ပဲခူးတိုင်း၊ လက်ပံတန်းမြို့တွင် အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြနေသည့် ကျောင်းသား သပိတ်စခန်းများကို ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့ပြီး ကျောင်းသားများများကို ရိုက်နှက် ဖမ်းဆီးခဲ့သည်။ ထိုနည်းတူ ရန်ကုန်တိုင်း၊ ကမာရွတ် မြို့နယ်တွင်လည်း ဆန္ဒပြနေသည့် ကျောင်းသားများကို ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ အကြမ်းဖက် ဖြိုခွင်းမှုများနှင့် ပတ်သက်ပြီး အလွှာပေါင်းစုံမှ အမြင်များကို ဧရာဝတီ သတင်းထောက် ကျော်ခနှင့် နန်းဆိုင်နွမ်တို့က ဆက်သွယ် မေးမြန်းထားပါသည်။
ဒေါက်တာ သိန်းလွင် (NNER)
ကျောင်းသားတွေက ၄ ယောက်တတွဲ အဖမ်းခံတာကို ရဲတွေက ဝိုင်းရိုက်တာ၊ ကျောင်းသား တယောက်ကို ရဲ ၄၊ ၅ ယောက် ဝိုင်းရိုက်ကြတာ။ NNER က ၂ ယောက်၊ ရဲဝင်းနဲ့ ကိုဘုန်းပြည့်ကြွယ်ကိုလည်း ဖမ်းသွားတယ်။ သူတို့နဲ့ ညှိနှိုင်းတော့ သွားခိုင်းတာက ထောင်က လွှတ်သလို ၅ ယောက်တတွဲ ထွက်ခိုင်းတာ။ ကျောင်းသားတွေက အေးအေးချမ်းချမ်း သွားမယ်။ လူစုခွဲသွားမယ်ဆိုတာကို ခွင့်မပြုဘဲ အကြမ်းဖက် ဖြိုခွင်းတာပါ။ ဒါ မတရားလုပ်တာ၊ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်။ ကျနော်တို့ လေးပွင့်ဆိုင် ဆွေးနွေးတုန်းက NNER အပါအဝင် ဆန္ဒပြကျောင်းသားတွေကို မည်သည့်အခြေအနေမှာမှ ဖမ်းဆီးအရေးယူခြင်း မလုပ်ဘူးလို့ သဘောတူထားတာ။ ဒါကို ဖောက်ဖျက်ရာရောက်တယ်။
ဦးစိုးထွန်း (၈၈ မျိုးဆက် ငြိမ်းချမ်းရေနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)
ညှိနှိုင်းတဲ့အခါမှာ သဘောတူညီမှု မရလို့ အပြန်အလှန် တွန်းကြတယ်။ တွန်းအပြီးမှာ အဖမ်းခံမယ်လို့ ပြောကြတယ်။ အဲဒီမှာ ဖမ်းပါလို့ ပြောတာကို မဖမ်းဘူး။ ဖမ်းရင်လည်း ရိုက်နှက်ပြီး မဖမ်းပါနဲ့၊ ဥပဒေအရပဲ လုပ်ပါလို့ ကျနော်တို့က ရဲမှူးကြီးကို ပြောတယ်။ အဲဒီမှာ နှစ်ဖက် အပြန်အလှန် တွန်းကြရင်းနဲ့ ပင်ပန်းလာကြတယ်။ နေကလည်း အရမ်းပူနေတယ်။ ကျောင်းသားတွေဘက်ကလည်း ပင်ပန်းပြီး ထိခိုက်ဒဏ်ရာတွေရ၊ မူးလဲတာတွေ ရှိတယ်။ ရဲတွေဘက်မှာလည်း ရှိတယ်။ တနာရီခွဲလောက်မှာတော့ ရဲတွေဝင်လာပြီး ရိုက်တော့တာပဲ။ ဘုန်းကြီးကျောင်းမှာ ကြားရတဲ့ သတင်းတွေကလည်း ကျောင်းသားတွေကို ပုံစံထိုင်ခိုင်းတာတို့ ရှိတယ်လို့ ကြားတယ်။ အဲဒါမျိုးကို လုံး၀ လက်မခံနိုင်ဘူး။
