ဖေဖော်ဝါရီ (၁၄) ရက်နေ့မှာ အနောက်ဥရောပခရစ်ယာန်ကမ္ဘာက သမိုင်းဖြစ်စဉ်တခုကို ဂုဏ်ပြုရင်း ချစ်သူများနေ့ အဖြစ် ခေတ်သစ်ကမ္ဘာတဝှမ်း နှစ်စဉ်ကျင်းပလေ့ရှိတာ အားလုံးသိပါတယ်။ ကျနော်တို့တိုင်းပြည်မှာတော့ ၁၉၉၀ ဆယ်စုနှစ်လယ်လောက်ကစ တဖြည်းဖြည်း ခေတ်စားလာခဲ့ပါတယ်။ ဖေဖော်ဝါရီလတဝိုက်မှာ ချစ်သူများနေ့ စုံတွဲအချစ်သီချင်းတေးစုတွေ ဈေးကွက်ဝင် ထုတ်လာကြတယ်။ စီးပွားလုပ်ငန်းတွေကလည်း ချစ်သူများနေ့ ဆက်စပ် အမှတ်တရလက်ဆောင်ပစ္စည်း စီးပွားလုပ်ငန်းတွေ၊ ဝန်ဆောင်မှုတွေ အထူးနှုန်းနဲ့ ကြော်ငြာ ဈေးကွက်တင်လာကြတယ်။ ဒီလိုနဲ့ လူငယ်တွေကြားမှာ ချစ်သူများနေ့ဓလေ့ဟာ တွင်ကျယ်လာတယ် ဆိုရပါမယ်။
ဒါပေမယ့် တဖက်မှာလည်း သမားရိုးကျလူတချို့က ဒီလို ချစ်သူများနေ့ ယဉ်ကျေးမှု ကျင့်သုံး အနောက်တိုင်း အတု ယူလာကြခြင်းကို မလိုလားကြောင်း အသံတွေ ထွက်တတ်ကြပါတယ်။ ချစ်သူများနေ့ကို မနှစ်မြို့သူများ ထောက်ပြလေ့ရှိတာ အဓိက ၃ ချက် ဖြစ်ကြောင်း သတိထားမိတယ်။ ၁) ကိုယ့်ရိုးရာ ယဉ်ကျေးမှု ဓလေ့ မဟုတ်ဘူး၊ ၂) အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းမွေးနေ့လို၊ ပြည်ထောင်စုနေ့လို ကပ်လျက်မှာ တည်ရှိနေတဲ့ အရေးကြီးတဲ့ တိုင်းပြည်သမိုင်းရက်စွဲတွေကိုသာ ပို အလေးထား ဂုဏ်ပြုရမယ်၊ ၃) လူငယ်စုံတွဲများ အိမ်ထောင်မပြုမီ လိင်ဆက်ဆံခွင့်ကို တရားဝင် အားပေးရာရောက်တယ်။
ဒါပေမယ့် ယဉ်ကျေးမှုဆိုတာ စီးဆင်း ပြောင်းလဲတာ သဘာဝပါ။ ချစ်သူများနေ့ကို ကိုယ့်ရိုးရာမဟုတ်ဆိုတဲ့ ပထမ အချက်ကို စ ဆွေးနွေးရရင် လူသားသမိုင်းတလျှောက်မှာ ကမ္ဘာ့လူ့အဖွဲ့အစည်း အသီးသီးဟာ ယဉ်ကျေးမှု၊ ဓလေ့၊ အယူဝါဒ၊ အနုပညာ၊ လူနေမှု ဘဝ ပုံစံ၊ အစားအသောက်၊ တန်ဖိုးထားမှု စံတွေ အားလုံး အပြန်အလှန် ကူးလူးစပ်ယှက်ကြတာ ထုံးစံပါ။ ဒီသဘောကြောင့်ကို လူသားရဲ့ယဉ်ကျေးမှု (Civilisation) ဖြစ်စဉ်ကြီးက တိုးတက်ပြောင်းလဲ ခေတ်မီ လူသားတွေ ဖြစ်လာရတာပါ။ ကိုယ့်ဝပ်ကျင်း သေးသေးလေး ထဲက ထွက်ချင်တဲ့ ဆန္ဒနဲ့ အားထုတ်မှုသာ မရှိခဲ့ရင် လူသားတွေ ဂူအောင်းဘဝ ကျောက်ခေတ်က တက်ခဲ့မှာ မဟုတ်ပါ။ လူသားဟာ ပြောင်းလဲလာတဲ့ အခြေအနေ၊ အချိန်အခါ၊ သဘာဝပတ်ဝန်းကျင်နဲ့အညီ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲနိုင်စွမ်းမှုကြောင့် အသက်ရှင်ကျန်ရစ်တာပါ။ ပြောင်းလဲဖို့တွေးတောနိုင်တဲ့ ဦးနှောက်မရှိခဲ့လို့ ကမ္ဘာဦး ဒိုင်နိုဆော်ကြီးတွေ မျိုးတုံးကုန်ခဲ့ရတဲ့အဖြစ်ကို သင်ခန်းစာယူ ဆင်ခြင်နိုင်ရပါမယ်။
နည်းပညာနဲ့ ဆက်သွယ်ရေး လျှင်မြန် မြန်ဆန်လာတဲ့ ခေတ်သစ်မှာ တကမ္ဘာလုံးဟာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ အနုပညာ တိုးတက်ဖြစ်ထွန်းမှုတွေ လက်တွဲ ပူးပေါင်း လုပ်ဆောင်လာရပါတယ်။ ဒီအတွက် ကမ္ဘာက အရာတွေ ကိုယ့်ဆီဝင်လာတာ လက်ခံရပါမယ်။ အမှိုက်သရိုက်တွေဆိုပြီး အကုန် ပိတ်ဆို့ချင်လို့ မရပါ။
မြန်မာ့ယဉ်ကျေးမှု၊ ရိုးရာ၊ ဓလေ့လို့ အခု ကျင့်သုံးနေသမျှ အားလုံးလိုလိုဟာလည်း ဒီလိုပဲ သူများဆီက စု၊ တု၊ ပြု တည်ဆောက် မွေးစားယူခဲ့ရတာပါ။ အိန္ဒိယဆီက ကိုးကွယ်ဆည်းကပ်ရာ ဘာသာတရား၊ စာပေ အက္ခရာ ယဉ်ကျေးမှု အနုသုခုမ၊ ဝတ်စားဆင်ယင်မှုတွေ ယူခဲ့တယ်၊ တရုတ်ဆီကလည်း အလားတူ အစားအသောက်၊ အဝတ်အစား ကူးလူးဆက်ဆံ ယူခဲ့တယ်၊ ထိုင်း ဆီက အနုပညာပစ္စည်းတွေယူခဲ့တယ်၊ အစရှိသလိုပေါ့ ခင်ဗျာ။ အလားတူပဲ ကိုယ့်တိုင်းပြည်က ဒေသတွင်းမှာ ထိပ်တန်း နိုင်ငံအဖြစ် ကြီးကျယ်ခဲ့တဲ့ ပုဂံခေတ်မှာလည်း ကိုယ့်ဆီက အနုသုခုမ၊ ယဉ်ကျေးမှု၊ ဗိသုကာနဲ့ အယူဝါဒထုံးတွေ ဒေသတွင်းကို သက်ရောက် ပျံ့နှံ့စေခဲ့တာပါပဲ။ ကိုယ့်ယဉ်ကျေးမှု၊ ဘာသာစကာ၊ ဓလေ့ထုံးစံတွေကို နိုင်ငံတကာရောက်စေချင်ရင် တိုင်းပြည် လူမှု-စီးပွား-နိုင်ငံရေး ဦးမော့အောင် အရင် လုပ်ဖို့ပဲလိုပါတယ်။
ဆိုတော့ ယဉ်ကျေးမှုစီးဆင်းခြင်းသဘောကို အပြစ် မတင်ကြဘဲ အကောင်း ပြောင်းလဲဖို့ကိုပဲ လုပ်ဆာင်ရမှာပါ။ နောက်ခံ စနစ် အဖွဲ့အစည်း အဆောက်အဦ ကောင်းအောင် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အသိ၊ သတိ၊ အတွေးအခေါ် အမြင် ကျယ်ပြန့်အောင်၊ လူမှု-စီးပွား အဆင့်အတန်းမြင့်အောင် လုပ်ရင်း စွမ်းဆောင် ပြုပြင်ယူရမှာပါ။
