မြန်မာပြည်မှာ ရောမသမွှေဆိုပြီး မြန်မာ့ဆိုင်းဝိုင်းနဲ့ ဒီဘက်ခေတ်ဂီတကို Mix လုပ်ပြီး ချပြခဲ့သူ၊ နတ်ဒိုး၊ ဗြောတွေနဲ့ ဂီတကို တခေတ်ဆန်း စေခဲ့တဲ့သူက အဆိုတော် သားစိုးပါ။ အခုလည်း သားစိုးရဲ့ “အာလူး သာကူး နှာဗူး ဂန်ဒူး” ဆိုတဲ့ စိတ်ဝင်စားဖွယ် နာမည်နဲ့ အခွေသစ် ထပ်မံထွက်ရှိလို့ လာပါပြီ။ သင်္ကြန်နား နီးတိုင်း အခွေထွက်ရှိတတ်ပြီး သင်္ကြန် တိုင်းမှာလည်း မဏ္ဍပ်တိုင်း လိုလိုမှာ နေရာယူထားတတ်တဲ့ သီချင်းတွေက သူ့ရဲ့ ရောသမမွှေ သီချင်းတွေပဲ ဖြစ်နေ တတ်တာဟာ သားစိုးရဲ့ ဖန်တီးမှုအနုပညာ စွမ်းရည်ကြောင့် ပါပဲ။ ခိုးကူးတွေကြောင့် ဂီတဖန်တီးမှုကို စိတ်ကုန်ခဲ့ ပေမယ့် ဂီတဖန်တီးမှုပိုးက ကိုယ်တွင်းမှာ ရှိနေလို့ အခွေတွေ ဆက်လုပ်ဦးမှာ ဆိုတဲ့ အဆိုတော် သားစိုးကို ဧရာဝတီသတင်းထောက် ယုမွန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ကိုသားစိုးရဲ့ အာလူး သာကူး နှာဗူး ဂန်ဒူး ဆိုတဲ့ ခေါင်းစဉ်က ဘာကို ရည်ရွယ်တာလဲ။
ဖြေ။ ။ အမှန်တော့ ဒါက ကိုယ့်ဘာသာကိုယ် စဉ်းစားပြီးတော့ ရေးထားတာပါ။ လူလေးယောက်ကို ရေးတယ်လို့လည်း မရည်ရွယ်ပါဘူး။ ဒါပေမယ့် တိုက်ဆိုင်မှုရှိသွားရင်တော့ အဲဒီသူကို ရည်ရွယ်ပါတယ်။
မေး။ ။ အခွေက လုပ်နေတာ ကြာပြီနော်။ လွန်ခဲ့တဲ့ ၄ နှစ် ကတည်းက ဆိုတော့ အခု အချိန်နဲ့ရော Current ဖြစ်ရဲ့လား။
ဖြေ။ ။ အခွေက လုပ်နေတာ ကြာပြီ ဆိုပေမယ့် ကျနော်တို့က သီချင်းစာသားတွေကိုတော့ အကုန် ပြန်ရေးထား တာပါ။ လွန်ခဲ့တဲ့ ၄ နှစ်က ရေးထားတာကို ပြန်ထပ်ဖြည့်ပြီး ဒီဘက်နဲ့ Current ဖြစ်အောင် ရေးထားတာပါ။
မေး။ ။ ကိုသာားစိုးက ဒီလို နတ်ဒိုးတွေ ဗြောတွေကို Mix လုပ်တာတွေကိုပဲ လုပ်သွားတော့မှာလား။ အရင်ကလို မယ်လိုဒီနဲ့ တေးသီချင်းတွေ၊ Rap စာသားတွေနဲ့ သီးချင်းတွေ ပြန်လုပ်ဖို့ရော အစီအစဉ် မရှိတော့ဘူးလား။
ဖြေ။ ။ လုပ်သွားမှာပါ။ ကျနော် နောက်ပိုင်း Rapping တွေလည်း ရွတ်သွားမှာပါ။ ဒီဖက် ရောသမမွှေကိုလည်း ဆက်လုပ်သွားမှာပါ။
