တချိန်က အသက် ၁၇ နှစ်အရွယ်ကတည်းက ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ထောင်ကျခဲ့ရပြီးနောက် နိုင်ငံရေးလှုပ်ရှားမှု လမ်းကြောင်းပေါ်မှာ ဆက်တိုက် လျှောက်လှမ်းခဲ့ရင်း လက်ပံတောင်းအရေးမှာ အစိုးရက အလိုရှိဆုံးဖြစ်နေတဲ့ တရားခံပြေးက ကိုဟန်ဝင်းအောင်ပါပဲ။ အသက် ၃၈ နှစ်အရွယ်ရှိ ကိုဟန်ဝင်းအောင်ဟာ ထောင် ၇ နှစ်ကို ၂ ကြိမ်တိုင်တိုင် ကျခံခဲ့ရပြီး အလုပ်သမားအရေး၊ လယ်သမားအရေးတွေမှာ တက်ြွကစွာပါဝင် ခဲ့သူပါ။ လက်ပံတောင်းဒေသမှာ ဖမ်းဝရမ်း ၅ ကြိမ် ထုတ်ခံထားရသလို ရန်ကုန်မှာလည်း ဖမ်းဝရမ်း ၂ ကြိမ် ထုတ်ခံထားရတာကြောင့် အခုချိန်ထိ တိမ်းရှောင်နေရပါတယ်။ လက်ပံတောင်းအရေးမှာ ဘာကြောင့် လှုပ်ရှားခဲ့ တာ၊ သူ့ကို ဖမ်းဝရမ်းထုတ်တာ၊ ဘယ်အချိန် အဖမ်းခံမလဲ စတဲ့အချက်တွေကို ဧရာဝတီသတင်းထောက် စနေလင်းက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ဧရာဝတီ ။ ။ ကိုဟန်ဝင်းအောင်ကို လက်ရှိ ဖမ်းဝရမ်းထုတ်ထားပြီးတော့ အစိုးရဘက်က ဖမ်းဆီး ရမိဖို့ လုပ်လာတာကို တွေ့ရတယ်။ အဲ့ဒီအပေါ်မှာ ဘာများပြောချင်ပါသလဲ။
ဟန်ဝင်းအောင် ။ ။ ကျနော့်ကို အစိုးရက ဖမ်းဝရမ်းထုတ်ထားတာ ကြာပါပြီ။ လက်ပံတောင်း အရေးနဲ့ ပတ်သက်ပြီး ၂၀၁၂ ခုနှစ် ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့တာကနေစပြီး ဖမ်းဝရမ်း ထုတ်ခံရတာပါ။ အဲ့ဒီနောက်ပိုင်း လှုပ်ရှားမှုတွေကြောင့်လည်း စစ်ကိုင်းတိုင်းဒေသကြီးမှာ ထပ်မံပြီး ဖမ်းဝရမ်းတွေ ထုတ်ခံထားရပါတယ်၊ အခုနောက်ဆုံး ဖမ်းဝရမ်းကတော့ ပိုပြီးတင်းတင်းကြပ်ကြပ် ဆောင်ရွက်လာတာတွေ့ ရပါတယ်။ ဖမ်းဝရမ်း ထုတ်တာဟာ အစိုးရတရပ် အနေနဲ့ သိပ်ကိုလွယ်ကူပါတယ်။ ဒါဟာ အစိုးတရပ်အနေနဲ့ မှန်ကန်တဲ့ ဖြေရှင်း တုံ့ပြန်မှုတော့ မဟုတ်ပါဘူး။ ဖမ်းဝရမ်း ထုတ်ခြင်းအားဖြင့် ကျနော်တို့ရဲ့ အပြုသဘောဆောင်တဲ့ အသံတွေကို ကြားရဖို့ ခက်ခဲ သွားစေပါတယ်။ ဖမ်းဝရမ်းထုတ်ခြင်းဖြင့် လူကိုသာ ဖမ်းမိချင်ဖမ်းမိမယ်၊ ပြဿနာရဲ့အဖြေကို တော့ ရရှိတော့မှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ပါဝင်ခွင့်ကို