EU သင်တန်း ပေးထားတာကလည်း လက်နဲ့ပဲ တွန်းရမှာ။ နိုင်ငံတကာ လူအုပ်စုကို ဖြိုခွင်းတဲ့အခါမှာ တုတ်ကို မကိုင်ရဘူး။ အရပ်ဝတ်တွေ မပါဘဲ ယူနီဖောင်းနဲ့ ရဲတွေကပဲ ကိုင်တွယ်ရမယ်ဆိုတာပါတယ်။ ဒီလို စည်းကမ်း သတ်မှတ်ချက်တွေ ရှိလျက်သားနဲ့ အခုရဲတွေက ဒိုင်းတွေရော၊ တုတ်တွေရော ပါလာတယ်။
ကိုဇော်နိုင်ဦး (သတင်းထောက်)
ကျနော့်မျက်မြင်ကိုယ်တွေ့ကို ပြောရရင် ဆန္ဒပြပွဲတခုကို ဖြိုခွင်းတယ်ဆိုရင် နောက်ထပ် လုပ်လို့မရအောင်၊ လူစုကွဲအောင် လုပ်တာလို့ နားလည်တယ်။ အခုဟာက ကျောင်းသားတယောက်ကို ရဲတယောက်ကမိလို့ ရိုက်ရင် နောက်က ရဲ အယောက် ၂၀-၃၀ လောက်က တယောက်တချက်နှုန်းမက အကြိမ်ကြိမ်ရိုက်တာဟာ ဒါဆန္ဒပြပွဲ လူစုကွဲအောင် လုပ်တာမဟုတ်ဘူး။
ဆန္ဒပြသူကို မြေပြင်ကနေ မထနိုင်အောင် အကြိမ်ပေါင်းများစွာ ရိုက်တာ၊ ဒဏ်ရာရလို့ ဆွဲခေါ်သွားတဲ့လူကို ခြေထောက်ပေါ် ခြေထောက်ရိုက်၊ တောင်းပန်တာကို ခေါင်းကို ခုန်ရိုက်တယ်။ ဒါမျိုးက ရန်ဖြစ်တဲ့လူကို အငြိုးနဲ့ ပြန်လုပ်သလို ဖြစ်နေတယ်။ ဒါဟာ အစိုးရ ရဲက ဆန္ဒပြမှုတခုကို လူစုခွဲနေတာ မဟုတ်တော့ဘူးလေ။ အမှန်တိုင်း ပြောရရင် ဒါဟာ Crime တခုပဲ။ ဒီလို Crime မျိုးကို ဥပဒေနဲ့ ညီတယ်လို့ ပြောတာဟာ မရှက်လို့ပြောတာပဲ။
နိုင်ဟံသာ (မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ)
ဒီလို ဖြေရှင်းခြင်းအားဖြင့် အခြေအနေတွေ ပိုပြီးတော့ ကြီးကျယ်လာနိုင်တယ်လေ။ ကျောင်းသားတွေရဲ့ တောင်းဆိုမှုကလည်း ရိုင်းရိုင်းပြပြ တောင်းဆိုနေတာ မဟုတ်ဘူး။ ဒါ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာကို သူတို့ တောင်းဆိုတာပဲ။ အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စပဲ။ ကောင်းတဲ့ ဦးတည်ချက်ကို တောင်းဆိုနေတာဖြစ်တယ်။
ဒါကြောင့် ဒီကိစ္စဟာ နိုင်ငံတော် အကြီးအကဲတွေ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စပါ။ တရားဥပဒေအရ ဒီလိုရှင်းတယ် ဆိုရင်တော့ အဲဒီ တရားဥပဒေဟာ စစ်အာဏာရှင် တရားဥပဒေပဲ ဖြစ်မှာပေါ့ဗျာ။ ဒီမိုကရေစီ အစိုးရတရပ်ရဲ့ တရားဥပဒေတော့ ဟုတ်မယ်မထင်ဘူး။
ဗိုလ်ချုပ် ဂွန်မော် (KIA ဒု စစ်ဦးစီးချုပ်)
