ရန်ကုန်မြို့အခြေစိုက် ဈေးကွက်သုတေသန အချက်အလက်စစ်တမ်းများ ပြုစုရသော ကုမ္ပဏီတခုတွင် အလုပ်ဝင်လုပ်နေသည့် ကိုဖြိုးသည် သူတို့အုပ်စု ကောက်ယူထားသော စစ်တမ်းတခုအတွက် မြန်မာငွေ သိန်းနှစ်ဆယ်နီးပါး (ဒေါ်လာနှစ်ထောင်)ပေးကာ ဝယ်ယူအသုံးပြုနေသော ပြည်တွင်းပြည်ပ ကုမ္ပဏီကြီးများ အမြောက်အမြားရှိသည်ကို သိလိုက်ရသည့်အခါ အံ့ဩမှင်တက်မိသွားသည်။ ကိုဖြိုးသည် အင်္ဂလိပ်စာ မဟာဘွဲ့ ရထားသူလည်းဖြစ်သည်။ မဟာဘွဲ့ရယူရန်အတွက် စစ်တမ်းများ ကောက်ယူဖူးသည့် သူ့အဖို့တော့ ယင်းကဲ့သို့ အချက်အလက်များကို ငွေသိန်းဂဏန်းပေးကာ ဝယ်ယူအသုံးပြုမည့် စီးပွားရေးလုပ်ငန်းရှင်များ ရှိလိမ့်မည်ဟု ဘယ်တုန်း ကမျှ တွေးမထားခဲ့ပါချေ။
နိုင်ငံတကာတွင်မတော့ သုတေသနဆိုသည်မှာ အချက်အလက်အသစ်၊ ကောက်ချက်အသစ်များ အတွက် တစုံတခုကို အစီအစဉ်တကျ လေ့လာခြင်း ဟု နားလည်ထားကြသည်။ သုတေသနဆိုသည့် စကားရပ်ကို ကြားလိုက်တိုင်း သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း ရေးသားခဲ့သော “ငါပြောချင် သမျှ ငါ့အကြောင်း” စာအုပ်ကို ပြေးသတိရမိသည်။
ယခုချိန်များ ဆရာကြီး သက်ရှိထင်ရှားရှိသေး လျှင် ဆရာကြီးပြောခဲ့တာ အခုထိမှန်နေတုန်းဗျဟု ပြောလိုက်ချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် တက္ကသိုလ် သုတေသနအများစုသည် ရှေ့လူများ လုပ်ခဲ့သော ခေါင်းစဉ်များကို အခြေခံကာ ဆင်တူ ယိုးမှားလုပ်ခြင်းများသာ များနေသောကြောင့် ဖြစ် သည်။ နောက်တချက်ပြောစရာရှိသည်မှာ တက္ကသိုလ် အသီးသီးက လုပ်ခဲ့သော သုတေသနများသည် တက္ကသိုလ်တွင်သာ ဂိတ်ဆုံးသွားလေ့ရှိခြင်း ဖြစ် သည်။
ပြည်ပ အီလက်ထရောနစ် ကုမ္ပဏီကြီးတခုအား ပြည်တွင်းသို့ မည်သို့မည်ပုံ ဈေးကွက်ရှာပါသလဲဟု မေးကြည့်ရာ ပထမဦးစွာ ပြည်တွင်းဈေးကွက်စစ်တမ်း အား အရင်ရယူပြီးနောက် ယင်းစစ်တမ်းအပေါ် အခြေခံကာ မည်သည့်နည်းဗျုဟာ အသုံးပြုမည်ကို ရွေးချယ်ဆုံးဖြတ်ပါသည်ဟု ဈေးကွက်မန်နေဂျာက ဆိုသည်။ စစ်တမ်းများကို ဘယ်လိုရယူပါသလဲ ဆိုတော့ ပြည်တွင်းဈေးကွက် စစ်တမ်းကောက်ယူနေ သည့် ကုမ္ပဏီကြီးများနှင့် ချိတ်ဆက်ကာ မည်သည့် ဒေသအတွက် မည်သို့သော ထုတ်ကုန်အမျိုးအစား နှင့် ပတ်သက်သော ဈေးကွက်စစ်တမ်းအား ရယူလို ပါကြောင်း အလုပ်အပ်ရပြီး ယင်းကုမ္ပဏီမှ အဆိုပါ ဒေသတွင် လူဦးရေ မည်ရွေ့မည်မျှရှိပြီး အီလက်ထ ရောနစ် ဆက်စပ်ပစ္စည်းများ ရောင်းချသည့် ဆိုင် အရေအတွက် မည်မျှရှိသည်၊ အဆိုပါရှိသည့် လူဦးရေ ထဲမှ အီလက်ထရောနစ်ပစ္စည်း သုံးစွဲနေသူ မည်ရွေ့ မည်မျှအား ကောက်ခံပေးမည်၊ ဆိုင်အရေအတွက် မည်ရွေ့မည်မျှထံမှ ကောက်ခံပေးမည်၊ ထိုစစ်တမ်း အတွက် အခကြေးငွေ မည်မျှပေးရမည်ဆိုသည်တို့ကို အသေးစိတ် ပြန်ညှိနှိုင်းကာ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
စစ်တမ်းကောက်သည့် အရေအတွက်များလျှင် ငွေပမာဏ များမည်သာဖြစ်သည်။ ပုံမှန်စစ်တမ်းတခု အတွက် ဒေါ်လာ ၁၅၀ဝ မှ ၂၀ဝ၀ (မြန်မာငွေ ၁၅ သိန်း မှ သိန်း ၂၀) ပေးရပြီး လစဉ်ကောက်ခံနေသည့် စစ်တမ်းများကိုလည်း ဒေါ်လာ ၃၀ဝ မှ ၅၀ဝ (မြန်မာငွေ ၃ သိန်းမှ ၅ သိန်း) ကြားပေးကာ ဝယ်ယူ နေကြသည်။ ထိုမျှမကသေးပါ။ သုံးလ၊ ခြောက်လ၊ တနှစ် တကြိမ်ကောက်သောစစ်တမ်းများ စသည်ဖြင့် အမျိုးအမည် စုံလင်လှသကဲ့သို့ ပြည်တွင်းပြည်ပ ကုမ္ပဏီကြီးများကလည်း ပုံမှန်ဝယ်ယူလျက် ရှိပါ သည်။
သည်နေရာတွင် အထူးအရေးပေး ကြားဖြတ်ပြီး ပြောရလျှင် သုတေသနစစ်တမ်းများ လုပ်ဆောင်နေ သည့် တက္ကသိုလ်ကျောင်းသားများသည်ကော ပြည် တွင်းပြည်ပ ကုမ္ပဏီကြီးများနှင့် ချိတ်ဆက်လုပ်ကိုင်၍ မရနိုင်ဘူးလားဟု မေးစရာရှိလာပါတော့သည်။
ဆက်စပ်၍တင်ပြလိုသော အကြောင်းတခု ရှိသည်။ ယင်းမှာ မဟာတန်းတက်မည့် ကျောင်းသား တယောက်သည် ပထမနှစ်အတွင်း မိမိလုပ်မည့် စာတမ်းအတွက် ခေါင်းစဉ်သုံးခုမှ ငါးခုအတွင်း ရွေး ချယ်ကာ ဆရာများထံ တင်ပြရသည်။ သူရွေးချယ် သော ခေါင်းစဉ်များကိုကြည့်ကာ စစ်တမ်းကောက်ရ မည့်ပုံစံ၊ သီအိုရီ၊ အကိုးအကား စာညွှန်းများ လွယ်လင့်တကူ ရှိရဲ့လားဆိုသည့် အချက်များနှင့် တိုက်ဆိုင်စစ်ဆေးကာ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများက ဆန်းစစ်ပြီး ခေါင်းစဉ်ကို အတည်ပြု ပေးသည်။ ခေါင်းစဉ်အတည်ပြုချက် ရပြီဆိုမှ ယင်း