လူမှုရေးအသင်းအဖွဲ့ကြီးတခုဖြစ်သည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ယခင်စစ်အစိုးရ လက်ထက်တွင် နိုင်ငံတော်၏ အရန်အင်အားအဖြစ် သတ်မှတ်ခံရပြီး စစ်ရေးပြ အခမ်းအနားများတွင် ပါဝင်ရခြင်း၊ နိုင်ငံတော် လုံခြုံရေးကိစ္စရပ်တချို့တွင် ပါဝင်ရ ခြင်းများရှိခဲ့ပြီး သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် လွတ်လပ်သည့် အဖွဲ့အစည်း တခု ဖြစ်လာရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ကြက်ခြေနီအသင်းကြီး၏ အနှစ်သာရ၊ လုပ်ငန်းများအကြောင်းနှင့် ယခုလတ်တလော ကိုးကန့်ဒေသတိုက်ပွဲများတွင် သွားရောက် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသည့် ကြက်ခြေနီ ယာဉ်တန်းတချို့ တိုက်ခိုက်ခံရ သည့်အပေါ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ သာလှရွှေကို ဧရာဝတီသတင်းထောက် ဇူးဇူးက သွားရောက် တွေ့ဆုံမေးမြန်းထားပါသည်။
လောက်ကိုင်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေမှာ ကြက်ခြေနီယာဉ်တန်း တိုက်ခိုက်ခံရတာ ဘာကြောင့်လို့ ထင်ပါသလဲ။
အဲဒါနဲ့ ပတ်သက်လို့ အစည်းအဝေးလုပ်ပြီး အဖြေရှာကြတယ်။ ဘာကြောင့် ကြက်ခြေနီကိုမှ ပစ်ရတာလဲ။ ဒီနေ့ထိအောင်တော့ အဖြေက ကျေနပ်ဖွယ်ရာ မရသေးဘူးလို့ ပြောရမယ်။ ဘာကြောင့် ပစ်တယ်ဆိုတာကို စဉ်းစားလို့ကိုမရဘူး။ တပ်ကတော့ ပစ်မှာမဟုတ်ဘူးလို့ ယူဆတယ်။ ဟိုဘက်က လူတွေကလည်း အခု သူတို့မပစ်ပါဘူးလို့ ငြင်းနေတယ်။ ပစ်ရင်လည်း ပစ်တဲ့သူက ဘယ်ပြောပါ့မလဲ။ သူတို့ကတော့ မဟုတ်ဘူးပြောတယ်။ အဲတော့ ဘယ်သူက ဘယ်လိုပစ်ပြီး ဘယ်လိုထိသွားလဲ ဆိုတာတော့ ပြောလို့မရဘူး။ ဒါကို ထားလိုက်ပါတော့ ဖြစ်တာလည်း ဖြစ်သွားပြီးပြီ။
နောက်ပိုင်းကျရင်တော့ ကိုယ့်ကြက်ခြေနီလေး တွေ အဲလိုယာဉ်တန်းနဲ့များ လာမယ်ဆိုရင်တော့ အန္တရာယ် အနည်းဆုံး ဖြစ်အောင် ဘာလုပ်ကြမလဲ စဉ်းစားကြရမှာပေါ့။ အဓိကကတော့ ကိုယ့်ရဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေ၊ လူမှု ကရုဏာလုပ် နေတဲ့ သူတွေရဲ့ အန္တရာယ်အနည်းဆုံး ဖြစ်အောင်လုပ်ဖို့ပဲ ရည်ရွယ်ထားပါတယ်။
အခုလို တိုက်ခိုက်ခံရတာဟာ နိုင်ငံတော်ရဲ့ အရန်အင်အားအဖြစ် သတ်မှတ်ခံထားရတဲ့ ကြက်ခြေနီကို အစိုးရဘက်ကလို့ ထင်လို့လား။
