မြန်မာနိုင်ငံမှာ မော်ဒယ်ခေတ် တခေတ်ရယ်လို့ ဖြစ်ခဲ့တဲ့ ကာလက အနောက်တိုင်း ဆန်ဆန် ထူးခြားပေါ်လွင် တဲ့ မျက်နှာပေါက်နဲ့ လှပကျော့ရှင်းတဲ့ မော်ဒယ်တဦးကို ပရိသတ်တွေ သတိပြုမိခဲ့ကြမှာပါ။ အောင်မြင်နေဆဲ ကာလမှာ ဖခင်ဖြစ်သူရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် နိုင်ငံရပ်ခြားကို ထွက်ခွာသွားခဲ့ရပါတယ်။ နိုင်ငံရပ်ခြားမှာ နေထိုင်နေစဉ်အတွင်းမှာပဲ အိမ်ထောင်ကျခဲ့ပြီး အဲဒီကာလတွေအတွင်းမှာပဲ သူ့ကို နိုင်ငံရပ်ခြား တိုင်းပြည်တခုက မင်းသားတပါးက တော်ကောက်သွားတယ် ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ် ခဲ့ပါသေးတယ်။ သူကတော့ ခရစ္စတင်းလို့လည်း လူသိများတဲ့ မော်ဒယ်သန္တာလှိုင်ပါ။
အခုအခါမှာ ရင်သွေးနှစ်ယောက်ရဲ့ မိခင်ဖြစ်နေပေမယ့် နုပျိုလှပ သွက်လက်ဆဲ ဖြစ်တဲ့ သန္တာလှိုင်ဟာ မော်ဒယ် လောကထဲကို တကျော့ပြန် ဝင်လာခဲ့ပြီး တကျော့ပြန်အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့ပြန်ပါတယ်။
သူ ဦးဆောင် ပါဝင်ခဲ့တဲ့ The Model Academy အစီအစဉ်ဟာ ဆိုရင်လည်း ရုပ်မြင်သံကြားပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့် ဝေဖန်ခံရတဲ့ အထိ အောင်မြင်မှုရခဲ့ပါတယ်။
လောလောဆယ်မှာလည်း Blay Mackenzie Legal Consultants ဆိုတဲ့ ဥပဒေအကျိုးဆောင် လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နေသူ မော်ဒယ်သန္တာလှိုင်ကို သူ လျှောက်လှမ်းခဲ့တဲ့လမ်း၊ မော်ဒယ်လောကအပေါ် သူ့အမြင်နဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘဝ တစိတ်တပိုင်း အကြောင်း ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ လတ်တလော သန္တာလှိုင်ရဲ့ အနုပညာ အပါအဝင် တခြား လှုပ်ရှားမှုတွေ အကြောင်းက စပြီး ပြောပြပေးပါ။
ဖြေ။ ။ လတ်တလောတော့ ခါတိုင်းလိုပဲ ရိုက်ကူးရေးတွေ ကြော်ငြာတွေ အတွက် ဆက်သွယ်လာရင် လက် ခံပေးသလို အခမ်းအနားမှူး လုပ်တာတွေ ရှိပါတယ်။ ကိုယ်တိုင် ပါဝင် ဆွေးနွေးရတဲ့ အလုပ်ရုံ ဆွေးနွေးပွဲ တွေ၊ ဟောပြောပွဲတွေလည်း ရှိပါတယ်။ ဟိုတလောကတောင် မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ ဆက်သွယ် ရေး နည်းပညာ တိုးတက်လာပုံ ဆိုတာမျိုး ပြောပေးခဲ့တာလည်း ရှိပါတယ်။
