အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေအကြားမှာ သဘောတူညီချက်ရဖို့ ကြိုးပမ်းနေကြတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုနိုင်ရေးဟာ လက်ရှိ အခြေအနေတွေအရ တိုင်းရင်းသား တပ်ဖွဲ့တွေတစု တစည်းတည်း လက်မှတ်ထိုးနိုင်ကြဖို့ အလားအလာက နည်းပါးနေပါပြီ။
အချိန်ကြာလာတာနဲ့ အမျှ ယုံကြည်မှုတည်ဆောက်မှုဟာ တိုးတက်မလာဘဲ NCA ကို လက်မှတ်ထိုးဖို့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြားမှာပဲ ထိုးရေး၊ မထိုးရေး သဘောထား ကွဲလွဲမှုတွေ ထင်ထင်ရှားရှား ပေါ်ပေါက်လာပါတယ်။ ဒီ အတော အတွင်း တချို့လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို တချို့ တပ်ဖွဲ့တွေနဲ့ ကတိကဝတ် စာချုပ်တွေ ချုပ် ဆိုနေတာလည်း တွေ့မြင်ရပါတယ်။
ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန် အစိုးရ နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA -PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တို့က “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်”ဆိုတဲ့ ကတိကဝတ် စာချုပ်ကို ထူးထူးခြားခြား လက်မှတ်ထိုးခဲ့ကြပါတယ်။ အခြား တိုင်းရင်းသား လက်နက် ကိုင် ၁၀ ဖွဲ့ ကျော်ကတော့ အဲဒီလက်မှတ်ကို မထိုးခဲ့ကြပါဘူး။
ကတိကဝတ် စာချုပ်မှာ လက်မှတ်ထိုးခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အခုလ ၂၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တဲ့ RCSS/SSA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ကို ကတိကဝတ် စာချုပ်မှာ လက်မှတ်ထိုးခဲ့ရတဲ့ ကိစ္စ အပါအဝင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရာမှာ RCSS/SSA ရဲ့ ရပ်တည်ချက် သဘောထား အမြင်တွေကို ဧရာဝတီ သတင်းထောက် တွေ ဖြစ်တဲ့ ငြိမ်းငြိမ်းနဲ့ ကျော်ခ တို့က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ပြည်တောင်စုနေ့က နေပြည်တော်မှာ ထိုးခဲ့တဲ့ ကတိကဝတ် စာချုပ်နဲ့ ပတ်သက်ပြီး တချို့က ဒါဟာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးလိုက်ကြတာလားဆိုပြီး ထင်ကြေးပေး ပြောနေကြတာရှိတယ်။ တချို့ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ အပစ် အခတ် ရပ်စဲရေးကို သွားဖို့အတွက် ကတိကဝတ် ဆိုပြီး ပြောတာလည်းရှိတယ်။ ဥက္ကဋ္ဌ ကြီးတို့ကကြတော့ ဘယ်လိုမြင်လဲ။
