ဆန္ဒပြတောင်းဆိုနေကြတဲ့ ကျောင်းသား/ကျောင်းသူတွေ ဦးဆောင်ပြီး မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ချီတက်လာတဲ့ ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်း၊ ပုသိမ်မြို့ကနေ ရန်ကုန်မြို့ကို ချီတက်လာနေတဲ့ ဧရာဝတီ သပိတ်စစ်ကြောင်း၊ မြေလတ်ဒေသ ပခုက္ကူမြို့ကနေ ရန်ကုန်မြို့ကို ချီတက်လာတဲ့ မြေလတ် သပိတ်စစ်ကြောင်းနဲ့ ထားဝယ်မြို့ကနေ ရန်ကုန်မြို့ကို ချီတက်လာတဲ့ ထားဝယ်သပိတ်စစ်ကြောင်းတို့ရဲ့ လှုပ်ရှားမှုဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ တဖြည်းဖြည်း ကျယ်ပြန့်လာနေပါတယ်။ ပြည်သူလူထုရဲ့ ကြိုဆိုထောက်ခံမှုကိုလည်း တခဲနက် ရရှိလျက် ရှိပါတယ်။ ဒီလိုလှုပ်ရှားမှုထဲမှာ ပါဝင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ကူညီပံ့ပိုးပေးသူတွေရဲ့ ရပ်တည်ချက် သဘောထား၊ ယုံကြည်ချက်တွေနဲ့ လမ်းတလျှောက်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ အကြောင်းကို ဧရာဝတီ သတင်းထောက်တွေ ဖြစ်တဲ့ ဆလိုင်းသန့်စင်နဲ့ ထက်နိုင်ဇော်တို့က ဆက်သွယ်မေးမြန်းထားပါတယ်။
မစုပုံချစ်
(မသန်စွမ်းကျောင်းသူ)
“ဒီပညာရေးဥပဒေမှာ မသန်စွမ်းတွေအတွက် ဒီထက်ပိုပြီး ထည့်သွင်းရေးဆွဲပေးဖို့ မျှော်လင့်ပါ တယ်။ ဒီထက်ပိုပြီး အသေးစိတ်ရေးဆွဲထည့်သွင်း ပြဋ္ဌာန်းတာတွေ လုပ်ပေးစေချင်ပါတယ်။ အမျိုးသား ပညာရေးဥပဒေမှာ မသန်စွမ်းတွေအတွက် ထည့်သွင်းရေးဆွဲထားတာ ၁ ချက်ပဲ၊ Special Education (အထူးပညာရေး) ဆိုတဲ့ ၁ ချက်ပဲ ဖော်ပြထားပါတယ်။ ကျမတို့က Special Education ကို မတောင်းဆိုခဲ့ပါဘူး။ လိုလည်း မလိုချင်ပါဘူး။ ကျမတို့ လိုချင်ခဲ့တာက လူတိုင်း အကျုံးဝင် ပညာရေး All Inclusive Education ဖြစ်ပါတယ်။ ဒီဥပဒေဟာ Mother Law (မူရင်းဥပဒေ) ကို အခြေခံထားတာကြောင့် နည်းဥပဒေကျမှ ပြင်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ Mother Law (ပင်မဥပဒေ) မှာတင် Special Education မဟုတ်ဘဲ All Inclusive Education ဖြစ်ဖို့၊ Mainstream Education (ပင်မပညာရေး) ထဲမှာ မသန်စွမ်းတွေပါ ပါဝင်ပြီးပညာသင်ကြားနိုင်တဲ့ ပညာရေးမျိုး ဖြစ်စေ ချင်ပါတယ်။ အဲဒါကိုဆောင်ရွက်ပေးနိုင်မှပဲ လုပ်ပါ။ မလုပ်ပေးနိုင်ဘူး ဆိုရင်လည်း ကျနော်တို့အတွက်ကို ချန်ထားလိုက်ပါ။ ကျောင်းသားတွေ တောင်းဆိုတဲ့ ၁၁ ချက်ထဲမှာလည်း အဲဒီ ၁ ချက်လည်း အပါအဝင် ဖြစ်တယ်ဆိုတော့ ဒါကို အမြန်ဆုံး လုပ်ပေးသင့်တယ် ထင်ပါတယ်။
အခု ပါဝင်တာက ကျနော့်မြို့ကို ရောက်လာတဲ့အတွက်ကြောင့် အိမ်ရှင်အနေနဲ့ ကျနော် တဦးတယောက်ဆန္ဒနဲ့ ထောက်ခံပါဝင်တာပါ။ ဝိုင်းပြီးတော့ ဝန်းရံပေးတဲ့ သဘောပါ။ မြန်မာပြည်က ပညာရေးနဲ့ ဩစတြေးလျမှာ သင်ခဲ့ရတဲ့ ပညာရေး ဘာကွာသလဲဆိုတော့ ဒီမှာက နှုတ်တိုက်ကျက်ရတဲ့ ပညာရေးဖြစ်တဲ့အတွက် စာမေးပွဲအောင် ဖို့ကိုပဲ အဓိကထားကြတယ်။ ဒါမှလည်း မိဘကို တဖက်တလမ်းကနေ ကျေးဇူးဆပ်တယ်ဆိုတဲ့သဘော ပေါ့နော်။ အဲဒီတော့ ကျောင်းသားတွေက စာတွေပဲ ကျက်ပြီး စာမေးပွဲတွေပဲ ဖြေနေရတယ်။ အဲဒီတော့ Critical Thinking (ဝေဖန်ဆန်းစစ် တွေးတော ခြင်း) မလုပ်နိုင်ဘူး။ ဟိုမှာကျတော့ စာမေးပွဲဆိုတာ ရှိတယ်။ ဒါပေမယ့် Critical Thinking အရသွားတာ။ လက်တွေ့လုပ်ငန်းတွေလည်း ပါဝင်တော့ အရမ်းကိုကွာပါတယ်။ အမျိုးသား ပညာရေးဥပဒေ စထွက်လာတဲ့ လွန်ခဲ့တဲ့ ၂ လ ကတည်းက ကျနော် ပြောခဲ့ပါတယ်။ ကျောင်းသားတွေ တောင်းဆိုတဲ့ ၁၁ ချက်ထဲမှာ ကျနော်တို့ မသန်စွမ်းတွေကို ချန်လှပ် မထားခဲ့ဘဲ ထည့်သွင်းပေးတဲ့အတွက် ကျောင်းသားထုကြီးကို ကျေးဇူးတင်ပါတယ်”
မအိမွန်ဘိုဘို
(အင်္ဂလိပ်စာအထူးပြု နောက်ဆုံးနှစ်ကျောင်းသူ၊ ပုသိမ်တက္ကသိုလ်)
“ပညာရေးစနစ်မှာ ဘာကို စိတ်အပျက် ဆုံးလဲဆိုတော့ ဘာမှမရေရာတဲ့ အာမခံချက် မရှိတဲ့ ပညာရေးစနစ် ဖြစ်နေတာကို စိတ်အပျက်ဆုံးပါပဲ။ အခု ကျောင်းတက်နေကြတဲ့အချိန် ဘွဲ့ရတဲ့အထိက လူငယ်တွေအတွက် ခွန်အားအရှိဆုံး၊ အလုပ်လုပ်နိုင်ဆုံး၊ ဉာဏ် အကောင်းဆုံး၊ ဖွံ့ဖြိုးမှုအရှိဆုံး အရွယ်တွေမှာ ပညာရေးစနစ်က မကောင်းတော့ သမီးတို့ လူငယ်တွေဘဝက အလကား အချိန်တွေ ပြုန်းတီးကုန်တယ်။ သမီးတို့ကတော့ ကိုယ်သွားမယ့် လမ်းကြောင်းကို ဆုံးဖြတ်ထားတဲ့ အတိုင်းပဲ ရောက်အောင်သွားမယ်။ အစိုးရဘက်က အကြမ်းဖက်လာခဲ့လို့ ရဲဘော်တချို့တွေ ကျဆုံးသွားခဲ့ရင်တောင် ကျန်နေသေးတဲ့လူတွေ ဆက်လုပ်သွားကြမှာပါ။ သမီးကတော့ ဒီတိုက်ပွဲ ပြီးမှပဲ အိမ်ပြန်မယ်”
