ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း ကျောင်းသား လှုပ်ရှားမှုတိုင်း တခါမှ အောင်ပွဲမရခဲ့ပါဘူး။ အများစု လက်ခံထားတဲ့ သမိုင်းသင်ခန်းစာ တခုကတော့ ပြည်သူလူထုရဲ့ ပူးပေါင်း ဆောင်ရွက်မှု မပါတဲ့ ကျောင်းသားလှုပ်ရှားမှုက ဘယ်တော့မှ မအောင်မြင်နိုင်ဘူးဆိုတာပဲ။ ဒါကြောင့် ၂၀၁၅ ဒီကျောင်းသား အရေးတော်ပုံလည်း အရင်လို ဖြိုခွင်းတာ မခံရအောင် ပြည်သူတွေ ဝန်းရံပေးဖို့ အရေးတကြီး လိုအပ်နေပါတယ်။
ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုတွေလို၊ နိုင်ငံတကာ ကျောင်းသားသပိတ်တွေလို ၂၀၁၅ ကျောင်းသားသပိတ်ဟာလည်း ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ ဟောင်ကောင်ကျောင်းသားတွေက မိုးထဲလေထဲ ထီးဆောင်းလျက် ဆန္ဒပြခဲ့ကြတယ်။ အဓိကရုဏ်း နှိမ်နင်းရေး အဖွဲ့က ငရုပ်ရည်နဲ့ ပက်တဲ့အခါ သူတို့ဆောင်းထားတဲ့ ထီးဟာ အကာအကွယ်တခုဖြစ်ခဲ့တယ်။ နိုင်ငံတကာ မီဒီယာမှာ ဟောင်ကောင်ကျောင်းသားသပိတ်ကို ထီးတော်လှန်ရေး ဆိုပြီး ခေါ်ကြတယ်။
မြန်မာပြည်က ကျောင်းသားတွေဟာ နွေနေပူပူ၊ ဖုံထူထူခရီးကို ဖြတ်ရတာဖြစ်လို့ တောသူတောင်သားတွေနည်းတူ ခမောက်ဆောင်းထားကြတယ်။ ဒါဟာ သူတို့ လှုပ်ရှားမှုရဲ့ အမှတ်အသားတခုဖြစ်ပါတယ်။ ဟောင်ကောင် ကျောင်းသားတွေလိုပဲ မြန်မာကျောင်းသားတွေဟာ စည်းကမ်းရှိကြတယ်။ သူတို့ တောင်းဆိုတွေရဲ့ တရားမျှတရုံမက၊ ချဉ်းကပ်ပုံဟာလည်း လူကြီးလူကောင်းဆန်တာကို တွေ့ရပါတယ်။
အရင်ဆုံး တွေ့ဆုံဆွေးနွေးဖို့ ရက် ၆၀ အချိန်ပေးခဲ့ တာကို အစိုးရက မသိသလို လုပ်နေတာကြောင့် ကျောင်းသားတွေဟာ ကြိုတင်ကြေညာထားတဲ့ အတိုင်း မန္တလေးကနေ ရန်ကုန်အထိ ခရီးရှည်ကို လူတရာတောင် မပြည့်တဲ့ အင်အားနဲ့ စတင်ခဲ့ကြတာဖြစ်ပါတယ်။
အစပိုင်းမှာ အာဏာပိုင်တွေဟာ သိသိသာသာ အနှောင့်အယှက်မပေးသလို၊ ကျောင်းသားတွေ တောင်းဆိုတဲ့ တွေ့ဆုံဆွေးနွေးရေးကိုလည်း အသိအမှတ်မပြုခဲ့ပါဘူး။ သပိတ်စပြီး ပထမ ရက်သတ္တပတ်အတွင်းမှာ သပိတ်အင်အား သိသိသာသာ တိုးပွားမလာပါဘူး။ ဖြတ်သန်းရာ မြို့ရွာတွေက စာနာထောက်ခံမှုတော့ တခဲနက် ရခဲ့ပါတယ်။ တချိန်တည်းမှာ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့လည်း စပြီးကြုံခဲ့ရပါတယ်။ လမ်းလျှောက် ဆန္ဒပြခွင့်အတွက် ဥပဒေ လုပ်ထုံးလုပ်နည်း အတိုင်း တရားဝင် ခွင့်ပြုချက် စာတင်ဖို့ တောင်းဆိုပါတယ်။ ကျောင်းသားတွေက “ဒါဟာ ဆန္ဒပြနေတာ မဟုတ်ဘူး၊ သပိတ်မှောက်နေတာ” လို့ ပြောပြီး ငြင်းလိုက်ပါတယ်။
ဖြတ်သန်းရာ မြို့တွေ ရွာတွေမှာ နယ်ခံတွေဟာ တောလမ်းတွေမှာ ကျောင်းသားတွေ အန္တရာယ်ကျရောက်မှာကို စိုးရိမ်ပြီး လိုက်ပို့ပေးကြတယ်။ တနယ်နဲ့ တနယ် လက်ဆင့်ကမ်းပေးကြတယ်။ ဒီလို စောင့်ရှောက်မှုသာ မရှိရင် လမ်းမှာ အနှောင့်အယှက်နဲ့ မကြုံဖူးလို့ မပြောနိုင်ပါဘူး။ မန္တလေးက စထွက်ပြီး တပတ်အကြာမှာ ကြံ့ခိုင်ရေးခေါင်းဆောင် ဦးအောင်သောင်းရဲ့ နယ်ဖြစ်တဲ့ တောင်သာမြို့ အဝင်မှာ အနှောင့်အယှက်ခံရတာ နမူနာပါပဲ။ တောင်သာမှာ ကြံ့ခိုင်ရေးအမာခံတွေနဲ့ ရဲတွေက တောင်ကြားတခုမှာ ပိတ်ဆို့ပြီး ကျောင်းသားတွေကို ခြိမ်းခြောက်ပါတယ်။ ကျောင်းသားတွေရဲ့ ပိုင်းဖြတ်ချက်နဲ့ ဒေသခံ ပြည်သူလူထုရဲ့ စောင့်ရှောက်မှုကြောင့်သာ ကျော်လွှားနိုင်တာ ဖြစ်ပါတယ်။
ကျောင်းသားသပိတ်ကို ကြံ့ခိုင်ရေးတွေက ခြိမ်းခြောက်တာကို မီဒီယာတွေတဆင့် တနိုင်ငံလုံးက စောင့်ကြည့်နေသူတွေ ချက်ချင်းဆိုသလို သိခဲ့ကြပါတယ်။ အဲဒီ လူအုပ်ထဲက ခေါင်းဆောင် ဆိုသူတွေက အဆက်စပ်မရှိတဲ့ စကားတွေကို ပြောနေတာကို ကြည့်ရင် ဆင်ခြင်တုံတရားကင်းတဲ့ အလုပ်ကို လုပ်ဖို့ ဝန်လေးသူတွေ မဟုတ်ဘူးဆိုတာကိုလည်း မှန်းဆလို့ရနိုင်ပါတယ်။
နောက်ဆုံးမှာ ကျောင်းသားတွေရဲ့ ပိုင်းဖြတ်ချက်၊ ပြည်သူတွေ ဝိုင်းရံပေးမှု၊ မီဒီယာတွေ မျက်လုံးအောက်မှာဖြစ်လို့ ခြိမ်းခြောက်ရန်စတဲ့လူအုပ်ကို ကျော်နိုင်ခဲ့ပါတယ်။ ထူးဆန်းတာက ပရမ်းပတာလူအုပ်နဲ့ ရဲအဖွဲ့ဟာ ပူးပေါင်းပြီး ကျောင်းသားတွေကို တားဆီးခဲ့တာပါ။ နောက်ဆုံးမှာ ကျောင်းသားတွေ နောက်ပြန် မဆုတ်ဘူးဆိုတာ သေချာတော့မှ အစိုးရက ကျောင်းသားတွေ တောင်းဆိုတဲ့ တွေ့ဆုံဆွေးနွေးရေးကို လက်ခံ လိုက်ပါတယ်။
ဒီကြားမှာ ကျောင်းသားတွေကို နိုင်ငံတော်အလံကို ဖြုတ်ချတဲ့ အမှုနဲ့ အရေးယူမယ်ဆိုပြီး သမ္မတရုံးက ဝါဒဖြန့်ချိရေးသမားတွေ၊ ပြည်သူ့ဝန်ဆောင်မှုအမည်ခံထားတဲ့ အစိုးရအာဘော် မီဒီယာတွေက ခြိမ်းခြောက်ခဲ့ပါတယ်။ ပြန်ကြည့်ရင် အစိုးရဟာ ကျောင်းသားတွေ တောင်းဆိုချက်ကို အစမှာ လျစ်လျူရှုခဲ့တယ်။ နောက်တော့ ခြိမ်းခြောက်တယ်။ မဖြစ်မနေ အခြေအနေကျတော့မှ တွေ့ဆုံဆွေးနွေးရေးဆိုတာကို လက်ခံလိုက်တာဖြစ်ပါတယ်။
ဒါကြောင့် ကျောင်းသားတွေဘက်က ကြည့်ရင် သပိတ်ကြောင့် ဆွေးနွေးပွဲ ဖြစ်လာတယ်။ ဒါကြောင့် ဆွေးနွေးပွဲကနေ သိသာတဲ့ ရလဒ်တွေ မထွက်မချင်း သပိတ်ကို မလှန်ဖို့ ကျောင်းသားတွေရဲ့ ဆုံးဖြတ်ချက်ဟာ အကျိုးအကြောင်း ဆီလျော်ပါတယ်။ အစိုးရဘက်က လူကြီးလူကောင်းဆန်ဆန် ပိုမိုကောင်းမွန်ပြီး ဘက်စုံပါဝင်နိုင်မယ့် ပညာရေးစနစ်တည်ဆောက်ရေး ရည်မျှော်ပြီး တွေ့ဆုံဆွေးနွေးရေးကို လုပ်ရင် အခုလို မလိုလားအပ်တဲ့ စိုးရိမ်ပူပန်စရာ အခြေအနေတွေ၊ မယုံသင်္ကာစရာ အခြေအနေတွေ ဖြစ်ပေါ်လာစရာ မကြောင်းမရှိပါဘူး။
အစိုးရအနေနဲ့ ရိုးရိုးသားသား တံခါးဖွင့် ဆွေးနွေးရမယ့်အစား ကျောင်းသားတွေကို ခြိမ်းခြောက်တဲ့ နည်းလမ်းကို မသိမသာ တဖုံ၊ သိသိသာသာ တနည်း သုံးနေခဲ့တယ်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ရက်နဲ့ တိုက်ဆိုင်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ လစဉ် မိန့်ခွန်းမှာလည်း ကျောင်းသား သပိတ်တွေကို ရပ်ဖို့ လမ်းကြောင်းပေးထားတယ်။ ဒီထက်ပိုပြီး တိကျတာကတော့ ပုပ္ပါးအထိပဲ တာဝန်ယူမယ်ဆိုပြီး သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက တဆင့် သမ္မတက မှာလိုက်တဲ့ စကားပါပဲ။ သပိတ်မှောက် ကျောင်းသားတွေကို သွယ်ဝိုက်ခြိမ်းခြောက်တဲ့ သဘောပါပဲ။
သမ္မတ ဦးသိန်းစိန်ဟာ သပိတ်မှောက်ကျောင်းသားတွေ တောင်းဆိုနေတဲ့ ကျောင်းသားသမဂ္ဂနေရာမှာ ကျောင်းသားယူနီယံ ဆိုပြီး အစားထိုးချင်ပုံရပါတယ်။ မြန်မာတပြည်လုံးက မြို့တွေကို မြန်မာဆန်အောင် နာမည်ပြောင်းတဲ့ စစ်အစိုးရဟောင်းအဖွဲ့ဝင်တယောက်က ကျောင်းသားသမဂ္ဂကိုမှ ဘိုဆန်ချင်တာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
သမိုင်းကြောင်းရှိပြီးသား၊ နားရည်ဝပြီးသား ကျောင်းသား သမဂ္ဂနေရာမှာ ကျောင်းသား ယူနီယံလို့ ပြောင်းချင်တာ ဘာရည်ရွယ်ချက်လဲ။ စစ်တပ်ဟာ ကျောင်းသားသမဂ္ဂကို အငြိုးထားပြီး ၁၉၆၂ အာဏာသိမ်းတဲ့အချိန်မှာ သမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက်နဲ့ ဖြိုခဲ့လို့ သမိုင်း အမည်းစက်ဖြစ်နေတုန်းပါပဲ။