ကျောင်းသားတွေကို ဖြိုခွင်းတဲ့အပေါ်မှာ ကျနော်တို့က စိုးရိမ်တယ်။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် တစုံတရာ အမှားအယွင်း ဖြစ်သွားမှာလည်း စိုးရိမ်တယ်။ အကြမ်းဖက်နှိမ်နှင်းမှုတွေ မဖြစ်စေချင်ဘူး။ အခုအချိန်မှာတော့ ဒီလှုပ်ရှားမှုတွေ အားလုံးဟာ ကျနော်တို့လုပ်နေတဲ့ Peace Process နဲ့ ဆက်နွယ်မှု ရှိနေပါတယ်။ ဒါကြောင့် အဟန့်အတားတွေဖြစ်မှာကို စိုးရိမ်ပါတယ်။
တဖက်နဲ့တဖက် နှစ်ပေါင်းများစွာ မှတ်မိနေမယ့် အငြိုးအတေးတွေ ရှိနေမယ့် အဖြစ်အပျက်မျိုးတွေ ရှောင်ရှား စေချင်ပါတယ်။ ၈၈ တုန်းက ဂယက်ဟာ အခုအချိန်ထိ လူတွေရဲ့ စိတ်ထဲမှာ မေ့ပျောက်လို့ မရသေးပါဘူး။ အခု နောက်ထပ် ပြဿနာတွေ ထပ်ပြီးတော့ ဖြစ်လာမယ်ဆိုရင် ကျနော်တို့ရဲ့ ကျနော်တို့ရဲ့ နိုင်ငံရေး ငြိမ်းချမ်းရေးမှာ အများကြီး ထိခိုက်နိုင်ပါတယ်။
ကိုရဲလွင် (ပန်းရဲ့လမ်း ဂီတအဖွဲ့)
မုဒိမ်းကောင်တွေ၊ ဒုစရိုက်ကောင်တွေကြတော့ မဖမ်းဘဲနဲ့ အနာဂတ် ပညာရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုနေကြတဲ့ ကျောင်းသားလေးတွေကိုကျတော့ ရက်ရက်စက်စက် ရိုက်နှက်တယ်။ သူတို့ ဥပဒေကို မလေးစားကြဘူး။ တကယ်တမ်း ပြည်သူလူထုကို ကာကွယ်ရမှာ မကာကွယ်ဘူး။ ဒါကြောင့် ရဲတွေကို ကန့်ကွက်တယ်။
ဒီနှိမ်နှင်းမှုဟာ ဥပဒေနဲ့ မညီဘူးဗျ။ ဒီလုပ်ရပ်က ဥပဒေမဲ့ တိုင်းပြည်လို ဖြစ်သွားတာပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူကို အာဏာပိုင်တွေက ဗြောင်လိမ်ညာတယ်ဗျာ။ သူတို့ တကယ်တမ်း စောင့်ထိန်းရမယ့် စည်းကမ်းတွေ ဘာမှမသိတော့ဘူး။ သူတို့ အာဏာတည်တံ့ ခိုင်မြဲရေးအတွက်ပဲ လုပ်ဆောင်နေတာ အဲဒီလိုပဲ ကျနော် ပြောချင်တယ်။
ဦးအောင်မျိုးမင်း (လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ)
ဒီနေရာမှာ အစိုးရကပြောထားတဲ့ တရားဥပဒေ အတိုင်းဆောင်ရွက်တယ်ဆိုတဲ့ အချက်ကို ကျနော်လုံးဝ လက်မခံနိုင်ဘူးဗျ။ ဘာကြောင့်လဲ ဆိုတော့ တွေ့ရှိတဲ့အချက်တွေမှာ ကြည့်မယ်ဆိုရင်တရားဥပဒေ စိုးမိုးရေးကို ဦးတည်ရာမဟုတ်ဘဲနဲ့ ရဲတွေကိုယ်တိုင်က အကြမ်းဖက်မှုကို အင်တိုက်အားတိုက် လုပ်ဆောင်သွားတဲ့ သဘောမျိုး ဖြစ်နေတယ်။ ကျောင်းသားတွေ မကဘဲနဲ့ ဒီလိုမျိုး ကားတွေကို ဖျက်ဆီးတာ လူနာတင်ကားတွေ ဖျက်ဆီးတာ ဒါက ကျနော်တို့ အမှန်ဆိုရင် အဲ့လို ဖျက်ဆီးတဲ့သူတွေကို မဖြစ်အောင် ပြည်သူ့ရဲတပ်ဖွဲ့က တားရမယ့် အစား ပြည်သူ့ရဲတပ်ဖွ့ဲရဲ့ဝတ်စုံကို ဝတ်ပြီး လုပ်ချင်က တရားဥပဒေကို