ချစ်သူများနေ့ကို သမိုင်းရက်စွဲများနဲ့ ယှဉ် ရန်တိုက်ပေးမှုဟာလည်း အကျိုး/အကြောင်း မညီပါ။ ဆွေးနွေးရရင် ချစ်သူများနေ့ ကို ဗိုလ်ချုပ်မွေးနေ့၊ ပြည်ထောင်စုနေ့တွေနဲ့ ယှဉ်ဆိုစရာကို အကြောင်းမရှိပါ။ သီးခြား မတူညီတဲ့ ဖြစ်စဉ်၊ တန်ဖိုးထားမှုနဲ့ ဆင်နွှဲမှု ပုံစံပါ။ ဒီလို စွပ်စွဲခြင်းက ၁၉၉၀ ခုနှစ်များ နဝတ၊ နအဖ စစ်အစိုးရခေတ် လူထုစုဝေးမှု၊ လှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထားချိန်၊ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးများနဲ့ နေ့စွဲတွေကို နိုင်ငံရေး ပယောဂကြောင့် မှေးမှိန်ပျောက်ကွယ်အောင် စနစ်တကျ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချိန်မှာ နာကြည်းနေတဲ့ ပြည်သူရဲ့ စိတ်ကူးကောက်ချက် အမြင်ကနေစပါတယ်။ စစ်အစိုးရက အာဏာလောဘဇောတိုက်ရင်း ဗိုလ်ချုပ်သမီး လူထုခေါင်းဆောင်ကို မုန်းတယ်၊ ဒါကြောင့် ဖခင်ဗိုလ်ချုပ်မွေးနေ့ကို ပစ်ပယ်စေချင်တော့ လူငယ်တွေကို ကပ်လျက်နေ့မှာ ချစ်သူများနေ့ လုပ်ခွင့်ပေး ပျော်ပါးစေတယ် ဆိုပြီး ယူဆကြတာပါ။
စစ်အစိုးရ အဆက်ဆက် သမိုင်းမှန်တွေကို ဖျက်ခဲ့၊ ဖျောက်ခဲ့တာကတော့ မလွဲဧကန် ထောက်ပြရမယ့် ကိစ္စပါ။ ဒါပေမဲ့ ချစ်သူများနေ့ လူငယ်များကြား ခေတ်စားလာခဲ့တာကတော့ စစ်တပ် ၁၉၈၈ ဒုတိယအကြိမ် အာဏာသိမ်းပြီး စစ်အုပ်စုနဲ့ အပေါင်းအပါ လူတသိုက် အာဏာ စီးပွားလုပ်ကိုင် တည်ဆောက်ခွင့်ရဖို့ တံခါးကို လိုသူကို လိုသလို ‘ဟ’ ဖွင့်ပေးခဲ့တဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့ ဝါဒကြောင့်လို့သာ အဓိက ဆိုနိုင်ပါတယ်။ ၁၉၉၀ ခုနှစ်များမှာ တိုင်းပြည်ဟာ မဆလ အထီးကျန်ခေတ်ထက်စာရင် ကမ္ဘာနဲ့ ပိုထိတွေ့ခွင့်ရသွားခြင်း အကျိုးကြောင့် ကမ္ဘာကဓလေ့၊ ပွဲလမ်းတွေ ကိုယ်ဆီမှာ လူသိ ခေတ်စားလာခြင်း အကြောင်းဖြစ်ခြင်းသာပါ။ ဒီအတွက် ပထမ အချက်မှာ ရှင်းခဲ့သလို အပြစ်တင်စရာမလို၊ လက်ခံပေးရမှာပါ။ သမိုင်းတန်ဖိုး ယှဉ်စရာကို မလိုတဲ့ အတွက် ဘယ်အရာကိုတော့ မလုပ်သင့်ဘူး၊ ဘယ်အရာကတော့ ပို အလေးထားသင့်တယ်ဆိုတဲ့ သဘောလည်း မရှိအပ်ပါ။