ဖြေ။ ။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကတော့ ဒီတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့)မှာ လက် မှတ်ရေးထိုးဖို့ဆိုပြီး သူရည်မှန်းထားတာပါ။ ကျနော်တို့အနေနဲ့ကတော့ အားလုံးပါဝင်တဲ့ လက်မှတ်ရေးထိုးပွဲ ဖြစ်မယ်လို့ပဲ မျှော်လင့် တယ်။ ဒါကြောင့်မလို့လည်း ကျနော်တို့ သွားတက်ရောက်တယ်။ အဲဒီမှာကျနော်တို့ လက်မှတ်ရေးထိုးခဲ့တယ်။ ဒါပေမယ့် လက်မှတ် ရေးထိုးတဲ့နေရာမှာ တချို့အဖွဲ့အစည်းတွေက မပါဘူး။ ဒါကြောင့်မလို့ အားလုံးပါဝင်တဲ့ လက်မှတ်ရေးထိုးပွဲမှာတော့ ကျနော်တို့ အဖွဲ့အစည်း အနေနဲ့တော့ လက်မှတ်ရေးထိုး ပြီးသွားပါပြီ။
မေး။ ။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) မဖြစ်လဲ နိုင်ငံရေး ဆွေးနွေးပွဲကို သီးသန့်သွားမယ်ဆိုတဲ့ လမ်းကြောင်းကို RCSS/SSA အနေနဲ့ လက်ခံထားတာပေါ့။
ဖြေ။ ။ ဟုတ်ကဲ့ ကျနော်တို့ အနေနဲ့ အဲဒီအနေအထားကို လက်ခံပါတယ်။ NCA မဖြစ်ပေမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကို သွားနိုင် အောင် ဆိုတဲ့ ဒီလမ်းကြောင်း အပေါ်မှာ ကျနော်တို့ လက်ခံထားပါတယ်။
မေး။ ။ ပြည်ထောင်စုနေ့က လက်မှတ်ထိုးတဲ့ ကတိကဝတ် ပြုချက်ထဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကနေတဆင့် ပဏာမ နိုင်ငံရေး ဆွေးနွေးပွဲကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ကျင်းပနိုင်ရေး ဆိုတာလည်း ပါဝင်ပါတယ်။ လက်ရှိ အနေအထား အရ ကိုးကန့်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ KIA နဲ့ TNLA တို့ဆိုရင်လည်း အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတုန်း ဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ပြုလုပ်နိုင်ပါ့မလား။
ဖြေ။ ။ တဖက်မှာတိုက်ပွဲတွေ ဖြစ်နေသော်ငြားလည်း တဖက်က NCA မဖြစ်သော် ကျနော်တို့က အဲဒီမှာမှ နိုင်ငံရေး ဆွေးနွေးပွဲကို သွားမယ်ဆိုရင် အချိန်တွေ အရမ်းကြီးကို ကြာညောင်းသွားမယ်။ တဖက်တလမ်းမှာလည်း ကျနော်တို့က နိုင်ငံရေး ဆွေးနွေးပွဲကြီး ကို စသွားမယ်။ နိုင်ငံရေး ဆွေးနွေးတဲ့ အချိန်မှာ ရလဒ်တွေ ရလာမယ်။ နိုင်ငံရေး ဖြေရှင်းနိုင်တဲ့ ရလဒ်တွေ ရလာပြီဆိုရင် ပြဿနာ တွေ အားလုံးကို ဖြေရှင်းနိုင်တဲ့သဘော အနေအထားမှာ ရှိပါတယ်။
