“လူကြီးခရီးစဉ် ရှိတယ်၊ မနက်ဖြန် ကျောင်းမပျက်ကြနဲ့ ဟေ့” ဆိုသည့် စကားကို မူလတန်း၊ အထက်တန်း ကျောင်းသားဘဝမှ တက္ကသိုလ် ကျောင်းသားဘဝထိ ကြားနေရပြီး ယခုခေတ်တွင်လည်း ကြားနေရဆဲ ဖြစ်ပါသည်။
ပါလီမန် ဒီမိုကရေစီခေတ် ဖြစ်သော ၁၉၄၈-၁၉၆၂ အတွင်း ကျောင်းသားကျောင်းသူများကို အတင်းအကျပ် ဖိအားပေးပြီး လူကြီးလာမည့် လမ်းတလျှောက် ကြိုတင် စောင့်ဆိုင်းစေခြင်း၊ အားကစားပွဲများတွင် လာရောက် အားပေးမည့် ပရိသတ် မရှိမည်ကို စိုးရိမ်သည့် အတွက် ကျောင်းသားများကို ကွင်းထဲသို့ လာရောက်စေခြင်းစသည့် ပညာရေးနှင့် မဆိုင်သော အလုပ်များကို စေခိုင်းခဲ့သည့် လုပ်ရပ်များကို ထိုခေတ်ထုတ် သတင်းစာများ၊ ဝတ္တုများတွင် မဖတ်ဖူးခဲ့ပါ။
အသက် ရှစ်ဆယ်ကျော်ပြီဖြစ်သည့် သမိုင်းပညာရှင်ကြီး ဦးထွန်းရီကဲ့သို့ ပါလီမန် ဒီမိုကရေစီခေတ်ကို မှီလိုက်သော လူကြီးသူမများကို မေးမြန်းကြည့်သော အခါတွင်လည်း သူတို့ခေတ် သူတို့အခါက ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများ စသည့် ပညာရေးဝန်ထမ်းများကို အုပ်ချုပ်ရေးအာဏာပိုင်များ၊ ဒေသအာဏာပိုင်များက အတင်းအကျပ် ဖိအားပေးပြီး ပညာရေးနှင့်မသက်ဆိုင်သော လုပ်ငန်းများ လုပ်ဆောင်စေခဲ့ခြင်း မရှိခဲ့ပါဟု ဆိုကြသည်။
ဝန်ကြီးချုပ်ဦးနု ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် လာမည်။ ဘယ်နေရာများသို့ သွားရောက်ကြည့်ရှုမည် ဆိုသည် ကိုသာ မီဒီယာများမှ တဆင့် ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးချုပ်ဦးနုကို မြင်တွေ့လိုကြသည့် ပြည်သူများက ၎င်းတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့်သာ လာရောက် စောင့်ဆိုင်း ကြိုဆိုကြခြင်း ဖြစ်ကြသည် ဆိုသည့် သက်ကြီးစကား သက်ငယ် မှတ်သားရပါသည်။
၁၉၆၂ ခုနှစ် အာဏာ သိမ်းပြီးနောက် စစ်ဗိုလ်ချုပ်ကြီးများ ယူနီဖောင်းလဲကာ တိုင်းပြည်ကို စိုးမိုး အုပ်ချုပ်သည့် အခါမှသာ လူထုထောက်ခံမှု မရှိဘဲ အစိုးရတက်လုပ် နေသော်လည်း ၎င်းတို့ လုပ်ဆောင်ချက်များ ကောင်းမွန်သည့် အတွက် ပြည်သူများက စစ်အစိုးရကို ထောက်ခံကြောင်း ပြသလိုသည့် အနေဖြင့် ၎င်းတို့ လာမည့် လမ်းတလျှောက် အလံများ၊ ပန်းစည်းများ ကိုင်ကာ စောင့်ဆိုင်း ကြိုဆိုစေခဲ့ ကြသည်မှာလည်း အများသိ ဖြစ်ပါသည်။