သမိုင်းကို မသိအောင်၊ ‘အ’ အောင် စနစ်တကျ ဖျက်ဆီးခံခဲ့ရတဲ့ မျိုးဆက်သစ်ကို သမိုင်းအမြင် သုံးသပ်ချက် ဆင်ခြင်ဉာဏ်ထုတ် အနာဂတ်ကို အကောင်းဆုံး တည်ဆောက်နိုင်စေဖို့ရာ အတွက်တော့ ပညာပေးရေး၊ စာအုပ် စာပေလောက စည်ပင်ရေး၊ စာကြည့်တိုက်များ ကောင်းမွန် ပြည့်စုံ ရှင်သန်ရေး၊ ပညာရပ်ဝန်း လွတ်လပ် စိမ်းလန်း ငြိမ်းချမ်းရေးတွေ ဝိုင်းတိုက်တွန်း ဖော်ဆောင်ရမှာပါ။ အခု ကျောင်းသား လူငယ်များ တောင်းဆိုနေကြတဲ့ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ ပညာရေး လှုပ်ရှားမှုကြီးကို အစကနဦး အဖြစ် အခြေတည်ရင်း နောင်မှာ လူငယ်ရပ်ဝန်း ကာယ၊ စိတ္တ၊ နှလုံးရည်၊ လက်ရုံးရည် ကျန်းမာ သန်စွမ်းအောင် ကြိုးစားရမှာပါ။ ပညာရပ်ဝန်း ရှင်သန်မှ လူငယ်ရပ်ဝန်းလည်း ရှင်သန် စိမ်းလန်းမယ်၊ အတိတ် သမိုင်းမှန်လည်း ရှင်သန် ထင်ကျန်မယ်၊ တိုင်းပြည်အနာဂတ်လည်း ရှင်သန် ကြီးထွား တိုးတက်ပါမယ်။ ဒါက သီးခြား လမ်းကြောင်းတခုအနေနဲ့ ပြန် ကြံဆောင်ရမယ့် သီးသန့် ကိစ္စပါ။
တတိယအချက် အပျိုစင်တရား ထက် လူသားစစ်မှန် ပီသမှုတရားကို တန်ဖိုးထားတတ်စေဖို့ စွမ်းဆောင်ရမှာပါ။ သမီးရည်းစား အိမ်ထောင်မတိုင်မီ လိင်ဆက်ဆံမှု ကိစ္စကို မလိုလားတဲ့ အချက်ဟာလည်း သဘာဝ မကျပါ။ တရားဝင် လိင်ဆက်ဆံခွင့်အတွက် သတ်မှတ်ထားတဲ့ အသက် (ဥပမာ – ၁၆ နှစ်၊ ၁၈ နှစ် စသဖြင့်) ပြည့်မီရင် လူငယ်ချင်း ဘာသာဘာဝ နှစ်ဦးသဘာတူ လိင်ဆက်ဆံလိုတာဟာ လူသားရဲ့ သဘာဝစရိုက်သာဖြစ်လို့ ဒါကိုသွား အဓမ္မ တားလို့ မရသလို၊ အပြစ်တင်ချင်လို့လည်း မဖြစ်ပါ။ မိန်းကလေးများ အနိုင့်အထက် မကျင့်ခံရဖို့၊ နှစ်ဦးသဘောတူ စစ်စစ်မှန်မှန်ဖြစ်စေဖို့ပဲလိုပါတယ်။ ဒီအတွက် အမျိုးသမီးအခွင့်အရေးနဲ့ လိင်အကြမ်းဖက်မှုဆိုင်ရာဆက်စပ် မှန်ကန်တဲ့ ဥပဒေတွေ လူတိုင်းအတွက် ဆူကြုံနိမ့်မြင့် မရွေး တပြေးညီ ကျင့်သုံး ကာကွယ်ပေးရပါမယ်။