အခုလက်ရှိ အချိန်မှာဆိုရင်လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကလည်း (NCA လက်မှတ်ထိုးဖို့) Open Book လုပ်ထားတယ်။ ဘယ်သူမဆို လက်မှတ်ရေးထိုးနိုင်တဲ့ အနေအထားရောက်ပြီဆိုရင် လက်မှတ်လာရေးထိုးလို့ ရတယ်။ များသောအားဖြင့် ကျနော်တို့ လက်နက်ကိုင် အဖွဲ့အစည်းတွေ မျှော်လင့်ထားခဲ့တာကလည်း ဒီနိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ ဖြေရှင်းကြဖို့ပဲ။ အခု အချိန်မှာ နိုင်ငံရေး ဆွေးနွေးပွဲ အတွက်ကို တံခါးဖွင့်လှစ်ပေးလိုက်ပြီး ဘယ်သူမှ လာပြီးမဆွေးနွေးကြဘူးဆိုရင်လည်း နောက်ပိုင်းမှာ အပြစ်က ဒီ တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့တွေဆီကို ရောက်သွားနိုင်ပါတယ်။
မေး။ ။ UNFC အဖွဲ့ဝင်တွေကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားနိုင်ဖို့အတွက် သူတို့ဘက်က တောင်းဆိုထားတဲ့ အချက်တွေအပေါ်မှာ ခိုင်မာတဲ့ သဘောတူညီချက်တွေ မရရှိသေးတဲ့ အတွက် အပစ်အခတ်ရပ်စဲရေးလုပ်နိုင်ဖို့ ကြန့်ကြာ နေတယ် လို့ဆိုတယ်။ အခု RCSS အနေနဲ့က ပြည်ထောင်စုနေ့က ကတိကဝတ် လက်မှတ်ထိုးလိုက်တယ်ဆိုတော့ ဘယ်လောက်အထိ ယုံကြည်ရပြီလို့ မျှော်လင့်လို့လဲ။
ဖြေ။ ။ ကျနော်တို့အနေနဲ့ UNFC နဲ့ ကွဲလွဲနေတာ အဲဒီအချက်ပေါ့။ ကျနော်တို့ကတော့ အပစ်အခတ်ရပ်စဲ ထားပြီးပြီ။ နိုင်ငံရေး ဆွေးနွေးပွဲ သွားဖို့ အတွက်ဆို ဒီလက်မှတ်ရေးထိုးတဲ့ ဟာကတော့ ကျနော်တို့ အတွက်ကတော့ လက်မှတ် မရေးထိုးလည်း ရတယ်။ ရေး ထိုးလည်း ရတယ်။ ဒါပေမယ့် UNFC နဲ့ ကျနော်တို့နဲ့ ကွဲလွဲနေတဲ့ အချက်က ဘယ်လိုလဲဆိုတော့ သူတို့က အခန်း ကျော်သွားတယ်။ သူတို့က NCA မှာ လုပ်နေတဲ့ ဟာတွေတို့ ဘာတို့ကလည်း နိုင်ငံရေး မူဘောင်တွေ အတင်းကြီးကို ဆွဲထည့် နေတယ်။ အဲဒါ ဒုတိယ အချက် လာရမယ့် ကိစ္စတွေ၊ ဒါကြောင့်မို့လို့ သူတို့အချိန်တွေ ကြန့်ကြာနေရခြင်း ဖြစ်ပါတယ်။
အမှန်ကတော့ ကျနော်တို့ ဘယ်လိုလုပ်ငန်းတွေကို ဆောင်ရွက်သွားမလဲ။ လုပ်ငန်းစဉ်တွေကိုပဲ ကျနော်တို့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒီလက်မှတ်ရေးထိုးတဲ့ အခေါက်က။ နောက်ဒုတိယ အခေါက်လာမှ ထပ်ပြီးတော့မှ နိုင်ငံရေးမူဘောင်တွေ ရေးဆွဲသွားဖို့လိုပါတယ်။
မေး။ ။ လက်ရှိ ဆွေးနွေးပွဲတွေမှာတောင် တပ်ပိုင်းဆိုင်ရာတွေ ဆွေးနွေးရင် အဆင်မပြေတာတွေများတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ကျော်သွားမယ်ဆိုရင် တပ်ပိုင်းဆိုင်ရာ ကိစ္စတွေက တည်ငြိမ်မှုတွေဖြစ်နိုင်ပါ့မလား။
