အကယ်ဒမီ အောင်ခိုင်ကို သရုပ်ဆောင်တဦး အဖြစ်နဲ့သာမက ကြက်ခြေနီတဦး အဖြစ်နဲ့ပါ ပရိသတ်က သိထားကြ ပါတယ်။ မြန်မာပြည်တွင်းက သဘာဝဘေး၊ စစ်ဘေးဒဏ်ခံ ဒေသတွေမှာ ကယ်ဆယ်ရေးနဲ့ အကူအညီတွေ ပေးနေတဲ့ ကြက်ခြေနီတပ်ဖွဲ့ရဲ့ တပ်ခွဲမှူးတဦးဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ အောင်ခိုင်ကို သူ့ရဲ့ အနုပညာဘဝ အကြောင်းနဲ့ လူမှုကူညီရေးတွေ အကြောင်း ဧရာဝတီသတင်းထောက် ယုမွန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ သရုပ်ဆောင် ဝေဠုကျော်၊ အေးမြတ်သူတို့က ကြက်ခြေနီ အဖွဲ့နဲ့ ပူးပေါင်းပြီး လောက်ကိုင်မှာ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်နေကြတယ်။ အခါတိုင်း ကြက်ခြေနီနဲ့ အမြဲတက်တက်ကြွကြွပါဝင်နေကျ ဦးအောင်ခိုင်ရော ဘာလို့ လိုက်မသွားဖြစ်တာလဲ။
ဖြေ။ ။ ကျနော်တို့ အခု ပြင်ဦးလွင်ကို သွားတယ်။ အဲဒီက ဒဏ်ရာရ စစ်သည်တွေကို သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်။ ကျနော်က လောက်ကိုင်ကို မပါသွားဘူး။ လောက်ကိုင်ကို မပါသွားတာက ဒီမှာ ရုပ်ရှင်ကားကြီး တကား ရိုက်ဖို့ ရှိနေတာနဲ့ လိုက် မသွားဖြစ်ဘူး။
ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကိုဝေ (ဝေဠုကျော်) တို့ အေးမြတ်သူတို့က ပြောတယ်၊ သူတို့က တကိုယ်ရည် တကာယ သမားတွေ တဲ့၊ တခုခု ဖြစ်ရင်လည်း ဘာမှ ကိစ္စ မရှိဘူး တဲ့။ အစ်ကိုက နောက်တန်းကနေပဲ နေခဲ့ပါတဲ့။ အဲဒါဆိုရင် နောက်တန်းက နေတော့ ငါနိုင်သလောက်တော့ လုပ်ပေးမယ် လို့။ ဒါနဲ့ နောက်တန်းကနေပဲ လုပ်ပေး ဖြစ်တယ်။ မန္တလေးမှာလည်း ချမ်းမြသုခဆိုတဲ့ ပရဟိတအဖွဲ့လေး ရှိတယ်။အဲဒီမှာလည်း ကျနော်တို့က ဂုဏ်ထူးဆောင် အဖွဲ့ဝင် အဖြစ် ပါဝင်ထားတယ်။
နောက်ပြီး ကျနော်ရယ်၊ ဝေဠုရယ်၊ ကျော်ကျော်ရယ်၊ မိုခမ်းရယ်၊ ယုသန္တာတင်ရယ်၊ အခုတော့ အေးမြတ်သူပါ ပါလာပြီ ပေါ့။ အားလုံးက ကြက်ခြေနီ အစစ်တွေ ပါ။ ရုပ်ရှင်ရိုက်ဖို့ အတွက် ယူနီဖောင်းဝတ်ထားတာ မဟုတ်ပါဘူး။ ကျနော်က ၁၉၇၀၊ ၇၁ ခုနှစ် ကတည်းက ကြက်ခြေနီ တပ်ဖွဲ့ဝင်ပါ။ နောက်ပိုင်းကျတော့ ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေတော့ ယူနီဖောင်းကို ခဏချွတ်လိုက်တယ်။ အရပ်ဝတ်နဲ့ပဲ ကြက်ခြေနီ လုပ်ငန်းတွေနဲ့ ပရဟိတလုပ်ငန်းတွေကို လုပ်တယ်။ လိုအပ်ချက်အရ ရန်ကုန်တိုင်း ကြက်ခြေနီတပ်ဖွဲ့က ပြန်ပြီးခေါ်တဲ့ အခါ ကျနော်ရယ် ဝေဠုကျော်ရယ်က ကြက်ခြေနီ တပ်ဖွဲ့မှာ တပ်ခွဲမှူးရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့တာပါ။
ဒီကိစ္စဖြစ်တဲ့ အခါကျတော့ ကျနော်တို့ ပဏာမအနေနဲ့ ဘာတွေ လိုအပ်လဲ ဆိုတာကို သိဖို့ ပြင်ဦးလွင်ကို သွားခဲ့တယ်။ သွားတယ် ဆိုတာ ကလည်း ကျနော်တို့ အဖွဲ့ မန္တလေးမှာ အလုပ်ကိစ္စတခု ရှိတော့ သွားတယ်။ ရန်ကုန် ပြန်တဲ့အခါမှာ ကဲျွဆည်ကန် ကားကြီးကွင်းမှာ လူတွေက ရုတ်ရုတ် ရုတ်ရုတ်နဲ့ ဆိုတော့၊ ကယ်ဆယ်ရေး ကားတွေ ကလည်း အများကြီး ရှိနေတဲ့ အခါကျတော့၊ ကျနော်တို့က သွားပြီး မေးကြည့်လိုက်တဲ့ အခါကျတော့ သူတို့က လောက်ကိုင် ကနေ ဆင်းလာတဲ့ စစ်ဘေးဒုက္ခသည်တွေ တဲ့။
