ယနေ့ခေတ်ကာလမှာ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တမျိုးသားလုံး အသားတင်ထုတ်လုပ်မှု၊ လူတဦးချင်းရဲ့ ဝင်ငွေ၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုစတာတွေနဲ့တင် တိုင်းတာလို့ မရတော့ဘူး။ နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှုကိုပါ ထည့်သွင်း စဉ်းစားလာကြရပါပြီ။ နိုင်ငံသားတွေ နှလုံးစိတ်ဝမ်း ချမ်းမြေ့မှု၊ ပျော်ရွှင်မှု၊ ပူပင်ကြောင့်ကြကင်းမှုရှိမှသာ အဲဒီ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်တယ်လို့ သတ်မှတ်ကြတဲ့ခေတ် ရောက်လာပါတယ်။
ပညာရှင်တွေက နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှုကို တမျိုးသားလုံးပျော်ရွှင်မှု အညွှန်းကိန်း (Gross National Happiness-GNH) အဖြစ် သတ်မှတ်တယ်။ အဲဒီ GNH အယူအဆ ကျယ်ပြန့်လာတာ ဟိမဝန္တာတောင် စွယ်မှာရှိနေတဲ့ ဘူတန်ဘုရင့် နိုင်ငံကပါ။ ဘူတန်ရဲ့အမျိုးသားပျော်ရွှင်မှု အညွှန်းကိန်းဆိုတာကို ခေတ်မီပါတယ်၊ တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေက မျက်ခုံးပင့်ကြည့်လာရပါပြီ။ ကုလသမဂ္ဂ ရဲ့ ဖွံ့ဖြိုးမှုအေဂျင်စီတွေကလည်း ဒီအယူအဆကို လက်ခံတိုင်းတာနေကြပါပြီ။ လူတယောက် တလ ဘယ်နှရက် ပျော်ရွှင်သလဲ မေးရင် ဘူတန် နိုင်ငံသားတွေက တလ ၂၆ ရက် ပျော်ရွှင်ကြပါသတဲ့။
ပညာရှင်တွေရဲ့ အဆိုအရ ပျော်ရွှင်မှု အညွှန်းကိန်းကို အဓိကဒေါက်တိုင်ကြီး ၄ ခုနဲ့ ပုံဖော်ကြတယ်။ ဆင်းရဲချမ်းသာကွာဟမှု မကြီးမားအောင် ထိန်းသိမ်းတဲ့မျှခြေ၊ တိုင်းပြည်စီးပွားကုန်သွယ်ရေးက ရလာတဲ့ အကျိုးအမြတ်တွေကို တိုင်းသူပြည်သားတွေ မျှဝေခံစားစေမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်မှုတွေ ဖြစ်တယ်။ ပညာရေး ကျန်းမာရေး၊ အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်း မှု စတာတွေအပြင် ဇီဝမျိုးကွဲများတဲ့ ဂေဟစနစ်၊ လူနေမှု အဆင့်အတန်း၊ လူမှုရေး အထောက်အပံ့ ဘယ်လောက် ကောင်းမွန်သလဲ ဆိုတာတွေနဲ့လည်း အုပ်စုငယ်တွေ ထပ်ခွဲထား ပါသေးတယ်။
အမျိုးသားပျော်ရွှင်မှုအညွှန်းကိန်းရဲ့ လူမှု အထောက်အပံ့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အိမ်နီးချင်းတွေအပေါ် ယုံကြည်မှုဆိုတဲ့ ခေါင်းစဉ်ငယ်လည်း ပါတယ်။ အိမ်တံခါးဖွင့်ပြီး အပြင်သွားရလောက်အောင်အထိ ယုံကြည်ရ ရဲ့လား။ အပြင်သွားရင် ကိုယ့်ရင်သွေးကို စိတ်ချလက်ချ အိမ်နီးချင်းထံ အပ်နိုင်ရဲ့လား ဆိုတာတွေအထိ ပါတယ်။ ကျန်းမာရေး ခေါင်းစဉ်အောက်မှာ နှာစေးချောင်းဆိုးကအစ အသည်းအသန် နာမကျန်းတာ အထိပါတယ်။ ပညာ ရေးမှာလည်း စာတတ်မြောက်မှုသာမကအိမ်နေရင်း ဝတ်စုံ၊ အခမ်းအနားဝတ်စုံတွေအထိ သင်ရိုး ညွှန်းတမ်းမှာ ထည့်သွင်းထားတယ်။ တန်ဖိုးစံနှုန်းတွေနဲ့ ပတ်သက်ပြီး ခိုးတာမကောင်းဘူး၊ လူကြီးမိဘ တွေနဲ့ ဘယ်လို ဆက်ဆံရမယ်ဆိုတာတွေကို သင်ရိုးမှာ ထည့်သွင်းထားတယ်။
မြန်မာတွေလည်း ကိုယ်ရော စိတ်ပါပျော်ကြရဲ့လား။ ဘာမှန်းမသိတဲ့ အကြောက်တရားအောက်မှာ ပြားပြားဝပ် နေခဲ့ရာက လွတ်ကင်းလာကြပြီလား။ ညအိပ်တဲ့အခါ သောကကင်းကင်းနဲ့ ခေါင်းပြားအောင် အိပ်နိုင်ကြပြီလား။ မီးဖိုချောင်က မီးခိုးထွက်ဖို့ နေထွက်ကနေဝင် သောကဗျာပါဒတွေနဲ့ လုံးချာ လိုက်နေတုန်းပဲလား။
တကယ်တော့ မြန်မာတွေရဲ့ စိတ်အခြေခံဟာ ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေလေ့ရှိပြီး ပျော်ရွှင်မှုကို ခုံမင်တဲ့လူမျိုးဖြစ်ပါတယ်။ ဆယ့်နှစ်လရာသီပတ်လုံး ပျော်ပွဲရွှင်ပွဲတွေနဲ့ ပြည့် နှက်နေတဲ့ တိုင်းပြည်လည်း ဖြစ်တယ်။ ဘုရားပွဲ၊ ကျောင်းပွဲသာမက ဆရာဘုန်းကြီး ပျံလွန်တော်မူရင် တောင် ပွဲထည့်ပြီး အပျော်ရှာတဲ့သူတွေ ဖြစ်ကြ တယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ မြန်မာတွေ အရင်လို စိတ်လွတ်ကိုယ်လွတ် ပျော်နိုင်သေးရဲ့ လားလို့ မေးခွန်းထုတ်ရမဲ့ကိန်းဆိုက်လာပါပြီ။
မြို့ရောကျေးလက်မှာပါ ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်မှုတွေများလာတယ်။ မိဘဘိုးဘွားတွေ စွန့်ပစ်မှုတွေ သတင်းဂျာနယ်တွေမှာ ဖတ်လာရတယ်။ စိတ်ဖိစီးမှု တခဏတာဖြေဖျောက်ရာ အရက် ဘီယာ ဆိုင်တွေက မိုးဦးကျ မှိုပွင့်တွေထက်တောင် များနေ သေးတယ်။ ဆန္ဒထုတ်ဖော်ခွင့်ရလာချိန်မှာ ဆန္ဒပြပွဲ တွေက နိုင်ငံအနှံ့ အပြားမှာ ဖြစ်ပေါ်နေတယ်။ အဲဒါ တွေကို ကြည့်ခြင်းအားဖြင့် မြန်မာတွေရဲ့ လက်ရှိ အနေအထားကို ခန့်မှန်းတွက်ချက်နိုင်တယ်။ အခု တော့ ခေတ်မီသူတိုင်း စိတ်ညစ်ကြသည် ဆိုသလိုဖြစ် နေတယ်။
ပျော်ရွှင်မှုတွေကလည်း အရင်ခေတ်တွေကလို အလကားမရတော့ဘူး။ ငွေစ ကြေးစလေးရှိပါမှ ပျော်လို့ပါး လို့ရတဲ့ခေတ် ရောက်မှန်းမသိ ရောက်လာ တယ်။ ငွေ ၅၀ဝ၀ လောက်မရှိဘဲ ရုပ်ရှင်ကြည့်လို့မရဘူး။ အများပြည်သူ စိတ်လက်အပန်းဖြေဖို့ ဆောက်ထားတဲ့ ပန်းခြံတွေ၊ ဥယျာဉ်တွေက ပြည်သူတွေ ချွေးခံ အိတ်ထဲက ပိုက်ဆံကို ဇွတ်နှိုက်ယူနေဆဲ ဖြစ်တယ်။ ကလေးငယ်တွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတယ် ဆိုတဲ့ ဂိမ်းစက်တွေက လောင်းကစား ဆန်လွန်းတယ်။ လောင်းကစားကို အသားပေးထားလို့ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား အညံ့စားစိတ်တွေသာ ကလေးငယ်တွေမှာ ကိန်း အောင်းလာဖို့ ရှိတယ်။