ပြောရတာတော့ တော်တော်ခက်တယ်။ အဲလိုထင်ပြီးတော့ပဲ ပစ်သလား၊ ဒါမှမဟုတ် ကံအား လျော်စွာ ပစ်တဲ့အချိန်မှာ ကြက်ခြေနီက အဲဒီမှာ ရှိနေလို့လား၊ ဒါမှမဟုတ် ကြက်ခြေနီကိုပဲ ရွေးပြီးပစ်တာလား ဘယ်သူမှ မပြောနိုင်ဘူး။ လူတွေကတော့ ထင်နေတာက ကြက်ခြေနီသည် နိုင်ငံတော်ရဲ့ အရန်အင်အား၊ အစိုးရရဲ့ အရန်အင်အားဆိုတော့ အစိုးရရဲ့ လူလို့ သတ်မှတ်တာပေါ့။ ဒါပေမယ့် ကျနော်တို့ရဲ့အခြေခံမူမှာ လွတ်လပ်ခြင်းဆိုတာ တခုရှိတယ်။ အဲဒီလွတ်လပ်ခြင်းအရဆိုရင် ကျနော်တို့ဟာ ဘယ်အဖွဲ့အစည်းကိုမှ မပါရဘူး။ ဘယ်အဖွဲ့အစည်းရဲ့ အင်အားအနေနဲ့မှ ရပ်လို့မရဘူး။ လူမှုကရုဏာ လုပ်ငန်းတခုရဲ့ အင်အားအနေနဲ့ပဲ ရပ်လို့ ရတယ်။ စောစောကပြောတဲ့ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအပါအဝင် အမျိုးသား ကြက်ခြေနီအသင်း များသည် မိမိတို့ရဲ့ အစိုးရရဲ့ အရန်အင်အား ဖြစ်သည်ဆိုတဲ့ အနောက်မှာ စာလုံးလေးတွေ ပါတယ်။
လူမှု ကရုဏာလုပ်ငန်းများတွင် အမျိုးသားကြက်ခြေနီ အသင်းများသည် သက်ဆိုင်ရာ အစိုးရများရဲ့ အရန် အင်အား ဖြစ်သည်လို့ ရေးတယ်။ နိုင်ငံတော်ရဲ့ လူမှု ကရုဏာလုပ်ငန်းမှာ အရန်အင်အားဖြစ်သည် ဆိုတာက ပဋိညာဉ် စာချုပ်တွေမှာရော၊ ဂျနီဗာကွန်ဗင်းရှင်း (Geneva Convention of 1864) မှာရော ရေးထားတယ်။ စီမံခန့်ခွဲတဲ့အပိုင်း၊ အုပ်ချုပ်တဲ့ အပိုင်း၊ လုံခြုံရေး လုပ်တဲ့အပိုင်းမှာ ကြက်ခြေနီက မပါဘူး။ ဒါကိုလည်း ကျနော်တို့က ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ တွေ့တဲ့အခါ ရှင်းပြတယ်။ သူတို့လည်း လက်ခံပါတယ်။ အဲဒါကြောင့် အခုနောက်ပိုင်းမှာ ကြက်ခြေနီတပ်ဖွဲ့ဝင်လေးတွေ ကို ညဘက်အိမ်ထောင်စု စာရင်းစစ်တဲ့အခါမျိုးမှာ တွေ့ရမှာမဟုတ်တော့ပါဘူး။ ကျနော်တို့သည် အရန်အင်အား သို့သော်လည်း လူမှု ကရုဏာ လုပ်ငန်းမှာ အရန်အင်အား၊ လုံခြုံရေးမှာ အရန်အင်အား မဟုတ်ဘူး။ အဲဒါကြောင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်လေးတွေကို ယာဉ်စစ်တဲ့ဟာမျိုး၊ လုံခြုံရေးကင်းချတဲ့ ဟာမျိုးတွေ မလုပ်ပါနဲ့။ ဒါတွေကို တဖြည်းဖြည်းနဲ့ ပိုသိလာပြီးရင်တော့ နိုင်ငံတော်ရဲ့ လူမှုကရုဏာလုပ်ငန်းမှာ အရန်အင်အားအနေနဲ့ ပိုသုံးလာမယ်လို့ ထင်ပါ တယ်။ ခုချိန်ကနေစပြီး ပြုပြင်ပြောင်းလဲနေပါပြီ။