အဲဒီမှာ တွေ့တော့ ကိုယ့်တိုင်းပြည်မှာ ရှိနေတဲ့ ပြည်သူတွေ ဒုက္ခ ရောက်တာကို တွေ့ရင် ဘယ် အနုပညာသမားမှ မနေနိုင်ဘူးလေ။ ကိုယ်က ပရိသတ်တွေ ကျွေးတဲ့ ထမင်းကို စားနေရတာ ကိုး။ ပရိသတ်တွေ ပေးတဲ့ နာမည်တလုံး ရှိမှလည်း ဒီလောကမှာ ရေရှည် ကျင်လည်လို့ ရမှာလေ။ ကိုယ့်ရဲ့ ထမင်းရှင်တွေ ဖြစ်နေတာကိုး။
ဒါကြောင့် ကျနော်တို့ ပြင်ဦးလွင်ကို သွားပြီး အားပေးကြ တယ်။ အဲဒီမှာ မန္တလေးမှာ ရှိတဲ့ ချမ်းမြသုခ ပရဟိတ အသင်းက ကူညီပေးတယ်။ ချမ်းမြသုခ အသင်းက ဒုက္ခသည် တွေကို သူတို့ နေရပ် တောင်တွင်းကြီးတို့၊ မကွေးတို့ကို ပို့တယ်။ အဲဒီ အခါကျတော့ ကျနော်တို့ကလည်း ကျနော်တို့ ဘာကူညီရမလဲ လ့ို ဆိုတော့ ဆီအခက်အခဲ ဖြစ်နေတာ လေ။ အခုချိန်ထိလည်း ဆီအခက်အခဲက ဖြစ်နေတုန်းပဲလေ။
လောက်ကိုင် ဒေသကနေ ဆင်းလာတဲ့ ဒုက္ခသည်တွေက တရက်တရက်ကို ရာချီ၊ ထောင်ချီပြီး ဆင်းကြတာကိုး။ အဲဒီ ဒုက္ခသည် တွေကို သူတို့ရဲ့ နေရပ်ကို အခမဲ့ ပြန်ပြီး ပို့ဆောင်ပေးတာကိုး။ ချမ်းမြသုခ အဖွဲ့ဝင် ဖြစ်သွားတော့ ကျနော်က ရန်ကုန်ကနေ ဆီပို့တယ်၊ ဝေဠုတို့ အတွက်ကျတော့ ဆေးဝါးတွေ၊ ရိက္ခာတွေ ပို့ပေးတယ်။ မတ်လ ၃ ရက်နေ့က ဆိုရင် ဟိုမှာ လိုအပ်တဲ့ ပလာစတာ၊ ရယ်ဒီမိတ် အရက်ပြန်ပါတဲ့ ဂွမ်းစတွေ ပို့ပေးရတယ်။ အဲဒါတွေက ဟိုမှာ တအား လိုအပ် တာလေ။ အဲဒီတော့ ဦးအောင်ခိုင်က ဒီက အလှူခံပြီး လေးသိန်းဖိုးလောက် ရှိပါတယ်၊ အဲဒါကို ပို့ပေးလိုက်တယ်။ နောက်တန်းကနေ လိုအပ်တာတွေ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးတယ်။
နောက်ပြီး ရုပ်ရှင်အစည်းအရုံးကနေ ဆိုရင် ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြင်ဦးလွင်ကို ထွက်တယ်။ မီဒီယာတွေလည်း ပါကြတယ်။ ကျန်တဲ့ ဥက္ကဋ္ဌ ကိုလူမင်းနဲ့ သရုပ်ဆောင်တွေက လေယာဉ်နဲ့ လိုက်လာ ကြတယ်။ အနုပညာရှင် အင်အား ၂၀ လောက်က ပြင်ဦးလွင်မှာ သွားပြီးလှူကြတယ်။ အားလုံးပေါင်း ဆိုရင် ၁၄၇ သိန်း ဖိုးလောက် ရှိပါတယ်။ ဒါက မုန့််တွေ မပါသေးဘဲ ငွေသားချည်းပဲ ပေါ့။
အဲဒါက ကျနော်တို့က ကျဆုံးစစ်သည်တွေရဲ့ မိသားစုတွေရော၊ ဒဏ်ရာရတဲ့ စစ်သည်တွေကိုရော၊ ပြီးတော့ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားတွေ၊ နောက် လောက်ကိုင်ဒေသက စစ်ရှောင်ပြည်သူတွေ ဆိုပြီး အပိုင်းလေးပိုင်း ခွဲပြီး လှူလိုက်တယ်။ ဒါက ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီး နာယကကြီးတွေ ဖြစ်တဲ့ ဦးနှင်းမိုးတို့၊ ဦးအောင်လွင်တို့၊ ဥက္ကဋ္ဌ ကိုလူမင်းတို့ ပါတယ် ပေါ့။ အနုပညာရှင် သရုပ်ဆောင် တော်တော်များများ ပါကြတယ်။ ဆေးရုံမှာ တက်နေကြတဲ့ စစ်သည်တွေကို ကိုယ်ထိလက်ရောက် အလှူငွေ တယောက်ကို ငါးသောင်းပေါ့ ပေးလှူကြ တယ်။