ဖြေ။ ။ ဒီအချက်ပါပဲ။ ကျနော်တို့ အမှန်ဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အဖြေရှာနိုင်မယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ ရလဒ်တွေ ရလာမယ်ဆိုရင် ဒီတပ်နေရာ ချထားရေးဆိုရင် ဆွေးနွေးဖို့တောင် မလိုဘူး။ အဲဒီ အထဲမှာပဲ နိုင်ငံရေးဆွေးနွေးပွဲက ရလာတဲ့ ရလဒ်တွေနဲ့ပဲ ကျနော်တို့ ဖွဲ့စည်းသွားလို့ ရပါတယ်။
အပစ်ရပ်တယ်ဆိုတဲ့နေရာမှာ သွားမတိုက်ကြနဲ့ အပစ်အခတ်ရပ်စဲထားပြီး ကိုယ့်နေရာမှာကိုယ်နေ ဒီလောက်ဆိုရင်လည်း လုံလောက် ပါတယ်။
မေး။ ။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို RCSS အနေနဲ့ လက်မှတ်ထိုးဖို့တောင် မလိုတော့ဘူး ဆိုတဲ့ အဓိပ္ပာယ်မျိုးပြောတယ်။ ဆိုတော့ NCA စာအုပ်မှာက တဖွဲ့တည်း ကျန်ခဲ့လို့ရှိရင်တောင်မှ ဒါဟာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မမြောက်ဘူးလို့ ပြောနေကြတာလည်းရှိတော့ ဒါနဲ့ ပတ်သက်ပြီး RCSS အနေနဲ့ ဘာများပြောချင်လဲ။
ဖြေ။ ။ ကျနော်တို့ ပင်လုံကိုပြန်ကြည့်ပြီး ပင်လုံကိုသင်ခန်းစာယူရမှာပေါ့။ အဲဒီအခြေအနေတုန်းကလည်း အဆင်သင့် ဖြစ်တဲ့ တချို့တိုင်းရင်းသားတွေပဲ လက်မှတ်ရေးထိုးသွားတာပါ။ တချို့အဖွဲ့တွေက နောက်မှပါဝင်လာတယ်ဆိုတဲ့ သင်ခန်းစာ ရှိခဲ့ပါတယ်။ အခု လက်ရှိအခြေအနေမှာလည်း အားလုံး အဆင်သင့်ဖြစ်ပြီးတော့ လက်မှတ်ရေးထိုးကြမယ်ဆိုတဲ့ အခြေအနေက ခက်ခဲတဲ့ အခြေ အနေမျိုးဖြစ်ပါတယ်။ အဖွဲ့ အစည်း တဖွဲ့ တလေကြောင့်မို့လို့ ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေအနေကို မသွားနိုင်ဘူး ဆိုတာ ကလည်း မသင့်တဲ့ အချက်ဖြစ်တယ်။ ဒါကြောင့်မလို့ Open Book ရှိရမယ်။ အဆင်သင့်ဖြစ်တဲ့ အဖွဲ့တွေနဲ့လည်း လုပ်ဆောင်သွားရမယ်။ နောက်တော့ သူတို့ပါဝင်လာနိုင်တဲ့ အနေအထားမှာ ဆက်လက် ပါဝင်သွားနိုင်ဖို့ပဲ ရှိပါတယ်။
မေး။ ။ ဒါဆိုရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်(NCA) ကို တပ်ဖွဲ့ပေါင်းစုံနဲ့ တပြိုင်တည်းသွားနိုင်မယ့် အခြေ အနေမျိုး မဖြစ်တော့ဘူးလို့ ပြောလို့ရတာပေါ့။
ဖြေ။ ။ NCA မှာ တပြိုင်တည်း လက်မှတ်ရေးထိုးဖို့ဆိုတာ ဖြစ်ဖို့က တော်တော်ခက်ပါတယ်။ မဖြစ်နိုင်လောက်အောင်ပါပဲ။