မောင်အာကာအောင်
(အဏ္ဏဝါသိပ္ပံအထူးပြု နောက်ဆုံးနှစ်ကျောင်းသား၊ ပုသိမ်တက္ကသိုလ်)
“ဒီသပိတ်ထဲမှာ ပါဖို့အတွက် ကျနော့်မိဘတွေကို ပြောပြတယ်။ သူတို့က ဒီလုပ်ရပ်က မှန်တယ် ဆိုတာလည်း သိတယ်။ မွန်မြတ်တယ် ဆိုတာလည်း သူတို့ လက်ခံတယ်။ အဲတော့ ကျနော်သပိတ်ထဲမှာ ပါတာကို မတားဘူး။ ကျနော်က ဘွဲ့ရပြီးရင် အလုပ်ပေးမယ့်လူရှိတယ်။ ကျနော်တို့က ချို့တဲ့တော့ ပညာသင်စရိတ်နဲ့ တက္ကသိုလ် တက်နေရတာလေ။ အဲဒီ ပညာသင်စရိတ် ထောက်ပံ့ပေးနေတဲ့ ဂျာမနီက အလှူရှင်က အလုပ်ပေးမယ် ပြောထားတယ်။ အခု ကတော့ သပိတ်ထဲမှာ ပါလာတော့ အဲဒီအခြေအနေတွေ မရေမရာတော့ ဖြစ်ကုန်တာပေါ့။ တကယ်လို့ သပိတ်မှောက် ကျောင်းသားတွေကို စာမေးပွဲဖြေခွင့် မပိတ်ပင်ဘူး ဆိုရင်တော့ စာမေးပွဲ ပြန်ဖြေမယ်။ ဘွဲ့ရအောင်လုပ်မယ်။ ကိုယ့်ဘာသာ ဘဝကိုရပ်တည်မယ်။ အခု သပိတ်တိုက်ပွဲထဲ ဝင်လာတာက နောင်လာနောက်သား ကလေးတွေ အတွက်ပါပဲ။ ကျနော်တို့ ခံစားဖို့ လုံးဝမစဉ်းစားပါဘူး။ ခံစားဖို့လည်း မမီပါဘူး။ ပညာရေးစနစ်ကောင်းသွားလို့ နောင်ကလေးတွေအတွက် အကျိုးရှိသွားရင်ပဲ ကျနော်တို့ ပင်ပန်းရကျိုး၊ ပေးဆပ်ရကျိုး နပ်တယ်လို့ ခံယူထားပါတယ်။ လမ်းတလျှောက် မြို့တွေမှာလည်း ပညာရေးစနစ် မကောင်းတဲ့အကြောင်းကို ပြည်သူတွေကို ကျနော်တို့ ရှင်းပြတယ်။ ပြည်သူတွေကလည်း လက်ခံကြတယ်။ ကျနော်တို့တွေကို ဝမ်းသာအားရကို ကြိုဆိုကြပါတယ်။ သူတို့ကိုယ်စား၊ သူတို့သားသမီးတွေ ကိုယ်စား ကျနော်တို့က ရှေ့ကနေ လုပ်ဆောင်ပေးနေတယ် ဆိုတာကိုလည်း နားလည် သဘောပေါက်ကြတယ်။ စားရေးသောက်ရေး၊ နေရေးထိုင်ရေး အားလုံးအဆင်ပြေအောင် ပြည်သူတွေက ဝိုင်းဝန်း စောင့်ရှောက်ကြပါတယ်။ အဲဒီအတွက်လည်း အရမ်းကျေးဇူးတင်သလို အရမ်းလည်း ဝမ်းသာမိပါ တယ်”
ဦးပညာသီဟ
(သန်လျင်မြို့နယ်၊ ဓမ္မခွန်အား ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်)