ထူးတာကတော့ ကျမက ဥပဒေနဲ့ ကျောင်းပြီးလာတာ ဆိုတော့ အရင်တုန်းက ဥပဒေအကျိုးဆောင်နဲ့ အတိုင် ပင်ခံ လုပ်ငန်းတွေကိုပဲ ကျမ ကုမ္ပဏီက လုပ်နေခဲ့တာပါ။ အခု နောက်ပိုင်းမှာတော့ အနုပညာရှင်တွေ နဲ့ ရင်းနှီးမြုပ်နှံမှု အတွက် ဝင်လာတဲ့ နိုင်ငံတကာ လုပ်ငန်းတွေ အလုပ်လုပ်တဲ့ အခါ စာချုပ်ချုပ်တာတို့၊ မူပိုင်ခွင့်တို့နဲ့ ပတ်သက်ပြီး ပိုလုပ်လာပါတယ်။
ဒီမှာက ကိုယ့်အနုပညာကြေးနဲ့ကိုယ် ပြည်တွင်းမှာ ရှိတဲ့ အတိုင်း လုပ်မယ် ဆိုရင် ကျမတို့ အနုပညာရှင်တွေ က ကိုယ် ရသင့်ရထိုက်တဲ့ ဝန်ဆောင်ခကို ရကြမှာ မဟုတ်ဘူးလေ။ အဲဒါကြောင့် နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ အလုပ် လုပ်ရင် နိုင်ငံတကာ စံနှုန်းအတိုင်း ထိုက်ထိုက်တန်တန် ရအောင် လုပ်ရမယ်။ နောက်ပြီး ဓာတ်ပုံတို့ တီဗီ ကြော်ငြာတို့ဆိုရင် သူတို့ဆီမှာ တနှစ် တန်သည်၊ နှစ်နှစ်တန်သည်ပဲ ကိုယ့်ပုံကို သုံးခွင့်ပေးတာ။ ထပ်သုံးချင်ရင် အနုပညာရှင်ဆီက ထပ်ဝယ်ရတယ်။ အဲဒါမျိုးတွေကို ဝန်ဆောင်မှုပေးတာတွေ လုပ်နေပါ တယ်။
မေး။ ။ သန္တာလှိုင် မော်ဒယ်လ်အဖြစ် ရပ်တည်ခဲ့တာ အခုဆိုရင် သက်တမ်း ဘယ်လောက်ကြာပြီလဲ။ ဖြတ်သန်းလာတဲ့ မော်ဒယ်လ်သက်တမ်း တလျှောက်မှာ မော်ဒယ်လ်လောကရဲ့ အပြောင်းအလဲတွေအပေါ် အမြင်နဲ့ သုံးသပ်ချက်ကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ မော်ဒယ်လ် လုပ်လာခဲ့တာကတော့ အခုဆိုရင် အနှစ် (၂၀) ပတ်ဝန်းကျင် ရှိပြီလို့တောင် ပြောလို့ ရနေပါပြီ။ အဖွားကြီး ဖြစ်ပြီ ဆိုပါတော့။ ကျမနဲ့ အတူတူ စလုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဘက်တွေ ဆိုရင် မော်ဒယ် လောကမှာ ဒီနေ့ မရှိတော့သလောက်ပဲ လို့ ထင်တယ်နော်။ ဒီလောကမှာ ဒီလောက်နှစ်တွေ ကြာပြီ ဆိုတော့ အပြောင်းအလဲတွေ ကတော့ ရှိတာပေါ့။ ကောင်းတာ ရှိသလို ဆိုးတာလည်း ရှိနေတာပဲ။ အရေးကြီး တာကတော့ ကျမ အမြဲပြောသလိုပါပဲ၊ ကိုယ်ကျင့်တရားကို အမြဲထိန်းဖို့ လိုပါတယ်။ အထူးသဖြင့် ရုပ်ဆင်းရူပကာနဲ့ ဆက်စပ်နေတဲ့ အလုပ်ဆိုတော့ ကိုယ်ကျင့်သိက္ခာ ထိန်းဖို့ ပိုတောင် လိုအပ်ပါသေးတယ်။