မေး။ ။ ဒီ Title သီချင်းကို ကိုဘာဘူနဲ့ အတူတူ ရေးထားတယ်။ ကိုဘာဘူက Rapping စာသားတွေကို ဒဲ့ဆိုမယ် ဆိုပြီး ပထမ ရေးထားတာကို ကိုသားစိုးက မလုပ်ပါနဲ့ ဆိုလို့ ပြောင်းရေးခဲ့တယ် လို့ ဆိုတော့ ကိုဘာဘူက ဖန်တီးမှု ပိုင်းက ပိုသတ္တိရှိတယ် ပြောလို့ရလား။
ဖြေ။ ။ အဓိက ဘာလဲဆိုတော့ သူက မြန်မာပြည်မှာ ပြန်ပြီးလုပ်တဲ့အခါ ကျတော့ သူအနေနဲ့က အနုပညာ လောကနဲ့ နည်းနည်းစိမ်းနေတာ ပေါ့။ ဖြစ်လာမယ့် Effect ကို သူက သိပ်ပြီး ဂရုမစိုက်ဘူး။ သူက သတ္တိလည်း ရှိတယ်။ ရဲလည်း ရဲရင့်တယ် ဆိုတော့လေ။ ဒါပေမယ့် တချို့နေရာမှာ ကိုယ်က အရမ်းကြီး ရဲရင့်သင့်တဲ့ နေရာမှာ ရဲရင့်ပြီး မရဲရင့်သင့်တဲ့ နေရာမှာ သာသာလေးနဲ့ အနောက်လေးက ပိုပြီး ထိတယ်ပေါ့။ ဟာသလေးပါရင် ပိုပြီးတော့ ပျော်တတ်ကြတယ်။ ဆဲတာတောင်မှ အနောက်လေးနဲ့ ဆဲရင် ဘာပဲပြောပြော နားခံရလွယ်တာပေါ့ နော်။ အဲဒီ သဘောနဲ့ ဖြစ်အောင် ကျနော်က ပြောင်းပစ်လိုက်တာပါ။
မေး။ ။ သင်္ကြန်နားနီးရင် ကိုသားစိုး အခွေ အမြဲထွက်တယ်နော်။
ဖြေ။ ။ ဟုတ်ပါတယ်။ သင်္ကြန်နားနီးလို့ ကျနော် ဒီအခွေကို ထွက်တာပါ။
မေး။ ။ ကိုသားစိုးကို သီးချင်းစာသားတွေရော နောက် စကားပြောရင်လည်း အမှန်တွေ တုတ်ထိုးအိုးပေါက် သိပ်ပြောတတ်တယ်လို့ ပြောြ့တယ်။ အမှန်ပြောလွန်းရင်လည်း ရွာပြင် အထုတ် ခံရတတ်တယ် တဲ့။
ဖြေ။ ။ အဲဒီအတွက် သိပ်ပြဿနာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က အစကတည်းက ရွာပြင်မှာ နေလို့လေ။ ရွာထဲ ပြန်လည်း မဝင်ချင်တော့ပါဘူး။ လူတွေနဲ့နေရတာ စိတ်ပျက်နေတာ ကြာပါပြီ။
မေး။ ။ ဘာကြောင့် စိတ်ပျက်ရတာလဲ။
