မကြာသေးမီက အတည်ပြု ပြဌာန်းလိုက်တဲ့ အမျိုးသား ပညာရေးဥပဒေကို ကျောင်းသားထုက ရန်ကုန်မြို့အပါအဝင် မြို့ကြီး တချို့မှာ ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီးနောက် အခုအချိန်မှာတော့ မန္တလေးကနေ ရန်ကုန်အထိ လမ်းလျှောက် ဆန္ဒပြမှုတွေ ဖြစ်တဲ့အထိ အရှိန်မြင့်တက် လာခဲ့ပါတယ်။
အခုအချိန်မှာ သပိတ်မှောက်ကျောင်းသားတွေက အချက် ၁၁ ချက်ကို တရားဝင် တောင်းဆိုလိုက်ပြီပဲ ဖြစ်ပါတယ်။ အဲဒီ တောင်းဆိုချက် ၁၁ ချက်ကို အစိုးရအဖွဲ့က လိုက်လျောဖို့ ဖြစ်နိုင်ပါ့မလား၊ သပိတ်မှောက် ကျောင်းသားတွေ တောင်းဆိုတဲ့ အချက် ၁၁ ချက်ဟာ အနာဂတ် ပညာရေးအတွက် ဘယ်လို အထောက်အကူ ပြုနိုင်မလဲ စတဲ့ မေးခွန်းတွေ ပေါ်ပေါက် လာခဲ့ပါတယ်။
သပိတ်မှောက်ကျောင်းသားတွေ တောင်းဆိုတဲ့ အချက် ၁၁ ချက်ကတော့ ၁။ ပညာရေးမူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမကိုယ်စားလှယ်များ ပါဝင်ရန်ကိစ္စ၊ ၂။ ကျောင်းသား သမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၎င်းသမဂ္ဂများ တည်ရှိမှုအပေါ် တရားဝင် အသိအမှတ်ပြုရေးကိစ္စ၊ ၃။ လက်ရှိ ပြဌာန်းပြီးဖြစ်သော အမျိုးသားပညာရေး ဥပဒေတွင် ပါဝင်သည့် အမျိုးသားပညာရေး ကော်မရှင်နှင့် တက္ကသိုလ်များ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားခြင်း ကိစ္စ၊ ၄။ ဒေသအလိုက်နှင့် ကျောင်းအလိုက်လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စ၊ ၅။ လက်ရှိ ကျင့်သုံးလျှက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့် စနစ်များ ပြင်ဆင်ရန်ကိစ္စ၊ ၆။ ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်လေ့လာစူးစမ်း သင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ ပြောင်းလဲရန်ကိစ္စ၊ ၇။ တိုင်းရင်းသား မျိုးနွှယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင် ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေးစနစ် (Mother tongue based multi- lingual education) ကို အမျိုးသား ပညာရေးဥပဒေတွင် ထည့်သွင်းပြဌာန်းရန်ကိစ္စ၊ ၈။ မသန်စွမ်းကလေးများ အပါအဝင် ကလေးအားလုံးအတွက် လူတိုင်းအကျုံးဝင် ပညာရေး (Inclusive education) ကိစ္စ၊ ၉။ ကျောင်းသားအရေးအခင်း များကြောင့် ကျောင်းထုတ် ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်လည် တက်ရောက်ခွင့် ကိစ္စ၊ ၁၀။ ပညာရေးအသုံးစရိတ်ကို တနိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်း သတ်မှတ် နိုင်ရေးနှင့် ၁၁။ အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို မူလတန်းအဆင့်သာမက အလယ်တန်း အဆင့်အထိ တိုးမြှင့် ကျင့်သုံးရေးကိစ္စ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
အစိုးရအဖွဲ့အနေနဲ့ ကျောင်းသားတွေ တောင်းဆိုတဲ့ အချက် ၁၁ ချက်ထဲက လိုက်လျောဖို့ ခက်ခဲနိုင်တဲ့ အဓိက အချက်တွေကတော့ အမှတ်စဉ် (၁)၊ အမှတ်စဉ် (၂)၊ အမှတ်စဉ် (၃) စတဲ့ အချက်တွေပဲဖြစ်ပါတယ်။