ကျောင်းသားသပိတ်နဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ အနှောင့်အသွားမလွတ်တဲ့ နောက်စကားတွေ ရှိပါသေးတယ်။ စာမေးပွဲနီးလို့ မိဘတွေ စိုးရိမ်နေလို့ သပိတ်ကို ရပ်ပါ။ အလံကို သူမပိုင်ဘူး၊ ပြည်သူတွေ ပိုင်တယ်ဆိုတဲ့ စတဲ့ စကားတွေပါ။ သမ္မတနဲ့ အစိုးရအနေနဲ့ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေရဲ့ စိုးရိမ်သောကကို အစကတည်းက တကယ်ပဲ အလေးထားရင် ဒီအခြေအနေအထိ ရောက်လာစရာ အကြောင်းကို မရှိပါဘူး။ ကျောင်းသားတွေလည်း ခြေပေါက်ခံပြီး ခရောင်းလမ်းမှာ လမ်းလျှောက်နေစရာ အကြောင်းမရှိပါဘူး။
အလံကိစ္စနဲ့ပတ်သက်လို့လည်း သမ္မတ စကားက ရှေ့နောက် မညီပါဘူး။ အစိုးရဟာ နှစ်ပေါင်းများစွာ သေနတ်ကိုင်တိုက်လာတဲ့ သူပုန်တွေတောင် ဘာဥပဒေနဲ့မှ အရေးမယူဘဲ စီးပွားရေးလုပ်ပိုင်ခွင့်တွေ၊ ကားပါမစ်တွေ ချပေးနေတဲ့ အစိုးရက လက်နက်မဲ့တဲ့ ကျောင်းသားတွေ အလံချတဲ့ ကျောင်းသားတွေကို အရေးမယူဖို့ အာမ,မခံ နိုင်တာ ဘာသဘောလဲ မေးစရာရှိပါတယ်။ ကျောင်းသားတွေကို ခြိမ်းခြောက်ချင်တာနဲ့ ပြည်သူတွေကို ခုတုံးလုပ်တာလားလို့ မေးစရာရှိပါတယ်။
တကယ်တမ်းကျတော့ ပြည်သူတွေဟာ ကျောင်းသားသပိတ်ကို အပြည့်အ၀ နားမလည်ရင်တောင် ကိုယ့်သားသမီးတွေလို စာနာမှုအပြည့်၊ ထောက်ခံမှုအပြည့် ပေးနေပါတယ်။ သမ္မတက ဒါကို မသိချင်ယောင် ဆောင်တဲ့အပြင် ကျောင်းသားနဲ့ ပြည်သူကို ရန်တိုက်ပေးလိုက်သလို ဖြစ်နေပါတယ်။ ဒါပေမယ့် ပြည်သူတွေ အဲလောက် မအ တော့ပါဘူး။
အစိုးရရဲ့ ပြဿနာက ပြဿနာတခုပေါ်တိုင်း အကြောင်းရင်းကို မရှာဘဲ သဝေထိုးနေတဲ့ ကိစ္စပါပဲ။ ဆင်းရဲတာဟာ မတည်ငြိမ်တာကြောင့်လို့ ပြောတာလည်း သမ္မတပါပဲ။ ဘာဖြစ်လို့ မတည်ငြိမ်တာလဲဆိုတာကို ထည့်မပြောဘူး။ အခုလည်း ကျောင်းသားတွေ ဘာလို့ သပိတ်မှောက်လဲ၊ ဘာလို့ သပိတ်မလှန်သေးလဲဆိုတာ သူ့အကြောင်းနဲ့ သူရှိပါတယ်။