အသိအမှတ်မပြုရင် လူထုတွင်းဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို နားလည်သိရှိဖို့ ပိုမိုခက်ခဲစေမှာပါ။ ကျနော်တို့ကို ရန်သူလို့ သတ်မှတ်လိုက်ခြင်းဟာ ညှိနှိုင်း အဖြေရှာတဲ့လမ်းစကို ငြင်းပယ်လိုက်သလို ဖြစ်သွား ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေကိုသာ အစိုးရက မွေးထုတ် လိုက်သလို ဖြစ်နေပါတယ်။ ပြဿနာအရပ်ရပ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းချင်တယ်ဆိုရင် ကျနော်တို့ကိုလည်း စကားပြောခွင့် ပေးသင့်ပါတယ်၊
ကိုဟန်ဝင်းအောင်အနေနဲ့ ဒီလိုပဲ ဝရမ်းပြေးအဖြစ် ရှောင်ပုန်းနေဦးမှာလား၊
ကျနော်က မတရားဖိနှိပ်နေတဲ့ အာဏာပိုင်တွေထံမှာ သွားအဖမ်းခံသင့်ပါသလား။ အဖမ်းခံလိုက် ခြင်းဖြင့် အစိုးရရဲ့ မတရားမှုတွေကို လက်ခံခွင့်ပြုလိုက်ရာ ရောက်သွားမှာပေါ့။ လက်ပံတောင်းဒေသက လူထုကို တရားဥပဒေမဲ့ စော်ကားနေတာတွေ ရပ်တန့်စေဖို့အတွက် ကျနော် ဆက်လက်ရပ်တည်နေပါမယ်။ တာဝန်ယူမှုမရှိတဲ့ အစိုးရတရပ်ဟာ နိုင်ငံသားတယောက်ရဲ့ တာဝန်ခံမှုကို မမျှော်လင့်သင့်ပါဘူး။
ကိုဟန်ဝင်းအောင် အဖမ်းခံဖို့ အစီအစဉ်ရှိပါသလား။ ဘယ်အချိန်၊ ဘယ်အခြေအနေရောက်မှ ဒီပြဿနာကို ဖြေရှင်းမှာလဲ။
ကျနော့်ကို အဖမ်းခံစေချင်တယ်ဆိုရင် အစိုးရက ဘာတွေဆောင်ရွက်နေသလဲဆိုတာ ပြန်သုံးသပ်စေ ချင်ပါတယ်။ တကယ်ဆိုရင် လက်ပံတောင်းမှာ မြေသိမ်း၊ လူသတ်လုပ်နေတဲ့ စစ်ခရိုနီ ကုမ္ပဏီတွေကို ခွင့်ပြုထားတဲ့ အစိုးရသည်သာ အစိုးရအဖြစ်ကနေ ရပ်တန့်ပြီး လူထုထံမှာ အဖမ်းခံရမှာပါ၊ ကျနော် မေးပါမယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းဖော်ဆောင်ရေး ကော်မတီဟာ စုံစမ်းစစ် ဆေးရေးကော်မရှင် အစီရင်ခံစာကို လိုက်နာခြင်း မရှိဘဲ ချိုးဖောက်၊ ပျက်ကွက်နေပါတယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ ဒေါ်ခင်စန်းလှိုင်၊ ဦးသာအေးတို့က တရားဝင် ပြောကြားထားပြီးပြီ။ ဒါပေမယ့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို ချိုးဖောက်နေတဲ့ အမှားကျူးလွန်ထားသူ ဘယ်သူ့ကို ဘယ်လိုအရေးယူမယ်၊ ကြေးနီစီမံကိန်းကို