ကျော်လွန်တယ်လို့ပြောချင်တယ်။ နောက်တခုက ကျနော်တို့ ဒီလိုမျိုး ကလေးတွေ လက်နက်မရှိတဲ့ ကလေးတွေကို ဖမ်းဆီးတဲ့ အချိန်မှာ လိုအပ်တဲ့အင်အားထက် သုံးစွဲမှုတွေကို တွေ့နေတယ်။ တောင်းပန်နေ ပါတဲ့ အပြစ်မဲ့ ကျောင်းသားတွေကို ဒီလိုမျိုး လက်ကိုင်တုတ်တွေနဲ့ စုပေါင်းရိုက်ချင်းက နိုင်ငံတကာ စံချိန်နဲ့ ဘယ်လိုမှ မညီဘူး။ အဲ့အချက်ကို ကြည့်မယ်ဆိုရင် တရားဥပဒေ စိုးမိုးရေး အစား ဒီကလေးတွေအပေါ်မှာ နာကျင်ပါစေ ထိခိုက်ပါစေ။ ဆိုတဲ့ ဒေါသတွေ မလိုလားအပ်တဲ့ စိတ်ထားတွေပါဝင်ချင်က ဥပဒေ လုံခြုံရေးကို လုပ်ဆောင်နေတဲ့ ရဲ တွေရဲ့ပုံမှန်လုပ်ငန်းစဉ်မဟုတ်ပါဘူး။
ဒေါ်ခင်ဥမ္မာ (မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများအဖွဲ့ တာဝန်ခံ)
မနေ့ မနက်ကဆိုရင် ကျောင်းသားတွေနဲ့ ညှိနှိုင်းမှု အဆင်ပြေတယ်ဆိုပြီး Facebook တွေပေါ်မှာ သတင်းတွေ တက်လာတော့ တော်တော်ကို ပျော်မိတယ်။ ပြီးတော့ ကျောင်းသားတွေကို ရက်ရက်စက်စက် နှိမ်နှင်းနေတာတွေ တွေ့ရတော့ အရမ်းဆိုးတယ်။ တိုင်းပြည်က တကယ့်ကို ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်ဆိုလို့ရှိရင် တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုယ့်သားသမီးအရွယ်၊ မြေးအရွယ်တွေကို ဒီလို အကြမ်းဖက်ဖြိုခွဲမှုကို ခွင့်ပြုလိုက်တယ် ဆိုကတည်းက တိုင်းပြည်က ရှေ့ကို သွားရမယ့်အစား နောက်ပြန်ဆွဲနေတာကတော့ ရုပ်ဆိုးလွန်းတယ်။ ကျမတို့ ၈၈ တုန်းကဆိုရင်လည်း ဒီလိုမျိုးတွေ ရက်ရက်စက်စက် အလုပ်ခံရတယ်။ အခုလည်း ၈၈ ကို ပြန်ရောက်နေသလိုပဲ။
တချို့အတွေးအခေါ်တွေ ချက်ချင်းကြီး မပြောင်းနိုင်သေးရင်တောင်မှ အခုလို နိုင်ငံတကာနဲ့ ထိတွေ့လာတဲ့အချိန် သံတမန် ဆက်သွယ်ရေးတွေ တည်ဆောက်နေတဲ့အချိန်မှာ ကိုယ့်ပြည်သူတွေက စိတ်မှာ ယုံကြည်ကြည် မယုံကြည်ကြည် ဒီကာလတွေမှာတော့ အကောင်းဆုံး အပြုသဘောဆောင်တဲ့ စိတ်နဲ့ ကျိုးစားကြမယ့်ဆိုတဲ့ စိတ်နဲ့ အားလုံးက စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ဖို့အတွက် ဝိုင်းပြီးကြိုးစားနေကြတာကို အခုလိုမျိုး ကလေးတွေကို အကြမ်းဖက် နှိမ်နှင်းလိုက်တာ အရမ်းမိုက်ရိုင်းလွန်းတယ်။
ဒေါ်စန္ဒာမင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