အမှန်တကယ်မှာတော့ ဒီမိုကရေစီ ပညာရေးလမ်းကြောင်းကို လျှောက်လှမ်းမယ်ဆိုရင် ဒီအချက်သုံးချက်က အဓိက ဖြစ်သလို ဗဟိုချုပ်ကိုင်မှုကို တည်မြဲစေမှာကလည်း ဒီအချက်တွေပဲဖြစ်ပါတယ်။ ဒီမိုကရေစီ ပညာရေးလမ်းကို လျှောက်လှမ်းနိုင်ဖို့အတွက် ပညာရေးနဲ့ပတ်သက်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ ဆက်စပ် ဥပဒေတွေ ရေးဆွဲရာမှာ ပညာရေး စနစ်ကို အဓိကပုံဖော် ဆောင်ရွက်နေတဲ့ ဆရာ၊ ဆရာမ ကျောင်းသားထုရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ရေးဟာ အလွန် အရေးကြီးပါတယ်။ ပါဝင်တဲ့ ကိုယ်စားလှယ်တွေဟာ အထက်အကြိုက်ကို ခေါင်းငြိမ့်တတ်တဲ့၊ အထက် အမိန့် မှန်သမျှ မလွန်ဆန်တတ်တဲ့ ကြိုးဆွဲအရုပ်တွေ မဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ဆရာ၊ ဆရာမ၊ ကျောင်းသားထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေဖြစ်ဖို့က ပိုလို့ အရေးကြီးပါတယ်။
အဲဒီလို ကိုယ်စားလှယ်တွေ ဖြစ်ဖို့အတွက် အမှတ်စဉ် ၂ ဖြစ်တဲ့ ကျောင်းသားသမဂ္ဂ၊ ဆရာများ သမဂ္ဂများဟာ လွတ်လပ်စွာ ရပ်တည်နိုင်ဖို့ လိုအပ်သလို၊ တရားဝင်ဖြစ်ကြောင်း အသိအမှတ်ပြု ခံရဖို့လည်း လိုအပ်ပါတယ်။ ဒီအတွက် ဥပဒေမှာ တရားဝင် ပြဌာန်းပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အမျိုးသား ပညာရေးဥပဒေမှာ ထပ်မံ လိုအပ်တာကတော့ တက္ကသိုလ်၊ ကောလိပ်နဲ့ ကျောင်းများမှာ လွတ်လပ်တဲ့ အသင်းအဖွဲ့တွေ တရားဝင် ဖွဲ့စည်းပိုင်ခွင့်ကိုလည်း ပြဌာန်းပေးဖို့ပဲ ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ တရားဝင် လွတ်လပ်စွာ ဖွဲ့စည်းထားတဲ့ သမဂ္ဂတွေ၊ အသင်းအဖွဲ့တွေ ရှိမှသာလျှင် ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သာရကို ပိုမိုအသက်ဝင်စေနိုင်မှာ ဖြစ်သလို၊ လွတ်လပ်တဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ တက္ကသိုလ်၊ ကောလိပ်နဲ့ ကျောင်းများရဲ့ အနာဂတ် အလားအလာ ပိုမို ကောင်းမွန်စေနိုင်မှာ ဖြစ်ပါတယ်။
အမှတ်စဉ် ၃ ကတော့ ဒီမိုကရေစီပညာရေးကို ပုံဖော်နေတဲ့ ပုံရိပ်ကို ညှိုးနွမ်းစေမယ့် ဗဟိုချုပ်ကိုင်မှုကို အဓိက ပြုလုပ်မယ့် အမျိုးသား ပညာရေးကော်မရှင်နဲ့ တက္ကသိုလ်များပေါင်းစပ် ညှိနှိုင်းရေး ကော်မတီဆိုတဲ့ အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။ အဲဒီ အဖွဲ့အစည်းတွေဟာ လက်ရှိမှာ အဆင့်မြင့်ပညာ ဦးစီးဌာန၊ အခြေခံပညာ ဦးစီးပညာဌာန တို့ကို နာမည် ပြောင်းထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်သလို၊ ကျောင်းသားထု ကန့်ကွက်နေတဲ့ အမျိုးသားပညာရေးဥပဒေကို ရေးဆွဲ ပြဌာန်းသူတွေ အဓိကပါဝင်တဲ့ အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။ အသစ်ရေးဆွဲလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကြောင့် ဖျက်သိမ်း လိုက်ရတဲ့၊ စစ်တပ်ကနေ အနားယူထားတဲ့ စစ်ဗိုလ်ဟောင်း အများစု အဓိကနေရာယူထားတဲ့ ပညာရေး ဝန်ကြီးဌာနရုံး၊ အဆင့်မြင့်ပညာ ဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ လူပုဂ္ဂိုလ်တွေက တက္ကသိုလ်၊ ကောလိပ်နဲ့ ကျောင်းများမှာ အနီးကပ် နေရာယူနေခြင်း ဖြစ်တာကြောင့် အမျိုးသားပညာရေး ကော်မရှင်နဲ့ တက္ကသိုလ်များ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ အဖွဲ့အစည်းတွေ ဖွဲ့စည်းခြင်းကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ လိုအပ်ပါတယ်။
သပိတ်မှောက်ကျောင်းသားများ တောင်းဆိုထားတဲ့ တောင်းဆိုချက် ၁၁ ချက်ထဲမှာမှ အမှတ်စဉ် ၁ ကနေ ၃ အထိဟာ လိုက်လျောဖို့ မလွယ်ကူတဲ့ အချက်တွေဖြစ်သလို၊ လိုက်လျောနိုင်မယ် ဆိုရင်တော့ ဒီမိုကရေစီ ပညာရေးခရီးကို အဓိက အထောက်အကူ ပြုနိုင်မယ့် အချက်တွေပဲ ဖြစ်ပါတယ်။ ဒီသုံးချက်ကို လိုက်လျောနိုင်ခဲ့ရင် ကျန်တဲ့ အချက် ၈ ချက်ကို အလိုလို လိုက်လျောပြီးဖြစ်မှာ သေချာပါတယ်။ ဒီအချက်သုံးခုဟာ ကျန်တဲ့ အချက် ၈ ချက်ကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ပိတ်ပင်တားဆီးထားတဲ့ အဓိကအချက်တွေပဲ ဖြစ်ပါတယ်။
ပညာရေးဟာ တိုင်းပြည်တပြည်ရဲ့ အနှစ်သာရဖြစ်သလို တိုင်းပြည်တပြည်ရဲ့ ပုံရိပ်ဆိုရင်လည်း မမှားပါဘူး။ ပညာကောင်းမှ တိုင်းပြည်ကောင်းမှာပါ။ ပညာတတ်ပြီး အတွေးအခေါ် ကောင်းတဲ့ လူတန်းစားတွေ များပြားလာမှ တိုင်းပြည်ရဲ့ ရှေ့ဆက်မယ့် အနာဂတ်က လှပနိုင်မှာပါ။ ပညာရေးကို စစ်အစိုးရ အဆက်ဆက်က နလံမထူနိုင်အောင် လုပ်ခဲ့တဲ့ အတွက် ယနေ့တိုင်းပြည်မှာ စာပဲ ဖတ်တတ်တဲ့၊ အတွေးအခေါ်မရှိတဲ့၊ အထက်အမိန့်ကိုပဲ နာခံတတ်တဲ့ ဘွဲ့လက်မှတ်ပဲ ရှိတဲ့ ပညာတတ်တွေ အများကြီးဖြစ်နေပါပြီ။ အထက်အမိန့်ကိုပဲ နာခံတတ်တဲ့ လူအများစုနဲ့ ဒီမိုကရေစီ စနစ်ကို တည်ဆောက်ဖို့ မလွယ်ကူပါဘူး။
အမျိုးသား ပညာရေးဥပဒေကို ကျောင်းသားထုက သပိတ်တိုက်ပွဲဝင်ပြီး ဆန့်ကျင် ဆန္ဒပြလိုက်ခြင်းဟာ စစ်အစိုးရ လက်ထပ်က ကြွင်းကျန်ခဲ့တဲ့ ဗဟိုချုပ်ကိုင်မှုဆိုတဲ့ အုပ်ချုပ်မှုပုံစံကို ပြောင်းလဲဖို့အတွက် စိန်ခေါ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်မယ်လို့ ကြွေးကြော်နေတဲ့ အစိုးရသစ်အဖွဲ့ကို ဒီမိုကရေစီ စနစ်အတွက် ပြုပြင်ပြောင်းလဲမှု အမှန်တကယ် လုပ်နိုင်ပါ့မလားဆိုပြီး တပ်လှန့်လိုက်ခြင်းလည်း ဖြစ်ပါတယ်။
သပိတ်မှောက် ကျောင်းသားတွေ တောင်းဆိုလိုက်တဲ့ အချက်တွေဟာ အစိုးရအဖွဲ့အတွက် လိုက်လျောဖို့ လွယ်ကူသလို၊ ခက်ခဲစေတဲ့ အချက်တွေလည်း ဖြစ်ပါတယ်။ အကယ်၍သာ အစိုးရအဖွဲ့အနေနဲ့ လိုက်လျောမှု ပေးလိုက်မယ်ဆိုရင် အနာဂတ် ဒီမိုကရေစီ စနစ်အတွက် အခြေခံကောင်း တရပ်လည်း ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်း တင်ပြလိုက်ရပါတယ်။
(နန္ဒာဘုန်းမြင့်သည် လက်ထောက်ကထိက တဦးဖြစ်ပြီး သတင်းစာ၊ အပတ်စဉ်ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ကလေးသူငယ်များ အရေးနှင့် ပညာရေးဆိုင်ရာ ဆောင်းပါးများ၊ ရသစာပေများ ရေးသားလျက်ရှိသည်။)