ဖြေ။ ။ အကုန်လုံးပေါ့။ လူတွေက အချိန်တန်ရင် အားလုံးသေကြရမှာကို သိသားနဲ့၊ တမလွန်ကို သွားကြရမှာ သိသားနဲ့ ဇာတ်လမ်းတွေ ရှုပ်ကြတယ်။ ဒီတော့ ကိုယ်ကတော့ ကိုယ့်ဘဝနဲ့ ကိုယ် အေးအေးဆေးဆေးပဲ ဆက်နေ သွားချင်တယ်။ မနေ့ညက ဆိုရင် ကျွန်တော် PK ဆိုတဲ့ အိန္ဒိယကားလေး ကြည့်ဖြစ်တယ်။ အဲဒီကားလေးက အတွေး အခေါ်ပိုင်းက အစ တော်တော်ကောင်းပါတယ်။ မြန်မာပြည်က သူတွေကိုလည်း အဲဒီကားလေး ကြည့်စေချင်ပါတယ်။ တိုက်တွန်းပါတယ်။
မေး။ ။ ဂီတလမ်းကြောင်းပေါ် ရပ်တည်နေရင်းနဲ့ ဘာတွေက စိတ်ကုန်စရာတွေ တွေ့လာရလို့လဲ။
ဖြေ။ ။ စိတ်ကုန်စရာတွေက ကျနော်အရင်က ပြောဖူးသလိုပဲ အဓိက ခိုးကူးခွေတွေ ပေါ့။ ခိုးကူးတာကြောင့် ဂီတလောက ပျက်စီးနေတာကို စိတ်အကုန်ဆုံးပဲ။ ဒါပေမယ့် ဂီတကို လုပ်နေတာ ကိုတော့ ဘယ်လိုမှ စိတ်မကုန် နိုင်ဘူးလေ။ ကိုယ့်သွေးထဲမှာ အဲဒီပိုးက ရှိနေတာကိုး။
တနေ့တနေ့ သီချင်း တပုဒ်မက ကိုယ့်စိတ်ထဲက ထွက်နေတာ ကိုး။ ဒါနဲ့ သီချင်းတွေ စုရင်းစုရင်း ပြန်ပြီး စိတ်လည်လာ ရင်းနဲ့ လုပ်ဖြစ်တာ။ ဘယ်လိုမှ ဂီတလောကကနေ အနားယူဖို့ မဖြစ်နိုင်သေးဘူး။ အနုပညာပိုးက ဘယ်လိုမှ သတ်လို့ မရဘူး။ ဒါကလည်း ဘယ်သူ မဆိုပါ၊ ဂီတမှ မဟုတ်ဘူး စာပေ၊ ရုပ်ရှင်အကုန်ပေါ့။ ဘယ်လိုမှ ပိုးသတ်လို့ မရလို့ ကျနော်တို့ လှုပ်ရှားနေကြတာပေါ့။
မေး။ ။ ကိုသားစိုးက အပြင်စီးပွားရေးလည်း လုပ်နေတာ သိရပါတယ်။ ဒီတော့ ဂီတကို ဝမ်းရေးအတွက် လုပ်တာ မဟုတ်တော့ဘူး ပြောရမလား။
ဖြေ။ ။ အင်းပေါ့။ အပြင် စီးပွားရေး လုပ်နေတာကလည်း ဒီဂီတမှာ ခိုးကူးတွေကြောင့် ဆက်မှ မရပ်တည်နိုင် တော့လည်း ကိုယ်က ဒီ စီးပွားရေးဘက်နဲ့ ရပ်တည်နေရတာ ပေါ့။ အမှန်အတိုင်း ပြောရရင် ဒီ စီးပွားရေးဘက်ကို စိတ်လည်း မဝင်စားပါဘူး။ လုပ်လည်း မလုပ်ချင်ပါဘူး။ ဒါပေမယ့် ဒီ ခိုးကူးကြောင့် လုပ်ရင်းလုပ်ရင်းနဲ့ စီးပွားရေး ဘက်မှာ အဆင်ပြေလာတယ်။ ဒီတော့ ဒီဘက် အခွေဘက်ကို ပြန်လုပ်ဖို့ အဆင်ပြေလာတာကြောင့် ခိုးကူးတွေ ကိုလည်း ကျေးဇူးတင်ပါတယ်။
မေး။ ။ ဝမ်းရေးအတွက်က ဘယ်လို စီးပွားရေး လုပ်နေတာလဲ။