လူထု၏ ထောက်ခံမှုကို မရသည့်အခါ ထောက်ခံမှု အတုများ ဖန်တီးခဲ့ကြသည်ကို နားလည်နိုင်ပါသည်။ စစ်အစိုးရ လက်ထက်မှ ယခု ဒီမိုကရေစီ အစိုးရလက်ထက်သို့ ကူးပြောင်းသည့်အခါ ယခင် အမူအကျင့်များ၊ အလေ့အထများ ဆက်လက်ကျင့်သုံးနေသည်က အမြင်မတော်တော့။
ဇန်နဝါရီ ငါးရက်နေ့က “ဗိုလ်ရှုသဘင်မှ ပြန်လာသော မြစ်ကြီးနား တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ နေပြည်တော်မှ အပြန် အမြန်လမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွား” ဆိုသည့် သတင်းတပုဒ် ဖတ်ရှုလိုက် သောအခါ ပညာရေးနယ်ပယ်မှာ အသုံးချခံများ ဘဝမှ အဆင့်တက် မလာသေးကြောင်း သိမြင် ခံစားမိသည်။
တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ အတွက် လေ့လာရေးခရီး ထွက်ကြရင်း ယာဉ်တိုက်မှု ဖြစ်၍ လိုက်ပါသူအားလုံး ထိခိုက် ဒဏ်ရာရ၊ သေဆုံးကြသည် ဆိုလျှင်တောင် “သြော်…ခရီးထွက်မှတော့ ယာဉ်တိုက်မှု ဖြစ်တာ၊ လူတွေ သေကြ ကြေကြတာ သဘာဝပဲ လေ” ဟု တွေးမိမည် ဖြစ်ပါသည်။ သို့သော်လည်း တက္ကသိုလ်ကျောင်းသားဟောင်း တဦးအနေဖြင့် ယခု ကိစ္စကို လုံးဝ လက်သင့် ခံနိုင်စရာ မရှိပါ။
အဘယ်ကြောင့် ဆိုသော် မြစ်ကြီးနား တက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသားများမှာ နေပြည်တော်တွင် ဇန်နဝါရီ ၄ ရက်နေ့က ကျင်းပသည့် ဗိုလ်ရှုသဘင် အခမ်းအနား တက်ရောက်ရာမှ အပြန်လမ်းတွင် ယာဉ်တိုက်မှုဖြင့် ကြုံတွေ့ရ ခြင်း ဖြစ်သည်။
နိုင်ငံတကာမှ ယင်းသတင်းကို ဖတ်ရှုမိလျှင် တက္ကသိုလ် ကျောင်းသားနှင့် ဗိုလ်ရှုသဘင် မည်သို့ မည်ပုံ သက်ဆိုင်နေပါ သနည်း ဆိုသည့် မေးခွန်းကို တွင်တွင်မေးကြမှာ သေချာပါသည်။
တဖန် ကျောင်းသား ကျောင်းသူပေါင်း ၁၂၀၀၀ အသုံးပြုခဲ့သည့် ၂၀၁၃ ခုနှစ် နေပြည်တော် ဆီးဂိမ်းတွင် ပါဝင်ခဲ့သည့် ရတနာပုံ တက္ကသိုလ် ကျောင်းသူတဦးကို မေးမြန်းကြည့်ရာ ဆီးဂိမ်း အဓိပ္ပာယ် မသိရုံသာမက ဘယ်နှစ်ကြိမ်မြောက် လည်းပင် မသိပါ။ ဘာမှမသိဘဲနဲ့ ဘယ်လိုလုပ် ဝင်ပါခဲ့တာလဲ ဟု မေးတော့မှ အာဆီယံ ဘာသာစကား ဆယ်မျိုး သင်ချင်တဲ့သူ စာရင်းပေး ဆိုလို့ စာရင်းပေးလိုက်တယ်။ လေးထပ်ဆောင် အပေါ်မှာ အကသင်ပေးပြီး ဆီးဂိမ်းဖွင့်ပွဲ ပိတ်ပွဲမှာ ကပြရမှာလို့ ဆရာတွေက ပြောပါတယ် တဲ့။ သူလို ဘုမသိဘမသိ ဖြင့် ပါဝင်ကပြခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူ ဘယ်နှစ်ယောက်များ ရှိနိုင်မလဲ ဆိုတာ စဉ်းစားစရာပါ။
