မတ်လ ၁၀ ရက် လက်ပံတန်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများကို ရဲက အင်အားသုံး အကြမ်းဖက်ဖြိုခွဲမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ ဖမ်းဆီးခံ ကျောင်းသားတချို့ လွတ်မြောက်လာသော်လည်း ကျန်သူများ ရာဇဝတ်မှုများဖြင့် တရားစွဲခံနေရပြီး အကျဉ်းထောင်ထဲတွင် ရှိနေသေးသည်။
အရပ်သားအမည်ခံ နေပြည်တော်အစိုးရအနေဖြင့် ဖမ်းဆီးခံများ၏ မိဘဆွေမျိုးများအား တွေ့ဆုံခွင့် မပေးပါ။ ဖမ်းဆီးခံ ကျောင်းသားများကို ရဲက ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်ခဲ့ရာ မည်သူ ဒဏ်ရာ မည်မျှရပြီး မည်သို့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိသည်ကို မည်သူမျှ မသိရပါ။ အစိုးရအနေဖြင့် ထောင်ထဲရှိ ဖမ်းဆီးခံများအရေး မည်သည့်သတင်းအချက်အလက်ကိုမျှ ထုတ်ပြန်ခြင်း မရှိသောကြောင့် စိုးရိမ်ပူပန်မှုများ ကြီးထွားလာနေသည်။ ယင်းသို့ အခြေအနေတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (International Committee for Red Cross – ICRC) ၏ အခန်းကဏ္ဍက အရေးကြီးလာသည်။
ယခင် စစ်အစိုးရလက်ထက် အကျဉ်းထောင်များအတွင်းရှိ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများကို တွေ့ဆုံရန် ICRC က အကြိမ်ကြိမ် တောင်းခံခဲ့ဖူးသည်။ အကြိမ်ကြိမ်လည်း ငြင်းပယ်ခံရဖူးသည်။ ကွယ်လွန်သူ သတင်းစာဆရာကြီး ဦးဝင်းတင်အပါအဝင် နာမည်ကြီး နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် တွေ့ဆုံရန် ထောင်တွင်းသို့ အကန့်အသတ်ဖြင့် ဝင်ရောက်ခွင့်လည်း ရဖူးသည်။
မြန်မာနိုင်ငံ နိုင်ငံရေး ပွင့်လင်းလာမှုနှင့်အတူ နိုင်ငံတကာ အဖွဲ့အစည်းများ သံတမန်များသည် ပြည်တွင်းသို့ ဝင်ရောက်အခြေစိုက်လာကာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ လူမှုကူညီထောက်ပံ့ရေး၊ ပဋိပက္ခအလွန် ပြန်လည်ထူထောင်ရေး ခေါင်းစဉ်များအောက် အလုပ်လုပ်နေကြပြီဖြစ်သည်။ ICRC သည် ၁၉၈၆ ခုနှစ်တွင် စတင်အခြေစိုက်ခဲ့ပြီး အကျဉ်းကျသူများအရေး ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင်မှ အကျဉ်းထောင်များအတွင်း ပြန်လည်ဝင်ရောက်ခွင့်ရခဲ့သည်။
သို့သော် ယခု လတ်တလော ဖမ်းဆီးမှုများကြောင့် တိုးပွားလာနေသော နိုင်ငံရေးအကျဉ်းသားသစ်များနှင့် တွေ့ဆုံရန် ရန်ကုန်ရှိ ICRC အရာရှိများ ဆန္ဒရှိ မရှိကိုမူ မရှင်းလင်းသေးပေ။
ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်တို့ကဲ့သို့ ICRC သည် သူ၏ ဩဇာအရှိန်အဝါကို သုံးပြီး ယခင်ကလို နိုင်ငံရေးအကျဉ်းသားများအရေး ဆောင်ရွက်ရန် ကြေညာချက်မျှပင် ထုတ်ပြန်နိုင်ခြင်း မရှိသေးပါ။
၂၀၁၃ ခုနှစ်အကုန်တွင် နိုင်ငံရေးအကျဉ်းသား လုံးဝ မရှိစေရဟု သမ္မတဦးသိန်းစိန် ကတိကဝတ်သည် စကားလုံးမျှ အဖြစ်သာ ကျန်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (Assistance Association for Political Prisoners) ၏ ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် စာရင်းအရ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၁၁၇ ယောက် ရှိပြီး ၂၁၃ ယောက် တရားရင်ဆိုင်နေကြရသည်။ လက်ပံတန်းအရေးနှင့် သာယာဝတီထောင်ထဲတွင် ဖမ်းဆီးခံထားရသူ ၁၀၂ ယောက်သည်လည်း ထောင်ဒဏ် ၈ နှစ် ကျခံရမည့် စွဲချက်များနှင့် ရင်ဆိုင်နေကြရသည်။
ထောင်ပြင်ပ၌ စိုးရိမ်ပူပန်နေကြသော မိဘဆွေမျိုးများ ၎င်းတို့၏ သားသမီးများ ကျန်းမာရေး ကောင်းမွန်ကြောင်း သေချာစေရန်အလို့ငှာ လူလူချင်းစာနာ ထောက်ထားမှုကို မြန်မာအစိုးရက ယခင်စစ်အစိုးရကဲ့သို့ အာမမခံနိုင်တော့သော လက်ရှိအနေအထားတွင် ICRC အနေဖြင့် ထိုင်မနေသင့်တော့ဘဲ ထုတ်ဖော်ပြောဆိုသင့်နေပြီဖြစ်သည်။ ယခင်စစ်အစိုးရလမ်းစဉ်မှ ခွဲထွက်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လေသံကို တွင်တွင်ကြီး ပြောနေသော နေပြည်တော်အစိုးရအဖို့လည်း လူသားချင်းစာနာတတ်ရေး ရှေးရှုပြီး ICRC နှင့် သက်ဆိုင်ရာမိဘဆွေမျိုးများကို ဖမ်းဆီးခံ ကျောင်းသားများနှင့် တွေ့ဆုံခွင့်ပေးခြင်းဖြင့် လက်ပံတန်းတွင် အကြမ်းဖက်နှိမ်နင်းခြင်းကြောင့် ဖြစ်ခဲ့ရသော နိုင်ငံရေးတင်းမာမှုကို လျှော့ချသင့်ကြောင်း ရေးသားလိုက်ရပေသည်။