မေး။ ။ အရင်က အစိုးရနဲ့ ပြည်ထောင်စုအဆင့်အထိ ဆွေးနွေးခဲ့ကြတဲ့ အခါ RCSS အနေနဲ့ တောင်းဆိုထားတဲ့ အချက် ၃၁ ချက်ရှိခဲ့တယ်။ အဲဒီအထဲမှာ ဆက်ဆံရေးရုံးတွေဖွင့်လှစ်နိုင်ခဲ့တာ၊ လူထုနဲ့ တွေ့ဆုံနိုင်ခဲ့တာ၊ အခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ နိုင်ခဲ့တာ စတဲ့ သုံးချက်ပဲ အကောင်အထည်ပေါ်တာ ရှိသေးတယ်။ တကယ်အရေးကြီးတဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ၊ နိုင်ငံရေး အရ သဘော တူညီချက်တွေ မရသေးဘူး။ ရဖို့ အတွက်ကလည်း အရင်ဆွေးနွေးပွဲတွေပြန်ကြည့်ရင် ခက်ခဲတဲ့ အနေအထားမှာ တွေ့ရတယ်။ ဒီ အနေအထားမှာ နိုင်ငံရေး ဆွေးနွေးပွဲကို သွားဖို့ ကတိကဝတ် ပြုလတ်မှတ်ထိုးလိုက်တယ်ဆိုတော့ အစိုးရအပေါ်မှာ အပြည့်အဝ ယုံကြည်တယ် ဆိုတဲ့ သဘောလား။
ဖြေ ။ ။ အခုလက်ရှိ အခြေအနေမှာကတော့ အစိုးရကလည်း ကျနော်တို့ကို မယုံဘူး။ ကျနော်တို့လည်း အစိုးရကို အပြည့်အဝ မယုံနိုင်သေးပါဘူး။ အပြန်အလှန် ယုံကြည်မှုဆိုတာ မရှိသေးဘူး။ မယုံကြည်ကြဘူးဆိုပြီး တယောက်တနေရာမှာ နေပြန်ရင်လည်း အလုပ်က မဖြစ်ဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ တွေ့ဆုံကြရမယ်။ ယုံကြည်မှုတွေ တည်ဆောက်ကြရမယ်။ ယုံကြည်မှုတွေတည် ဆောက်ပြီးတော့၊ လုပ်ငန်းကို ဘယ်လိုအတူလက်တွဲပြီးတော့ အကောင်အထည်ဖော် သွားရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
မေး။ ။ နေပြည်တော်ကို ပြည်ထောင်စုနေ့ ခရီးစဉ်သွားတုန်းက ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ခဲ့ တော့ တပ်ရေး၊ တပ်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာများ ဆွေးနွေးဖြစ်ခဲ့လဲ။
ဖြေ။ ။ ကျနော်တို့ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်နဲ့သွားတွေ့တုန်းက အချိန်ကလည်း အင်မတန်နည်းပါတယ်။ ဒါကတော့ ကျနော် တို့ အပြန်အလှန် ခင်မင်ရင်းနှီးမှု ရအောင် နှုတ်ဆက်ကြတဲ့ သဘောလောက်ပါပဲ။ ကျနော်တို့ မိတ်ဆက်တဲ့ အထဲမှာလည်း ပါတယ်။ အကြောင်းအရာရှိရင် ထပ်ပြီး ဆွေးနွေးကြဖို့ ကက ရုံးကို တိုက်ရိုက် အီးမေးလ် နဲ့ ပို့လို့လည်း ရတယ်လို့ သူတို့ ဖွင့်ထားတာရှိပါတယ်။ အဲဒီနေ့က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ကျနေတဲ့ အတွက် သူတို့လည်း အခမ်းအနား သွားဖို့ရှိတယ်။ ဒါကြောင့်မို့လို့ အချိန် သိပ်မရလိုက်ပါဘူး။
မေး။ ။ ဒီလ အစောပိုင်းက KNU၊ UWSA၊ မိုင်းလားတို့နဲ့ လေးဖွဲ့သီးသန့်သွားပြီး တွေ့ဆုံဆွေးနွေးတာ သိရတယ်။ ဒီလေးဖွဲ့ဟာ UNFC လို တပ်ပေါင်းစုမှာ မပါပေမယ့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ အတွက်ကို အသင့်ဖြစ်နေတဲ့ အဖွဲ့တွေလို့ ယူဆလို့ရတယ်။ ဘာအတွက် တွေ့ဆုံဆွေးနွေးတာပါလဲ။