မေး။ ။ မော်ဒယ်လ်ဆိုတာကိုရော ဘယ်လို အဓိပ္ပာယ် ဖွင့်ဆို ပြောပြချင်လဲ။ မော်ဒယ်လ်တယောက် ဖြစ်ချင်ရင် ဘယ်လို အရည်အချင်းတွေနဲ့ ပြည့်စုံနေဖို့ လိုအပ်မလဲ။
ဖြေ။ ။ မော်ဒယ်လ်ဆိုတာ သရုပ်ပြသူလို့ အဓိပ္ပာယ်ဖွင့်လို့ ရသလို၊ နောက်တမျိုးက စံပြသူလို့လည်း ပြောရင် မမှားဘူးလေ။ အဲဒါကြောင့် သူများက ကိုယ့်ကို မြင်တဲ့အခါ၊ ကြားတဲ့အခါ အားကျလိုစိတ် ဖြစ်တဲ့ အနေအထား ရှိရမယ် လို့ပဲ အကြမ်းအားဖြင့် သတ်မှတ်ရမှာပဲ ပေါ့။ ကုန်ပစ္စည်းတခုကို ကိုယ်က သုံးပြ၊ ဝတ်ပြတဲ့ အခါ အားကျမှသာ ပရိတ်သတ်က လိုက်သုံးတော့မှာ ပေါ့။
ဘယ်လို အရည်အချင်း ရှိရမယ် ဆိုတာကိုတော့ လိုက်ပြောနေရင် ဆရာမကြီး လုပ်သလို ဖြစ်နေပါဦးမယ်။ The Model Academy မှာကတော့ ကိုယ်က ဆရာလုပ်ကို လုပ်ရမယ့် တာဝန်မို့ နားကြားပြင်း ကပ်အောင်ကို ဆရာ လုပ်ခဲ့ရပြီးပြီ၊ အခု အင်တာဗျူးမှာ ထပ်မေးတာကိုတော့ အတိုဆုံး ပြောရရင် သူများအားကျ အတုယူ လိုစိတ် ဖြစ်ပေါ်စေမယ့် အရည်အချင်းမျိုး ရှိအောင် ကြိုးစားပါလို့ပဲ ပြောချင်ပါတယ်။
မေး။ ။ မသန္တာလှိုင်က မော်ဒယ်လ်လောကထဲကို တကျော့ပြန် လာခဲ့တယ်၊ ကြားထဲမှာ ပရိသတ်နဲ့ ကာလ အတိုင်းအတာတခု ဝေးကွာနေခဲ့ပေမယ့် သန္တာလှိုင်ဆိုတဲ့ နာမည်တခုကို ပရိသတ်က ပြန်လက်ခံကြ တယ်။ အဲဒီလိုဖြစ်အောင် ဘယ်လို ပြန်ကြိုးစား လုပ်ယူခဲ့ရပါ သလဲ။
ဖြေ။ ။ အဲဒါကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ဇွတ်ပြန်ဝင်ခဲ့တာပဲ လေ။ ကျမ ပြန်လာခါစက ဆိုရင် ကျားသေကို အသက်သွင်းတာလား ဆိုပြီး အကယ်ဒမီဆုရှင် မင်းသမီးကြီး တယောက်က ပြောခဲ့ဖူးတယ်။ အဲဒါကို ကြားလိုက်တော့ ကျမ အားရှိသွားတယ်။ သူလို အထင်ကရ ပုဂ္ဂိုလ်ကြီးက ကျမကို ကျားလို့ မြင်သေး ပါလား ဆိုပြီးတော့လေ။ အဲဒီတော့ ကျားတော့ဖြစ်နေပြီ၊ သေတာနဲ့ ရှင်တာက ကိုယ့်ကြိုးစားမှုတွေ အရည် အချင်း တွေနဲ့ပဲ ဆိုင်တယ်ဆိုပြီး ယုံကြည်လာမိတယ်။