တပ်မတော်နေ့မှာ နိုင်ငံတော် အရန်အင်အား အဖြစ်နဲ့ ကြက်ခြေနီ ပါဝင်ချီတက်နေရတော့ အဲဒါ ကို ဘယ်လို ပြုပြင်ပြောင်းလဲဖို့ရှိလဲ။
အခု လွှတ်တော်တွေထဲမှာလည်း ဒီမေးခွန်းတွေက တက်လာပြီ။ ကြက်ခြေနီဟာ ဘာဖြစ်လို့ တပ်မတော်နေ့မှာ ပါရသလဲ။ ကြက်ခြေနီရဲ့လုပ်ငန်းသည် အရန်အင်အားအနေနဲ့ ရှိတယ်။ ဟုတ်တယ်။ အဲဒါကြောင့် ဒီနှစ် လာမယ့် မတ်လ ၂၇ ရက်နေ့၊ တပ်မတော်နေ့မှာ ကြက်ခြေနီ မချီတက်တော့ပါဘူး။ ကြက်ခြေနီ လုံးဝ မပါတော့ပါဘူး။ ဆရာတို့က ပြည်နယ်/ တိုင်းဒေသကြီး အဖွဲ့ကိုလည်း တင်ပြတယ်။ ဒီဘက်က ပြည်ထောင်စုဝန်ကြီးတွေလည်း သိတယ်။ လွှတ်တော်တွေမှာလည်း မေးခွန်းတွေက ထုတ်လာတယ်။ ရလဒ်ကတော့ ကြက်ခြေနီဟာ လူမှုကရုဏာလုပ်ငန်းမှာပဲ အရန်အင်အား။ ဒါကြောင့် တပ်မတော်နေ့လို လက်နက်ကိုင် အဖွဲ့တွေရဲ့နေ့မှာ သူတို့မပါသင့်တော့ဘူးဆိုပြီး ဒီနှစ် မပါဝင်တော့ပါဘူး။ လုံးဝမပါဝင်တော့ပါဘူး။ တရားဝင် ကျနော်တို့ ဆီ အကြောင်းကြားပြီးပြီ။ အဲဒီချိန်လောက်ဆိုရင် ကျနော်တို့က နေပြည်တော်မှာ သွားပြီး ကွင်းထဲမှာ အရာတော်မှာ စခန်းသွင်း လေ့ကျင့်နေရပြီ။ အခုက မလေ့ကျင့်ရဘူး။ ဒီနှစ်က စပြီးမပါတော့ဘူး။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ရဲ့လား။ နိုင်ငံတကာက ကြက်ခြေနီအသင်းတွေကရော ဘယ်လိုရပ်တည်ကြ ပါသလဲ။
ကမ္ဘာပေါ်မှာရှိသမျှ အမျိုးသား ကြက်ခြေနီ အသင်းလို့ ခေါ်တာပေါ့နော်။ ဘယ်အသင်းမှ နိုင်ငံရဲ့ ပံ့ပိုးကူညီမှုမရှိဘဲ ရပ်တည်လို့မရဘူး။ ဘာလို့လဲ ဆိုတော့ ကြက်ခြေနီအသင်းသည် သူ့နိုင်ငံမှာရှိနေတဲ့ အစိုးရရဲ့ ပံ့ပိုးကူညီမှု၊ အစိုးရရဲ့ ဖော်ဆောင်ထားတဲ့ ဥပဒေတွေအတွင်းမှာပဲ ရပ်တည်ပြီး လုပ်ရတဲ့ဟာ။ တခါ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး တခုမှာ သူတို့ကပြောတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဟာ တပ်မတော်အစိုးရရဲ့ အရန်အင်အားကြီး အနေနဲ့ ရပ်တည်နေတယ်။ တပ်မတော်နေ့မှာ ချီတက်နေတယ်။ အဲဒါနဲ့ ကျနော်ကလည်း မခံချင်တော့ ထမေးတယ်။ ဒီထဲမှာ ထိုင်နေတဲ့ ကြက်ခြေနီ အသင်းပေါင်း ၁၀ဝ လောက်ရှိတယ်။ ဘယ် ကြက်ခြေနီ အသင်းသည် ကိုယ့်နိုင်ငံအစိုးရနဲ့ လုံးဝ ကင်း ကင်းနေတယ်ဆိုတဲ့ ကြက်ခြေနီအသင်း ဘယ်နှစ်သင်း ရှိလဲလို့မေးတယ်။ ဘယ်သူမှမဖြေဘူး။ အမေရိကန် ကြက်ခြေနီအသင်း သူ့ရဲ့အစိုးရရဲ့ ထောက်ပံ့မှုတွေ အများကြီးရတယ်။ ဩစတြေးလျ ကြက်ခြေနီ အသင်း လည်း ဒီလိုပဲ။ အရင်က ကျနော်တို့ နိုင်ငံရဲ့အစိုးရကို မကြိုက်တဲ့အခါမှာ ကူညီပေးဖို့အတွက် အမေရိကန်က၊ ဗြိတိန်က ကြက်ခြေနီတွေ မလာခဲ့ဘူး။ အခု နောက်ပိုင်း ဒီမိုကရေစီအစိုးရ ဖြစ်တဲ့အချိန်ကျတော့မှ သူတို့က ဝင်လာတယ်။ ကျနော်တို့ လူမှု ကရုဏာ လုပ်ငန်း လုပ်တဲ့အခါမှာ အဟန့်အတားတွေ ရှိတယ်။ အားနည်းတာတွေရှိတယ်။ အကူအညီလိုနေ တာတွေရှိတယ်။ ဒါသည် အခုမှ ဖြစ်တာမဟုတ်ဘူး။ ဟိုးကတည်းကဖြစ်ခဲ့တာ။ အခုမှ ဘာလို့မင်းတို့က ဝင်လာတာလဲလို့မေးတော့ ဘယ်သူမှ အဖြေမပေးဘူး။ ပြောချင်တာက ဟိုတုန်းက သူတို့ရဲ့အစိုးရ အနေနဲ့က မြန်မာပြည်ကို လာတာမကြိုက်ဘူး။ သူတို့က အစိုးရရဲ့ ထောက်ပံ့ငွေနဲ့ အဓိက ရပ်တည် နေရတဲ့ အခါကျတော့ သူတို့ ဘယ်ဆန့်ကျင်လို့ရမလဲ၊ မလာဘူး။ ခုချိန်မှာကျတော့ သူတို့အစိုးရက ကြည် ကြည်ဖြူဖြူနဲ့ လွှတ်တဲ့အချိန်ကျရင်တော့ မြန်မာပြည် ကို ပြန်ဝင်လာတယ်။ အဲဒါကြောင့် ဘယ်နိုင်ငံ၊ ဘယ်နေရာမှာပဲ ကြည့်ကြည့် အမျိုးသား ကြက်ခြေနီ အသင်းသည် နိုင်ငံတော်အစိုးရနဲ့ လုံးဝလွတ်ကင်း တယ်ဆိုတဲ့ Independence ဆိုတဲ့ဟာ မရှိဘူး။
အစိုးရရဲ့ ပံ့ပိုးကူညီမှုနဲ့ သွားတယ်ဆိုတော့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေနဲ့ ကူညီ ကယ်ဆယ်ရေးတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင် ခွင့်ရရဲ့လား။
မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအနေနဲ့ ကြည့်ရင် ဒီနေ့ ဒီချိန်ခါမှာ နိုင်ငံတော် အစိုးရအနေနဲ့ ကျနော်တို့ကို ဘာလုပ်ပေးပါလို့ မပြောဘူး။ ဘာမလုပ်နဲ့လို့ မပြောဘူး။ ဆိုလိုချင်တာက ကြက်ခြေနီကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် ပေးထားတယ်။ မီးလောင်တယ်၊ ရေကြီးတယ်။ ကြက်ခြေနီ တွေ သွားပေးပါလို့ မပြောပါဘူး။ ဘယ်သူမှလည်း မခေါ်ဘူး။ ကြက်ခြေနီက သူ့အသိစိတ်ဓာတ်နဲ့ သူ သွားပြီး လုပ်ပေးတယ်။ အစိုးရအနေနဲ့ ဘာလုပ်ပါ။ ဘာမလုပ်ပါနဲ့ စသဖြင့် ဘာမှမသတ်မှတ်ဘူး။ ကျနော်တို့မှာရှိနေတဲ့ စည်းမျဉ်း စည်းကမ်း မူဘောင် အခြေခံမူတွေနဲ့က ထိန်းကျောင်းပြီးသား ဖြစ်နေတယ်။ အဲဒါတွေကို အကောင်အထည်ဖော်ပြီး လုပ်တယ်။