ဖြေ။ ။ ကျနော်တို့ KNU၊ UWSA၊ မိုင်းလားတို့နဲ့ သွားပြီးတွေ့ဆုံတုန်းကလည်း ပြည်ထောင်စုနေ့မှာ အတူတကွ လက်မှတ် ထိုးရေး၊ မထိုးရေးမှာ သွားပြီး ဆွေးနွေးတာပဲ ဖြစ်ပါတယ်။
မေး။ ။ အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ ကာလအတွင်းမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်နိုင်တဲ့ အခွင့်အလမ်းတွေ ရလာတဲ့ အတွက် RCSS အနေနဲ့ ဒေသဖွံ့ဖြိုးရေး အတွက် ဦးတည်ပြီးတော့ လုပ်ထားတဲ့ စီးပွားရေး လုပ်ငန်းမျိုးတွေ ဘယ်လောက်အထိ အကောင်အထည် ဖော်နိုင်ပြီလဲ။
ဖြေ။ ။ အခုအခြေအနေမှာတော့ ကျနော်တို့ ဘာတခုမှ မလုပ်ရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ကာလတွေမှာ ကျနော် တို့ ရှေ့ဆက် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဘယ်လိုသွားနိုင်မယ် ဆိုတာကို အပြန်အလှန် တွေ့ဆုံဆွေးနွေးရင်းနဲ့ အချိန်ကုန်ခဲ့ တာ ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အကယ်၍ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေ မဆွေးနွေးနိုင်ဘူး ဆိုရင်လည်း ဖွံ့ဖြိုးတိုး တက် ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်ဆိုရင်လည်း ဒါလွတ်လပ်မှု သိပ်မရှိဘူး။ ဒါကြောင့်မို့ နိုင်ငံရေးဆွေးနွေးပွဲမှာ အဖြေရှာနိုင် မယ်ဆိုတဲ့ အချက်နဲ့ ကျနော်တို့ ညှိနှိုင်းပြီးတော့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
မေး။ ။ အခုန ဥက္ကဋ္ဌ ပြောတဲ့ အထဲမှာ နိုင်ငံရေးဆွေးနွေးပွဲကို သွားဖို့အတွက် အစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အရင် ပြင်ဖို့လိုတယ်လို့ ပြောသွားတယ်။ အခုက မြန်မာပြည်မှာ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့အတွက် တပ်မတော်ကိုယ်တိုင်က အရမ်း စိုးရိမ်နေတဲ့ အနေအထားမျိုးတွေ့နေရတော့ နိုင်ငံရေးဆွေးနွေးပွဲကို သွားဖို့ဆိုတာက ဖြစ်လာနိုင်မလား။
ဖြေ။ ။ ဒါကတော့ ရှေ့လုပ်ရမယ့် အချက်အလက်တွေ ဖြစ်တာပေါ့။ အခုအချိန်မှာ ကျနော်တို့က မှန်းဆပြီးတော့လည်း မပြောချင် သေးပါဘူး။
မေး။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဟာ တိုင်းရင်းသားတွေအတွက်လည်း အရမ်း အရေးကြီးတယ်လေ။ ဆိုတော့ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး RCSS အနေနဲ့ ဘယ်အပိုင်းကဏ္ဍကနေ လုပ်ဆောင်နေတာရှိလဲ။ ဘယ်လို လုပ်ဖို့ ရည်ရွယ်ချက်တွေ ချမှတ်ထားတာရှိလဲ။
ဖြေ။ ။ ကျနော်တို့အနေနဲ့ ပြင်ဆင်မှုရှိပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲ သွားမယ်ဆိုတဲ့ နေရာမှာ လူထုနဲ့ တွေ့ဆုံရမယ်။ လူထု ဆန္ဒကို ကျနော်တို့ မေးရမယ်။ အဲဒီမှာ ကျနော်တို့ ဘာတွေပြင်ဆင်သင့်တယ်။ ဘာတွေဘယ်လို လုပ်မယ်ဆိုတာကို ထပ်ဆွေးနွေးဖို့ ဒါတွေကလည်း ကျနော်တို့ ပြင်ဆင်ထားတာ ရှိပါတယ်။
မေး။ ။ RCSS ရှေ့ရပ်တည်ချက်ကို ဘယ်လိုပြင်ဆင်ထားလဲ။ နိုင်ငံရေး ပါတီ အဖြစ် ပြောင်းလဲပြီးတော့ မြန်မာပြည်နိုင်ငံရေးမှာ ပူးပေါင်းဆောင်ရွက်မှာလား။ ဒါမှမဟုတ် လူထုအကျိုးပြု လုပ်ငန်းတွေပဲ လုပ်သွားမှာလား။
ဖြေ။ ။ အဲဒါကတော့ ရှေ့လာမယ့် ခရီးစဉ်ပေါ့နော်။ အခုအခြေအနေမှာတော့ အဖြေပေးလို့မရသေးဘူးပေါ့။ ပါတီထောင်မယ်။ ရွေးကောက်ပွဲဝင်မယ်ဆိုတာကတော့ နောက်အခန်းကဏ္ဍတွေဖြစ်ပါတယ်။ အဓိကကတော့ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးပွဲတွေ သွားဖို့လိုပါတယ်။
မေး။ ။ လောက်ကိုင်ဘက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာ တရုတ်နိုင်ငံဘက်က ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်။ တရုတ် ကြေးစား စစ်သားတွေ ပါနေတယ်ဆိုပြီး ပြောဆိုနေကြတာ ရှိတယ်။ ဒီအပေါ်မှာ ဥက္ကဋ္ဌကြီးက ဘယ်လိုမြင်လဲ။
ဖြေ။ ။ ကျနော်တို့ တရုတ်နိုင်ငံကို ကြည့်မယ်ဆိုရင် သူကတော့ ကမ္ဘာပေါ်မှာ မဟာ အာဏာနိုင်ငံကြီး တခုဖြစ်နေပြီ။ ဘာကြောင့် မို့လို့ ဒီလောက်ပြဿနာ သေးသေးလေးကို ဝင်ပြီးတော့ ပတ်သက်မလဲဆိုတာ ကျနော်တို့ အနေနဲ့တော့ မယုံဘူး။ ကြေးစား တပ် သား ဆိုတာကတော့ မပြောတတ်ဘူး။ ဒါကတော့ ရှိရင် ရှိနိုင်ပါတယ်။
မေး။ ။ RCSS ရဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်မှာ အစိုးရအနေနဲ့သာ ပူးပေါင်းဆောင်ရွက်ပေးမယ်ဆိုရင် ၆ နှစ် အတွင်း အမြစ်ပြတ်အောင် တိုက်ဖျက်နိုင်လိမ့်မယ်ဆိုပြီးတော့ ၂၀၁၃ ခုနှစ်က လွယ်တိုင်းလျဲန်း ဌာနချုပ်မှာ တွေ့တုန်းက ဥက္ကဋ္ဌကြီး ကျနော့် ကို ဖြေဖူးပါတယ်။ အဲဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ အခြေအနေ၊ ကိုယ်တိုင် လုပ်ဆောင်နေမှု အခြေအနေတွေကရော တိုးတက်မှုရှိနေပြီလား။