နောက်ပြီး ပြည်ပမှာ နေလာခဲ့တဲ့ ကြားကာလမှာ အနုပညာ လုပ်ငန်းတွေနဲ့ အဝေးကြီးဝေးတယ် ဆိုပေမယ့် အဲဒီ အချိန်တွေက အလကားကုန်ခဲ့တာ မဟုတ်ဘူးလေ။ ကလေးရပြီးမှ ကလေးတဖက်နဲ့ ကျမက ကျောင်း ဆက်တက်ခဲ့တာ လေ။ အဲဒီ ပညာတွေက အခုအခါမှာ စောစောက ပြောခဲ့တဲ့ လုပ်ငန်းတွေ အတွက် အများကြီး အကျိုးဖြစ်ထွန်းစေခဲ့တာ ပေါ့။
ကလေးနှစ်ယောက်ကလည်း ငယ်ငယ်ကတည်းက သရုပ်ဆောင်တာ ကျွမ်းကျင်တော့ အလုပ် တော်တော် များများမှာ သားအမိသုံးယောက် အတူတူလုပ်လို့ သူတို့ အတွက် ကောလိပ် ကျောင်းစရိတ်ကို သူတို့ဟာသူ တို့ စုထားသလိုတောင် ဖြစ်နေပြီ။
မေး။ ။ မြန်မာပြည်မှာက မော်ဒယ်လ်အနေနဲ့ အောင်မြင်လာပြီ ဆိုရင် သရုပ်ဆောင် လိုင်းဘက်ကို ကူးကြ တာ အစဉ်အလာ တခုလို ဖြစ်နေတယ် လေ။ သန္တာလှိုင်ကတော့ မော်ဒယ်လ် အနေနဲ့ပဲ ဆက်ပြီး ရပ်တည်ခဲ့ တယ်။ ဘာကြောင့်လဲ။
ဖြေ။ ။ ဒီမေးခွန်း မေးတဲ့လူကတော့ တော်တော် သတ္တိရှိတာပဲ။ သန္တာလှိုင် မော်ဒယ်လ် လုပ်ရုံတင် မကဘူုး၊ သရုပ်ဆောင်ပြီးတော့ပါ နှိပ်စက်တာ တရားခံက သူပဲလို့ အပြောခံရမှာ မကြောက်ဘူးနဲ့ တူတယ်။ ကျမက သရုပ်ဆောင်တာ ဝါသနာ မပါဘူးလေ။ အဲဒါကြောင့် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကာရာအိုကေ တွေ ခေတ်စားတဲ့အချိန်မှာ မိတ်ဆွေတွေက အကူအညီတောင်းတာ ကြောင့် ဗီစီဒီ သီချင်းတပုဒ် ရိုက်ပေးခဲ့တာက လွဲလို့ သရုပ်ဆောင်တခါမှ မလုပ်ခဲ့ဖူးဘူး။
အကယ်ဒမီပွဲတွေမှာ ဆိုရင် အဝတ်အစားက အစ သရုပ်ပြပြီး ဝတ်ပေးဖို့ ပြောကြတယ်။ ကျမက စဉ်းစား တယ်၊ ငါမင်းသမီးလည်း မဟုတ်ဘဲ ဖိတ်တဲ့သူတွေ ကလည်း ဖိတ်တယ်၊ ပေးတဲ့ လူတွေကလည်း ပေးတယ်၊ ဘယ်လိုပါလိမ့်ပေါ့ နော်။ ကိုယ့်သူငယ်ချင်းတွေထဲက ဘယ်သူရမလဲ ဆိုတာကိုပဲ သွားအားပေးတဲ့ ပုံစံမျိုးမို့ ကျမအဖို့က ဖိအားမရှိတဲ့ ရင်ခုန်ခြင်းမို့ ဒီလိုမော်ဒယ် လုပ်နေရတာကိုပဲ ကျေနပ်နေမိ ပါတယ်။
မေး။ ။ နောက်ပိုင်း နိုင်ငံကိုယ်စားပြု Miss တွေ အများကြီးပေါ်ထွက်လာတယ်။ Miss နဲ့ မော်ဒယ်လ်နဲ့ ကွာခြားမှုက ဘာဖြစ်မလဲ။
ဖြေ။ ။ နိုင်ငံကိုယ်စားပြုတဲ့ မယ်တွေ ဆိုတာ ပြိုင်ပွဲတခု အတွက် အနိုင်ရဖို့ အစစအရာရာကို အာရုံထားပြီး လေ့ကျင့် ကြရသူတွေ ဖြစ်ပါတယ်။ အနိုင်ရပြီးတဲ့ နောက်မှာ လူမှုဝန်ထမ်း လုပ်ငန်းတွေ၊ နိုင်ငံတကာ ဆက် ဆံရေး လုပ်ငန်းတွေ လုပ်တာရှိသလို အနုပညာလုပ်ငန်းတွေ ဆက်လုပ်တာလည်း ရှိပါတယ်။