အခုလည်း လောက်ကိုင်ဘက်ကို ဝေဠုတို့ တက်သွားကြတယ်။ အကယ်ဒမီ မင်းသားတယောက် အနေနဲ့ ဒါဟာ တကယ်ကို ဂုဏ်ယူဖို့ ကောင်းတယ်။ ပိုပြီး ဂုဏ်ယူဖို့ ကောင်းတာက ကျနော်တို့သည် ရာသက်ပန် ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်။ ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးရဲ့ တပ်ခွဲမှူးတွေလည်း ဖြစ်တယ်။ သရုပ်ဆောင် အကယ်ဒမီ မင်းသား ဆိုတဲ့ စိတ်ကို ဖယ်ပြီးတော့မှ ကြက်ခြေနီတပ်ဖွဲ့ဝင် တယောက်အနေနဲ့ရော၊ ပြည်သူလူထုထဲက လူတယောက် အနေနဲ့ရော တိုင်းပြည်က ပြည်သူတွေ ဒုက္ခရောက်တဲ့ အခါ မနေနိုင်ပါဘူး။
အေးမြတ်သူ ဆိုရင်လည်း လားရှိုးအထိတောင် လိုက်သွားပေးတယ်။ ကျနော့် အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် တကယ်လည်း လိုက်ချင်တယ်။ မလိုက်ရတဲ့ အတွက်လည်း ဝမ်းနည်းတယ်။ ကိုယ်ဘက်က တာဝန်တခု မကျေလိုက် သလို ဖြစ်တယ် လေ။ တခုတော့ ရှိတာပေါ့လေ၊ ကျနော်က အိမ်ထောင်သည် ဖြစ်တဲ့ အတွက် အနောက်က မိသားစု ကိုလည်း ပြန်ကြည့်ရတယ် လေ။ ဒါကတော့ ပွင့်ပွင့်လင်းလင်း ပြောတာပါ။
ကျနော်တို့ကလည်း တစိတ်တဒေသ အနေနဲ့ ပါဝင်ချင်တာပေါ့ နော်။ အခုဝေဠုတို့၊ အေးမြတ်သူတို့ သွားကြတော့ ရုပ်ရှင် အစည်းအရုံးရဲ့ အမှုဆောင်တယောက် အနေနဲ့ရော၊ ရန်ကုန်တိုင်း ကြက်ခြေနီတပ်ဖွဲ့ရဲ့ တပ်ခွဲမှူး အနေနဲ့ရော ဂုဏ်ယူ တယ်။
နောက်တခါ ပြောချင်တာက လောက်ကိုင်အရေးသည် လူမျိုးစု တစုတည်းရဲ့ အရေး မဟုတ်ဘူး။ တနိုင်ငံလုံးရဲ့ အရေး ဖြစ်တယ်။ လောက်ကိုင်ဒေသသည် မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ ဒေသတခု ဖြစ်တယ်။ သူတို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုတာကို ပေးထားပြီးတဲ့ ဒေသဖြစ်တယ်။ အခုပြောမှာက ကျနော့်ရဲ့ အမြင်ကို ပြောတာပါ။
ပြီးတော့ နောက်တခု ပြောချင်တာက လောက်ကိုင်ဒေသမှာ မမျှော်လင့်တဲ့ စစ်ပွဲကြီးတွေ ဖြစ်တယ်။ ဒါဟာ သေးသေး ကွေးကွေး မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရက်ရှည်လာပြီ၊ ဒီနေ့ထက်ထိလည်း မငြိမ်းချမ်းသေးဘူး။ ဒါပေမယ့် တပ်မတော်က အရေးကြီးတဲ့ နေရာတွေကို သိမ်းပိုက်ထားပြီးပြီ လို့ ဆိုပေမယ့် တချို့တချို့သော လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေ၊ စစ်ကြောင်းတွေ မရောက်သေးတဲ့ နေရာတွေမှာ မနေ့တနေ့ကပဲ ကိုဝေဠုနဲ့ ပြောဖြစ်တဲ့ အခါမှာ သူတို့က ကယ်ဆယ်ရေး ယာဉ်တန်း ဆင်းသွာတဲ့ အခါမှာ ငါးမိနစ်လောက်ပဲ ကြာတယ်။ နောက်မှာ မိုင်းကွဲတယ်။ နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်လာတဲ့ ပြည်သူတယောက် သေတယ်။