ဖြေ။ ။ ကျနော်တို့ ထပ်ဆွေးနွေးဖို့လိုပါတယ်။ အရင်ကာလတွေက တပ်(အစိုးရစစ်တပ်) တွေက ကျနော်တို့ အပေါ် သိပ်အယုံအကြည် မရှိတာလည်းဖြစ်တယ်။ အခုမှယုံကြည်မှုလေး နည်းနည်းပါးပါး အရောင်သန်းလာတာကို မြင်တာပေါ့။ ဒီကိစ္စတွေ ထပ်လုပ်နိုင် ဖို့က ထပ်ဆွေးနွေးဖို့ လိုပါသေးတယ်။
ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာကတော့ လုပ်နိုင်သလောက်ကတော့ နေ့တိုင်းလိုလို လုပ်ဆောင်နေပါတယ်။ ဘိန်းစွဲနေတဲ့ သူ တွေ ကို ဘိန်းဖျက်ပေးတာတို့၊ မူးယစ်ဆေးဝါး ရောင်းချတဲ့သူတွေကို လိုက်လံ ပိတ်ပင်တားဆီးတာတို့ ဒီကိစ္စတွေကို ကျနော်တို့ ထိန်း ချုပ်နယ်မြေထဲမှာတော့ နေ့တိုင်းလို လုပ်ဆောင်နေကြပါတယ်။
မေး။ ။ မနှစ်တုန်းက ရှမ်းပြည်နယ်ထဲမှာ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နဲ့ RCSS/SSA တပ်ဖွဲ့တွေ အကြားမှာ နယ်မြေအငြင်းပွားမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတယ်။ အဲဒီကိစ္စကို ပြေလည်အောင်ဘယ်လို ဖြေရှင်းမလဲ။
ဖြေ။ ။ အဲဒါက များသောအားဖြင့်တော့ PNLO အပေါ်မှာ မူတည်တာပေါ့နော်။ အရင်က PNLO အပေါ်မှာ တပ်(အစိုးရ စစ်တပ်) က အကြပ်ကိုင်လာတဲ့ အချိန်မှာ သူတို့ နယ်စပ်ဘက်ကို ရောက်လာတယ်။ အဲဒီအချိန်တုန်းကလည်း ကျနော်တို့ RCSS အနေနဲ့လည်း အများကြီး ကူညီထားပါတယ်။ အဲဒီတုန်းကလည်း ကျနော်တို့ ကူညီခဲ့တယ်။ သဘောတူညီချက်တွေ ရှိခဲ့တယ်။
အပစ်အခတ်ရပ်စဲရေးတွေ လုပ်ပြီးတဲ့ နောက်ပိုင်းကြတော့ သူတို့က ကျနော်တို့နဲ့ သဘောတူညီချက် ရထားတဲ့ အတိုင်းလည်း မလုပ် ဘူး။ ကျနော်တို့နဲ့ ညှိနှိုင်းခြင်းလည်း မရှိဘူး။ အဲဒီဒေသထဲမှာ သူတို့တပ်တွေ ထပ်ဆောက်တယ်။ တပ်တွေ ကြီးကြီး မားမား ဆောက်တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ သူတို့ကိုမလုပ်ဆောင်ဖို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ လက်မခံခဲ့ဘူး။ ဒါကြောင့်မို့လို့ အောက်ခြေပိုင်းမှာရှိတဲ့ တပ်မှူးအချင်းချင်း ပြဿနာတွေ စဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ပြဿနာဖြေရှင်းဖို့ အတွက် ကျနော်တို့ ထပ်ဆွေးနွေးပါတယ်။ မိုင်းပွန်ချောင်းရဲ့ အနောက်ဘက်မှာ သူတို့ လှုပ်ရှားတဲ့ နယ်မြေ ရှိတယ်။ ထိပ်တိုက် ရင်ဆိုင်မှုတွေ မဖြစ်အောင် အနောက်ပိုင်းမှာပဲ သွားလှုပ်ရှားပါ။ သို့မဟုတ် အဖွဲ့အစည်းနှစ်ဖွဲ့ တဖွ့ဲတည်း ဖြစ်သွားအောင် ဘယ်လိုလုပ်ပေါင်းစည်းကြမလဲ။ ဒီကိစ္စတွေလည်း ကျနော်တို့ ဆွေးနွေးပါတယ်။ အဲဒီ အချက် နှစ်ချက်ကို ကျနော်တို့ ဆွေးနွေးတင်ပြထားတာ ရှိတာပေါ့။ ။