ဖြေ။ ။ အခုက ရွှေပိုးနန်းတော်ဆိုတဲ့ ပိုးထည် ချည်ထည်နဲ့ ဇာဆိုင်ကို ဖွင့်ပါတယ်။ အခု မြန်မာနိုင်ငံမှာ ဆိုင်ခွဲပေါင်း ၇ ဆိုင် ဖွင့်ထားပါတယ်။ ထပ်ပြီးတော့ တိုးချဲ့ဖို့လည်း ရှိပါတယ်။ နောက်ပြီးတော့ မြန်မာ့ရိုးရာ မုန့်လုပ်ငန်းကိုလည်း အစပျိုးပြီးတော့ လုပ်ကိုင်နေပါပြီ။ ဖွင့်တော့မှာပါ။ နောက်ပြီး ABS ဆိုတဲ့ ဆိုင်နာမည်နဲ့ ကလေးအသုံးအဆောင် ပစ္စည်း တွေကို ရောင်းချပေးနေပါတယ်။ အဲဒါက အမေရိကားကနေ တိုက်ရိုက်တင်သွင်းပြီး ရောင်းချပေးနေတာပါ။ နောက်ပိုင်းမှာလည်း ကလေးအသုံးအဆောင် ပစ္စည်းတွေကို ကိုယ်ပိုင် Brand Name နဲ့ ရောင်းချသွားနိုင်အောင် လည်း လုပ်သွားမှာပါ။
မေး။ ။ မြန်မာ့ရိုးရာမုန့်တွေ ရောင်းမယ် ဆိုတာကရော ဘယ်လို မုန့်တွေ ရောင်းချမှာလဲ။ ဘယ်တော့လောက် ရောင်းဖြစ်မှာလဲ။ အဲဒါကရော ဘယ်သူတွေကို ရည်ရွယ်ပြီး အဓိက ရောင်းချမှာလဲ။
ဖြေ။ ။ အဓိကကတော့ မြန်မာနိုင်ငံက မြန်မာလူမျိုးတွေ အတွက်ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာလူမျိုးတွေက အစားအသောက်တွေကို ဒုက္ခတွေ ခံပြီး စားသောက်နေရတာပါ။ ဘာဖြစ်လို့လဲ ဆိုရင် ဥပမာ ငါးခြောက်ဆိုရင်လည်း ဆိုးဆေးတွေ ပါလာပြန်ပြီ၊ ဘာတွေ ဖြစ်ပြန်ပြီ ဆိုပြီးတော့လေ။ ဒါကြောင့် ကျနော်တို့က သေချာသန့်ရှင်းပြီး လေ့လာ စမ်းသပ်ပြီး၊ အခုဆိုရင် နိုင်ငံတော်ရဲ့ အစားအစာ ခွင့်ပြုမိန့််ကို ထိုင်စောင့်နေတာပါ။ အဲဒါကလည်း ဒီနှစ်အတွင်းမှာ စမှာပါ။ စလုပ်ဖြစ်ရင်လည်း ပရိသတ်ကြီးကို အကြောင်းကြားမှာပါ။ အဲဒီအခါမှာလည်း လာပြီး အားပေးကြပါဦးလို့။
မေး။ ။ သီချင်းရေးတဲ့ ကိုသားစိုးရဲ့ သီချင်းစာသားတွေ အတွက် ဘယ်ကနေ ကုန်ကြမ်းရတာများလဲ။
ဖြေ။ ။ အဓိကကတော့ စာအုပ်တွေက ပေါ့။ စာဖတ် နေရတာများတယ်။ စာဖတ်ရင်းနဲ့ အတွေးအမြင်တွေ သိလာ တယ်။ စာဖတ်ခြင်းက ကိုယ့်အတွက် အကျိုးပြုခြင်း ပဲ။ ဥပမာ ဖုန်းတွေ ရှိတယ်၊ အဲဒီဖုန်းတွေမှာ ဆောဖ့်ဝဲလ် မရှိရင် ဘာမှလုပ်လို့ မရဘူး။ Movie လည်း ကြည့်လို့ မရဘူး၊ သီချင်းလည်း နားထောင်လို့မရဘူး။ အဲလိုပုံစံမျိုးပေါ့။ လူတွေမှာလည်း ဆော့ဝဲလ်ဆိုတဲ့ အသိဉာဏ်လေးရှိဖို့ စာဖတ်တယ် ဆိုတဲ့ Downloading ကသာ ရတာပါ။ ရုပ်ရှင်ကြည့်လို့လည်း အသိပညာ မရပါဘူး။ သီချင်းနားထောင်လို့လည်း အသိပညာမရပါဘူး။ အဓိက စာများများ ဖတ်ဖို့ပါ။ စာမှာလည်း မြန်မာစာအုပ်တွေသာ မကဘဲ အင်္ဂလိပ်စာအုပ် တွေကိုပါ ဖတ်ပါ။ ဒါဟာ အသိဉာဏ်ကို Download လုပ်ခြင်း တမျိုးပါ။
မေး။ ။ ကိုယ်တိုင်ရော ဘယ်လိုလို စာပေမျိုးကို ဖတ်တာများလဲ။
ဖြေ။ ။ စာကတော့ အစုံဖတ်တယ်။ အကုန်ဖတ်ရမှာပါ။ အချစ်ဝတ္ထုတွေပဲ ဖတ်နေရင်တော့ ကလေးတွေ တပြွတ်ပြွတ် မွေးတာကလွဲပြီး ဘာမှ မဖြစ်နိုင်ပါဘူး။ စီးပွားရေး တက်ကျမ်းတွေ ချည်းပဲ ဖတ်ပြီး ရူးသလိုလို ကြောင်သလိုလို ဖြစ်ပြီး လောကကြီးနဲ့ ကင်းကွာသွားသူတွေလည်း အများကြီးပါ။ ဒါကြောင့် စာကို မျှတအောင် ဖတ်ပေးရ ပါမယ်။ အလယ်အလတ် လမ်းစဉ်ပေါ့။ သိပ္ပံရော၊ ရသရော၊ သုတရော စုံလင်စွာ ဖတ်ခြင်းဟာ ကိုယ့်ဘဝကို မြှင့်တင် နိုင်ပါတယ်။ ကျနော်တို့ဆိုရင်လည်း ရပ်ကွက်ထဲမှာ နေတဲ့ သာမာန် လူငယ်တယောက် ကနေပြီးတော့ အောင်မြင်တဲ့ အဆိုတော်တယောက်၊ အောင်မြင်တဲ့ စီးပွားရေး သမားတယောက် ဖြစ်အောင် ကျနော့်ကို စာပေနဲ့ အတွေ့အကြုံတွေက သင်ပေးသွားတာ ဖြစ်တဲ့ အတွက်ကြောင့် စာပေကျေးဇူးဟာ အရမ်းကြီးတယ်လို့ ပြောချင်ပါ တယ်။
မေး။ ။ ဒီအခွေက ဆင်ဆာခေတ်က ဆိုရင် တခွေလုံး ဆင်ဆာထိမယ့် သီချင်းတွေ ချည်းပဲလို့ ကိုသားစိုးက ပြောတော့ အခုအချိန်က ဂီတသမားတွေရဲ့ လွတ်လပ်စွာ ဖန်တီးခွင့် ရှိလာပြီပေါ့။ အဲဒီ အပေါ် ကိုသားစိုး အမြင်ကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ ဟုတ်ပါတယ်။ ဂီတဖန်တီးမှုအပိုင်းမှာတော်တော်လေး လွတ်လပ်ခွင့် ရှိလာပြီပေါ့။ အရင်ခေတ်ကဆိုရင် ကျနော် တယောက်တည်းမှ မဟုတ်ပါဘူး။ တခြား အဆိုတော်တွေလည်း မထွက်နိုင်ပါဘူး။ ဒါဟာ ဂီတ အစည်းအရုံးနဲ့ အတူ နိုင်ငံအုပ်ချုပ်တဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ ပြောင်းလဲမှုကြောင့် ပါ။ သူတို့ပြောင်းလဲလာလို့လည်း ဒီအခွေ ထွက်လာနိုင်တယ် လို့ ပြောလို့ရပါတယ်။ ဒီ သမ္မတသာ မပြောင်းလဲရင် ဒီအခွေ မထွက်ပါဘူး။