အဲလို ဖြစ်နေတဲ့ အချိန်မှာ အဖြူရောင် အမှတ်အသားပေါ်မှာ အနီရောင်အမှတ်အသား ထင်ထင်ရှားရှား ရေးထားတဲ့ ကြက်ခြေနီ အလံ ရှိတယ်၊ ကိုဝေဠုတို့ သွေးမေတ္တာ အဖွဲ့နဲ့ သွားကြတယ်။ သူတို့သည် ကိုယ့်စရိတ်နဲ့ကိုယ် သွားကြတာ။ ဘယ်က အထောက်အပံ့နဲ့မှ သွားတာ မဟုတ်ဘူး။ ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကို လှူဒါန်းဖို့ပဲ ဖြစ်တယ်။
ကြက်ခြေနီ ဆိုတဲ့ တပ်ဖွဲ့ဝင်တွေသည် ပြည်သူလူထု သဘာ၀ ဘေးအန္တရာယ် လေဘေး၊ မီးဘေး၊ ရေဘေးနဲ့ ဒီလို စစ်ဘေးတွေ ကြုံလာတဲ့အခါမှာ စေတနာဝန်ထမ်းအဖွဲ့၊ ဟိုးအရင် ၁၈၄၅ ခုနှစ်ကတည်းက ဂျီနီဗာကွန်ဗန်းရှင်းမှာ ကြက်ခြေနီ ဖခင်ကြီးဖြစ်တဲ့ ဒေါက်တာ ဟင်နရီဒူးနန့်ကို အကြောင်းပြုပြီး အဲဒီ ဂျီနီဗာကွန်ဗန်းရှင်းမှာ ကြက်ခြေနီ အမှတ်အသား ပါသော သူနာပြုတွေ၊ ယာဉ်တွေကို ကျူးကျော်သူပဲ ဖြစ်ဖြစ်၊ ခုခံသူကပဲ ဖြစ်ဖြစ် မည်သည့်ဘက်ကမှ ပစ်ခတ်ခြင်း မပြုရ လို့ ပါတယ်။
ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ဦးထုပ်ပေါ်မှာ အနီရောင် အမှတ်အသား၊ ကျောပိုးအိတ်မှာ အနီရောင် အမှတ်အသား၊ ရင်ဘတ်မှာ အနီရောင် အမှတ်အသားပါတဲ့ စစ်သူနာပြုပဲ ဖြစ်ဖြစ်၊ အပြင် လူမှုသူနာပြုပဲ ဖြစ်ဖြစ် ဒုတိယကမ္ဘာစစ်ဆိုတဲ့ ကမ္ဘာနဲ့ ချီပြီး ဖြစ်တဲ့စစ်မှာတောင် ပစ်ခတ်ခြင်းမပြုခဲ့ဘူး။ ဒါပေမယ့် အခုဖြစ်တဲ့ လောက်ကိုင်စစ်ပွဲမှာ ဦးအောင်ခိုင်တို့ ကြက်ခြေနီတွေ အပစ်ခံရတယ်။ အပစ်ရတဲ့အခါ ဟိုတလောက ဆောင်းပါးတခုမှာ တယောက်က ရေးထားတယ်၊ ကြက်ခြေနီတွေ အပစ်ခံရမှာပေါ့ မောင်းတဲ့သူက စစ်သားကိုးတဲ့။
ဘယ်လို အကြောင်းတရားနဲ့ပဲ ဖြစ်ဖြစ် ကြက်ခြေနီ အလံ ထောင်ထားတ၊ဲ့ ကြက်ခြေနီ အဝတ်အစားကို သေသေချာချာ မြင်သာအောင် ဝတ်ထားတဲ၊့ ဒုက္ခသည်တွေကို ကူညီဖို့လာတဲ့၊ ဝေ့စကုတ်ပေါ်မှာ အနီရောင် ကြက်ခြေနီ အမှတ် အသား ကို သေသေချာချာဝတ်ထားတဲ့ ကြက်ခြေနီတပ်ဖွဲ့ ရှိတယ်။ အဲဒီကြက်ခြေနီတွေ သယ်ဆောင်လာတာက ဘာလက်နက်မှ မရှိတဲ့၊ ဘာအပြစ်မှ မရှိတဲ့ ပြည်သူတွေ။ ဒါ ပစ်သင့်မပစ်သင့် စဉ်းစားကြည့်။ ကျနော်ကတော့ ကြက်ခြေနီကို ပစ်တဲ့ ဘယ်အဖွဲ့အစည်းကို မဆို ပြင်းပြင်းထန်ထန်ရှုံ့ချတယ်။
ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေသည် ကြက်ခြေနီ တပ်ဖွဲ့လို့ ကင်ပွန်းတပ်ထားတာ၊ ကြက်ခြေနီအသင်း မဟုတ်ဘူး။ တပ်ဖွဲ့လို့ ကင်ပွန်း တပ်ထားတဲ့ အတွက် စစ်ရေးပြဆိုတာ မလွဲမသွေ ဖြစ်လာတယ်။ ကျနော် ၁၉၇၄ ခုနှစ် မြန်မာတနိုင်ငံလုံးရဲ့ ကြက်ခြေနီ တပ်ဖွဲ့ တံခွန်စိုက် အလံကိုလည်း ရခဲ့ဖူးတယ်။ အကောင်းဆုံး ကွန်မန်ဒါဆုကိုလည်း ရခဲ့ဖူးတယ်။ အရင်တုန်းက တက္ကသိုလ်တွေမှာ အရန်တပ်ရင်း ဆိုတာ ရှိတယ်။ အရန်တပ်ရင်း ရှိတဲ့ အတွက် ကျောင်းသားနဲ့ စစ်ရေးပြတာနဲ့ ဘာဆိုင်လဲ လို့လည်း အဲဒီတုန်းက ပြောကြတာ ရှိပါတယ်။