ဘယ်လို အရေးယူရန် ဆောင်ရွက်နေပါပြီလို့ အစိုးရက ဘာလို့မပြောပါသလဲ။ တချက်တည်းပဲ ပြောမယ်။ စုံစမ်းရေးကော်မရှင်တင်ပြချက် အစားထိုးမြေဧက ၁၉၀ဝ ကို ယနေ့အချိန်ထိ မဖော်ထုတ်ပေးနိုင်တဲ့ စီမံကိန်းကို ဘာကြောင့် လက်ခံထားသလဲ။ အစိုးရ ကိုယ်တိုင် တရားဥပဒေကို လိုက်နာတဲ့နေ့ကျရင် ကျနော်ကလည်း တရားဥပဒေကို ရင်ဆိုင်ဖို့ မပျက် ကွက်စေရပါဘူး။ လက်ရှိအချိန်ဟာ မတရားဥပဒေ၊ မတရားတဲ့ အစိုးရဖြစ်နေ လို့ ကျနော့်ကို အဖမ်းခံဖို့ တောင်းဆိုတာဟာ တရားမျှတရေးကို ချိုးဖောက်ရာ ရောက်နေပါတယ်၊
ဒီဇင်ဘာမှာ ဒေါ်ခင်ဝင်း သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်။ အဲ့ဒီအပေါ်ဘာများ ပြောချင်ပါ သလဲ။
ပထမတော့ ပွင့်လင်းမြင်သာမှုမရှိတဲ့ မြေလျော် ကြေးပြဿနာကနေ လက်ပံတောင်းအရေး စတင်ကြတာပါ။ အစိုးရအနေနဲ့ လူထုရဲ့နိုးကြားမှု၊ လေ့လာ နိုင်စွမ်းတွေကို လျှော့တွက်ခဲ့လို့ ပြဿနာက ပိုမိုကြီး ထွားခဲ့ပါတယ်။ ပဋိပက္ခမှာ ကြားခံဖြေလျှော့စရာတွေ မရှိခဲ့ပါဘူး။ မီးလောင်ဗုံးတွေနဲ့ လူထုကိုအကြမ်းဖက်တဲ့အထိ မတရားမှုကို အစိုးရက ခွင့်ပြုထားခဲ့ရာကနေ စုံစမ်းရေးကော်မရှင် အစီရင်ခံစာ ပေါ်ပေါက်လာပါတယ်။ အစီရင်ခံစာရဲ့ သိသာထင်ရှားတဲ့ အချက်ကတော့ နိုင်ငံတော်ရဲ့ စီမံကိန်းပေါ်ကနေ အကျိုးခံစား ခွင့် ၅၁ ရာခိုင်နှုန်း ဆိုတာပါပဲ။ ပထမစာချုပ်မှာ နိုင်ငံတော်အတွက် အကျိုးခံစားခွင့် လုံးဝမပါဝင်ပဲ စီမံကိန်းလုပ်နေတာပါ၊
အစီရင်ခံစာဟာ အခြားတဖက်ကကြည့်ရင် စီမံကိန်းလုပ်နေတဲ့ စစ်ခရိုနီ ကုမ္ပဏီ၊ အစိုးရနဲ့ ဒေသခံလူထုကြား ထိန်းညှိရမယ့်စံတခု ဖြစ်ပေါ်လာ ခြင်းပါပဲ၊ အစီရင်ခံစာပါ အချက်တွေကို ကုမ္ပဏီက လိုက်နာမယ်၊ အစီရင်ခံစာ အတိုင်း စီမံကိန်းကိုလုပ်ရ မယ်ဆိုတာ နိုင်ငံသိသဘောတူညီချက်ပါပဲ။ လူထုက အစီရင်ခံစာကို ဖောက်ဖျက် စရာ အကြောင်းမရှိပါ ဘူး။ ဘာလို့လဲဆိုတော့ စီမံကိန်းကို လူထုကလုပ်နေတာ မဟုတ်လို့ပါပဲ။ စီမံကိန်းလုပ် နေတဲ့ ကုမ္ပဏီဟာ လက်တွေ့မှာ အစီရင်ခံစာကို မလိုက်နာပဲ လုပ်ကိုင်နေတယ်၊ စီမံကိန်းရဲ့ မတရားမှုတွေကို မတား၊ အရေးမယူတဲ့ အစိုးရကြောင့် စစ်ခရိုနီကုမ္ပဏီဟာ ပျက်ကွက်ခြင်းပေါင်းများစွာနဲ့ အစီရင်ခံစာပါ တင်ပြချက်တွေကို ဘေးဖယ်ထားလိုက်ပါတယ်၊