နိုင်ငံတော်က ထောက်ပံ့တဲ့ငွေကို ဘဏ်ထဲ ထည့်တယ်။ အဲဒီကရတဲ့ အတိုးအမြတ်နဲ့ လစာတွေ ပေးတယ်။ ဝန်ထမ်းရဲ့ လစာက အဲဒီကပဲ သွားတယ်။ အလှူခံပုံးတွေကနေရတဲ့ ပိုက်ဆံမျိုး၊ အလှူရှင်တွေ ဆီက လာလှူတဲ့ ငွေမျိုးတွေကို ကယ်ဆယ်ရေး ရန်ပုံ ငွေအနေနဲ့ သီးသန့်သန့်သန့် ဘဏ်မှာ ဖွင့်ထားပြီး အဲဒီ ငွေတွေ အကုန်လုံး အဲဒီထဲကို ထည့်တာ။ အဲဒီ ငွေထဲက လစာပေးဖို့ လုံးဝမသုံးပါဘူး။ ဒီငွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ဝယ်တယ်။ ကယ်ဆယ်ရ မယ့် သူတွေကို ကယ်ဆယ်တယ် စသဖြင့် လူတွေကို ထောက်ပံ့ငွေတွေပေးတယ်။ ဒီလိုဟာတွေကို ဒီငွေ ကနေ သွားပါတယ်။
ကြက်ခြေနီရဲ့ တကယ့်အနှစ်သာရနဲ့ လုပ်ငန်းတာဝန်တွေကိုလည်း သိချင်ပါတယ်။
ကြက်ခြေနီရဲ့လုံးဝအနှစ်သာရ ဆိုတာကတော့ လူမှုကရုဏာ လုပ်ငန်းစိတ်ဓာတ်နဲ့လုပ်တာ။ ကြက် ခြေနီ စိတ်ဓာတ်ဆိုတဲ့ဟာက အန္တရာယ်တွေ့နေတဲ့ သူ၊ ဘေးအန္တရာယ်ကျရောက်နိုင်တဲ့လူတွေကို သူ့ဆီက ဘာအကျိုးအမြတ်မှ မမျှော်လင့်ဘဲနဲ့ စေတနာ သန့်သန့်နဲ့ ကူညီပံ့ပိုးတာသည် ကြက်ခြေနီ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ ဒီလိုကြက်ခြေနီ စိတ်ဓာတ် လုပ်နိုင်ဖို့အတွက်က ကြက်ခြေနီလို့ ပြောလိုက်ရင် ဟင်နရီ ဒူးနန့်ကနေစပြီး ခုချိန်ထိ သတ်မှတ်ထားတဲ့ အခြေခံမူ ၇ ချက် ရှိတယ်။ ဒါက တကမ္ဘာလုံးမှာ ကြက်ခြေနီ တိုင်းကို ဒီအခြေခံမူ ၇ ချက်နဲ့ ထိန်းထားတာပဲ။ အဲဒီထဲက အရေးကြီးဆုံးကို ပြောပါဆိုရင် Humanitarian ခေါ်တဲ့ဟာ လူမှုကရုဏာလုပ်ငန်း လုပ်ကို လုပ်ရမယ်။ အန္တရာယ်တွေ့နေတဲ့လူ၊ အန္တရာယ် ကျရောက်နိုင်တဲ့ လူတွေကို ကူညီရမယ်။ နောက်ထပ် အရေးကြီးတဲ့ ၃ ခုက Independence လို့ခေါ်တဲ့ လွတ်လပ်ခြင်း၊ ကြားနေခြင်း၊ ဘက်လိုက်မှုကင်းခြင်း၊ ဒီ ၄ ချက်ကတော့ အဓိကလို့ ထင်တယ်။ နောက်ထပ် ၃ ချက် ရှိပေမယ့် သူတို့ထက်စာရင်တော့ အင်အားနည်းနည်း လျော့တယ်။
သို့သော် ဘာပဲလုပ်လုပ် ကျနော်တို့အနေနဲ့က လွတ်လွတ်လပ်လပ် လုပ်တယ်။ ကြားနေတယ်၊ ဘက်လိုက်မှု ကင်းတယ်။ ရခိုင်မှာ လုပ်တယ်၊ တဖက်မှာ တိုင်းရင်းသား ရခိုင်အမျိုးသားတွေ ရှိတယ်။ တဖက်မှာ မွတ်စလင်တွေ ရှိတယ်။ တကယ့်ကို ကြားနေပြီးတော့ မွတ်စလင်ကိုလည်း ကူတယ်။ ရခိုင်ကိုလည်း ကူတယ်၊ မျှမျှတတပဲ။ ရခိုင်က ကိုယ့်ရဲ့တိုင်းရင်းသား ကိုး၊ ကိုယ်မကူလို့ ဘယ်ရမလဲ၊ ဟိုဘက် မွတ်စလင်တွေကလည်း