တကယ်တမ်းသာ တက္ကသိုလ်ကြီး ရှိနေလို့၊ တက္ကသိုလ်အရန်တပ်ရင်း ရှိနေလို့၊ နိုင်ငံတော် အခမ်းအနားမျိုးမှာ အဲဒီ အရန်တပ်ရင်းက ကျောင်းသားတွေလည်း အဲဒီအလံ တံဆိပ်ကို တပ်ပြီးတော့ ဝင့်ဝင့်ကြွားကြွား လမ်းလျှောက်ကြမှာပဲ။ ကြက်ခြေနီ တပ်ဖွဲ့ ဖြစ်တဲ့ အတွက်၊ တပ်ဆိုတာ ပါလာတဲ့အတွက် ဦးအောင်ခိုင်တို့ စစ်ရေးပြကို လုပ်ကိုလုပ်ရတာပါ။ ခုန ဆောင်းပါးရှင်က ကြက်ခြေနီတွေသည် အစိုးရခိုင်းတာကို လုပ်နေရတယ်၊ အလွဲသုံးစား လုပ်ခံနေရတယ်လို့ ပြောတဲ့ အတွက် ကျနော်တို့ ကြက်ခြေနီတွေသည် ဘယ်သူပဲ အကူအညီတောင်းတောင်း၊ ဘယ်သူပဲ ခိုင်းခိုင်း စေတနာ ဖြူစင်စွာနဲ့ အလုပ် လုပ်နေကြတာပါ။
အမှန်က ကိုယ့်ထမင်းကိုယ် စားပြီး ကြီးတော်နွား ကျောင်းနေကြတာလေ။ အခန့်မသင့်ရင် နွားကန်တာပါ ခံရမှာ၊ နွားဝှေ့တာ ခံရမှာကိုလည်း သိတယ် လေ။ နောက်တခု ပြောသေးတာက ကြက်ခြေနီတွေကို တလ လေးထောင်နဲ့ ငါးထောင်ကြား ထောက်ပံ့နေတာ တဲ့။ ဘယ်ကြက်ခြေနီမှ မရပါဘူး။ ကြက်ခြေနီအသင်းနဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်များကို ကွဲကွဲ ပြားပြားရေးကြ လို့တောင် ကျနော်က ပြောလိုက်သေးတယ်။
နောက် ပြောချင်တာကတော့ လောက်ကိုင် ကိစ္စသည် ကိုးကန့်ဒေသ တခုတည်းရဲ့ ကိစ္စ မဟုတ်ပါဘူး။ တနိုင်ငံလုံးရဲ့ အရေးကိစ္စ ပါ။ သူတို့သည် ဖြစ်ချင်လို့ ဖြစ်တာ မဟုတ်တဲ့ အတွက်၊ ကြားထဲက မြေဇာပင်ဒုက္ခသည်တွေ အများကြီး ရှိပါတယ်။ သူတို့မှာ နေရေး၊ စားရေးက အင်မတန် ခက်ခဲနေကြပါတယ်။ အခုလည်း ကူညီနေကြပါတယ်။ ဒီဟာ အခြေ မကျမချင်းကို ဝိုင်းဝန်းပြီးတော့ ကူညီပေးကြပါဦး လို့ အဲဒီဒေသက ပြည်သူတွေ ကိုယ်စား ပြောချင်ပါတယ်။
မေး။ ။ ရန်ကုန်မှာ ဆိုရင်ရော ဦးအောင်ခိုင်တို့ ကြက်ခြေနီတပ်ဖွဲ့က ဘယ်လို ကူညီစောင့်ရှောက်မှုမျိုးတွေ ပေးတာပါလဲ။
ဖြေ။ ။ တပ်ဖွဲ့အနေနဲ့ ဆိုရင် အရေးကိစ္စ ကြုံလာပြီ ဆိုရင် ခုနက ပြောတဲ့ သဘာ၀ ဘေးအန္တရာယ်တွေ ပေါ့။ ဟိုတလောက မီးဘေးသင့်တွေ အတွက် ဆိုရင်လည်း ကျနော်တို့ ညကတည်းက သွားကြတယ်။ တကယ်တမ်း ကျတော့ ဒါတွေက မင်းတို့နဲ့ ဘာဆိုင်လို့တုန်း လို့ မေးရင် လူမှုကယ်ဆယ်ရေး အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့သည် မဆိုင်ဘူး ဆိုတာ မရှိပါဘူး။ ကိုယ့်နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ သဘာ၀ ဘေးအန္တရာယ်တွေသည် ကြက်ခြေနီတပ်ဖွဲ့ဝင်ပဲ ဖြစ်ဖြစ်၊ မီးသတ်တပ်ဖွဲ့ဝင်ပဲ ဖြစ်ဖြစ်၊ ယူနီဖောင်းဝတ်မှ မဟုတ်ပါဘူး၊ စိတ်ဓာတ်ရှိဖို့ အရေးကြီးတာပါ။
သူတဖက်သားကို ကူညီချင်တတ်တဲ့ စိတ် ရှိဖိ့ုပဲ။ ဘယ်သူက လစာ ဘယ်လောက်ရလဲ မေးကြည့်၊ ဘယ်သူမှ မရပါဘူး။ ကျနော်တို့ ဝတ်နေတဲ့ အင်္ကျီသည် ကျနော်တို့ ကိုယ့်ဘာသာ ချုပ်ဝတ်တာ ပါ။ ဟိုးအရင်တုန်းက ဆေးအိတ် တောင်မှ မရှိဘူး။ အခုဆေးအိတ်ရလို့ ဆေးအိတ်ထဲကို ကိုယ့်ဘာသာ ဆေးဝယ်ထည့်ပြီး အလုပ် လုပ်ပေးနေတာပါ။ နိုင်ငံရေးဆိုတာ ကိုယ်တိုင်လုပ်မှ နိုင်ငံရေး မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ ကိုယ်မလုပ်ချင်နေ နိုင်ငံ့အရေးအခင်းကတော့ ကိုယ်တွေ အကုန်လုံး သိထားသင့်တယ်။ သိအောင်လည်း လေ့လာရမယ်။
ရန်ကုန်မှာ ကျနော်တို့၊ ဝေဠုတို့ မီးဘေးကယ်ဆယ်ရေး အတွက် ကြက်ခြေနီ ယူနီဖောင်းနဲ့ သွားရတဲ့အခါ တချို့ ကလည်း လှောင်ပြုံး ပြုံးကြတာပေါ့ နော်။ ဒါပေမယ့် ကျနော်တို့ အတွက်ကတော့ ဒါတွေက ရိုးသွားပါပြီ။ ဘယ်မှာ ရုပ်ရှင်ရိုက်မှာလဲ ပေါ့ မေးကြတယ်။ ကျနော်တို့ ရုပ်ရှင်ရိုက်ဖို့ ယူနီဖောင်း ဝတ်ထားတာ မဟုတ်ပါဘူး။ ကျနော်တို့သည် ကြက်ခြေနီ တပ်ဖွဲ့ဝင် အစစ်တွေ ဖြစ်တယ်။ ပေါ်ပြူလာ ဖြစ်ချင်လို့လည်း နေရာတကာကို သွားနေတာ မဟုတ်ဘူး။ ခုနပြောတဲ့ ကိုယ့်နိုင်ငံ အတွင်းက ဒုက္ခရောက်နေတဲ့ သူတွေ၊ ကိုယ့်ကျေးဇူးရှင်တွေကို လိုက်ပြီး ကျေးဇူးဆပ်နေတာပါ။ တခြား အကြောင်းအရာ ဘာမှ မရှိပါဘူး။
မေး။ ။ ဒါက ကိုယ်က သရုပ်ဆောင် တယောက်၊ ကြက်ခြေနီယူနီဖောင်းကို ဝတ်လိုက်တဲ့ အတွက် သရုပ်ဆောင် ဆိုတဲ့ မြင်နေကျ အမြင်ကြောင့် ဒီလို လှောင်ပြုံးပြုံးတာ ခံရတာ ပါမလား။
ဖြေ။ ။ မှန်တယ်။ ဒါပေမယ့် ကျနော်တို့က ၁၉၇၁၊ ၇၂ ခုနှစ် ကတည်းက ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေ ပါ။ ဒီဘက်ခေတ်မှာ မွေးလာတဲ့ ကလေးတွေကတော့ သူတို့ရဲ့ ပုံစံအတိုင်းပေါ့၊ စတန့်ထွင်တယ် ထင်ကြတာ ပေါ့။ ကျနော့်ရဲ့ ကြက်ခြေနီသက်တမ်းက ၄၃နှစ် ရှိပြီ၊ ကျောကုန်းမှာ မီးလောင်ဒဏ်ရာတောင် ရှိသေးတယ်။
ဟိုးအရင်တုန်းက တာမွေ ရွှေဗဟိုရ် ဆေးရုံကြီး ရှိတဲ့ နေရာနားမှာ မီးလောင်တယ်။ သုံးထပ်မှာ ကလေးနှစ်ယောက် ကျန်ခဲ့တယ်။ ကျနော်နဲ့ တခြားတယောက် တက်သွားတယ်။ ကလေးတွေကို မီးကြားက ကယ်တယ်။ ပြန်အဆင်းမှာ ကျောကုန်းကို မီးဟပ်တယ်။ ကျနော်က ညာဘက်အခြမ်းကို မီးဟပ်တယ်။ ကျနော်နဲ့ပါတဲ့ တခြားကြက်ခြေနီက ဘယ်ဘက်ခြမ်းကို မီးဟပ်တယ်။ ဘယ်ဘက်ခြမ်းမှာက နှလုံးရှိတဲ့အတွက် နှလုံးသွေးခဲသွားတယ်။ ဒါကြောင့် သူ သေသွားတယ်။ ဒါပေမယ့် ကြက်ခြေနီတွေ ဒီလို အသက်စွန့်ပြီး သေသွားတယ်ဆိုတာ ဘယ်သူမှ မသိလိုက်ပါဘူး။
အဲဒီတုန်းကလည်း ကြက်ခြေနီယူနီဖောင်း ဝတ်ထားရင်ကို တော်တော်လေး နောက်လို့ ပြောင်လို့ကောင်းတဲ့ သတ္တဝါတကောင်လို ဖြစ်နေတာ။ အဲဒီကတည်းက ကျနော်တို့က ကြက်ခြေနီပါ။ ဒီဘက်ခေတ်မှာ ကြက်ခြေနီ ယူနီဖောင်းကို ပြန်ဝတ်တဲ့အခါ ဒီကောင်နှစ်ကောင် ဘာစတန့်ထွင်ကြ ပြန်ပြီလဲ ဆိုပြီး အပြောခံရပါတယ်။ Facebook ပေါ်မှာလည်း အတင်ခံရပါတယ်။ ဒါကို ကျနော်တို့ အပြစ် မယူပါဘူး။ မသိသေးလို့သာ ပြောကြတာလို့ မှတ်ပါတယ်။ ဝေဠုကျော်ရဲ့ ကြက်ခြေနီသက်တမ်းကလည်း အနှစ်နှစ်ဆယ် ကျော်ပါပြီ။
ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေရဲ့ မေတ္တာ၊ ဂရုဏာ၊ စေတနာ၊ အနစ်နာကို နားလည်ပေးကြ ပါ။ နားမလည်သေးတဲ့ သူတွေကိုလည်း တဆင့်စကားတဆင့်ကြားနဲ့ နားလည်အောင်ပြောပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