ခေါင်းစဉ်နှင့် ဆက်နွှယ်သော အခြားစာတမ်းများကို ဖတ်ရှုကိုးကားခြင်း၊ စစ်တမ်းများ ကောက်ယူခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ ရရှိလာသောအဖြေများကို ဖော်ပြ ခြင်း၊ ကောက်ချက်ချခြင်းစသော သတ်မှတ်ချက်များ နှင့် ပြည့်စုံအောင်ဆောင်ရွက်နိုင်လျှင် ထိုကျောင်းသား ကျောင်းသူကို ဘွဲ့နှင့်ထိုက်တန်သည်ဟု မှတ်ယူပြီး သက်ဆိုင်ရာတက္ကသိုလ်မှ မဟာဘွဲ့ပေးအပ်ခြင်းဖြစ် သည်။
သို့သော် ယခုမြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်း များတွင် သုတေသနလုပ်ပါ၊ စစ်တမ်းကောက်ပါ ဆိုလျှင် ပြည်တွင်းကျောင်းသား အများစုမှာ မိမိ အတန်းမှ အခန်းဖော်ကျောင်းသားများကို မုန့်ကျွေး ၍ဖြစ်စေ၊ တခြားအခန်းမှ ကျောင်းသားများကို အကူအညီတောင်း၍ဖြစ်စေ စစ်တမ်းကောက်လေ့ ရှိပါသည်။ “မင်းစစ်တမ်း ငါ့ကိုမေး၊ ငါ့စစ်တမ်းကျ မင်းဖြေပေး” ဆိုသည့် စစ်တမ်းကောက်သည့်ပုံစံမှာ တကယ့်လက်တွေ့ဘဝကို ထင်ဟပ်နိုင်သည့် ပြန် အသုံးချနိုင်သည့် စစ်တမ်းများတော့ မဖြစ်ပါ။ အမှန် တကယ် လူထုကြားထဲမဆင်းဘဲ ကောက်ထားသည့် စစ်တမ်းများသည် မည်သည့်နေရာတွင်မှ သုံးစားမရ နိုင်ပါ။ စစ်တမ်းဆိုသည်မှာ အခြေအနေတရပ်ကိုခြုံငုံ မိစေရန် စစ်တမ်းအရ လိုအပ်သော လူအမျိုးမျိုးထံမှ စစ်တမ်းကောက်ယူမှသာ ယင်းစစ်တမ်းမှာ လက်တွေ့ အခြေအနေကို အကြမ်းဖျင်းဖြစ်စေ ထင်ဟပ်မည် ဖြစ်သည်။
စစ်တမ်းတွေကောက်သလို Debate တွေလည်း လုပ်ရမည်။ Debate ဆိုသည့်စကားရပ်မှာ အမှန် တကယ်အားဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအတွက် မစိမ်းလှပါ။ “မြို့ပြတွင်နေထိုင်ရခြင်း သည် ကျေးလက်တွင် နေထိုင်ရခြင်းထက် ပိုမို ကောင်းမွန်ပါသလား”၊ “ကျောင်းတက်နေခိုက် အလုပ် လုပ်ခြင်းသည် ကျောင်းသားများအတွက် ပိုကောင်း သလား၊ မကောင်းဘူးလား” စသည့်ခေါင်းစဉ်များဖြင့် စာမေးပွဲတွင် မေးလေ့ရှိပါသည်။ လက်တွေ့ဘဝများ တွင်လည်း ရှိပါသည်။ ဥပမာအားဖြင့် သင့်မြို့တွင် ကျောက်မီးသွေးစက်ရုံတည်မည် ဆိုပါစို့။ ယင်းစက်ရုံကို တည်ဆောက်ခြင်းအား လက်ခံသည့် အုပ်စုနှင့် လက်မခံသည့်အုပ်စု ဟူ၍ နှစ်မျိုးကွဲမည်ဖြစ်သည်။ အကယ်၍ သင်သည် ကျောက်မီးသွေးစက်ရုံကို လက်ခံသည်ဆိုလျှင် ယင်းစက်ရုံသည် ပတ်ဝန်းကျင် အတွက် ဘေးကင်းသည်ဆိုသည်ကိုပြနိုင်မည့် အချက် အလက်များ၊ စစ်တမ်းများ စုဆောင်းရမည်ဖြစ်သည်။ ထို့အတူ ကျောက်မီးသွေးစက်ရုံမှ အန္တရာယ်ဖြစ်စေ နိုင်သည့် အချက်အလက်များ၊ စစ်တမ်းများကိုလည်း ရှာဖွေရမည်ဖြစ်သည်။ ပြီးမှ အကျိုးနှင့် အပြစ်ကို နှိုင်းယှဉ်ပြသကာ အကောင်းဆုံးနည်းလမ်းကို ရွေး ချယ်ရမည်ဖြစ်သည်။
လက်တွေ့ လူမှုဘဝနယ်ပယ်တွင် Debate ဆိုသည်မှာ အနာဂတ် အစီအစဉ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချရန်အတွက် ငြင်းခုံဆွေးနွေးကြခြင်း ဖြစ်သည်။ Debate ကောင်းကောင်း လုပ်နိုင်ရန် အချက်အလက် ပြည့်စုံသော၊ ဘက်မလိုက်သော စစ်တမ်းများ လိုအပ်ပါသည်။ စီးပွားရေးရှုထောင့်မှ ကြည့်လျှင် ကုန်စည်တခု ဈေးကွက်ထိုးဖောက်ရန် နည်းဗျုဟာများ ချမှတ်ရသည်။ ချမှတ်ရမည့် နည်း ဗျုဟာနှင့်စပ်လျဉ်း၍ ဝိဝါဒကွဲပြားမှုများစွာ ရှိသည်။ မိမိကုန်စည်ကို စတင်ကြော်ငြာရာတွင် ရုပ်သံ၊ ရေဒီယို၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဘေလ်ဘုတ်၊ လက်ကမ်း ကြော်ငြာ၊ ဖေ့စ်ဘွတ်အွန်လိုင်း စသည့် မီဒီယာမျိုးစုံ ရှိသည့်အနက် မည်သည့်မီဒီယာကို အဓိကရွေးချယ် မလဲ၊ မိမိတို့ရည်ရွယ်သည့် စားသုံးသူနှင့် နီးစပ်မှု အရှိဆုံးမှာ မည်သည့်မီဒီယာဖြစ်မည်လဲ။ ကြော်ငြာကို ရိုးရိုးရှင်းရှင်း လုပ်ဆောင်မလား၊ ပညာသားပါပါ လုပ်ဆောင်မည်လား၊ အပိုလက်ဆောင် ထည့်မလား မထည့်ဘူးလား၊ တောနေလူထု၊ မြို့နေလူထု စသည် ဖြင့် သဘောထားကွဲလွဲစရာ မျိုးစုံရှိသည့်အတွက် ခိုင်လုံသော အချက်အလက်ကိုရရန် စစ်တမ်းများကို ငွေကုန်ကြေးကျခံကာ ဝယ်ယူနေခြင်းဖြစ်သည်။
မဟာတန်းတက်နေသော ကျောင်းသားများ စစ်တမ်းများမှတဆင့် ဝင်ငွေရှာနိုင်ပါသည်။ အင်္ဂလိပ်စာ မဟာတန်းကျောင်းသူတဦးက မူလတန်းကလေးငယ် များ၏ အင်္ဂလိပ်စာအခြေအနေအပေါ် စာတမ်းတခု ပြုစုသည်။ နယ်ကလာတက်သော ကျောင်းသူတဦး ဖြစ်ရာ ငွေကြေးအခက်အခဲရှိသည်။ ထိုစဉ် အင်္ဂလိပ်စာ ကျုရှင်ဆရာတဦးနှင့် တွေ့ဆုံခိုက် သူ့အခက်အခဲ အား ပြောပြမိရာ ယင်းပုဂ္ဂိုလ်က ကလေးငယ်များ၏ အင်္ဂလိပ်စာ အခြေအနေအား စစ်တမ်းကောက်နေ စဉ်တွင် သူ့အတွက်ပါ စစ်တမ်းတခုကောက်ပေးပါ၊ ထိုက်သင့်သည့် ထောက်ပံ့ကြေးငွေ ပေးပါမည်ဟု ဆိုသည်။