ကြည့်လိုက်ရင် လူတွေကိုး၊ ကြက်ခြေနီ အနေနဲ့က လူဆိုတာကို မြင်ရတာ။ ပထမဦးဆုံးပြောတဲ့ Humanitarian ဆိုတာ အဲဒါပဲ။ လူကိုလူလို မြင်ပြီး သူတို့ ကြုံတွေ့ နေရတာ တွေကို လျော့နည်းအောင်လုပ်ဖို့။ ဒါသည် လူမှု ကရုဏာ လုပ်ငန်းလို့ ပြောတယ်။ အခု လောက်ကိုင် လို ဟာမျိုးမှာလည်း တပ်မတော် ဘက်ကနေပြီး လုပ်တာလည်း မဟုတ်ဘူး။ ကိုးကန့်ဘက်က နေပြီး လုပ်တာလည်း မဟုတ်ဘူး။ တကယ့်ကို အကူအညီ လိုနေတဲ့ စစ်ရှောင် ဒုက္ခသည်တွေကို အန္တရာယ်တွင်း ကနေ အန္တရာယ်ကင်းတဲ့နေရာကို ပို့ဖို့အတွက် လုပ် တာ။ တကယ့်ကို ကြားနေပြီး လုပ်တယ်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အနေနဲ့ နိုင်ငံတကာက ကြက်ခြေနီအဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင်ရွက်မှု ရှိပါသလား။
လောလောဆယ် ကမ္ဘာပေါ်မှာ ကြက်ခြေနီအသင်း လခြမ်းနီလည်း ရှိတယ်။ ၁၈၉ နိုင်ငံရှိတယ်။ အားလုံးနဲ့ အဆက်အသွယ် ရှိတယ်။ ဒါပေမယ့် အဓိကအားဖြင့်တော့ အာဆီယံခေါ်တဲ့ အရှေ့ တောင်အာရှ ၁၀ နိုင်ငံရယ်၊ တီမော လက်စတီရယ် အားလုံး ၁၁ နိုင်ငံနဲ့ကတော့ လူမှုကရုဏာ လုပ်ငန်း တွေကို အရှေ့တောင်အာရှရဲ့ဒေသတွင်းမှာ အနီးကပ် ပူးပေါင်းပြီး လုပ်နေကြတယ်။ ကြက်ခြေနီ လှုပ်ရှားမှုဆိုတာ တခုဖြစ်ဖို့က ၃ ပိုင်း လိုတယ်။ တပိုင်းက ကျနော်တို့လို အမျိုးသား ကြက်ခြေနီ အသင်း၊ နောက်တပိုင်းက ICRC လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ၊ နောက် တခုက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း (IFRC) လို့ ခေါ်တယ်။ မြန်မာနိုင်ငံကို ကြည့်လိုက်ရင် MRCS လို့ခေါ်တဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ICRC ၊ IFRC ၃ ခုရဲ့ လုပ်ငန်းအားလုံး ပေါင်းလိုက်တဲ့ အချိန်ကျတော့မှ ကြက်ခြေနီလှုပ်ရှားမှုဆိုတာ ပေါ်လာတာ။ အခု လို ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ တိုက်ပွဲတွေ ဖြစ်နေ တဲ့ အချိန်မှာ ကျနော်တို့နဲ့ အနီးကပ်ပူးပေါင်းပြီး လုပ်တာက ICRC ၊ အဲဒီလိုမဟုတ်ဘဲနဲ့ သာမန် အချိန်တွေမှာ သဘာဝဘေးအန္တရာယ် တွေ့နေတဲ့ နေရာတွေမှာ IFRC အဲတော့ အများဆုံး အနီးကပ် ပူးပေါင်းပြီး လုပ်တာကတော့ IFRC ၊ ဒါပေမယ့် လည်း ICRC နဲ့ လည်းလုပ်ရပါတယ်။ ခုလိုဖြစ်နေတဲ့ အချိန်မှာ သူ့ရဲ့အကူအညီကိုလည်း ယူရတယ်။ ပူးပေါင်းပြီး ဆောင်ရွက်ရပါတယ်။