မေး။ ။ ဦးအောင်ခိုင်က ကြက်ခြေနီတပ်ဖွဲ့မှာ အလုပ်တွေ ဆက်လုပ်နေဖြစ်ဦး မလား၊ သရုပ်ဆောင်ဘက်ကိုရော ဘယ်လိုတွေ အချိန်ခွဲ လုပ်ဖြစ်လဲ။
ဖြေ။ ။ ကျနော်က သရုပ်ဆောင်ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုခဲ့တာ အခုဆို နှစ်ပေါင်း ၃၈ နှစ် ရှိခဲ့ပြီ။ တခြား စီးပွားရေးလည်း ဘာမှ မရှိပါဘူး။ နောက်ပြီး ဇာတ်ပို့ ဇာတ်ရံတွေ ဖြစ်တယ်။ ဒီလောကမှာ ကလည်း အောင်မြင်တဲ့ ဒါရိုက်တာ၊ အောင်မြင်တဲ့ မင်းသား မင်းသမီးတွေလောက်ပဲ စီးပွားရေး အဆင်ပြေကြတာ။ ပရိသတ်ကို ပြောချင်တာက ကျနော်က ပရဟိတကို ဝါသနာကြီးလွန်းလို့၊ ကိုယ် သေသွားရင် ပါသွားမယ့် ကုသိုလ်ရမယ့် အလုပ်ကို လုပ်နေတာ ဖြစ်သလိုပဲ တဖက်မှာလည်း ဝါသနာပါတဲ့ ဝမ်းရေး အလုပ်ကို လုပ်ပါတယ်။
ခုနက မေးခဲ့သလို ဘာလို့ လောက်ကိုင ်လိုက်မသွားလဲဆိုရင် လိုက်သွားချင်သော်ငြားလည်း ဒီဖက်မှာက ရုပ်ရှင်ကားကြီး ရိုက်နေရတဲ့ အတွက် လိုက်မသွားနိုင်ပါဘူး။ စီးပွားရေး တောင့်တင်းတဲ့ ကိုဝေဠုတို့ဆိုရင် ပြောစရာကို မလိုဘူးပေါ့။ သူတို့ အနေအထားနဲ့ သူတို့ ရှိတဲ့အပြင် အိမ်ထောင် မရှိတဲ့ လူလွတ်တယောက်ပေါ့။ ကျနော်က ပရဟိတ အလုပ်ကို ငယ်ငယ်ကတည်းက ဝါသနာပါပေမယ့် အခု လုပ်ခွင့်ရတဲ့ အချိန်ကျမှ လုပ်ပါတယ်။ တဖက်ကတော့ ကိုယ့်ဝမ်းရေး အလုပ်ကို မဖြစ်မနေလုပ်ပါတယ်။
အနုပညာနဲ့ ပတ်သတ်လာရင် ကျနော် ဝါသနာ အရမ်းကြီးတဲ့ ပရဟိတအလုပ်ကို ဘေးဖယ်ထားရ ပါတယ်။ အနုပညာ အလုပ်ကို တစိုက်မတ်မတ် လုပ်ပါတယ်။ အားတဲ့ အချိန်လေးမှာတော့ ပရဟိတကို လုပ်ပါတယ်။ ဒီအနုပညာ အလုပ်မှ မလုပ်ရင်လည်း ကျနော့်မှာက တခြားစီးပွားရေး ဘာမှ မရှိပါဘူး။ ဝမ်းရေး အတွက် ပစ်ထားလို့ မရတဲ့ အတွက် အနုပညာ အလုပ်ကတော့ သေတဲ့အထိကို လုပ်သွားမှာပါ။ အားတဲ့အချိန်မှာတော့ သေသွားရင် ပါသွားမယ့် ကုသိုလ် ရမယ့် အလုပ်လေးကို လုပ်နေတာပါ။
မေး။ ။ အနုပညာသက်တမ်း နှစ်လေးဆယ် ရှိတော့မယ့် ဦးအောင်ခိုင်ရဲ့ အနုပညာအပေါ် ထားရှိတဲ့ စိတ်ကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ အဲဒါကို ပြောရင် တခါတလေလည်း ကျနော့်ကို မုန်းကြတယ်။ ဒါပေမယ့် အလုပ်တခုကို လုပ်ရင် ကိုယ် လုပ်နေတဲ့ အလုပ်ရဲ့ ဦးတည်ချက်က ဘာလဲ ဆိုတာ သိဖို့လိုတယ်။ အနုပညာလောကမှာ ဆိုရင်လည်း ဒီလိုပဲ၊ ကိုယ်က ရည်ရွယ်ချက်၊ ရည်မှန်းချက်က ထားကို ထားရမယ်။ ဒီပညာကို သင်ချင်လွန်းလို့လည်း သူများစားတဲ့ ပန်းကန်တွေကို ဆေးလာရတာ။ နောက် ဦးကျော်ဟိန်းဆီမှာ ပညာသင်ခွင့်ရတဲ့အခါ ကျနော် အရမ်းဝမ်းသာတယ်။ ဒီလောကထဲ ဝင်ပြီး သုံးနှစ်ကျော်ကျော် လောက် ကြာမှ ကင်မရာရှေ့ ရောက်ခွင့် ရတာပါ။
