မြန်မာနိုင်ငံသည် ကမ္ဘာတွင် အဆင်းရဲဆုံးနိုင်ငံ တနိုင်ငံဖြစ်သည်။ ထိုအချက်သည် အမှန်တရား ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လူတန်းစား နှစ်မျိုးရှိပြီး ချမ်းသာသောအလွှာနှင့် ဆင်းရဲသားအလွှာ ဖြစ်သည်။ သို့သော် လူလတ်တန်းစားဆိုသည့် အလွှာမှာ ပီပြင်စွာ မရှိသေးပါ။
ရန်ကုန်မြို့ကဲ့သို့သော အချက်အချာ နေရာမျိုးတွင် ဆင်းရဲနွမ်းပါးသည့်၊ ကမ္ဘာတွင် အောက်တန်းနောက်တန်းကျပြီး မျက်နှာငယ်ရသည့် ဆင်းရဲသားနိုင်ငံတနိုင်ငံ၏ လက္ခဏာများကို နေရာတိုင်းမှာ တွေ့ရသည်။ ထိုအခြေအနေနှင့် ဆန့်ကျင်စွာပင် ဒေါ်လာ သိန်းသန်းချီတန်သည့် နောက်ဆုံးပေါ် ဇိမ်ခံကားများ၊ နန်းတော်နှင့် တူသော အိမ်ကြီးများကိုလည်း ရန်ကုန်မြို့တွင် တွေ့နိုင်သည်။
ချမ်းသာသော လူတန်းစား သူဌေးအများစုသည် ယခင် တပ်မတော်အစိုးရ (စစ်အစိုးရ) ထံမှ စီးပွားရေး အခွင့်အလမ်းများ နည်းမျိုးစုံ ရယူရင်း ကြီးပွားချမ်းသာခဲ့သူများဟု မြန်မာပြည်သားအများက မြင်ကြသည်။ သူတို့ကို ခရိုနီဟု တံဆိပ်တပ်ထားကြသည်။ ထိုခရိုနီသူဌေး အများစုသည် သမ္မာအာဇီဝနည်းဖြင့် ချမ်းသာခဲ့သလော၊ သို့တည်းမဟုတ် မသမာသော နည်းလမ်းများဖြင့် ကြွယ်ဝခဲ့သလော၊ စစ်အစိုးရ ဗိုလ်ချုပ်ကြီးဟောင်းများနှင့် မည်မျှလောက် အလွမ်းသင့်၍ ချမ်းသာခဲ့သနည်း။ ဤကိစ္စများသည် လူတိုင်းပြောနေကြသည့် လျှို့ဝှက်ချက် ဖြစ်သော်လည်း စစ်စစ်ပေါက်ပေါက် ဝေဖန်ဆွေးနွေးစရာ ဖြစ်နေဆဲပင်။ သူတို့အကြောင်း မီဒီယာများက ရေးသမျှကိုလည်း စိတ်ဝင်တစား ဖတ်ရှုလေ့လာနေကြဆဲ ဖြစ်သည်။ သေချာသည်ကတော့ သူတို့သည် ရှေးကုသိုလ်ကံကြောင့် အလိုအလျောက် ချမ်းသာလာသူများတော့ မဟုတ်ဟု ပြည်သူများက နားလည်ထားသည်။
အနောက်နိုင်ငံများတွင် သူဌေးကြီးများအနေဖြင့် ပေးကမ်းစွန့်ကြဲသည့် အလွန်ခေတ်စားသော အလှူဒါနလုပ်ငန်းများ ရှိသည်။ မီလျံနာ၊ ဘီလျံနာ သူဌေးကြီးများက လူမှုရေးလုပ်ငန်း၊ ကယ်ဆယ်ရေးလုပ်ငန်း၊ သုတေသနလုပ်ငန်း၊ လူမှုကူညီစောင့်ရှောက်ရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ မီဒီယာများ အားကောင်းမောင်းသန် လည်ပတ်ရေး စသည့်အလုပ်များတွင် သူတို့၏ အလှူများကို ထည့်ဝင်တတ်ကြသည်။