အစိုးရဟာ စီမံကိန်းရဲ့ မတရားမှုကို ဖော်ထုတ် နေတဲ့ အနယ်နယ်အရပ်ရပ် ပြည်သူတွေကို ဖမ်းဆီး အရေးယူ၊ ထောင်ချနေသလောက် ကုမ္ပဏီက မည်သူတဦးတယောက်ကိုမှ အရေးယူနိုင်ခြင်း မရှိသေးပါဘူး။ ကုမ္ပဏီ၊ အစိုးရ၊ လူထု သုံးဦးသုံးဖလှယ် တာဝန်ယူရမယ့် အစီရင်ခံစာပါ။ စည်းတွေကို ကုမ္ပဏီကဖောက်ဖျက်တဲ့အခါမှာ အစိုးရက အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ ခွင့်ပြုထားတာအစိုးရရဲ့ တာဝန် ပျက်ကွက်တာ။ ထပ်လောင်း ကျူးကျော်တဲ့အတွက် အခုအချိန်မှာ ဒေသခံတောင်သူ ဒေါ်ခင်ဝင်းကို အသေပစ်ရဲတဲ့အဆင့်ထိ ဆောင်ရွက်လာ ပါတယ်။ အဓိက တရားခံဟာ ကြေးနီစီမံကိန်းကို တာဝန်ခံ နိုင်မှုစွမ်းရည်မရှိသေးဘဲ ခွင့်ပြုလက်ခံထားတဲ့ အစိုးရကြောင့် လူထုတွေ ပစ်သတ်ခံနေရတာပါ။ အစီရင်ခံ စာဟာ စံအဖြစ်အသက်မဝင်ရင် စီမံကိန်းရဲ့တရားမှု၊ မတရားမှုကို ထိန်းချုပ်စရာ နည်းလမ်းမရှိတော့ပါ။
ဘယ်အချက်တွေဟာ စီမံကိန်း အစီရင်ခံစာ အပေါ် ဖောက်ဖျက်နေတယ်လို့ မြင်လို့လဲ။
ကျနော့်အမြင်မှာ လယ်တီသိမ်ကို မရွှေ့ပြောင်းပဲ လုံးဝဖြိုဖျက်တယ်။ ညအချိန်မတော် ကျေးရွာတွေထဲအထိ ဝင်ရောက်အကြမ်းဖက် ပစ်ခတ်တယ်။ အစားထိုးမြေဧက ၁၉၀ဝ ကို လုံးဝ မဖော်ထုတ်ပေးဘူး။ မြေလျှော်ကြေး ပြဿနာကို လူထုနဲ့ ပြေလည်အောင် မညှိနှိုင်းဘဲ အကြမ်းဖက် သိမ်းယူတယ်။ စိမ်းလန်းဇုန်ကို တိတိကျကျ မဖော်ထုတ်ပေးသေးဘူး။ ချင်းတွင်းမြစ်ရဲ့ မြေနုကျွန်းတွေထဲက စွန့်ပစ်ညစ်ညမ်းရေ အန္တရာယ်တွေကို ကာကွယ်ပေးမှု မရှိဘူး။ အဓိကရုဏ်းဖြိုခွဲခြင်းတွေကို ဥပဒေမဲ့ ဆောင်ရွက်နေတယ်။ EIA လက်မှတ်မရှိခင် စီမံကိန်းကို တဖက်သတ် ဆောင်ရွက်တယ်။ ဝမ်ပေါင်ကုမ္ပဏီ တရုတ်ဝန်ထမ်း တွေဖြစ်တဲ့ ရှိယုံကွေ့ (ခ) ချေးခွေး၊ ချန်ရန် (ခ) ကောင်းချန်းဆိုင် တို့ရဲ့ မူးယစ်ဆေး ရောင်းဝယ်မှု တွေကို ထိရောက်စွာ အရေးယူ ဖော်ထုတ်မှုမရှိသေးဘူး။ ယန်စီကုမ္ပဏီ မီးလောင်မှုတရားခံ တရုတ်ဝန်ထမ်း Mr.Yang Weidong နဲ့ Mr.Gongjie တို့ကို အရေးမယူတာ စတဲ့ ပျက်ကွက်ခြင်းပေါင်း များစွာနဲ့ အစီရင်ခံစာပါ တင်ပြချက်တွေကို ဘေး ဖယ်ထားလိုက်ပါတယ်၊
