင်သင်။ တပ်မတော်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်၊ နောက်ပိုင်း တိုင်းမှူးဖြစ်သွားတယ်၊ နပခ တိုင်းမှူးဖြစ်တယ်၊ သူ ဆွေးနွေးခဲ့တာ။ ဒါပေမယ့် သူ့ရဲ့စကားကို ဘယ်သူမှ လက်မခံခဲ့ကြဘဲနဲ့ ဒါ ဆန္ဒခံယူပွဲ မလုပ်ဘူးဆိုတော့ ဆက်သွားခဲ့ကြတယ်။ ဆက်သွားတဲ့အခါကျတော့ နောက်ဆုံး ကြားဝင်တဲ့ အခါကျတော့ ဒီနည်းလမ်းတခုပဲရှိတယ်။
အဲဒါကြောင့် ကျနော်တို့သည် အဲဒီတုန်းက ရည်ရွယ်ချက်ကတော့ ကျနော် နားလည်သလောက် အထောက် အကူပြုအဖွဲ့နဲ့ ရုံးကိစ္စတွေလုပ်တဲ့အခါမှာ လူကြီးတွေပြောတာ ကျနော်ကြားခဲ့၊ နားလည်ခဲ့သလောက် ပြန်ပြောရရင် တစ်ကတော့ မြန်မာနိုင်ငံမှာ အဓိက နိုင်ငံရေး အင်အားစုဖြစ်တဲ့ ဗမာလူမျိုး နိုင်ငံရေးသမား တွေရယ်၊ အရပ်ဘက် နိုင်ငံရေးသမားတွေရယ်၊ တိုင်းရင်းသားတွေရယ်၊ တပ်မတော်ရယ်ကြားက သံသယ အရမ်းကြီးတယ်။ တယောက်နဲ့ တယောက် အလုပ်တွဲလုပ်နိုင်တဲ့ဟာလည်း မရှိဘူး။ အဲဒါကြောင့် ကျနော်တို့သည် အနာဂတ် နိုင်ငံရေး ပလက်ဖောင်းမှာတော့ ဒီသုံးခုတွဲပြီးတော့ လုပ်လို့ရ တဲ့ဟာတခု ဖန်တီးခဲ့မယ် ဆိုပြီးတော့ပါတယ်။
နှစ်ကတော့ ဘာလဲဆိုတော့ တပ်မတော်က အဲဒီထဲမှာ ပါနေတဲ့အတွက်ကြောင့်မို့ နိုင်ငံရေး အကျပ်အတည်း ဖြစ်တိုင်း ဖြစ်တိုင်း သူ့ရဲ့ သဘောထားကို တင်ပြခွင့်ရှိတယ်။ အထူးသဖြင့် အကျပ် အတည်းဖြစ်စေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေမှာ သူ့ရဲ့သဘောတူညီချက်ကို လူတွေက လက်ခံပြီးတော့မှ ပါရမှာဖြစ်တဲ့အတွက်ကြောင့် သူသည် နောင်တချိန်မှာ ကျနော်တို့ ပြောခွင့်မရလို့၊ တခြားနည်းလမ်းမရှိလို့ တပ်မတော်က အာဏာ ပြန်ယူရတယ်ဆိုတာ ပြောစရာမရှိသလောက် ဖြစ် သွားပါတယ်။ ဒီလိုမျိုးနဲ့ ကျနော်တို့ ထည့်ခဲ့တာပါ။ အဲဒီအယူအဆကိုပဲ နားလည်အောင်လို့ ပြန်ရှင်းပြတာပါ။ သမိုင်းကို ပြန်ရှင်းပြခဲ့တဲ့ သဘောပါပဲ။ ဒါကြီးကို ထင်ဟပ်ပြီးတော့မှ ပြန်သိမ်းလိမ့်မယ်လို့ ခြိမ်းခြောက်တာမဟုတ်ဘူး။ ကျနော်လည်း အဲဒီနေ့က ဥက္ကဋ္ဌကြီးနဲ့ အတူတူတက်ခဲ့တာပါ။ ကျနော်တို့ ဒါနားလည်မှုပါ။ ဒါက ပထမပိုင်းပါ။
ဒုတိယပိုင်းကတော့ ခင်ဗျားပြောသလို ၂၀၁၅ က ကျနော်တို့နိုင်ငံအတွက် တကယ့်ကို အရေးကြီးတဲ့ နှစ်ပဲ။ ဒါကြောင့်မို့လည်း သမ္မတကြီးက ရေဒီယို မိန့်ခွန်း တခုနှစ်ခုလောက်မှာ သူ ညွှန်းခဲ့ပါတယ်။ ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု လိုအပ်တဲ့ဟာကို သူညွှန်းခဲ့တာရှိတယ်။ နှစ်ကတော့ ပါဝင်ပတ်သက်တဲ့ လူတွေအားလုံးရဲ့ အမြော်အမြင်ကြီးမှုနဲ့ ဉာဏ်ပညာ ကြီးမှုအပေါ်မှာ မူတည်မှာပါ။ ကျနော်တို့က ပြောင်း တော့ပြောင်းရမှာပါ၊ ပြောင်းတဲ့အခါမှာ လက်ဆ လိုတာပေါ့။ ဒါကတော့ ပါဝင်ပတ်သက်တဲ့ ခေါင်းဆောင်ပိုင်းတွေ ဆုံးဖြတ်ရမယ့် ကိစ္စပေါ့။ ကျနော်က လည်း အဲဒီအချိန်ကျရင် မဲဆန္ဒရှင်အနေနဲ့ မဲတမဲပဲ ပေးရမှာဆိုတော့ အကောင်းဆုံးတော့ ကျနော်တို့လည်း မျှော်လင့်ပါတယ်။ လူတွေလည်း နားလည် မယ်လို့ ထင်ပါတယ်။ ခင်ဗျားတို့ မီဒီယာတွေက လည်း အဲဒီအရေးကြီးမှုကို ထောက်ပြကြမယ်။ အထူးသဖြင့်ပေါ့၊ ရွေးကောက်ပွဲ နီးလာတဲ့အခါမှာ အားလုံးက သမာသမတ်ကျကျပေါ့နော်၊ လူတိုင်းက ပြောတာဆို တာ၊ မဲပေးတာကအစ သမာသမတ်ဖြစ်ဖို့ မီဒီယာ တွေကလည်း ဝိုင်းထိန်းပေးမှရမယ်။ ကော်မရှင်လည်း တော်တော်များများ ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။
ဧရာဝတီ ။ ။ သမ္မတကြီး ဦးသိန်းစိန်က အခုထက်ထိလည်း ၂၀၁၅ လွန်ပိုင်းမှာ သမ္မတလုပ်မယ်လို့ မပြောဘူး၊ တပြိုင်တည်းမှာ တလျှောက်လုံးလည်း နားထောင်ရ သမျှ သမ္မတမလုပ်ဘူးလို့လည်း တခါမှမပြောခဲ့ဘူး။ ဒါပေမယ့် သူ့အပြော အဆိုတွေအရ သမ္မတလုပ်နိုင်တဲ့ အလားအလာ များတယ်လို့ မြင်မိတယ်။ သမ္မတ ဦးသိန်းစိန်က ဘယ်လောက် အထိ ၂၀၁၅ အလွန်မှာ နိုင်ငံရေး Role အနေနဲ့ ဘယ်နေရာမှာ ရှိနိုင်မလဲ၊ ဘယ်လိုထင်လဲ။
ဦးရဲထွဋ် ။ ။ ကျနော့်အမြင် ပြောရရင် နံပါတ်တစ်ကတော့ သမ္မတကြီး အကြိမ်ကြိမ် ပြောခဲ့သလိုပဲ၊ နိုင်ငံရဲ့ အခြေအနေနဲ့ ပြည်သူ့ရဲ့ ဆန္ဒအပေါ်မှာလည်း သူ မူတည်ပါတယ်။ နှစ်ကတော့ အခုအချိန်မှာ သမ္မတ ကြီးရဲ့ခေါင်းထဲမှာ တကယ်အရွေးခံမယ်၊ အရွေးမခံဘူးဆိုတာ ပြောဖို့ဆန္ဒလည်းမရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၅ နဲ့ ၂၀၁၅ အလွန်ကာလမှာ တိုင်းပြည်အတွက် အခြေအနေကောင်းတွေ သူ ဖန်တီးပေးချင်တယ်။ ဆိုတော့ အဲဒီအချိန်မှာ သမ္မတကြီး ဆုံးဖြတ်လိုက်တဲ့ ကိစ္စတခုကို လူတွေက၊ ဟာ … ဒီကိစ္စက သူ သမ္မတ ဆက်ပြီး လုပ်မှာမို့လို့ အများကြိုက်အောင် လုပ်လိုက်တာ၊ ဒါမှမဟုတ်လည်း သူ သမ္မတ မလုပ်တော့ပါဘူးတဲ့၊ မျက်နှာလွှဲ ခဲပစ်လုပ် လိုက်တာဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုမျိုးကို သူ မခံချင် ဘူး။ စိတ်သန့်သန့်နဲ့ပဲ ၂၀၁၅ နဲ့ ၂၀၁၅ အလွန် ကာလမှာ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်ဖို့ လိုအပ်တယ်ပေါ့နော်။ ကျနော်တို့ထင်တယ်၊ Institution တွေ ခိုင်မာဖို့၊ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့၊ အခြေခံဥပဒေတွေ လိုအပ်တယ်ဆိုတဲ့ဟာမျိုး စိတ်သန့်သန့်နဲ့ ရဲရဲတင်း တင်း လုပ်မှာပဲ။ အဲဒီလို လုပ်တဲ့ အခါမှာ ခုန ခေါင်းစဉ် ၂ ခုနဲ့ လာပြီးတော့ လူတွေ သုံးသပ်တာမျိုးလည်း ဖြစ်မှာပေါ့။ သို့သော် ဆုံးဖြတ် ရတော့မယ့် အချိန်ရောက်ရင်တော့ နိုင်ငံရဲ့ အခြေအနေနဲ့ ပြည်သူ့ရဲ့ဆန္ဒပေါ် မူတည်ပြီးတော့မှ သူဆုံးဖြတ်မှာပေါ့။