မေးခွန်းက ဘာမှ ခက်ခက်ခဲခဲ မဟုတ်ပါ။ ကျောင်းနေအရွယ် ကလေးများအား အင်္ဂလိပ်စာ စတင်သင်ပေးရာတွင် မည်သည့်အချက်သည် အခက် အခဲဆုံး ဖြစ်သနည်းဆိုသည့် မေးခွန်းလေးတခု ထည့်သွင်းမေးပေးရခြင်းဖြစ်သည်။ အဆိုပါကျောင်း သူက မူလတန်းအရွယ် ကလေးငယ် ၈၀ အား စစ်တမ်းကောက်ရင်း အဆိုပါကျုရှင်ဆရာသိလိုသော မေးခွန်းကိုပါ ထည့်သွင်းမေးခဲ့ပါသည်။ ယင်းအတွက် သူမအား ငွေ ၂ သိန်း ထောက်ပံ့ပါသည်။ ကျုရှင်ဆရာ လည်းသိလိုသော မေးခွန်းတခု၏အဖြေကို တိတိ ကျကျ သိရသည့်အတွက် ကျေနပ်ပါသည်။
ဖြန့်ကြက်စဉ်းစားကြည့်လျှင် တက္ကသိုလ် ကျောင်းသားများအနေဖြင့် စစ်တမ်းများကောက်ယူ ကာ သုတေသန လုပ်နေသော လုပ်ငန်းများနှင့် ဆက်သွယ်ပြီး မိမိဘွဲ့ယူစာတမ်းအတွက်သာမက ၎င်းတို့သိလိုသော စစ်တမ်းများအတွက်လည်း လုပ် ကိုင်ပေးခြင်းဖြင့် တဖက်တလမ်းက ငွေရှာနိုင်သလို လက်တွေ့ဘဝကို ထင်ဟပ်သည့်စစ်တမ်းများအကြောင်း လည်း အတွေ့အကြုံရနိုင်မည်ဟု ထင်သည်။
တက္ကသိုလ် အာဏာပိုင်များကလည်း ယင်းကဲ့ သို့ ပြင်ပလောကနှင့် ချိတ်ဆက်ကာ ၎င်းတို့သိလို သောအချက်များပေါ် အခြေခံသော စာတမ်းခေါင်း စဉ်များ ရွေးချယ်ပေးခြင်းဖြင့် ကျောင်းသား ကျောင်း သူများ၏ ငွေကြေးအခက်အခဲကို တဖက်တလမ်းက ကူညီရာရောက်သလို ပြင်ပလက်တွေ့ကမ္ဘာတွင် မည်သို့ ဖြစ်ပျက်နေသည်ကို ကျောင်းသားများကို လေ့လာခွင့်ပေးသည်သာမက မိမိတို့လည်း စနစ် တကျ လေ့လာသိရှိနိုင်မည်မဟုတ်လော။ ယင်းသို့ သာဆိုလျှင် တက္ကသိုလ်စာကြည့်တိုက်များတွင်သာ အိပ်ပျော်နေသော သုတေသနစာတမ်းများမှ လက် တွေ့လုပ်ငန်းခွင်အား အမှန်တကယ်ထင်ဟပ်သော စာတမ်းများ၊ လက်တွေ့အသုံးချနိုင်သောစာတမ်းများ လည်း ပေါ်ပေါက်လာမည်ဟု မျှော်လင့်မိပါကြောင်း။
(စာရေးသူသည် သတင်းစာ၊ ဂျာနယ်များတွင် ဆောင်းပါးများ ရေးသားလျက်ရှိပြီး မန္တလေးတက္ကသိုလ်တွင် အင်္ဂလိပ်စာ မဟာတန်း တက်ရောက်နေသူ ဖြစ်သည်။)