ပဋိပက္ခ ဖြစ်တဲ့နေရာတွေ၊ စစ်ပွဲဖြစ်တဲ့ နေရာ တွေမှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေနဲ့ အဓိက ဘယ်လိုပံ့ပိုးကူညီမှုတွေပေးလဲ။ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကိုရော ဘယ်လို ဆောင်ရွက် ထားပါသလဲ။
အဓိကကတော့ သူတို့မြို့ထဲမှာနေတဲ့အခါ ရှေးဦးပြုစုခြင်း၊ သောက်သုံးရေ၊ စားနပ်ရိက္ခာ စတာ မျိုးတွေ၊ ကွမ်လုံဆိုရင် ဆန်တွေ၊ ဆီတွေ၊ ကုန်ခြောက်၊ သောက်ရေသန့်တွေ ဒါတွေကူညီတယ်။ လူတွေ ရွှေ့ပြောင်းဖို့ ကူညီတဲ့အပိုင်းလည်းပါတယ်။ ကြက် ခြေနီအနေနဲ့က အကာအကွယ်ဆိုလို့ ကျည်ကာ လည်း ဝတ်လို့မရဘူး။ ကြက်ခြေနီတံဆိပ်နဲ့ ဦးထုပ် တော့ရှိတယ်။ အကာအကွယ်ပေးဖို့ဆိုတာ ဒီအမှတ် တံဆိပ်ပဲ၊ အပြည်ပြည်ဆိုင်ရာရဲ့ နားလည်မှုမှာ ကြက်ခြေနီလို့မြင်ရင် ပစ်ကိုမပစ်ရဘူး။ ဒါပေမယ့် ဒီမှာကတော့ ပစ်ချလိုက်တယ်။ အပြည်ပြည်ဆိုင်ရာ လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု ဥပဒေ ဆိုတာ ရှိတယ်။ ဂျနီဗာကွန်ဗင်းရှင်းမှာ လက်မှတ်ထိုး ထားတယ်။ မြန်မာနိုင်ငံကလည်း လက်မှတ်ထိုးထား တယ်။ အဲဒီလက်မှတ်ထိုးထားတဲ့ ဒီစာချုပ်အရ လူမှု ကရုဏာလုပ်ငန်း လုပ်နေတဲ့ အဖွဲ့အစည်းက လူတွေ၊ အမှတ်အသား ထင်ထင်ရှားရှား တပ်ထားတဲ့ လူတွေဖြစ်တဲ့ အမျိုးသား ကြက်ခြေနီအသင်းရယ်၊ ICRC ရယ်၊ IFRC ဒီက ဝန်ထမ်းတွေ၊ လုပ်နေတဲ့ စေတနာ လုပ်အားရှင်တွေ၊ အရပ်ဘက်က လူတွေ၊ စစ်သုံ့ပန်းတွေ၊ နာမကျန်းဖြစ်နေတဲ့သူတွေ ဒီလို လူမျိုးတွေကို မပစ်ရဘူးဆိုတာကို ဥပဒေက ပြဋ္ဌာန်း ထားတယ်။ အဲဒီ ဥပဒေကို တတ်နိုင်သလောက် ကျနော်တို့က လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ် တဲ့ တပ်မတော်တို့ ဘာတို့အကုန်လုံးကို အသိပေး တယ်။ သူတို့လည်း ကြည့်ကြပါတယ်။ ICRC က လည်း ရဲတပ်ဖွဲ့ဝင်တွေကို အသိပေးတယ်။ ပညာပေးတယ်။
ဒါ့အပြင် ကျနော်တို့အနေနဲ့ လုပ်နိုင်တဲ့နည်း ကတော့ ကြိုတင်ပြီးတော့ ဘယ်လမ်းကြောင်းက လာမယ်။ ဘယ်တော့လာတော့မယ်၊ လူဘယ်ယောက် ပါ မယ်ဆိုတာ သိရရင် နှစ်ဖက် အဖွဲ့အစည်းတွေကို အသိပေးမှာပေါ့။ ခုလည်း ကြက်ခြေနီ တပ်ဖွဲ့ဝင် တွေအနေနဲ့ မြို့နယ်ဆရာဝန်ကြီး၊ ခရိုင်ဆရာဝန်ကြီး၊ ပြည်နယ်ဆရာဝန်ကြီး ဒီလူတွေမသိဘဲနဲ့ ဘာမှ မလုပ်နဲ့တော့လို့ ပြောထားတယ်။ ဖြစ်နိုင်ရင် မြို့ထဲ မှာပဲနေပြီး အဲဒီမြို့တွေထဲမှာရှိနေတဲ့ ဒုက္ခသည်တွေ ကို ကူညီစေချင်တယ်။ သူတို့အနေနဲ့က မဖြစ်မနေ ဒီလူတွေကို ပို့ရမယ်။ ယာဉ်တန်းနဲ့ လိုက်ရမယ် ဆိုရင်လည်း ၂၄ နာရီ ကြိုပြောလို့ ပြောထားတယ်။ ဒါဆိုရင် အာဏာပိုင် အဖွဲ့အစည်းတွေကိုပြောမယ်၊ ICRC ရဲ့အကူအညီယူပြီး တဖက်အဖွဲ့အစည်းကို လည်း ပြောမယ်။ ဒီလိုဆိုရင် လာတဲ့ကြက်ခြေနီ စေတနာလုပ်အားရှင်လေးတွေရဲ့ ဘေးအန္တရာယ် ကင်းတာပေါ့။
ပဋိပက္ခနဲ့ စစ်ပွဲကာလတွေမှာ ကြက်ခြေနီတံဆိပ်ကို အလွဲသုံးစားလုပ်နေတာမျိုးတွေ ရှိလား။ ရှိခဲ့ရင် အရေးယူ လို့ရလား။
အဲဒါကို အခု ပြင်ဖို့လုပ်နေပါတယ်။ အခုက ကြက်ခြေနီဥပဒေကို ပြန်ပြင်ရေးဆွဲပြီး တင်ထားပါ တယ်။ ဒီကြက်ခြေနီ ဥပဒေကို ပြင်ပြီးလို့ လွှတ်တော် က ပြဋ္ဌာန်းပြီးပြီဆိုရင် ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေ ဆိုတာ တင်ရတယ်။ အဲဒီ နည်း ဥပဒေ တခုမှာ ကြက်ခြေနီ အမှတ်အသားနဲ့ပတ်သက်တဲ့ ဥပဒေ၊ ကြက်ခြေနီ အမှတ်အသားသုံးစွဲမှုနဲ့ ပတ် သက်တဲ့ ဥပဒေ ထည့်သွင်းဖို့ ရည်ရွယ်ထားတယ်။ ဂျနီဗာကွန်ဗင်းရှင်း ဆိုတဲ့ဟာမှာ ကြက်ခြေနီ အမှတ်အသားသည် သုံးလို့ရတာ ၂ မျိုးပဲရှိတယ်။ တမျိုးက ကြက်ခြေနီ ဝန်ထမ်းတွေ၊ ကြက်ခြေနီ စေတနာ လုပ်အားရှင်တွေ၊ နောက်တခုက တပ်မတော် ဆေးတပ်ဖွဲ့တွေ၊ တပ်မတော် သူနာပြု တပ်ဖွဲ့ တွေ ဒီ ၂ ဦးပဲ တရားဝင်သုံးလို့ရတယ်။ ကျန်တဲ့ လူမှုရေးအသင်းတွေ၊ ဘာတွေ သုံးနေတယ် ဆိုတာက သိပ်ပြီးတော့ တရားမဝင်ဘူး။ ဂျနီဗာ ကွန်ဗင်းရှင်းနဲ့ ပြောလို့ရှိရင် တရားမဝင်ဘူးပေါ့။ သုံးနေတာတွေကို လွဲမှားစွာသုံးခြင်းလို့ ကျနော်တို့ အမြဲပြောနေကြတယ်။
ဒီလို လွဲမှားစွာသုံးစွဲခြင်းကို ဘယ်လို အရေးယူနိုင်တယ် ဆိုတာတော့ ဒီကွန်ဗင်းရှင်းထဲမှာ မပါဘူး။ ဒါပေမယ့် နိုင်ငံအများစုမှာက ကြက်ခြေနီ အမှတ်အသားကို ဥပဒေနဲ့ အကာအကွယ်ပေးပြီးရင် အဲဒီဥပဒေကို ချိုးဖောက်ရင် ဘယ်လိုအရေးယူတယ် ဘာတွေဆိုတာကတော့ ဒီဥပဒေတွေထဲမှာ ပါတာပေါ့။ ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာ အဲဒီဥပဒေမရှိဘူး။ အခု လိုက်ကြည့်ရင် ကိုယ်ပိုင် ဆေးခန်းတွေမှာလည်း ဒီကြက်ခြေနီ အဝိုင်းလေးတွေ တပ်ထားတာပဲ။ တကယ်ဆို တပ်လို့ မရဘူး။