လိင်စော်ကားမှုဆိုင်ရာ အသိ၊ အမြင်တွေ၊ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှု ဗဟုသုတတွေ၊ အန္တရာယ်နည်း ပဋိသန္ဓေ တာနည်းတွေ အစရှိသလို မှန်ကန်တဲ့ အသိ၊ ပညာ၊ အမြင်ပေး ပဲ့ပြင်ထိန်းကွပ်မှုတွေကို လူပျိုပေါက်၊ အပျိုပေါက် အရွယ် အလယ်တန်း၊ အထက်တန်း ကျောင်းမှာကတည်းက တော်တည့်မှန်ကန် သင်ကြားပေးဖို့လည်း လိုနေပါတယ်။ အခုအချိန်အထိ လိင်ပညာရေးဟာ ဆယ်ကျော်သက်များကြားမှာ မပြောကောင်းရာ “တိုးတိုးစကား” ဖြစ်နေတဲ့ လူမှုအစွဲတွေကို တိုက်ဖျက်ရပါမယ်။ ဒါမှသာ လိင်ပိုင်းဆိုင်ရာ အဆိုးအကောင်း၊ အကျိုးအကြောင်းကို ခွဲခြား နားလည် ဆင်ခြင်စွမ်းသူ ကျန်းမာသန်စွမ်း ရောဂါဘယကင်းတဲ့ မျိုးဆက်သစ်ကို အနာဂတ်မှာ မြင်နိုင်မှာပါ။
နောက်အဓိက လှုံ့ဆော် ပညာပေးရမှာကတော့ လူမှုအသိုင်းအဝန်း ထုံးတမ်းစဉ်လာတွေက သတ်မှတ်ပုံဖော်လိုက်တဲ့ လူပျိုရည်၊ အပျိုရည် ဂုဏ် ကိစ္စပါပဲ။ ဂုဏ်ယူခြင်းက တကယ်တော့ ပြဿနာ မဟုတ်ပါ။ အမျိုးသမီး အပျိုရည်ပျက်ခြင်းကို ကွက်ပြီး မသန့်ရှင်း မစင်ကြယ် လူတန်းဖိုးမဲ့ သွားသလို ပုံဖော်တတ်တဲ့ လူမှုရေးဓလေ့က ပြဿနာပါ။ အကြောင်းတခုခုကြောင့် အပျိုရည်ဖျက်ခံရသူ မိန်းကလေးငယ်များကို လူရာမဝင်၊ လူတောမတိုး သိမ်ငယ်အောင် ပုံဖော်တဲ့ ခေတ်နောက်ပြန်ဆွဲ ရက်စက်လှတဲ့ ဓလေ့ကို ပျောက်စေရပါမယ်။ ခုခေတ်မှာ ဒါမျိုး ပြင်းထန်တဲ့သဘောထားမျိုး ကျယ်ကျယ်ပြန့်ပြန့် မရှိတော့ဘူး ဆိုကောင်းဆိုနိုင်ပေမဲ့ နောက်ကွယ်မှာ အရိပ်မည်းအနေနဲ့ ထဲထဲဝင်ဝင် တည်ရှိဆဲပါ။ အမျိုးသမီးငယ်များ ဒီအတွက်နဲ့ မသိစိတ်မှာ အငုံ့စိတ် ဝင်နေရဆဲပါ။ အပျိုရည်ပျက်ခြင်းကြောင့် လူသားတန်ဖိုး မကျ၊ လူ့ကျင့်ဝတ်သီလ မယုတ်လျော့ကြောင်း ကို ရပ်ထဲရွာထဲ လူ့အဝန်းအဝိုင်းမှာ ကျယ်ကျယ်လောင်လောင် အော်ဟစ် အသိပေးဖို့ မဖြစ်မနေလိုအပ်နေပါတယ်။