၂၀၁၅ ခုနှစ်မှာ လက်ရှိအစိုးရရဲ့ လုပ်ငန်း တာဝန်တွေ ပြီးဆုံးပြီး ရွေးကောက်ပွဲ ကျင်းပမယ်။ နောက်အစိုးရက အခုလက်ရှိ အစိုးရလုပ်ဖို့ကျန်တာ တွေ ဆက်လုပ်မယ်။ ဆိုတော့ ဘာတွေဆက်လုပ်ဖို့ လိုမလဲ။
လက်ရှိ အစိုးရသက်တမ်းမှာ မြေယာပြဿနာ မရှင်းနိုင်ခဲ့ဘူး။ ပုဂ္ဂလိက လုပ်ငန်းခွင် အလုပ်သမား များရဲ့ အခြေခံလုပ်အားခလစာ သတ်မှတ်ပြဋ္ဌာန်း နိုင်ခြင်း မရှိဘူး။ ဒါတွေဟာ နေ့စဉ် ကုန်ထုတ်လုပ်မှု လုပ်နေတဲ့ ဧရာမလူထုကြီးရဲ့ လိုအပ်ချက်တွေ။ တိုင်းရင်းသားလူမျိုးစု ပြဿနာမှာ အပစ်ရပ်ရေးတောင် တသံတည်း ထွက်အောင်မလုပ်နိုင်ဘဲ စစ်ပွဲ တွေက ဖြစ်နေဆဲပဲ။ ဖက်ဒရယ်ဆိုတာ အဝေးကြီးမှာ ပါ။ ၂၀ဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ အင်အား ချိန်ခွင်လျှာ စတဲ့ ပြဿနာအရပ်ရပ်တွေ ရှိနေဆဲ ဖြစ်ပါတယ်။
သိသိသာသာ ပြောင်းလဲလာတဲ့ အပိုင်းတွေရှိပါ တယ်။ အရင်ကာလတွေလို စည်းပြတ် အနားသတ် ပုံစံမျိုး အင်အားကြီး ဒီမိုကရေစီ အင်အားစုများနဲ့ အစိုးရကြားမှာ ဆက်ဆံရေးမျိုးမရှိတော့ဘူး။ ရောယှက် ထွေးလိမ် နေပြီ။ လူထုထောက်ခံမှုအများဆုံး ရထားသူတွေဟာ အာဏာသုံးရပ် အာဏာခွဲခြမ်းရယူမှု ပုံစံမှာ တော်လှန် ရေး နည်းနဲ့ မဟုတ်ဘဲ၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပေးချက်ကနေ ဖြဲဝင်ပြီး နေသားတကျ ဖြစ်လာနေ တယ်။
စစ်အုပ်စု စီးပွားရေးလုပ်ငန်းတွေ အတိုင်းအဆ မရှိ ချဲ့ထွင်နေတယ်။ ဆင်းရဲချမ်းသာ အနိမ့်အမြင့် အရမ်းကွာခြားသွားပြီ။ အောက်ခြေလူထုရဲ့ တိုက်ပွဲ တွေဟာ အရင်ကာလတွေကလို သူတို့လေးစားခဲ့သူ ဒီမိုကရေစီခေါင်းဆောင်တွေရဲ့ ပါဝင်မှု၊ ပံ့ပိုးစာနာမှု မျိုးတွေမရတော့ဘဲ ကိုယ့်ထူးကိုယ်ချွန် တိုက်ပွဲတွေ အဖြစ် ပြောင်းလဲနေတယ်။ အစိုးရ တပ်ခေါင်းဆောင် ပိုင်းဟာ သိက္ခာအရမ်းကျဆင်းနေပြီ။ စစ်ရေး၊ နိုင်ငံရေး မျက်မှောက်ကာလ ဂုဏ်ယူပြစရာ ဖြတ်သန်းမှုမရှိဘဲ စီးပွားရေး ကြေးစားလက်ဝေခံတပ်မျိုး ဖြစ်ပေါ်နေ ပြီး စစ်ခေါင်းဆောင်တွေဟာ စစ်မတိုက်ရတဲ့ လူချမ်းသာ စီးပွားရေးသမားကြီးတွေ ဖြစ်နေပြီ။