“ဦးပဉ္စင်းတို့အဖွဲ့က ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ ရန်ကုန်က ဆင်းလာတာ။ ကျောင်းသားသပိတ်နဲ့ မကွေး၊ သစ်ရာကောက်မှာ ပူးပေါင်းပြီး လမ်းလျှောက်လိုက်လာတာ အခုတော့ ဆတ်သွားကို ရောက်နေပြီ။ အခုဆို လမ်းလျှောက်လာတာ ၂ ရက် ရှိပြီ။ အခု စစ်ကြောင်းချီလာတဲ့ ကျောင်းသားတွေနဲ့ ဦးပဉ္စင်းတို့ ဆိုတာက ဟိုး ၂၀ဝ၇ ရွေဝါရောင် တော်လှန်ရေး ကာလကတည်းက သိလာတာ။ အဲဒီတုန်းကလည်း ကျောင်းသားတွေကပဲ ဦးပဉ္စင်းတို့ကို ဝန်းရံတာလေ။ ကျန်းမာရေးရော၊ ဘာရော အစအဆုံး သူတို့ပဲ လိုက်ပြုစုတာကိုး။ အခုသူတို့ ကိစ္စကျတော့လည်း ဦးပဉ္စင်းတို့က ဒီမှာ လာပြီး ဝန်းရံပေးရတာပေါ့။ ကျရောက်လာတဲ့ ဘေးအန္တရာယ်တွေနဲ့ တခြားကိစ္စတွေကနေ ကာကွယ်ပေးရအောင်ပါ။ အခု သူတို့ (အစိုးရ) ဝါဒ ဖြန့်နေတဲ့ ကျောင်းသားတွေဟာ ကျောင်းသားတွေ မဟုတ်ပါဘူး ဆိုတာတွေကို ပြည်သူတွေသိအောင် ဦးပဉ္စင်းတို့က လိုက်ပြောရတာတွေ ရှိတယ်။ ဒီလူ တွေဟာ ကျောင်းသား အမှန်အကန်ဖြစ်တယ်ဆိုတဲ့ အကြောင်းတွေ လိုက်ရှင်းနေရတယ်။
ဦးပဉ္စင်းက ကျောင်းထိုင်ဆရာတော်ပဲလေ။ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်တောင်းဖို့ မလိုဘူး။ အဲဒီအတွက်လည်း ဘာပြဿနာမှ မရှိပါဘူး။ အားလုံး ဘုန်းကြီး အပါ အဝင် ၂၅ ပါး ရှိပါတယ်။ ကျောင်းသားကိစ္စကို ဝင်ပါရမယ်၊ မပါရဘူးဆိုတာက ကျုပ်တို့က အကြမ်းဖက်နေတာမှ မဟုတ်ဘူး။ သူတို့လည်း အကြမ်းဖက်နေတာ မဟုတ်ဘူး။ ပညာရေးစနစ် နိမ့်ကျနေလို့ တောင်းဆိုနေကြပါ။ ဦးပဉ္စင်းတို့က အင်အားဖြည့်ပေးတယ်။ ဝန်းရံပေးတယ်။ ပညာရေး စနစ်ဆိုတာ ဦးပဉ္စင်းတို့ မြန်မာတနိုင်ငံလုံးနဲ့ ဆိုင်တယ်လေ။ အခု ကျောင်းသားတွေကိုတင် ဝန်းရံပေးတာ မဟုတ်ဘူး။ ပညာရေးစနစ်ကိုပါ ဝန်းရံပေးနေတာ။ ကျောင်းသားတွေက သူတို့ ဥပဒေ မဆွဲခင်ကတည်းက ဒါတွေ၊ ဒါတွေ လိုချင်တယ် ဆိုပြီး တောင်းထားတာလေ။ သူတို့က ဒါတွေကို ဂရုမစိုက်ဘဲ သူတို့ဆွဲချင်သလို ဆွဲလိုက် တာကိုး။ ရန်ကုန်အထိ တောက်လျှောက်လိုက်မှာပါ”
ဦးအောင်ဇော်မိုး
(တောင်တွင်းကြီးမြို့ခံ)