မော်ဒယ်လ်တွေ ကျတော့ ပြိုင်ပွဲအတွက် တခုတည်း လေ့ကျင့်ကြတာ မဟုတ်ဘဲ အစဉ်မပြတ် လေ့လာ ပြင်ဆင်နေရသူတွေ ဖြစ်ပါတယ်။ အတိုပြောရရင် မယ်တွေဟာ ကိုယ့်လို အရည်အချင်းပြည့်ဝတဲ့ အခြား ပြိုင်ပွဲဝင်တွေနဲ့ ရင်ဆိုင်ဖို့ လေ့ကျင့်ရသူတွေ ဖြစ်သလို မော်ဒယ်လ်တွေကျတော့ မနေ့ကထက် ဒီနေ့ မနက် ဖြန်က သာအောင် မိမိကိုယ်မိမိ ပြိုင်ဆိုင်ဖို့ အမြဲကြိုးစားနေရတယ်လို့ ပြောရင် မှားမယ် မထင်ပါဘူး။
မေး။ ။ ဒီနိုင်ငံရဲ့ မော်ဒယ်လ်လောက ရပ်တည်မှု အခြေအနေကို မသန္တာလှိုင်မြင်တဲ့ အတိုင်း သိချင်ပါ တယ်။ ဘာတွေ ဘယ်လို ဖြည့်စွက်ဖို့ ပြုပြင်ဖို့ လိုနေတယ် ဆိုတာတွေကိုပေါ့။
ဖြေ။ ။ ကျမပြောမယ် နော်၊ မကြိုက်လို့ ဝိုင်းသြဘာပေးရင်လည်း ခံမယ် ဆိုတဲ့ စိတ်နဲ့ သတ္တိရှိရှိသာ ပြန် ဖော်ပြပေးလိုက်ပါ။ ဒီနိုင်ငံရဲ့ လက်ရှိအခြေအနေ မော်ဒယ်လ်လုပ်ငန်း ရပ်တည်မှု အခြေအနေကို ပြောရရင် ပရိတ်သတ်ရဲ့ အားပေးမှုဟာ အတိုင်းထက်အလွန်ကို ကျေနပ်စရာ၊ ကျေးဇူးတင်စရာ ကောင်းလောက် အောင် ကောင်းမွန်နေပါတယ်။
ကျမတို့ နိုင်ငံမှာ မော်ဒယ်တယောက် ကုန်ပစ္စည်းတခုကို ကြော်ငြာမယ်၊ တီဗီမှာ အစီအစဉ်တခု တင်ဆက် မယ် ဆိုရင် လူထုပရိသတ်က သူဘယ်သူလဲ ဆိုတာ သိကြတယ်။ ပြောနိုင်ကြတယ်။ ဒါကြောင့် မော်ဒယ်လ် တွေရဲ့ အကြောင်းဆိုရင်လည်း စာနယ်ဇင်းတွေမှာ အကျယ်တဝင့် မေးကြ ဖော်ပြကြတယ်။
အနောက်နိုင်ငံတွေမှာဆိုရင် သိပ်ကို နာမည်ကြီးတဲ့ စူပါမော်ဒယ် လေးငါးယောက်လောက်က လွဲလို့ အရပ်သူ အရပ်သား ပရိသတ်တွေက ဘယ်သူဆိုတာ သိပ်တောင် မသိကြဘူး။ မဂ္ဂဇင်းတွေ၊ တီဗီတွေမှာ မော်ဒယ်လ် တွေ သရုပ်ပြရင်လည်း ဘယ်သူဘယ်ဝါ ဆိုတာ သိပ်မသိကြဘူး။ မြန်မာနိုင်ငံမှာတော့ ပရိသတ်တိုင်းက အကြမ်းဖျင်း အားဖြင့် မော်ဒယ်တွေထဲမှာ အနည်းဆုံး ၁၅ ယောက်လောက်ကတော့ ဘယ်သူတွေ ဆိုတာ ပြောနိုင်ကြတယ်။