အထူးသဖြင့် အပျိုရည်ပျက်ခြင်း ကို အမျိုးသမီးများအပေါ် အပြစ် လုံးလုံး ပုံချလိုပြီး လိင်ခွဲခြား နှိမ့်ချ ဆက်ဆံလိုတဲ့ ယောက်ျားကြီးဝါဒကိုလည်း ပပျောက်အောင်လုပ်ဖို့ လိုနေပါတယ်။ မိန်းမဆိုရင် ဗိုင်းကောင်း ကျောက်ဖိ ထားချင်ပြီး ကိုယ်ကျတော့ “ယောက်ျားကောင်း မောင်းမ တစ်ထောင်” ဆိုတတ်တဲ့ ဘဝမှာ အပျိုရည်ကို ကိုယ်တိုင် အကြိမ်ပေါင်းများစွာ ဖျက်ခဲ့ဖူးတဲ့ ယောက်ျားကြီးဝါဒီ စံနှုန်းတွေ လူ့အဖွဲ့အစည်းမှာ ပျောက်စေရပါမယ်။
သမားရိုးကျ အိမ်ထောင်မှုထုံး “ကာမပိုင်” ဆိုတဲ့ အယူအဆအစွဲကိုလည်း ချွတ်ရပါမယ်။ အိမ်ထောင်ပြုရုံနဲ့ သူတပါး တဦး တယောက်ရဲ့ ကာမကို ပစ္စည်းတခု ဝယ်သလို ကိုယ်ပိုင် ဖြစ်မသွားပါ။ တရားဝင် လက်ထပ်ပြီး ဆန္ဒမရှိပါက ကာမ ကို မပေးဘဲ ငြင်းဆန်ခွင့် ရှိပါတယ်။ ကာမ ဆက်ဆံခြင်း ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ပေါင်းစည်းမှုက အပေါ်ယံပါ။ စိတ်ပိုင်းဆိုင်ရာ စပ်ယှက်မှုက အဓိကပါ။ ဒါကြောင့် နှစ်ဦးသဘော အလိုတူ မျှတ ချစ်ကြည် သာယာ မှုကနေ စတင် အရင်းတည်ရပါတယ်။ မဟုတ်ရင် လင်မယားဆိုလည်း အဓမ္မပြုကျင့်မှု မြောက်ပါတယ်။ တကယ်တမ်း အိမ်ထောင်မှုပြုခြင်း အမှုမှာ ကာမ ကို ရယူလိုမှုကလည်း အဓိက မကျပါ။ လောကဓံ ကို နှစ်ဦးသား အတူတကွ ရင်ဆိုင် ဖြတ်သန်းပြီး ဘဝတခု တည်ဆောက်လိုခြင်းပါ။
ဒါပေမယ့် ဒီ ကာမပိုင် အယူအဆ ကြီးစိုးနေမှုကြောင့် မဟာဖိုဝါဒီ ယောက်ျားများ အိမ်ထောင်ပြုရာမှာ ပစ္စည်းဝယ်လိုသလိုပဲ အသစ်ပဲလိုချင်တယ် ဆိုတဲ့ အစွဲစိတ်က မသိစိတ်မှာ မတရား ကြီးစိုး ကိန်းအောင်းနေတယ်။ အမျိုးသမီးကို လူသားတယောက်ထက် ရုပ်ဝတ္ထုပစ္စည်းတခုလို၊ လိင်ကျွန်လို နှိမ့်ချ ဆက်ဆံလိုကြတယ်။ ဒီ ကာမပိုင်ဆိုတဲ့ အစွဲကြောင့် တိုင်းပြည်မှာ ဇနီးမယား အမျိုးသမီးများ တရားဝင် ယောက်ျားဖြစ်သူရဲ့ အလိုမတူ မုဒိမ်းကျင့်ခံနေရရှာတယ်။