နိုင်ငံရပ်ခြားက ပန်းခြံတွေ၊ ဥယျာဉ်တွေမှာ တော့ စိတ်လက်အပန်းဖြေစေဖို့ တံခါးမရှိ ဓားမရှိ အချိန်ပြည့် ဖွင့်ပေးထားတယ်။ အနံ့အသက်ထွက်တဲ့ စားသောက်ဆိုင်တွေ ပန်းခြံထဲမှာ ဖွင့်ခွင့်ပေးမထားဘူး။ ပန်းခြံ ပတ်လည်မှာလည်း လူနေဆိုင်ခန်း ကန်ထရိုက်တိုက်တန်းတွေဆောက်မထားဘူး။ အေးအေးချမ်းချမ်း အနားယူနိုင်ဖို့ စနစ်တကျတည် ဆောက်ထားတယ်။ ပြည်သူတွေ စိတ်လက်ကျန်းမာ အပန်းဖြေစေနိုင်ဖို့ တာဝန်ရှိသူတွေက ဖော်ဆောင် ပေးဖို့ လိုပါတယ်။
ငွေစ ကြေးစ ကိုင်တွယ်သုံးစွဲနိုင်ရင် ပျော်ပြီလား။ အခွင့်အာဏာက လူတွေကို ပျော်ရွှင်စေသလား။ ပညာတွေ မိုးပျံအောင်တတ်ရင်ရော ပျော် ရ ပြီလား။ တကယ်စင်စစ် ပျော်ရွှင်ချမ်းမြေ့မှုဆိုတာ ကိုယ့်ရဲ့သဘောထားနဲ့သာ သက်ဆိုင်တာ ဖြစ်ပါ တယ်။ လိုချင်တိုင်းရ လုပ်တိုင်းရနေသည့်တိုင် ပျော်ချင်မှ ပျော်တာပါ။ ပျော်ရွှင်မှုအတွက် အရေး တကြီး လိုအပ်ချက်တွေရှိတယ်။ စားဝတ်နေရေး ပြေလည်ပြီး လူတွေအရည်အသွေးရှိရင် သက်တောင့် သက်သာရှိရင်ပျော်မယ်။ သက်သောင့်သက်သာဆိုတာ ကြီးကြီးမားမား လိုအပ်ချက်လည်း မဟုတ်ပါဘူး။ လျှပ်စစ်မီးလေး ပန်ကာလေးလောက် ရှိရင် ရပါပြီ။
မြန်မာတွေ အရင်က အခုလောက် မချမ်းသာ ဘူး၊ ဒါပေမယ့် အခုထက် အပြစ်ကင်းတဲ့ ပျော်ပုံ ပျော်နည်းနဲ့ ပျော်ရွှင်ခဲ့ကြရတယ်။ အရင်က တယောက်နဲ့တယောက် မနာလိုမှုတွေ သိပ်မရှိခဲ့ကြဘူး။ တဖွဲ့နဲ့တဖွဲ့ ဝန်တိုမှုကင်းခဲ့ကြတယ်။ အချင်းချင်း ဖေးမကူညီခဲ့ကြတယ်။ မိတ်ဆွေ အိမ်နီးချင်း ရပ်ဆွေရပ်မျိုး အကုန်လုံးပါပဲ။ အခုတော့ ဒါတွေ အားလုံးမှေးမှိန်လာပြီ။ အချင်းချင်းဆိုတာ မရှိတော့ဘူး။ ကင်းဦးကင်း ကြက်ဦးကြက် ဖြစ်လာ တယ်။ ဗိုလ်ကျလွှမ်းမိုးချင်တဲ့ အတ္တစိတ်က နေရာတကာ မင်းမူလာတယ်။ အတ္တဗဟိုပြု စဉ်းစားတာဖြစ်လို့ လိုချင်တာတော့ ရပါရဲ့၊ ပူပန်သောကရောက်စရာ တွေချည်း ဖြစ်နေတယ်။