သူတို့ဆီမှာ မော်ဒယ်များလို့၊ ဒီမှာ နည်းလို့ ဆိုပြီး ပြောလို့ မရဘူးနော်၊ ဟိုမှာက စူပါမော်ဒယ်ဆိုတဲ့ လေးငါး ယောက်လောက်က လွဲလို့ မသိဘဲ ဒီမှာကျတော့ အနည်းဆုံး ၁၅ ယောက်၊ အယောက် ၂၀ လောက်ကို ပြည်သူတွေက သိကြတယ်ဆိုတော့ စိတ်ဝင်တစား အလေးထားမှုကြောင့်လို့ပဲလို့ ပြောရမှာပါ။
မော်ဒယ်တွေဘက်က ကြည့်မယ် ဆိုရင်တော့ နံပတ် ၁၊ ကိုယ်ကြော်ငြာပေးတဲ့ ပစ္စည်းတွေ၊ လုပ်ငန်းတွေ၊ အခမ်းအနားတွေဟာ ကိုယ်ပါဝင်ခြင်း အားဖြင့် ပိုပြီး အရောင်တောက်ပ စိုပြေလာအောင် စေတနာထား လုပ်ရမယ်။ နံပတ် ၂၊ ကိုယ့်ကို အလုပ်အပ်တဲ့ တဖက်အဖွဲ့အစည်းဟာ ကိုယ့်အလုပ် အတွက် ကျေနပ် အားရမှု ရှိရမယ်။ နံပါတ်၃၊ ကိုယ့်ကို ကြည့်ကြမယ့် လူထုပရိသတ်ဟာ ကိုယ့်သရုပ်ပြမှုကြောင့် ကိုယ် ပေးချင်တဲ့ ခံစားမှုရသ ကို လက်ခံသွားရမယ်။ စတဲ့အချက်တွေက အရေးကြီးပါတယ်။ ဒီအရေးကြီးတဲ့ သုံးချက်ကို ပိုပြီး ပြည့်စုံအောင် ကြိုးစားကြဖို့လိုပါတယ်။
မေး။ ။ အခုချိန်ထိ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ အလှအပ အတွက် စူပါမော်ဒယ်လ် သန္တာ လှိုင်ရဲ့ ထိန်းသိမ်းထားပုံကို ပြောပြပေးပါ။ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်လာရင်ရော ဘယ်လိုဖြေဖျောက်ပါလဲ။
ဖြေ။ ။ စိတ်ပိုင်းရော ကိုယ်ပိုင်းရော ကျန်းမာလှပနေ စေဖို့ ဆိုတာ ပထမ အရေးကြီးတာက ကိုယ်တိုင် တကယ် အဲလို ကျန်းမာလှပစွာ ရပ်တည်နိုင်ရမယ် ဆိုတဲ့ ယုံကြည်ချက်ရှိဖို့ လိုပါတယ်။ အဲလို ယုံကြည်တဲ့ အတိုင်းလည်း ကြိုးစားရပါမယ်။ ကိုယ်က အသက်ဘယ်လောက်တော့ ရှိပြီ၊ ထိန်းနေလည်း ဘာလုပ်မှာလဲ ဆိုတဲ့ စိတ်မျိုးထားလိုက်ရင်တော့ တခါတည်း အဖွားကြီးရုပ် ပေါက်သွားမှာပေါ့။
မျက်နှာကတော့ ကျမက ဂျပန်က ရေနဲ့ မျက်နှာသစ်ဖြစ်အောင် ကြိုးစားတယ်။ ဂျပန်မှာ ဆိုရင် လူတိုင်းဟာ ကြည့်လိုက်ရင် သူတို့ရှိရမယ့် အရွယ်ထက် နုပျိုနေတာပဲ။ အဲဒါ ရေကြောင့် ဖြစ်တယ်။ မီးတောင်တွေ စိမ့်စမ်းတွေက ကျတဲ့ရေကို သုံးကြ၊ သောက်ကြ၊ ချိုးကြတော့ နုပျိုနေတယ်။ အဲဒါကြောင့် ကျမက ဂျပန်ရေနဲ့ မျက်နှာကို သစ်ဖြစ်အောင် လုပ်တယ်။ ဒီမှာဆိုတော့ နေ့တိုင်း ဂျပန်ကရေကို မှာဖို့တော့ ဘယ်ဖြစ်နိုင်မလဲ။ အဲဒါဆိုရင် ကိုယ့်စိတ်ကြိုက် ရိုးရိုးမျက်နှာသစ်ပြီးရင် ဂျပန်ကရေ သို့မဟုတ် တခြား စိမ့်စမ်းထွက်တဲ့ နိုင်ငံ ကရေကို ရေမွှေးဖြန်းသလိုမျိုး မျက်နှာအနှံ့ ဖြန်းလိုက်တယ်။ နောက်ပိုင်းတော့ ရေသန့်စင်တဲ့ စက်မျိုး အိမ်မှာတပ်ပြီး ဂျပန်ရေမျိုး ဖြစ်အောင် စက်နဲ့ချက်ကြည့်လို့ ရမယ် ဆိုလို့ ဝမ်းသာနေတယ်။ ဖောဖောသီသီ သောက်လို့၊ ချိုးလို့ ရပြီပေါ့၊
နောက်တခုက စိတ်ဖိစီးမှု၊ အဲဒါကျတော့ အရာရာကို ပူပန်မှု နည်းနည်းနဲ့ နှလုံးသွင်းတတ်အောင် လေ့ကျင့် တတ်ရမယ်။ ဒါပေမယ့် လူဆိုတော့လည်း ဖိစီးမှုဆိုတာ ရှိမှာပဲလေ။ ကျမကတော့ ရိုးရာလက်ဝှေ့ကို ဆရာနဲ့ သင်ပြီး အမြဲထိုးတယ်။ ထိုးလိုက်၊ ကန်လိုက်ရရင် ဒေါသတွေ၊ ဖိစီးမှုတွေ၊ စိတ်မွန်းကြပ်နေမှုတွေ တော်တော် လျော့သွားတယ်။ ရန်ကုန်မှာကတော့ Balance Fitness Centre တွေမှာ ရိုးရာမြန်မာ့လက်ဝှေ့ကို ဆရာကောင်းကောင်းနဲ့ သေချာတက်လို့ ရလို့ သိပ်အဆင်ပြေတယ်။
မေး။ ။ မသန္တာလှိုင် စကားပြောရင် ပြတ်တယ်၊ ရှင်းတယ်ပေါ့၊ အားမနာတတ်ဘူး လို့ ပြောကြတယ်။ အဲဒီ အပေါ်ကိုရော ဘယ်လိုပြောချင်လဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲတတ်တဲ့ အလေ့အထ ရှိပါလား။
ဖြေ။ ။ စကားပြော ပြတ်တယ်၊ ရှင်းတယ်တွေ ဘာတွေ လုပ်မနေပါနဲ့။ ကျမ စကားပြောတာ ရိုက်ပေါက် နော် လို့သာ အားမနာပဲ မေးလိုက်ပါ။ ကျမက သက်သက်ကြီး ကိုယ့်ကိုယ်ကိုယ် ရေးကြီးခွင်ကျယ် အထက်စီး ပြောတာမျိုး မရှိပါဘူး။ ဒါပေမယ့် ရိုးရိုးကြီး တွေးပြီး စိတ်ထဲရှိတာကို ပြောချလိုက်လို့ အလိုက်မသိသလို ဖြစ် သွားတာတွေတော့ ရှိတာပေါ့။ ကြာတော့လည်း သိသွားကြပါတယ်။ ကျမက ချိုးနှိမ်ချင်လို့၊ တဖက်သားကို အနိုင် ပိုင်းချင်လို့ ပြောတာမျိုး မဟုတ်ဘူး ဆိုတာကိုလေ။
ဥပမာ ကျမကို Balance အားကစားရုံတွေက ဝန်ဆောင်မှု မြှင့်တင်ရေးသံတမန် တာဝန် ပေးထားတော့ ကြုံတဲ့အခါ မိတ်ဆွေတွေကို မိတ်ဆက်ပေးပြီး ကစားခိုင်းတာပေါ့။ တခါ ထမင်းစားရင်းနဲ့ ရွယ်တူမိတ်ဆွေ တယောက်ကို သွားကစားချင်လား၊ ကျမ မိတ်ဆက်ပေးမယ်လို့ ပြောလိုက်တော့ သူက အဲဒီမှာ ကစားဖို့ လိုအပ်နေလောက်အောင် သူ ပုံပျက်ပန်းပျက် ဖြစ်နေပြီလား ပြောပါလို့ ပြန်မေးတယ်။ တကယ်တော့ သူကလည်း အခုအရွယ် အထိ တော်တော်ကို ထိန်းထားနိုင်လောက်တဲ့ အမျိုးသမီးမို့ အားကစားဝါသနာ ပါလိမ့်မယ် ဆိုပြီး ပြောလိုက်မိတာပါ။