ဒါကြောင့် အမျိုးသမီးများ မိမိ ခန္ဓာကိုယ် အတွက် ရွေးချယ်ခွင့်ဟာ ကိုယ့်အပေါ်မှာ လုံးလုံး တည်မှီတယ် ဆိုတဲ့ အသိကို မြှင့်ရပါမယ်။ လိင်ဆက်ဆံခြင်း၊ ကလေးမွေးခြင်း၊ ကလေးဖျက်ချခြင်း အားလုံးဟာ သူတပါး လွှမ်းမိုးခံ မပါ မိမိရဲ့ တကိုယ်ရေ ဆန္ဒ သက်သက်နဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ရမယ့် အကြောင်းကို အသိပညာပေးရပါမယ်။ နောက်ဆက်တွဲ အနေနဲ့ နိုင်ငံရေးသမားများကလည်း ဥပဒေပြုလွှတ်တော်မှာ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် အတွက် ဥပဒေရေးရာ အဆိုတင်သွင်းမှုတွေ ပြုပေးရပါမယ်။
ဒီလို ပညာပေးမှု၊ တရားမျှတရှိစေမှု၊ အန္တရာယ်ကင်း လုံခြုံစေမှုတွေ လူ့အဖွဲ့အစည်းမှာ အခြေတည်ရှိစေခြင်းဖြင့်သာ လူငယ်များ၊ အထူးသဖြင့် အမျိုသမီးငယ်များရဲ့ ဘဝကို အကောင်းဆုံး ထိန်းကျောင်းနိုင်ပါမယ်။ အမျိုးသမီးများအပေါ် အိပ်ရာထဲကိစ္စ သက်သက် အဓိကထား မစဉ်းစားဘဲ သီလ၊ ကျင့်ဝတ်၊ စိတ်နှလုံး၊ အတွေးအခေါ်၊ ဦးနှောက်ကို တန်ဖိုးထားခြင်းကသာ လူသားပီသရာကျပါမယ်။ လူသားချင်း တန်ဖိုးထားမှု၊ လေးစားမှု၊ ချစ်မြတ်နိုးမှုကသာ အခရာပါ။ အပျိုစစ်ခြင်း မစစ်ခြင်း ထက် လူသား စစ်ခြင်း မစစ်ခြင်း၊ လူပီသခြင်း ပပီသခြင်းက ပိုအရေးကြီးပါတယ်။
ကျား-မ နှစ်ဖက်စလုံး လူသားပီသမှုတရားနဲ့ လူ့အခွင့်အရေးကို မြတ်နိုးစေခြင်းကသာ လွတ်လပ်၊ သာယာ မျှတတဲ့ လူငယ်အနာဂတ်တွေကို ဖန်တီးနိုင်မှာပါ။ ဆိုတော့ ဒီ တတိယအချက် လိင်ကိစ္စဆက်စပ်ပြီးလည်း ချစ်သူများနေ့ကို အမြင်မကြည်လိုခြင်းဟာ မမှန်ကန်၊ လိုရာပန်းတိုင် မရောက်ကြောင်း သိသာထင်ရှားလှပါတယ်။
ဒါတွေအပြင် တိုင်းပြည်မှာ ချစ်သူများနေ့ ဖြစ်ပေါ်လာပုံ နောက်ခံဇာတ်လမ်းအသားကို ဖော်ထုတ်တင်ဆက်ရမယ့် အနေအထားတခုလည်း မြင်နေရပါတယ်။ ရှေးရောမခေတ်မှာ လူသားအခြေခံ အခွင့်အရေး ချစ်မှုရေးရာကိစ္စ၊ အိမ်ထောင်ပြုမှုကို အာဏာပြ တားမြစ်လိုသူတွေ ရှိခဲ့သလို အခု မျက်မှောက် ကျနော်တို့ဆီမှာလည်း လူ့အခွင့်အရေး ချိုးဖောက်၊ အမျိုးသမီးအခွင့်အရေးကို ဖိနှိပ်ပြီး အိမ်ထောင်မှုအပြုအတွက် ဥပဒေကန့်သတ်ချက် တင်းကျပ်လိုသူတွေ ရှိနေ၊ တရားဝင် ဥပဒေပြုဖို့ ကြိုးစားနေကြပါတယ်။ ဒါကြောင့် မြန်မာတို့ရဲ့ နဂိုရှိရင်းကိုက ခေတ်မီ (၂၁) ရာစုတန်းဝင် ပြီးဖြစ်တဲ့ လွတ်လပ်ပြီး ဘုန်းကြီး၊ ဘုရားကျောင်းတော်လောင်းရိပ်အောက်ကင်းတဲ့ ဘာသာတရား ထုံးစံမပါတဲ့ လက်ထပ်ဓလေ့ကို ကာကွယ်ဖို့ရာ လူငယ်များချစ်ခြင်းကို အသက်စွန့် အသိအမှတ်ပြုပေးခဲ့တဲ့ စိန့်ဗလင်တိုင်းရဲ့ ရပ်တည်မှုတရားကို ထုတ်ဖော် မဖြစ်မနေ ဂုဏ်ပြုရမယ့် အချိန်ကလည်း ဝမ်းနည်းဖွယ် ရောက်လို့နေပါပြီ။
ဒါအပြင့် တဖက်စွန်းရောက် အမျိုးသား/ဘာသာ စိတ်ဓာတ်တွေ ရှေ့တန်းတင်လိုသူ လူတစုကြောင့် ဘာသာ၊ လူမျိုးစုံ အစဉ်အဆက် မှီတင်းနေထိုင်နေတဲ့ တိုင်းပြည်မှာ တမြေတည်းနေ တရေတည်းသောက်သူ နိုင်ငံသားအချင်းချင်း အမုန်းတရားတွေပွား၊ ပဋိပက္ခတွေလည်း များနေပါတယ်။ ဒါတွေလျော့နည်းပပျောက်ဖို့ ချစ်သူများနေ့ရဲ့ ချစ်ခြင်းတရားတွေ ထွန်းကားဖို့လည်း လိုနေပါတယ်။
ပြန်ချုပ်ရရင် ချစ်သူများနေ့ကို မလိုလား ထောက်ပြကြတဲ့ အဓိက အချက်တွေကလည်း အထက်မှာ ဆွေးနွေးခဲ့သလို အကြောင်းမညီညွတ်ပါ။ လက်ရှိမှာ အဓမ္မအမှုတွေ ပျောက်ဖို့လည်း ဗလင်တိုင်းတရား လိုနေပါတယ်။ လူအမျိုးမျိုးကြား ချစ်ခြင်းတရားတွေ ပွားများဖို့လည်း လိုနေပါတယ်။
ဒါကြောင့် ချစ်သူများနေ့ကို ကြိုဆိုကြရင်း “I’m a Buddhist-Myanmar. No Valentine Day!” ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ခံယူချက်တွေနောက်မလိုက်ဘဲ “I’m an human being and citizen of the world!. Welcome Valentine Day! Make Love, No War, No Hate Speech, Bring Love Speech” ဆိုတဲ့ ချစ်ခြင်းတရား အသံတွေ နိုင်ငံအနှံ့ တိုးပွားစေရင်း လူ့အဖွဲ့အစည်း ခေတ်မီ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်း ချမ်းသာရာ ရှာစေလိုကြောင်း ဆွေးနွေးတင်ပြလိုက်ပါတယ် ခင်ဗျာ။
(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်းများတွင် မျက်မှောက်ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် [email protected] သို့ စာရေးနိုင်သည်။)