အခုခေတ်မှာ ဖြစ်နေတဲ့ပုံစံက၊ ဘယ်သူကိုမှ မရည်ရွယ်ဘူးနော်၊ အဝင်လွယ်တယ် တန်ဖိုးလည်း မထားကြဘူး။ ဝင်လာတဲ့ အချိန်မှာတော့ သိပ်မြန်တယ်။ အဲဒီလူက တန်ဖိုး မထားဘူး။ တန်ဖိုး မထားတော့ ပျောက်သွားတဲ့ အခါကျတော့ ပရိသတ်က မသိလိုက်ဘူး။
နောက်တခုက ကျနော်တို့ လောက ကလည်း ငါးပွက်ရာ ငါးစာချတဲ့ ကိစ္စက တော်တော်လေးကို ဆိုးတဲ့ ကိစ္စ တခု။ တည့်တည့် ပြောကြစတမ်းဆို အခု Miss တွေ ဖြစ်လာတယ်။ အပြင်မှာ သူတို့ဘာသာသူတို့ ဘယ်လို အတွေ့အကြုံ ရှိလဲ မသိဘူး။ ဒီလောကထဲကို ရောက်လာတဲ့ အခါကျတော့ ရောက်အောင်လည်း ခေါ်သွင်းတဲ့သူက ခေါ်သွင်းတယ်။ ပေါ်ပင် ဆွဲသွင်းလာတဲ့အခါ၊ အကုန်လုံးကို မဆိုလိုပါဘူး၊ တချို့သော ကလေးများက ကိုယ့်ထက် ဝါရင့်သော သရုပ်ဆောင်များ၊ စက်အဖွဲ့များကို၊ စက်အဖွဲ့ဆိုတာ မပါလို့ မပြီးတဲ့ သူများပါ။ သရုပ်ဆောင်တွေသာ ကိုယ့်အခန်း မပါရင် ထိုင်နေရမယ်။ စက်အဖွဲ့တော့ တချိန်လုံး မတ်တပ်နဲ့ အလုပ်လုပ် နေရတာပါ။ မြင်နေရ၊ ကြားနေရတာပါ။ စက်အဖွဲ့ကို တချို့ အဲဒီကလေးတွေက အော်လိုက်၊ ငေါက်လိုက်နဲ့။
ဒါပေမယ့် သူကိုယ်တိုင်ရော ဒီနေ့ ဘာဖြစ်နေလဲ ဆိုရင် ဘာမှ မဖြစ်သေးပါဘူး။ ဒါရိုက်တာကို တောင်မှ ပြန်အော်တာတွေ ရှိသေးတယ်။ ဆိုလိုတာကတော့ ရုပ်ရှင်လောက၊ အနုပညာလောကသည် ဘာကြောင့် ယိုယွင်းလာသလဲ ဆိုရင် လေ့လာမှုအားတွေ တအားနည်းလာ တယ်။ ကျနော်က အိုက်တင်ကြီးလုပ်နေတာကို မကြိုက်ဘူး ။ အိုက်တင်ကို ဖြည့်ယူရမှာ။
ကိုယ်တိုင်လည်း ကားတကားရိုက်ရင် ဒီကားမှာ ငါဘာကောင်လဲ ဆိုတာကို လေ့လာတယ်။ အဲလိုလေ့လာမှ ဘာလုပ်သင့် သလဲ၊ ဘာဖြစ်သင့် သလဲ ဆိုတာကို သိလာတယ်။ အခု တချို့သော လွယ်ကူစွာ ဝင်ရောက်လာသော သရုပ်ဆောင် တချို့သည် လုပ်ချင်တာနဲ့ လုပ်သင့်တာကို မခွဲခြားနိုင်ဘူး။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို မခွဲခြား တတ်ဘူး။ ကိုယ်လုပ်ချင်တာကို ဖြစ်ချင်တာကို လုပ်တဲ့ အတွက် သူ့ပုံစံက ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျ မဖြစ်ဘူး။
တောရွာမှာ နေတဲ့ မိန်းကလေးတယောက် ကာရိုက်တာပေမယ့် ဆံပင်က အနီရောင်နဲ့။ ဒါမျိုးတွေ တောရွာမှာ ရှိနေပြီပဲလို့ မပြောနဲ့၊ အဲဒါ ဆင်ခြေ၊ သဘာဝတရားနဲ့ ကိုက်ညီမှု မရှိဘူး။ အင်္ကျီ ထမီက ဝမ်းဆက် ၊ တကယ်တောမှာ နေတဲ့ မိန်းကလေးတွေ၊ တကယ် လယ်လုပ်နေတဲ့ မိန်းကလေးတွေ ဘယ်သူမှ ဝမ်းဆက်ဝတ်ပြီး စပါးမရိတ်ဘူး။
အဲဒါ ကိုယ်လုပ်ချင်ကို လုပ်တာ၊ လုပ်သင့်တာကို မလုပ်တာ၊ ဖြစ်ချင်တာကို လုပ်တာ၊ ဖြစ်သင့်တာကို မလုပ်တာ။ ငါတော့ ဒီလိုလှလှပပလေးပဲ ဝတ်ဦးမှပဲ ဆိုပြီး။ အဲဒီမှာကတည်းက လမ်းကလွဲနေပြီ၊ ဒါကြောင့် ပြောချင်တာက ဇာတ်လမ်းပေါ်မှာ သစ္စာ ရှိကြပါ။ ငါဘာကောင်လဲ ဆိုတာ သိအောင်ကြိုးစားကြပါ။ ကျနော် ကတော့ ကိုယ်ဝါသနာပါ တဲ့ အလုပ်ပေါ်မှာ ကိုယ်အား၊ စိတ်အား ရှိသရွေ့ မသေမချင်း လုပ်သွားမှာပါ။ ဒါ ကျနော့်ရဲ့ အနုပညာပေါ်ထားတဲ့ သဘောထားပါပဲ။ ။