“အစ်ကိုကတော့ ပြည်သူတယောက် အနေနဲ့ ဝန်းရံတဲ့ သဘောပါပဲ။ ဒီသပိတ်ထဲကို တောင်တွင်းကြီးကနေ လိုက်လာတာပါ။ ကျောင်းသားတွေကို သစ်ရာကောက်မှာ သွားကြိုတယ်။ အခုအထိလည်း လိုက်နေတုန်းပဲ။ ဆက်လိုက်၊ မလိုက်ကတော့ အခြေ အနေအရပဲ။ အခုတော့ ကျောင်းသားတွေကို ဝန်းရံ ပေးထားတယ်။ ပြီးရင် ဗိုလ်ချုပ် ရာပြည့်ပွဲအတွက် နတ်မောက်ကို ပြန်သွားရဦးမှာ။ ကျောင်းသားတွေကို လာကြိုတဲ့အထဲမှာ ပင်စင်စား အငြိမ်းစားတွေလည်း ပါတယ်။ လူငယ်တွေလည်း ပါတယ်။ တောင်တွင်းကြီး တမြို့လုံးပဲ ပြောပါတော့။ အကုန်လုံး ဝန်းရံကြပေမယ့် အကြမ်းဖက်ခံရမှာတော့ စိုးရိမ်တယ်။ ဒါက အစ်ကိုတို့ရဲ့ မျိုးဆက်၊ အနာဂတ်အတွက် အရေးကြီးတဲ့ ကျောင်းသားလူငယ်တွေလေ။ ဒီကိစ္စက မိသားစုတိုင်းနဲ့လည်း သက်ဆိုင်တယ်လေ။ မိသားစုတိုင်းမှာ ပညာရေးဆိုတာနဲ့ မဖြစ်မနေ ပတ်သက်နေတာပဲ။ အိမ်ထောင်စုတိုင်းမှာ ကလေးမွေးပြီးတာနဲ့ ကျောင်းထားဖို့ စစဉ်းစားရတော့လေ။ ကျောင်းသားဆိုတာက မူကြိုကနေ တက္ကသိုလ် ဘွဲ့ရတဲ့အထိ၊ လုပ်ငန်းခွင်ကို ဝင်တဲ့အထိ မိသားစုတိုင်းနဲ့ သက်ဆိုင်နေတာပဲ။ ကျောင်းသားတွေ တောင်းဆိုနေတဲ့ အမျိုးသား ပညာရေးကိစ္စဟာ ဖြစ်သင့်တဲ့ အချက်တွေကိုပဲ တောင်းဆိုနေတယ်လို့ အစ်ကိုတို့ ခံယူထားတယ်။ သူတို့ကို စမြင်ကတည်းက ရင်ထဲမှာ ဆို့နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစ်ကို့သား ကိုယ်တိုင်လည်း ရန်ကုန်မှာ တက္ကသိုလ် တက်နေတာ။ ကိုယ့်သား အရွယ်လေးတွေ ပင်ပင်ပန်းပန်းနဲ့ ဒီလို လုပ်နေတာ မြင်တော့ မျက်ရည်လည်အောင်အထိ အစ်ကိုတို့ ခံစားရတယ်”
ဒေါ်လှအေး
(ဆတ်သွားရွာသူ)
“အန်တီတို့မှာလည်း သားသမီးတွေ ရှိတာပေါ့။ အန်တီတို့ သာသမီးတွေလည်း ကျောင်းတက်နေကြတယ်။ ကျူရှင်တက်မှ စာမေးပွဲ အောင်မှာလေ။ ဒီကိစ္စက အန်တီတို့ တနိုင်ငံလုံး ဖြစ်နေတာလေ။ အခု ကလေးတွေကိုမြင်တော့ အန်တီတို့ သာသမီးတွေကို မြင်ယောင်ပြီး မျက်ရည်တောင် ကျမိပါတယ်။ ဒီမှာလာတဲ့ ကျောင်းသားပရိသတ်ကို ကြိုဆိုနေတာ။ ကျွေးမွေး ဧည့်ခံရေးမှာလည်း အန်တီတို့ ပါတယ်။ ရှိရှိသမျှလူတွေ အကုန်လုံး ထွက်လာတာပဲ။ ကလေး၊ လူကြီး အကုန်လုံး လာကြိုတာပဲ။ ရွာထဲမှာ လူကို မရှိတော့ဘူး ထင်တယ်။ ကျောင်းသားတွေအတွက် အန္တရာယ်ဖြစ်မှာ စိတ်ပူနေတာ။ အခုတော့ ရဲတွေ မရှိတော့ဘူး။ တခြားတဖက်ကို ထွက်သွားတာ တွေ့တယ်။ ဒီမှာ ဘာမှမဖြစ်နိုင်ပါဘူး။ အခု ကျောင်းသား တွေက လမ်းရဲ့မြောက်ဘက်ကို သွားနေတာ။ ရဲတွေက လမ်းရဲ့တောင်ဘက်ကို ထွက်သွားတာတွေ့တယ်။ အန်တီတို့ရွာမှာ မှည့်တပေါက် မစွန်းစေရဘူး။ အန်တီတို့ ရွာနားမှာဖြစ်တဲ့ ကိစ္စ၊ အန်တီတို့ အကုန် တာဝန်ယူတယ်။ အန်တီတို့ အသက်နဲ့လည်းပြီး ကာကွယ်ပေးသွားမယ်။ အန်တီတို့က ပညာရေးကို လွတ်လွတ်လပ်လပ် သင်ချင်တယ်။ ဘယ်လို ချုပ်ချယ်မှုမျိုးမှ မလိုချင်ဘူး။ အဲဒီလောက်ပဲ အန်တီ ပြောနိုင်တယ်။ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေကြောင့် ပညာရေး ပိုကောင်းလာမယ်လို့ ထင်တယ်။ အန်တီတို့ ရပ်ရွာအနေနဲ့လည်း အဲဒီလို အမြင်အယူအဆတွေ အများကြီး ရှိတယ်”
မဆုရတနာမြင့်
(အင်္ဂလိပ်စာအထူးပြု နောက်ဆုံးနှစ်ကျောင်းသူ၊ ဒဂုံတက္ကသိုလ်)
“အဓိကကတော့ ပွင့်လင်းမြင်သာမှုရှိပြီး မျှတတဲ့ ဆွေးနွေးပွဲတရပ် ဖြစ်စေချင်တယ်။ ကျောင်းသားတွေဘက်က လိုချင်တာကို တိတိကျကျ တောင်းဆိုထားတယ်။ အစိုးရဘက်ကလည်း ကတိတည်စွာနဲ့ မှန်မှန်ကန်ကန် လုပ်ပေးနိုင်မယ့် ဆွေးနွေးပွဲမျိုးပေါ့။ အဲဒီဆွေးနွေးပွဲကနေ ရလဒ်ကောင်းတွေ ထွက်လာပြီးတော့ ကျမတို့ ဖြစ်ချင်တာတွေ ပြည့်ဝသွားဖို့ မျှော်လင့်နေပါတယ်။ အစိုးရဘက်က အကြမ်းဖက်တာတွေကတော့ ဖြစ်ချင်လည်း ဖြစ်လာနိုင်တယ်။ သူတို့က ရန်ကုန်အဝင်မှာ တားဆီးမယ်လို့လည်း သတင်းကြားထားတယ်လေ။ အဲဒီအတွက်တော့ နည်းနည်း စိတ်လှုပ်ရှားမှုရှိတယ်။ ကိုယ်တွေကလည်း ရန်ကုန်အထိ ရောက်အောင်သွားကြမှာဆိုတော့ စိတ်ဓာတ်ပိုင်းအရတော့ ဖြစ်လာသမျှ ရင်ဆိုင်သွားဖို့ ပြင်ဆင်ထားတယ်။ ပြန်လှည့်ဖို့တော့ စဉ်းစားမထားဘူး။ တောင်းဆိုချက်တွေ မရမချင်း၊ ဒီသပိတ်တိုက်ပွဲ မပြီး မချင်း ဆက်ပြီးတိုက်ပွဲဝင်နေမှာပါ”
ကိုအောင်နေပိုင်
(ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်၊ ဗကသများအဖွဲ့၊)
(နည်းပညာတက္ကသိုလ်၊ စတုတ္ထနှစ်၊ မိတ္ထီလာ)