မေး။ ။ ကိုသားစိုးက အင်္ဂလန်မှာ ကျောင်းတက်ခဲ့တယ်ဆိုတော့ အဲဒီက ပညာရေးစနစ်က ဘယ်လိုရှိလဲ။ ဒီကနဲ့ ယှဉ်ရင် ကိုသားစိုးရဲ့ အမြင်ကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ အင်္ဂလန်က ပညာရေး စနစ်နဲ့ဆိုရင် ဒီနဲ့က တော်တော်လေး ကွာပါတယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ ပညာရေး စနစ်က ဒါသင် ဒါကျက်စနစ် ဖြစ်နေတာ ပေါ့။ ဟိုမှာက သူတို့ကို Text Book ကို ပေးထားပြီးတော့ သူတို့ အမြင်ကိုလည်း မေးတယ်။ ဥပမာ ၂ နဲ့ ၂ ပေါင်းရင် ၄ ဆိုတဲ့ ပုံစံကိုပြတယ်။ အဲဒီမှာ သူတို့က ၂ နဲ့ ၂ ပေါင်းရင်လည်း ၄ ကို ၁ နဲ့ ပေါင်းရင်လည်း ၄ ၊ ၅ ထဲက ၁ နှုတ်ရင်လည်း ၄ ၊ ၁၀ ထဲက ၆ နှုတ်ရင်လည်း ၄ ၊ နည်းမျိုးစုံနဲ့ အဖြေရအောင် ပေးတယ်။ ဒါက ကျနော် သချၤာ ဥပမာလေးနဲ့ ပြောပြတာပါ။ ကျနော်တို့ဆီကတော့ အလွတ်ကျက်တာ များတယ်ပေါ့။ ဒါကြောင့် ကျနော်တို့ တိုင်းပြည်ကို အမြန်ဆုံး တိုးတက်ချင်တယ် ဆိုရင်တော့ ပညာရေးစနစ်ကိုလည်း ပြင်ဖို့တော့ လိုတယ် ပေါ့။
မေး။ ။ အခု ပညာရေးဥပဒေကို ကျောင်းသားတွေ သပိတ်မှောက်ဆန္ဒပြနေကြတဲ့ အပေါ်ကိုရော ကိုသားစိုး ဘယ်လို မြင်လဲ။
ဖြေ။ ။ အဲဒါကိုလည်း ကြည့်ကျက်ပြီးလုပ်စေ ချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၈၈ အရေးခင်းကလည်း ကျောင်းသား သပိတ်က စတာပဲ လေ။ အခုလည်း သပိတ်က စပြန်တယ် ဆိုတော့ နှစ်ဖက်လုံး သူမနာ ကိုယ်မနာတဲ့ Win – Win situation ဆိုတာကိုပဲ လုပ်စေချင်ပါတယ်။ ခေတ်ကလည်း ပြောင်းလဲ နေပြီဆိုတော့လေ။ ကျနော့် အမြင်ကတော့ ဒီလိုပဲ ယူဆပါတယ်။
မေး။ ။ ဂီတနဲ့ ပတ်သက်ပြီး ထောက်ပြပြောပြချင်တာ ရှိရင်လည်း သိချင်ပါတယ်။