မျိုးဆက်သစ်တွေရဲ့ စိတ်ထဲမှာလည်း စိတ်ဒဏ်ရာ လက်ရှိအစိုးရအပေါ် ယုံကြည်မှု ကင်းမဲ့စေပါတယ်။ နောက်ကြောင်း ပြန်လှည့်ဖို့ မရှိဘူး ဆိုတဲ့ဟာကိုတော့ သူတို့အနေနဲ့ အထပ်ထပ်အခါခါ ကတိပေးပြီးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျမ ပြောချင်တာက ကျောင်းသားတွေက အဓိက တောင်းဆိုနေတာက ပညာရေး ဥပဒေ ပြင်ဆင်ပေးဖို့။ ဒီလိုမျိုး ပြင်ဆင်ပေးဖို့ ဆိုတာက ပြင်ဆင်ပေးဖို့ ဆိုတာကလည်း အခု လွှတ်တော်ကလည်း တာဝန်ယူထားတယ်။ အစိုးရလည်း တာဝန်ယူထားတယ်။ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ စုပေါင်းပြီးတော့ လွှတ်တော်ထဲမှာလည်း ပြင်နေပါတယ်။
ကျောင်းသားတွေသွားမယ့် ရည်မှန်းချက်က ဘာလဲ၊ အဓိက ရည်မှန်းချက်က ဥပဒေကို ပြင်ဖို့ဆိုရင် အားလုံးကို ကတိပေးပါတယ်။ ဒီဟာတွေအားလုံး ပြင်ဆင်နိုင်အောင် သူတို့ ကျေနပ်တဲ့ တိုင်းပြည်အတွက် အဓိက ကျမတို့ မြန်မာနိုင်ငံအတွက် အသင့်လျော်ဆုံးဖြစ်နိုင်တဲ့ ဥပဒေတရပ် ပေါ်လာဖို့ ပြင်ဆင်ပေးဖို့ လွှတ်တော်ကလည်း တာဝန်ယူထားပါတယ်။ အဲ့ဒီအတွက် ဒီဟာလေးကို သည်းခံပြီး စောင့်ကြည့်ပေးပါလို့ ကျမ ပြောချင်ပါတယ်။
ကျမတို့ အခုလိုမျိုး အကြမ်းဖက် ဖြိုခွဲမှုလုပ်တာက တနေရာတည်း ဒီလိုလုပ်တာ မပြီးသေးဘဲနဲ့ နောက်ဆက်တွဲ ပြသာနာတွေ အများကြီး ဖြစ်စေတယ်။ နှစ်ဘက် ဖြိုခွဲမှုတွေအစား ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲ၊ ဘယ်သူက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိမှာလဲ။ အခုလက်ပံတန်းမှာ အတင်း လိုက်ရိုက်နေတာမျိုး တွေ့ရတယ်။တကယ်လိုများ သွေးထွက်သံယို မဟုတ်ဘဲ အသေအပျောက်တွေ ရှိမယ်ဆိုရင် ဘယ်သူက တာဝန်ခံမှာလဲ ဆိုတာမျိုး မေးလာစရာတွေ ရှိလာမယ်။ အဲဒီလိုမျိုး ဒဏ်ရာတွေ အများကြီး ဖြစ်လာမယ်ဆိုရင် လူတွေကို ဒေါသထွက်မှုတွေ၊ စိတ်မကျေနပ်မှုတွေ၊ ခံစားမှုတွေ ပိုပြင်းထန်လာပြီး နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်။
ဒေါက်တာ ညိုညိုသင်း (ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတစုကို လက်နက်ကိုင်ထားတဲ့ အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခြင်းလို့ အန်တီ သတ်မှတ်ပါတယ်။ ဖြစ်သွားတဲ့ ဖြစ်ရပ်တွေက အကျည်းတန်ဖြစ်ရပ်ကြီး ဖြစ်သွားတယ်။ ပြီးတော့ နိုင်ငံတကာမှာလည်း မြန်မာ သိက္ခာကျသွားတဲ့ ဖြစ်ရပ်ဖြစ်တယ်။ အစိုးရ သိက္ခာပဲ ကျတာမဟုတ်ဘူး။ ပြည်သူလူထုရဲ့ သိက္ခာကိုပါ ချဆင်းတဲ့ ဖြစ်ရပ်ဖြစ်တယ်။ သက်ဆိုင်ရာ အစိုးရအနေနဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ပြန်ပြီးတော့ ပြည်သူ လူထုကို လျော်ကြေးပေးသင့်တယ်။ ပြည်သူလူထုကို လျော်ကြေးပေးတဲ့အခါမှာ ဘယ်လိုပေးနိုင်လဲဆိုတော့ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို ၂၄ နာရီအတွင်း လွှတ်ပေးခြင်းအားဖြင့် အကြွေးဆပ်နိုင်ပါတယ်။
သမ္မတက လက်နဲ့ရေး တိုင်းဒေသကြီးအဖွဲ့တွေက ခြေနဲ့ဖျက်တဲ့ ဖြစ်ရပ်တွေက နောက်ဆုံးပဲ ဖြစ်သင့်ပါတယ်။ ဒီတိုင်းပြည်မှာ ညှိနှိုင်းဆွေးနွေးတဲ့ အလေ့အထ နည်းနေတယ်။ ပြသာနာတွေကို ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းက အရမ်းကို လိုပါတယ်။
ဦးကျော်သူ (နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ)
ကျနော်တို့ လူမှုရေး သမားတွေအနေနဲ့ မိတ်ဆွေရန်သူ ဆိုပြီး ထားလို့မရဘူး။ ဒဏ်ရာရတဲ့သူတွေ လူသားတယောက် အနေနဲ့ အကူအညီပေးရတာ။ ကိုယ်ချင်းစာစိတ် မမွေးတဲ့ကိစ္စကတော့ တိုင်းပြည်ရဲ့ အနာဂတ်ကတော့ ကောင်းမှာ မဟုတ်ဘူး။ နောက်ကြောင်းပြန်လှည့်၊ မလှည့်ဆိုတာ စဉ်းစားကြည့်ရင် လူတိုင်း အဖြေထွက်ပါတယ်။ ကချင်နဲ့ တိုက်ရင်လည်း ကချင်ပဲ လွန်တယ်။ ကရင်နဲ့ တိုက်ရင်လည်း ကရင်ပဲ လွန်တယ်။ လက်ပံတောင်း ကျတော့လည်း လက်ပံတောင်း လွန်တယ်။ အလုပ်သမားအရေး ကျတော့လည်း အလုပ်သမား လွန်တယ်။ လယ်သမားကျတော့လည်း လယ်သမား လွန်တယ်။ အခု ကျောင်းသားကျတော့လည်း ကျောင်းသား လွန်တယ်။ အားလုံးက ပြည်သူလူထု အလွန်တွေကြီးပဲ။ သူတို့ဘက်က အမှန်ဆိုတာချည်းပဲ။ အတ္တ တဖက်စွန်း ရောက်နေတာကို ပြင်ဖို့လိုတယ်။
အော်ပီကျယ် (ကာတွန်းဆရာ)
အခုအစိုးရ ကအာဏာစတည်တဲ့ ၁၉၆၂ ခုနစ်က အတိုင်းပါပဲ။ ရိုက်နှက်ဖမ်းဆီးတာ ဘာမှ မကောင်းဘူး။ ဘယ်သူက ဘယ်သူ့ကိုရိုက်ရိုက် မကောင်းဘူး။ အခုဟာကြီးက ဆိုးလွန်းပါတယ်။ ကျနော်ကတော့ ဒီလို လုပ်ကို မလုပ်ရဘူး။ ကျနော်က မိဘနဲ့ သားသမီး ရိုက်တာတောင် မကြိုက်ဘူး။ သက်မဲ့ကားကို ရိုက်တာဆိုတော့ မဟုတ်တော့ဘူး။ သူတို့က ဖမ်းလိုက် လွှတ်လိုက်နဲ့၊ အဲ့ဒါ သူတို့အယူပါပဲ။ မလွှတ်မှာမပူနဲ့ လွှတ်မှာ။ ပြီးမှ ပြန်ဖမ်းမှာ။ နောက်ကြောင်း ရှေ့ကြောင်းရော သူတို့မရှိဘူး၊ သူတို့က လည်နေတာ။ တချို့က ထင်နေတာ နောက်ကြောင်းလို့။ သူတို့က ကရွတ်ခွေလို လျှောက်နေတာ။