၂၀၁၃ ခုနှစ် ဆီးဂိမ်းတွင် မန္တလေးမြို့ မန္တလာသီရီ ဘောလုံးကွင်းသစ်ကြီး၌ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့ပြီး အားပေးမည့် ပရိသတ် မရှိမည်ကို စိုးရိမ်သည့် အတွက် မန္တလေးမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းသူ ကျောင်းသားများကို ကားများဖြင့် အပို့အကြိုလုပ်ကာ ပရိသတ် အဖြစ် အားပေးစေခဲ့သည်။ ယခင့်ယခင် တိုင်းနှင့် ပြည်နယ်ဘောလုံးပွဲများ တွင်လည်း ကျောင်းသူ ကျောင်းသားများကို အားပေးစေခဲ့သည်။
ဘောလုံး ကစားသမားများသာ ရေကုန်ရေခမ်း မခိုမကပ်ကစားလျှင်၊ စွမ်းဆောင်ရည်မြင့်မားလျှင် မည်သူ့ကိုမှ လာပါ၊ ကြည့်လှည့်ပါ ဟု ခေါ်နေစရာ မလိုပါ။ မီဒီယာများမှ တဆင့်သာ ဘယ်နေ့ ဘယ်ရက် ဘယ်အသင်း ကန်မည် ဟု ကြေငြာလိုက်လျှင် အားပေးမည့် ပရိသတ် အစစ်အမှန်များ ရောက်လာမည် ဖြစ်သည်။ အကယ်၍ အားပေးသူ တဦးပဲ ရှိသည်ဆိုလျှင်ပင် ယင်းအခြေအနေကို လက်ခံရမည် ဖြစ်သည်။
အဘယ့်ကြောင့် အားပေးသူ နည်းတာလဲ။ ကစားသမားတွေ မကောင်းလို့လား၊ ပွဲစီစဉ်သူ ညံ့လို့လား၊ ကွင်းဝင်ကြေး မြင့်နေလို့လား၊ သွားရေး လာရေး ခက်လို့လား၊ ပြည်သူအများစုမှာ ဘောလုံးပွဲကောင်း တပွဲကို လာကြည့်ဖို့တောင် စီးပွားရေး အဆင်မပြေလို့လား၊ ညနေခင်းထိ အလုပ်ချိန် မပြီးသေးလို့လား စသည့် ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းရန် စီမံဆောင်ရွက်သင့်ပါသည်။
သို့သော်လည်း မြန်မာ့နည်း မြန်မာ့ဟန် ဖြင့်ပင် ပရိသတ်အတုများ ဖန်တီးကာ ကစားပွဲများတွင် ကြည့်ရှုသူ နည်းပါးခြင်း ဆိုသည့် ပြဿနာကို တပွဲတိုး ဖြေရှင်းလိုက်ပုံမှာ ဒီမိုကရေစီအစိုးရတရပ်၏ လုပ်နည်းလုပ်ဟန် မဖြစ်သင့်ပါ။ ယင်းသို့ ဆောင်ရွက်ပုံများမှာ အင်တာနက်ခေတ်၊ သတင်းမီဒီယာခေတ်တွင် ဒိတ်လွန်ခဲ့ပြီ ဖြစ်ပါသည်။