မေး။ ။ ကိုယ့်ရဲ့ မိသားစုဝင်တွေ အကြောင်းနဲ့ မသန္တာလှိုင်ရဲ့ တနေ့တာ အစီအစဉ်တွေက ယေဘုယျ အားဖြင့် ဘယ်လိုရှိတတ်တယ် ဆိုတာလည်း ပြောပြပေးပါ။
ဖြေ။ ။ တနေ့တာကတော့ ကျမ ကလေးတွေက မနက် ၇ နာရီဆိုရင် ကျောင်းသွားရတော့ သူတို့ ကျောင်း အမီ အိပ်ရာထပြီး လိုအပ်တာ လုပ်ပေး၊ နှုတ်ဆက်၊ စတာတွေ လုပ်တယ်။ ပြီးရင်တော့ ကျမ အလုပ် အထူ အပါးပေါ် မူတည်ပြီး သွားသင့်တဲ့ အချိန်ကျရင် ကုမ္ပဏီရုံးခန်းကို သွားတယ်။ ညနေ ကလေးတွေက ၄ နာရီခွဲ လောက်ဆို ကျမဆီ ရောက်လာကြပြီး သားအမိသုံးယောက် ၅ နာရီ ပတ်ဝန်းကျင်လောက် အိမ်ပြန်ကြ တယ်။
စနေ၊ တနင်္ဂနွေ ဆိုရင်တော့ သူတို့လေးတွေရဲ့ ဖခင်ဖြစ်တဲ့ ကျမရဲ့ တချိန်က ခင်ပွန်းဆီကို သူတို့ သွားကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကလေးနှစ်ယောက်ကို မိခင်မေတ္တာရော ဖခင်မေတ္တာပါ မငတ်ရအောင် တပတ်မှာ နှစ်ရက်ကိုတော့ သူတို့ အဖေဆီသွားဖို့ ကျမတို့ စီစဉ်သဘောတူထားတယ်။ ကလေးတွေက စာဖတ်တာ ဝါသနာပါတော့ ၃၈ ဖြာမင်္ဂလာတို့၊ ငါးပါးသီလတို့နဲ့ ပတ်သက်တဲ့ ရုပ်ပြရောင်စံုံ စာအုပ်မျိုးလေး တွေကို ဖတ်စေတယ်။
မေး။ ။ ပရိသတ်ကြားမှာ အသံတွေ ကျယ်လောင်ခဲ့တဲ့ The Model Academy အစီအစဉ် ကရော ရှေ့ ဆက်ဖို့ ရှိပါသေးလား သိချင်ပါတယ်။
ဖြေ။ ။ သြော် ပရိသတ်တွေ ကြားမှာ ကျယ်လောင်ခဲ့တာလား။ ကျေးဇူးတင်ပါတယ်။ ကျယ်လောင်တယ် ဆိုတော့ ပျင်းရိစရာ ခြောက်ခြောက်သွေ့သွေ့ မဟုတ်ဘူးပေါ့။ ကြိုက်တယ် လို့ အားပေးကြတဲ့ ပရိတ်သတ် တွေကိုလည်း ကျမ ကျေးဇူးတင်ပါတယ်။ မကြိုက်ဘူးလို့ အပြစ်ပြော ဝေဖန်ကြသူတွေကိုလည်း တနည်းတဖုံ ကျမ ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဝေဖန်နိုင်လောက်တဲ့ အထိ သတိထားမိတယ် ဆိုမှတော့ သူတို့လည်း သေသေချာချာကို စောင့်ကြည့်ခဲ့လို့ပေါ့ နော်။ ဒီအစီအစဉ်ကို ရှေ့ဆက်လုပ်မယ်၊ မလုပ်မယ် ဆိုတာ ကတော့ ကျမ တယောက်တည်း ဆုံးဖြတ်လို့ မရဘူးဆိုတာ နားလည်ကြမယ်လို့ ထင်ပါတယ်။