ပျော်ရွှင်မှုနဲ့ အပျော်အပါးက တူမလိုနဲ့ ကွဲတယ်။ အရက်ဘီယာသောက်တာ၊ စတိတ်ရှိုးကြည့်တာ၊ အငြိမ့်ပွဲ ဇာတ်ပွဲသွားတာ စတာတွေက အပျော်အပါးဖြစ်ပါတယ်။ ပျော်ရွှင်မှုကတော့ ပိုက်ဆံကုန် ချင်မှကုန်မယ်။ ကိုယ့်စိတ်ထဲမှာ ချမ်းသာနေရင် ပျော်ရွှင်မှုရမှာဖြစ်ပြီး သောကနဲ့ စိတ်ဖိစီးမှု များနေ ရင်တော့ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ လတ်တလော ပြည်သူအများစုမှာ စားဝတ်နေရေးကြောင့် Stress (စိတ်ဖိစီးမှု)များနေတယ်။ ညှိုးငယ်နေတဲ့ သူတို့မျက်နှာတွေ ကြည့်တာနဲ့တင် သိနိုင်တယ်။ စိတ်ဖိစီးမှု လျှော့ချစေနိုင်ဖို့ ပျော်ပွဲရွှင်ပွဲတွေ ဖန်တီး ပေးတာ၊ အားကစားပွဲတွေ ကျင်းပပေးတာ၊ ကြည့်ချင် ပွဲတွေလုပ်ပေးတာ စတာတွေကို အာဏာပိုင်တွေ လုပ်ပေးဖို့ လိုပါတယ်။ ဒါပေမယ့် အဓိက အခြေခံ စားဝတ်နေရေး ပြေလည်အောင် အလုပ်အကိုင် အခွင့် အလမ်းတွေ၊ တန်ဖိုးနည်းအိမ်ရာတွေ ယခုထက် ပိုအားစိုက်ပြီး စီမံပေးနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။
နေ့စဉ်နဲ့အမျှ ကြော်ငြာတွေရဲ့ ဖိအားဒဏ်ကို လည်း မြန်မာလူ့အဖွဲ့အစည်း ခါးစည်းခံနေကြရတယ်။ ခေတ်ကာလအလျောက် စိတ်သဘောထား တွေပြောင်း၊ ခံယူချက်တွေ ပြောင်းရာက လူနေမှုပုံစံ တွေပါ ပြောင်းလာတယ်။ လက်ထဲ ငွေယားကလေးရှိရင် ဟိုဟာဝယ်ရကောင်းနိုး၊ ဒီဟာဝယ်ရကောင်းနိုး ဖြစ်လာတယ်။ မအေက သမီးထက်လှချင်ဆိုတာတွေ တွေ့လာရတယ်။ အစစ်အမှန်ပျော်ရွှင်ဖို့ ဘေးရန် ကင်းကွာပျော်ရွှင်ဖို့ အရင်ထက် ခက်ခဲလာတယ်။ အရင်က ဘေးကင်းရန်ကင်း ပျော်ခဲ့ကြရတယ်။ အခုတော့ သူများ မျက်ရည်ပေါက် ကြီးငယ်ကျမှ ပျော်ရ မယ့် ကိန်းတွေ ဖြစ်လာရတယ်။
မြန်မာလူ့အဖွဲ့အစည်းမှာ လက်တဆုပ်စာ လူတချို့က ရလေလိုလေဖြစ်ပြီး ပိုင်ဆိုင်မှုတွေ တိုးပွားသထက် တိုးပွားအောင် လောဘတကြီးလုပ် နေကြတယ်။ အဲဒီလို ရုပ်ဝတ္ထုနောက် ကောက်ကောက်ပါအောင် လိုက်သူ တွေကြောင့် သူတို့နဲ့ ဆက်စပ်နေတဲ့ တခြားသူတွေဆီပါ ပူလောင်တဲ့ လောဘစိတ်က ကူးစက်လာပြီး အေးချမ်း ပျော်ရွှင်မှုတွေ ပျောက်ဆုံးကြရတယ်။ စားဝတ်နေရေးဆို ပေမယ့် ရလေလိုလေဖြစ်နေရင် ပျော်ရွှင်မှုမရနိုင် ပါဘူး။ ရတာလေးနဲ့ အဆင်ပြေအောင် ရောင့်ရဲ တင်းတိမ် နေနိုင်ပါမှ စစ်မှန်တဲ့ပျော်ရွှင်မှုကို ရမှာပါ။ ကောင်းတဲ့ အလုပ်ကို ကောင်းတဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင် အောင်မြင်မှသာ ပျော်ရွှင်ချမ်းမြေ့မှုကို ရမယ်။ ဒီလို အပျော်မျိုး လိုလားတောင့်တသူတွေ များလာမှ လူ့အဖွဲ့အစည်းမှာ အပျော်ဓာတ် ကိန်း အောင်းမယ်။ အလိုရမက်များတဲ့သူတွေ လျော့နည်း ပြီး စိတ်ကောင်းနှလုံးကောင်းနဲ့ လုပ်ရပ်ကောင်း လုပ်သူတွေ များလာမှသာ မြန်မာလူ့အဖွဲ့အစည်း ပျော်ရွှင်ချမ်းမြေ့မှာဖြစ်ပါတယ်။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်။)