အခုက ဥပဒေတွေ ပြဌာန်းပြီးတော့ အဲဒါတွေကို လက်တွေ့ တကယ် အကောင်အထည် ဖော်ရဲ့လားဆိုတဲ့ကိစ္စ ရှိတယ်။ အဲဒါကြောင့် ကျနော်တို့နိုင်ငံမှာ အုပ်ချုပ်နေတဲ့ သူတွေဟာ တကယ်စိတ်ရင်းစေတနာနဲ့ အလုပ်လုပ်ဖို့ လိုတယ်။ ဥပဒေကို ဥပဒေနဲ့အညီ တကယ် အလုပ်လုပ်ဖို့ လိုတယ်။ အဲဒီလို မလုပ်ခဲ့လို့ ကျနော်တို့ နိုင်ငံမှာ လက်ဖက်ရည်ဆိုင်တွေ၊ လမ်းဘေးတွေမှာ ကျောင်းတက်ဖို့ အသက်ပြည့်တဲ့သူတွေ အများကြီး အလုပ်လုပ်နေကြတာ။ မသင်မနေရ ပညာရေးဆိုပြီး ဥပဒေပြဌာန်းထားပြီးတော့ ဆင်းရဲနွမ်းပါးမှု ပြဿနာကို မဖြေရှင်းနိုင်တော့ ဒီဥပဒေက မသက်ရောက်ဘူး ဖြစ်နေတယ်။
အဓိက ကျနော်တို့ တောင်းဆိုနေတဲ့အပိုင်းကို ကြည့်မယ်ဆိုရင် ကျနော်တို့က ရိုးရိုးသားသား တောင်းဆိုတယ်။ ပညာရေးမှာ လွတ်လပ်နေစေချင်လို့၊ ပညာရေးကို နိုင်ငံတကာ အဆင့်မီချင်လို့။ ကျနော်တို့ နိုင်ငံရဲ့ ပညာရေး အောက်ကျနောက်ကျ ဖြစ်နေတာ ပြည်သူလည်း သိတယ်၊ အစိုးရလည်း သိတယ်။ ကျနော်တို့ ကျောင်းသားတွေက ခံစားနေရ သူတွေဖြစ်တော့ အသိဆုံးပဲ။ ပညာရေးက အစမ်းသပ်ခံ ဖြစ်နေရတာ။ အဲဒါကို မဖြစ်ချင်ဘူး။ မိဘ ပြည်သူတွေကလည်း ဒီပညာရေးစနစ် ကောင်းရင်တော့ ငါ့တို့သားသမီးတွေ၊ မျိုးဆက်တွေဟာ မှန်ကန်တဲ့ ပညာရေးစနစ်နဲ့ သင်ကြားရတယ်ဆိုရင် ကျနော်တို့နိုင်ငံ၊ ကျနော်တို့အတွက်ရော ကောင်းမယ်ဆိုတာ သိထားသင့်တယ်။
မပိုပို
(ကျောင်းသားသပိတ်အဖွဲ့ဝင်)
(သမိုင်းအထူးပြု၊ တတိယနှစ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်)
ဆရာသမဂ္ဂတွေကတော့ ကျမတို့ ကျောင်းသား သမဂ္ဂတွေအတွက် တော်တော်လေး အထောက်အကူ ဖြစ်ခဲ့တယ်။ ဒီအမျိုးသားပညာရေး ဥပဒေ ပြင်တဲ့ဟာမှာလည်း တထောင့်တနေရာကနေ တာဝန်ယူ ဖြေရှင်းပေးခဲ့တယ်။ ကျမတို့မှာ ဆရာတိုင်း၊ ဆရာတိုင်းကို ဒီလိုပုံစံမျိုး ဖြစ်စေချင်တယ်။ လက်ရှိမှာ ဆရာ ၁၀ ရာခိုင်နှုန်းမှာ ၁ ရာခိုင်နှုန်း လောက်ပဲ ဆရာသမဂ္ဂထဲမှာ ပါကြတယ်။ ကျန်တာက အစိုးရဘက်မှာ ရပ်တည်နေကြတာ။
ကျမတို့ဘက်ကတော့ မရမချင်းသွားမှာပဲ။သူတို့ ဘယ်လိုပဲ တားဆီးနေပါစေ။ ကျမတို့က တော့ အဆုံးစွန်အထိ မျှော်မှန်းထားတယ်။ နောက်မှာ တောင်သာမြို့မှာ တွေ့ခဲ့တာထက် ဆိုးကောင်းဆိုးနိုင်ပါတယ်။ ကျမတို့ ဦးဆောင် ကော်မတီကချတဲ့ လမ်းကြောင်းအနောက်ကို လိုက်ပါမှာပါ။