တိုင်းရင်းသားလူမျိုးစု၊ စစ်အခွင့်ခံ အစိုးရ၊ ဒီမိုကရေစီ ခေါင်းဆောင်အင်အားစု၊ အောက်ခြေ လူထုရယ်လို့ ထင်ထင်ရှားရှား လေးစုဖြစ်ပေါ်နေပြီး အခုအခြေအနေမှာ တော်လှန်ရေးပုံစံနဲ့ စနစ်ဆိုးကို ရိုက်ချိုးဖို့ဆိုတာ ဒီမိုကရေစီ ခေါင်းဆောင်ကြီးများက လက်မခံသလို စစ်အခွင့်ထူးခံ အစိုးရကလည်း လက် မခံတဲ့အတွက် နိုင်ငံရေးသံတမန် နည်းပရိယာယ် လှုပ်ရှားမှုတွေသာ ဆက်လက်ဖြစ်ပေါ်နေနိုင်ပြီး အောက်ခြေလူထုရဲ့ လူမှုဘဝ လိုအပ်ချက်တိုက်ပွဲတွေ ဟာ မတရားမှုတွေကို မှောက်လှန်ဖို့ နိုင်ငံရေး အာဏာစားပွဲဝိုင်းမှာ နာနာကျင်ကျင်နဲ့ ပါဝင်နေဦး မှာပါ။
လက်ရှိအစိုးရလက်ထက် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု ဝင်ရောက်လာနေတဲ့အပေါ်ရော ဘယ်လို ထင်ပါသလဲ။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာ တယ်ဆိုတာကို တော်တော်စဉ်းစားဖို့ ကောင်းပါ တယ်။ ရင်းနှီးမြှုပ်နှံမှု ၇၄ ရာခိုင်းနှုန်းဟာ သတ္တု၊ သစ်တော စတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သယံ ဇာတ ထုတ်ယူရေးတွေမှာ ဖြစ်နေတယ်။ လူမှုဘဝကို ကျွဲကူးရေပါ ရှိစေမယ့် စိုက်ပျိုး၊ မွေးမြူရေးတွေမှာ မြှုပ်နှံမှု မရှိသလောက်ပါပဲ။ စက်မှုကုန်ကြမ်းထုတ်ယူ ရေး လုပ်ငန်းတွေကို လက်ခံနိုင်လောက်အောင် အစိုးရအဆင့်အတန်း၊ အပြန်အလှန်ထိန်းကျောင်း စောင့်ကြည့်နိုင်မှု မရှိသေးတဲ့ကာလမှာ လက်ပံ တောင်း ကြေးနီစီမံကိန်းကို ခွင့်ပြုတာဟာ မှားယွင်း ပါတယ်။ နှစ်သုံးဆယ် မပြောနဲ့။ ၃ နှစ်တောင် ဖြစ်ချင်တိုင်းဖြစ်၊ သတ်ချင်တိုင်းသတ် လုပ်နေတာကို မထိန်းချုပ်နိုင်တာ အဖြေပါပဲ။ အမြန်ချမ်းသာရေး စီးပွားရေးအမြင် သက်သက် ပေါ်လစီဟာ တိုင်းပြည်ကို အခွံဟောင်းလောင်း ဖြစ်ပေါ်စပြုနေပါပြီ။ ချမ်းသာ ြွကယ်ဝမှုနဲ့ အမျိုးသားအကျိုးစီးပွား အကာကွယ် ပေးမှု ဟန်ချက်မရှိရင် အုံြွကဖီဆန်မှုတွေ ဖြစ်ပေါ် စေမယ်ဆိုတာ လက်ပံတောင်းက သက်သေပါပဲ။
ဆက်စပ်ဖတ်ရှုရန်
လက်ပံတောင်း သို့မဟုတ် လောင်ကျွမ်းနေသော မြေယာများ