ဥပမာ သူဌေးကြီး ဘီလ်ဂိတ် (Bill Gates) က ဂိတ်ဖောင်ဒေးရှင်း (Gates Foundation) ကို တည်ထောင်ပြီး ကမ္ဘာတဝန်းတွင် HIV/AIDS ကာကွယ်တားဆီးရေး၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနှင့် ထိုရောဂါများ အမြစ်ပြတ်ရေးအတွက် ဆေးဝါးသုတေသန လုပ်ငန်းများတွင် ဒေါ်လာငွေ သန်းရာပေါင်းများစွာ ပုံအောထည့်ဝင်ပြီး ကူညီနေပုံမျိုး ဖြစ်သည်။
မြန်မာနိုင်ငံကိုလည်း အနောက်ကမ္ဘာမှ မီလျံနာ၊ ဘီလျံနာ သူဌေးကြီးများ (သူတို့ကိုလည်း ခရိုနီဟု ခေါ်လိုက ခေါ်နိုင်သည်) က နှစ်စဉ် လူမှုရေး၊ ကျန်းမာရေး၊ မီဒီယာနှင့် လူမှုဘဝ ဖွံ့ဖြိုးရေးတို့အပြင် တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများ၊ နိုင်ငံရေး အပြောင်းအလဲအတွက် အထောက်အပံ့များ ကူညီနေကြသည်မှာ ဆယ်စုနှစ်နှင့် ချီနေပြီဖြစ်သည်။
အထက်၌ ဆိုခဲ့သည့် မြန်မာသူဌေးကြီးများသည်လည်း မြန်မာပြည်သူလူထုအတွက် မည်သည့်အရာများ ဖြည့်ဆည်း ကူညီနေပါသနည်း။ ကူညီနေသည် ဆိုလျှင်လည်း အမေရိကန်၏ ပိတ်ဆို့အရေးယူမှုမှ လွတ်မြောက်ရေးအတွက် ဟန်ပြဖြစ်နေသေးသလော၊ ရသေ့စိတ်ဖြေ လုပ်ပြနေသလော၊ သို့တည်းမဟုတ် အာဏာရှင်ဟောင်းများ အသေဖြောင့်ရေး ဖောင်ဒေးရှင်းများ ထူထောင်ပေးပြီး နောက်ကွယ်တွင် မိမိအကျိုးစီးပွားအတွက် ကိုယ့်ဘက်ကိုယ်ယက် နေကြသေးသလော စသည်ဖြင့် မေးခွန်းမြောက်များစွာ ရှိနေသေးသည်။
တတိုင်းပြည်လုံးနှင့် ဆိုင်သော သယံဇာတများကို ကိုယ်ကျိုးစီးပွား တခုတည်းအတွက် ထုတ်ယူခဲ့မှုများ၊ ဒေသခံများ၏ လူမှုနှင့် သဘာဝပတ်ဝန်းကျင်ကို စတေးခဲ့သော စီမံကိန်းများ၊ ယနေ့ စတင်ပွင့်လင်းလာသည့် ကာလ၌ပင် အခွန်ရှောင်နေမှုများက ယင်းမေးခွန်းများကို ဆက်လက် ထွက်ပေါ်စေဦးမည် ဖြစ်သည်။
ဆင်းရဲနွမ်းပါးမှုမှ ရုန်းမထွက်နိုင်သေးသော မြန်မာနိုင်ငံ၏ လမ်းမကြီးများပေါ်တွင် အဖိုးတန် နိုင်ငံခြားဖြစ် ကားကြီးများ စီးနေကြသော ခရိုနီသူဌေးကြီးများ၏ လိပ်ပြာမှာ အမှန်တကယ် လုံ၏ မလုံ၏၊ ကိုယ်ချင်းစာတရား၊ ဂရုဏာတရား ရှိ၏ မရှိ၏ ဆိုသည်ကို တိုင်းတာနိုင်သော စက်ရှိပါက ဝယ်ပြီး တိုင်းတာသင့်ကြောင်း တင်ပြရေးသားအပ်ပေသည်။