တလခန့် ကြာမြင့်ခဲ့သော အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက်ပွဲသည် တနိုင်ငံလုံးချီလှုှုပ်ရှားမှု ဖြစ်သော်လည်း တစုံတရာပြဿနာ မပေါ်ဘဲ ငြိမ်းချမ်းစွာ လှုပ်ရှားနေခဲ့သည့်တိုင် အစိုးရက တားမြစ်ရန် ကြိုးစားရာတွင် “နိုင်ငံတော် လုံခြုံရေး” ဆိုသော အမြင်ဖြင့်ကြည့်နေသည်မှာ လုံးဝ ဆီလျော်မှု မရှိပေ။
လောက်ကိုင်တွင် ကိုးကန့်တပ်များနှင့် ဖြစ်ပွားသော တိုက်ပွဲများသည် “နိုင်ငံတော် လုံခြုံရေး” (National Security) ခေါင်းစဉ်အောက်တွင် အကြုံးဝင်သော်လည်း သပိတ်မှောက်ကျောင်းသားများ၏ လှုပ်ရှားမှုသည် ဒီမိုကရေစီဖြစ်စဉ် (Democratizing) တရပ်သာဖြစ်ပြီး လက်သင့်ခံရမည့် အရာဖြစ်သည်။ ကျောင်းသားများ၏ လိုလားမှုကို ညှိနှိုင်းဆွေးနွေးမှုဖြင့် အဖြေရှာရမည့် ကိစ္စသာဖြစ်သည်။
အမျိုးသားပညာရေး ဥပဒေ ပြဌာန်းရန် ကြိုးပမ်းစဉ်ကတည်း အစဉ်တစိုက် ကန့်ကွက်မှု၊ အကြံပေးတိုက်တွန်းမှုများကို နားမထောင်ခဲ့သော အစိုးရသည် ကျောင်းသားများက သပိတ်စစ်ကြောင်း စဖွင့်လိုက်ချိန်မှစ၍ ဆူပူမှု၊ နောက်ကွယ်က ကြိုးကိုင်သူများ၊ နိုင်ငံရေး အဖွဲ့အစည်းများ အားပေးအားမြှောက်ပြုခြင်း၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး စသော မဆီမဆိုင်သည့် စကားများသုံးစွဲကာ ကျောင်းသားသပိတ်ကို ပုံဖော်နေခဲ့သည်။
ဆွေးနွေးညှိနှိုင်းရေးကို လမ်းကြောင်းရမည့်အစား ရန်သူသဖွယ်ပစ်မှတ်ထားနေခဲ့ရာ ကျောင်းသားသပိတ်စစ်ကြောင်း ရန်ကုန်သို့ နီးကပ်လာချိန်တွင် ပိုမိုသိသာ ထင်ရှားလာခဲ့သည်။ ကျောင်းသားများ လိုလားချက် ၁၁ ချက်ကို ဖုတ်ပူမီးတိုက် သဘောတူလိုက်ပြီး ကျောင်းသားသပိတ် ရန်ကုန်သို့ မဝင်ရေးကို အစိုးရက အပြင်းအထန် ပြောဆိုနေခဲ့သည်။
ထို့ထက်ပို၍ ဆိုးရွားသည်မှာ ရန်ကုန်တွင် တန်ပြန်သပိတ်များ ဖန်တီးခြင်း၊ ၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးတွင် အစိုးရ ကိုယ်စားလှယ်ဖြစ်သူ ပညာရေး ဒု ဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးသန့်ရှင်းက ကျောင်းသားသပိတ် ရန်ကုန်သို့ ဝင်လာလျှင် သဘောတူညီချက် ၁၁ ချက် ပျက်ပြယ်မည်ဟု ရာဇသံပေးခြင်း၊ ကျောင်းသားသပိတ် ရန်ကုန်သို့ ဝင်လာရန် ကြိုးပမ်းလာလျှင် အမှန်တကယ် အင်အားသုံးတားဆီးမည့် လက္ခဏာရှိခြင်းတို့က သမ္မတဦးသိန်းစိန် အစိုးရအနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုအပေါ် လွဲမှားစွာ ရှုမြင်နေခြင်းကို ဖော်ပြနေသည်။
လူထုလှုပ်ရှားမှုများ၊ ဆန္ဒထုတ်ဖော်မှုများကို နိုင်ငံတော်လုံခြုံရေး ကိစ္စများနှင့် တတန်းတည်းထားပြီး ရှုမြင်နေခြင်းမှာ ယခင်စစ်အစိုးရ လက်ထက် ဖိနှိပ်မှုလမ်းစဉ်ကို ပြန်လည် ထင်ဟပ်သကဲ့သို့ ရှိနေသည်။ သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် နေရာတိုင်းတွင် လုံခြုံရေးအမြင်ဖြင့် ရှေ့တန်းတင်ပြီး လွဲမှားစွာ ကိုင်တွယ်နေခြင်းအားဖြင့် ဒီမိုကရေစီတည်ဆောက်ရေး လေးဖင့်နေမည်ဖြစ်သည်။ အမျိုးသားရင်ကြားစေ့ရေး အလှမ်းဝေးနေဦးမည်ဖြစ်တော့သည်။