ဆီးဂိမ်းတွင် ပါဝင်တင်ဆက်ခဲ့သည့် ကျောင်းသားကျောင်းသူများ အတွက် ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများမှ ထောက်ပံ့ကြေး ငွေများပေးကြပါသည်။ ကျောင်းသားကျောင်းသူ တဦးလျှင် ပျမ်းမျှအားဖြင့် ငွေတသိန်း ကျော် မုန့်ဖိုးအဖြစ် ရရှိခဲ့ရုံသာမက ဝတ်စုံများလည်း ရရှိခဲ့ပြီး ဖုန်းကဒ် တကဒ်စီလည်း လက်ဆောင် ရရှိခဲ့ပါ သည်။ စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ သွားရေးလာရေး ကအစ အဆင့်အတန်း မြင့်မြင့် စီစဉ်ပေးခဲ့သည် ဆိုသည်ကို သွားရောက်ခဲ့သည့် ကျောင်းသူကျောင်းသားများ ထံမှ စုံစမ်းသိရှိရပါသည်။
အစိုးရအနေဖြင့် ၎င်းတို့ စီစဉ်သည့် အခမ်းအနားများတွင် ပါဝင်တက်ဆက်သည့် ကျောင်းသား ကျောင်းသူများ၏ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးသော်လည်း ကျောင်းသားကျောင်းသူများ အမှန်တကယ် သွားချင်သည့်၊ သွားသင့်သည့် နေရာများ အတွက် ထိထိရောက်ရောက် ဖြည့်ဆည်းပေးသည်ကို ယနေ့ချိန်အထိ မကြုံဖူး၊ မကြားဖူး သေးပါ။
ကျောင်းသား ကျောင်းသူများ စုပေါင်းလေ့လာရေး ခရီးထွက်ရန် မော်တော်ယာဉ်၊ မီးရထား၊ လေယာဉ်၊ သဘောၤစရိတ်များ ထက်ဝက်လျှော့ချပေးခြင်း၊ ဈေးချိုချိုဖြင့် တည်းခိုနိုင်သော နေရာများ ဖော်ဆောင်ပေးခြင်း စသည့် အချက်များကို လုပ်ဆောင်ပေးခြင်း မရှိသေးသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။
ထို့အတူ တာဝန်ယူမှု၊ တာဝန်ခံမှု ကြီးမားသည့် အတွက် အခြေခံပညာ အထက်တန်း ကျောင်းများတွင် ဆရာ၊ ဆရာမများက ဦးဆောင်ကာ ကလေးငယ်များ သွားချင်သည့်နေရာကို လိုက်လံ ပို့ဆောင်ပေးခြင်း၊ သမိုင်းဝင် နေရာများကို လေ့လာရေး ခရီးထွက်ခြင်း စသည်တို့မှာ မရှိသလောက် ရှားပါသည်။ ကိုယ်ပိုင် ပုဂ္ဂလိကကျောင်းများ၊ အင်တာနေရှင်နယ် ကျောင်းများသာ လေ့လာရေးခရီး ထွက်နေသည်ကို မြင်တွေ့နေရပါသည်။ အစိုးရကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသူ ကျောင်းသားဆိုသည်မှာ အာဏာပိုင်များ အလိုရှိမှ သုံးတာလား၊ အလိုရှိမှ အကုန်ခံပေးတာလားဟု မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။
