နိုဘယ် – မြန်မာ စာပေပွဲတော် (စာပေသည် ငြိမ်းချမ်းရေးအတွက်) ဟု အမည်ရသည့် စာပေပွဲတော်ကို ဇန်နဝါရီ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ သုံးရက်တိုင်တိုင် ခမ်းနားအောင်မြင်စွာဖြင့် ကျင်းပပြီးစီးခဲ့သည်။ ပထမဆုံးအကြိမ် ကျင်းပသော ဤစာပေပွဲတော်ကို ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံ ဝင်းအတွင်း ကျင်းပခြင်းဖြစ်ပြီး စာအုပ် အရောင်းဆိုင်များ၊ ပြခန်းများ၊ စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ ရေးသူဖတ်သူ ဆွေးနွေးပွဲများ၊ ရသ စာဖတ်ဝိုင်း စသည်တို့အပြင် ညပိုင်းတွင် အငြိမ့်၊ ပြဇာတ်များနှင့် ဖျော်ဖြေခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်တွင် တခြား စာပေပွဲတော်များ ကျင်းပခဲ့ဖူးသော်လည်း ယခုကျင်းပသော နိုဘယ် – မြန်မာ စာပေပွဲတော်လောက် လူစည်ကားခြင်း၊ စိတ်ဝင်တစားရှိကြခြင်း၊ အစီအစဉ် ကျနခြင်းကို မတွေ့ခဲ့ဖူးပေ။ အမျိုးအစားစုံလင်သော စာအုပ်သစ်၊ စာအုပ်ဟောင်းများ ရောင်းချမှုအပြင် ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲများကို အမျိုးသား ကဇာတ်ရုံ ပင်မ အဆောက်အအုံကြီးထဲနှင့် အပြင်ဝင်းထဲတွင်ပါ ယာယီတဲများထိုးပြီး ခေါင်းစဉ်ခွဲများနှင့် အချိန်ခွဲ ကျင်းပနေခြင်းကြောင့် နှစ်သက်ရာခေါင်းစဉ်အလိုက် ပရိသတ်များကိုယ်တိုင် နားထောင်ကာ ဝင်ရောက်ဆွေးနွေးနိုင်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက မြန်မာစာပေ အနုပညာရှင်များ ကိုယ်တိုင် ပါဝင်တင်ဆက်ခဲ့ကြဖူးသည့် စာပေပွဲတော်များ အကြောင်းကို စာအုပ်များမှတဆင့်သာ သိခွင့်ရခဲ့ကြပြီး ဒီဘက်ခေတ်တွင် တခါမျှ မတင်ဆက်ခဲ့ဖူးသည့် ပြဇာတ် အစီအစဉ်များလည်း ပါဝင်သောကြောင့် ထူးခြားစွာ ပြန်လည်ဖော်ထုတ်သော ပွဲတပွဲဟု ဆိုနိုင်သည်။ ယခု နိုဘယ် – မြန်မာ စာပေပွဲတော်တွင် တခြားသော ပြဇာတ်များ၊ တေးသရုပ်ဖော်များ၊ ဟာသဖျော်ဖြေရေးများအပြင် စာရေးဆရာ၊ ဆရာမများ ပါဝင်သရုပ်ဆောင်မည့် ဆရာကြီး ဇော်ဂျီ၏ “မဟာဆန်ချင်သူ” ပြဇာတ်လည်း ပါဝင်သည်။
ယခု နိုဘယ် – မြန်မာ စာပေပွဲတော်တွင် စာရေးသူများ၊ ကဗျာဆရာများ၊ ကာတွန်းဆရာများ၊ ထုတ်ဝေသူများ၊ စာအုပ်စာပေနှင့် ဆက်နွှယ်သူများကို တစုတစည်းတည်း အစုံလင်ဆုံး တွေ့ရပြီး စာပေပရိသတ် အရွယ်စုံကိုလည်း စည်ကားစွာ တွေ့မြင်ရသည်။ နိုဘယ် – မြန်မာ စာပေပွဲတော် ဖြစ်မြောက်ရေး ကမကထပြုသည့် အဖွဲ့အစည်းများ၊ အားကျိုးမာန်တက် ဆောင်ရွက်ကြသူများ၊ စာပေပွဲတော်ကို တကူးတက လာရောက်ကြသူများ၊ စာတမ်းဖတ်သူ၊ ဆွေးနွေးသူများအပြင် စာပေပွဲတော် ဖြစ်မြောက်ရေး ကူညီကြသည့် စေတနာ့ဝန်ထမ်းများကိုလည်း ချီးကျူးဂုဏ်ပြုထိုက်ပေသည်။
ပွဲတော်ကျင်းပသည့် သုံးရက်တာအတွင်း လူများ ကျိတ်ကျိတ်တိုး စည်ကားခဲ့ပြီး ပြည်ပပညာရှင်များပါ ပါဝင်သော စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲများတွင်လည်း ခေါင်းစဉ်အလိုက် စိတ်ဝင်စားရာ ဝင်ရောက်ဆွေးနွေးကြသည့် လူကြီး၊ လူငယ် ပရိသတ်များလည်း မနည်းလှပါ။ အထူးသဖြင့် လူငယ်ပရိသတ်များ များပြားခဲ့ပြီး ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသည့် လူငယ်များကို တွေ့မြင်ရသည်မှာ အသိပညာ တိုးပွားရေးအတွက် အားရစရာ ဖြစ်သည်။ ယခုခေတ် လူငယ်များ စာဖတ်ကြပါ၏လော ဆိုသော မေးခွန်းကိုလည်း အဖြေပေးနေသကဲ့သို့ ရှိပါသည်။
စာဖတ်သည့် လူငယ်များ တိုးပွားလာခြင်း၊ လူငယ်များ စာပေအပေါ် စိတ်ဝင်စားမှု ကြီးထွားလာခြင်းသည် ပြုပြင် ပြောင်းလဲစ မြန်မာနိုင်ငံအတွက် အရေးပါလှသည်။ စာအုပ်စာပေသည် ဒီမိုကရေစီ အတွေးအမြင်များ ထွန်းကာရေး၊ ကောင်းမွန်သော လူမှုအဖွဲ့အစည်း ဖြစ်ပေါ်ရေးအတွက် တွန်းအားများဖြစ်သည်။ ယခုကဲ့သို့သော စာအုပ်ပွဲတော်များ အလျဉ်းသင့်သလို မကြာခဏ ကျင်းပပေးသင့်ကြောင်း ဧရာဝတီက တိုက်တွန်းလိုပါသည်။