ဖြေ။ ။ ဂီတနဲ့ပတ်သတ်ပြီး နောက်ပိုင်း လူငယ်တွေ ကြိုးစားလာကြတယ်၊ တော်ကြတယ်။ ကောင်းပါတယ်။ တော်တော်လည်း ဖန်တီးလာနိုင် ကြတယ်။ ဒါပေမယ့် ဒါလေးကိုပဲ သာယာမနေဘဲ နိုင်ငံတကာနဲ့ ယှဉ်နိုင်အောင် ကြိုးစားစေချင်ပါတယ်။ ကော်ပီလုပ်တာကို ရှောင်ကြဉ်စေချင်ပါတယ်။ နိုင်ငံတကာမှာ အရှက်ရစေမှာ မို့လို့ပါ။
မေး။ ။ ဂီတဆုတွေ ချီးမြှင့်ပေးလာတဲ့ အပေါ်ကိုလည်း ကိုသားစိုးရဲ့ အမြင်ကို သိချင်ပါတယ်။
ဖြေ။ ။ ဒါလည်း ကောင်းပါတယ်။ ကျနော်တို့ တုန်းကဆိုရင် City FM ဆုပေးပွဲ လောက်ပဲ ရှိတာလေ။ အခုဆိုရင် ဒီလို ဆုပေးပွဲတွေက ပညာရှင်တွေ ဆီက ဖြစ်လာတယ် ဆိုတော့ ကောင်းလည်းကောင်းတယ်။ ကျေလည်း ကျေနပ်ပါ တယ်။ ဒါမျိုးပွဲတွေ အများကြီး ဖြစ်ပါစေ၊ ရှိလာပါစေလို့လည်း ကျနော်ဆုတောင်းပါတယ်။
မေး။ ။ အဆိုတော်တွေ ပါဖောမင့်ပိုင်းလည်း ဦးစားပေးလာကြတယ်။ ဒါကိုရော ဘယ်လိုမြင်မိလဲ။
ဖြေ။ ။ ဒါကလည်း ခေတ်ကြောင့်ပါ။ ခေတ်ကို ကျနော်တို့က ဘယ်လိုမှ တားလို့ မရပါဘူး။ ခေတ်ရေစီးကြောင်း တောင်းဆိုလို့သာ ပါဖောမန့်တွေ ဖြစ်လာပါတယ်။ ခေတ်ရေစီးကြောင်း ကြောင့် အဆိုပြိုင်ပွဲတွေ ဖြစ်လာတယ်။ ဒါကြောင့် ခေတ်ကို ကျနော်တို့က ကောင်းမွန်အောင် ထိန်းသိမ်းပဲ့ပြင်လို့ပဲ ရပါတယ်။ ဒါကို အလကား အာပလာပွဲတွေ ဆိုပြီး သွားပြောနေရင် ဒါဟာ လေကုန်တာပဲ အဖတ်တင်ပါမယ်။ ဒါကြောင့် ဖြစ်လာတဲ့ဟာကို ဒါကို ဒီထက် ပိုကောင်း အောင်၊ မျိုးဆက်သစ်ကလေးတွေ ဆက်ပြီး တိုးတက်အောင်လုပ်ဖို့က ကျနော်တို့ ဂီတသမားတွေရဲ့ စေတနာက အရေးကြီးပါတယ်။
မေး။ ။ အခုထွက်တဲ့ ဒီအခွေနဲ့ ပတ်သတ်ပြီး ပရိသတ်ကို တခုခုပြောပြပေးပါဦး။
ဖြေ။ ။ ဒီအခွေက ဖေဖော်ဝါရီ ၁၈ ရက်မှာ ထွက်ပါပြီ။ အဓိကကတော့ ၄ နှစ်လောက် အချိန်ယူပြီး လုပ်ထားတဲ့ ဒီအခွေကို သေချာ နားထောင်စေချင်ပါတယ်။ ဝေဖန်စရာရှိရင်လည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ပေးပါ။ ။