၂၀၁၄ခုနှစ် စက်တင်ဘာ ၃၀ တွင် ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်ပြီး နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုး အတည်ပြုထားသည့် အမျိုးသားပညာရေးဥပဒေ အခန်း (၃) အမျိုးသားပညာရေးဆိုင်ရာ အခြေခံမူများတွင် ကျောင်းများတွင် ဘာသာရေးနှင့် နိုင်ငံရေးဆိုင်ရာ စွက်ဖက်မှုများမှ ကင်းလွတ်စေရေး ဆိုသည့် အချက် ပါဝင်ပါသည်။ ဥပဒေကို ပြဋ္ဌာန်းသူများ ကိုယ်တိုင် ယင်းဥပဒေကို အပြည့်အဝ၊ အတိအကျ လိုက်နာမှု ရှိသလား ဆိုသည်ကို မေးခွန်း ထုတ်စရာ ရှိလာပါသည်။
လူကြီးလာမည် ဆို၍ ကျောင်းသားကျောင်းသူများ အလံကိုင်ကာ စီတန်းစောင့်ဆိုင်း နေရခြင်းများ၊ ဘယ်နေ့ဘယ်ရက် အားကစားပွဲ ကျင်းပမည်၊ ကျောင်းတကျောင်းလျှင် ကျောင်းသားဘယ်နှစ်ယောက် ပို့ပေးပါဆိုသည့် ဒေသ အာဏာပိုင်များ ထံမှ ညွှန်ကြားချက်များ၊ ရတနာပုံဘောလုံးအသင်း သုံးကြိမ်မြောက် ဖလားရလာသည့် အတွက် ကြိုဆိုရန် ကျောင်းသားများ လမ်းပေါ်ထွက်ကာ အသင့်စောင့်ဆိုင်းနေပါ ဆိုသည့် ကျောင်းအုပ်ကြီးထံမှ လာသည့် အမိန့်မဟုတ်ဘဲ အုပ်ချုပ်ရေးပိုင်းမှ လာသည့် အမိန့်များမှာ ကျောင်းများတွင် ဘာသာရေးနှင့် နိုင်ငံရေးဆိုင်ရာ စွက်ဖက်မှုများမှ ကင်းလွတ်စေရေး ဆိုသည့်အချက်နှင့် လွတ်ကင်းရဲ့လား ဆိုသည်ကို ပြန်လည် စဉ်းစားရမည့် အချက် ဖြစ်သည်။
ဤတွင် မကသေးပါ။ အမျိုးသားပညာရေး ဥပဒေ အခန်း (၁၁)၊ ပညာရေး စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုတွင် ပြဋ္ဌာန်းထားသည့် အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ခြင်း ဆိုသည့် အချက်မှာ အထက်က အချက်နှင့် ရှေ့နောက် ဖီလာဆန့်ကျင် ဖြစ်နေပါသည်။ နိုင်ငံရေးဆိုင်ရာ စွတ်ဖက်မှုဆိုသည်မှာ မည်သည့် လုပ်ဆောင်မှုမျိုးကို ဆိုလိုသနည်း။ ကျောင်းအလံတဝိုက် ဒေါင်းအလံစိုက်စေရမည် ဆိုသည့် ကိစ္စရပ်များ ကိုသာ ဆိုလိုသည်လား ဟု ယင်းဥပဒေကို ရေးဆွဲခဲ့သည့် ပညာရှင်များကို လူပြိန်းမေးခွန်း မေးလိုက်ချင်ပါသည်။
နိဂုံးချုပ်အားဖြင့် ပြောရလျှင် လူထုထောက်ခံမှုဖြင့် တက်လာသည် ဆိုသည့် အစိုးရဆိုပါက မိမိတို့ လာမည်ကို ကြိုဆိုမည့်သူ မရှိမည်ကို စိုးကြောက်စရာ မလိုပါ။ လူထုအတုများ ဖန်တီးစရာ မလိုပါ။ ပကတိအခြေအနေကို လက်သင့်ခံလိုက်ပါ။ ရွှေအတုများကို ရွှေရည်ခဏခဏ မစိမ်ပါနဲ့ ဟုသာ ပြောလိုပါကြောင်း။
(စာရေးသူသည် သတင်းစာ၊ ဂျာနယ်များတွင် ဆောင်းပါးများ ရေးသားလျက်ရှိပြီး မန္တလေးတက္ကသိုလ်တွင် အင်္ဂလိပ်စာ မဟာတန်း တက်ရောက်နေသူ ဖြစ်သည်။)