တကယ်တော့ ကျောင်းသားတွေ တောင်းဆိုနေတာဟာ ပညာရေး ပြုပြင်ပြောင်းလဲရေး ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ အာဏာလုတဲ့ ကိစ္စလည်းမဟုတ်ပါဘူး။ ပညာရေး စနစ်တခုရဲ့ အကျိုးကျေးဇူးဟာ မျိုးဆက်တဆက်ကြာတတ်လို့ အခု သပိတ်မှောက် ကျောင်းသားတွေဟာ အကျိုးကျေးဇူးကို ဒီလောက်ကြီး ခံစားကြရမှာလည်း မဟုတ်ပါဘူး။ တနည်းအားဖြင့် ကျောင်းသားတွေဟာ အခုလို နေပူထဲ ဖုန်ထူထူမှာ လမ်းလျှောက်နေကြတာဟာ သူတို့ ကိုယ်ကျိုးအတွက် မဟုတ်ပါဘူး။ နောက်မျိုးဆက်တွေအတွက် တနိုင်ငံအကျိုးရှိရာ အကျိုးရှိကြောင်း ကိုယ်ကျိုးစွန့်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
အနာဂတ်ခေါင်းဆောင်တွေ ဖြစ်တဲ့ ကျောင်းသား လူငယ်တွေမှာ ဒီလို ကိုယ်ကျိုးစွန့်တဲ့ စိတ်ဓာတ်တွေ၊ မိမိကိုယ်ကျိုးထက် တိုင်းပြည်အကျိုးအတွက် စဉ်းစားတဲ့ စိတ်ဓာတ်တွေ ရှင်သန်နေတာကို လူကြီးတွေအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမယ့်ကိစ္စပါ။
တကယ်က အစိုးရအာဏာပိုင်တွေအနေနဲ့ အနယ်နယ်က ပြည်သူတွေလိုပဲ ကျောင်းသားတွေကို သားသမီးချင်း ကိုယ်ချင်းစာပြီး လုံခြုံအောင် အနှောင့်အယှက်မကြုံအောင် စောင့်ရှောက်ပေးဖို့ လူ့ကျင့်ဝတ်သာမက၊ အစိုးရတရပ်အနေနဲ့ တာဝန်ရှိပါတယ်။ အခုတော့ ဒီလိုမဟုတ်ဘဲ ဟိုတုန်းက လမ်းစဉ်အတိုင်းပဲ ကျောင်းသားတွေကို ပြိုင်ဖက်လို သဘောထား၊ ဆီလိုအပေါက်ရှာပြီး အပြစ်ရှာ၊ လက်ရည်တူ ယှဉ်နေတာဟာ အစိုးရကောင်းတရပ်ရဲ့ ကျင့်ဝတ်နဲ့ မညီ၊ ရှက်စရာလည်း ကောင်းပါတယ်။
ဒီမိုကရေစီ အစိုးရ ခေါင်းစဉ်အောက်က ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရလက်ထက်မှာ သွေးထွက်သံယို အဖြစ်အပျက်တွေဟာ အထူးအဆန်းလည်း မဟုတ်ပါဘူး။ ဒါကြောင့် ဘုန်းကြီးတွေ မီးလောင်ခဲ့ရတဲ့၊ ဒေါ်ခင်ဝင်း ကျည်ဆံမှန်တဲ့၊ လက်ပံံတောင်းတောင် သပိတ်ကို ဖြိုခွင်းသလို၊ လွန်လွန်ကျူးကျူးတွေ မဖြစ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒီလို ဖြစ်လာရင် ကျောင်းသားတွေရဲ့ ဝါးခမောက်က ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တကယ်လို့များ ကျောင်းသားတွေကို သွေးထွက်သံယိုဖြစ်အောင် နှိမ်နင်းဖြိုခွဲလာပြီဆိုရင်ဖြင့် မိဘပြည်သူတွေ အနေနဲ့ ဝိုင်းဝန်းကာကွယ် ရပ်တည်ပေးကြပါလို့ လှိုက်လဲစွာ တောင်းပန်အပ်ပါတယ်။
(ညီစောလွင်သည် မြန်မာ့ရေးရာနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)