ဆေးရုံပေါ်မှာ နောက်ဆုံးအခြေအနေရောက်နေတဲ့ စင်ကာပူ ခေါင်းဆောင်ကြီး လီကွမ်ယု သတင်းတွေ ကြားရတော့ သူ့အကြောင်း ခေါင်းထဲပေါ်လာတယ်။ ရှေးဟောင်း ဂရိအတွေး အခေါ်ပညာရှင် ပလေတိုရဲ့ နာမည်ကျော် သမ္မတ နိုင်ငံတော် ကျမ်းမှာ ဒဿနဆရာ ရှင်ဘုရင် (Philosopher King) ဆိုတာ လီကွမ်ယုလို လူမျိုးဖြစ်မယ်လို့ တွေးမိပါတယ်။
ပလေတိုရဲ့ စိတ်ကူးယဉ်နိုင်ငံတော်မှာ ဒဿနဆရာ ရှင်ဘုရင်က တိုင်းပြည်ကိုအုပ်ချုပ်ရင် အကောင်းဆုံး ဖြစ်မယ်လို့ စိတ်ကူးယဉ်ထားပါတယ်။ ဒဿနဆရာဆိုလို့ အတွေးအခေါ်ရှင် သက်သက်ကိုဆိုလိုတာချည်း မဟုတ်ပါဘူး။ ကိုယ်ကျိုးကို မငဲ့ဘဲ အမှန်တရားနဲ့ တရားမျှတမှု၊ မေတ္တာ၊ ကရုဏာ၊ ဉာဏ်အမြော်အမြင်နဲ့ ပြည့်စုံသူကို ရည်ညွန်းတာပါ။
လီကွမ်ယုဟာ ပလေတို ရည်ညွန်းတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသူဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ်မှာ သူ ဝန်ကြီးချုပ်ဖြစ်လာတဲ့အခါ စင်ကာပူဟာ ခြင်ပေါတဲ့ နွံတောကြီး အဆင့်ပဲ ရှိပါတယ်။ လူတွေဟာ လယ်တောအိမ်မှာ ဝက်တွေ၊ ကြက်တွေနဲ့ ဖြစ်သလို နေထိုင်နေတုန်းပဲ ရှိပါတယ်။ သဘာဝသယံဇာတ မရှိတဲ့ တိုင်းပြည်၊ အခြေခံ အဆောက်အဦ ဘာမှ မတည်ဆောက်ရသေးတဲ့ တိုင်းပြည်၊ ပညာရေး စနစ် အားမကောင်းတဲ့ တိုင်းပြည် ဖြစ်ပါတယ်။
မြို့တမြို့စာ နိုင်ငံလေး ဖြစ်လို့ တခြား ဖွံ့ဖြိုးဆဲ နိုင်ငံတွေ လမ်းကြောင်းကို လိုက်လို့ မဖြစ်၊ တခြား စက်မှုနိုင်ငံတွေကို အတုယူအောင်ကလည်း သူတို့လို စက်မှုကုန်ကြမ်းလည်း မရှိ၊ ပြည်တွင်း ဈေးကွက်ကလည်း သေးငယ်။ စက်မှုလက်မှု ကျွမ်းကျင်မှုလည်း မရှိ။ ဘယ်က စကိုင်ရမယ်မှန်း မသိအောင် ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ် လီက ပြည်သူတွေဟာ တိုင်းပြည်အတွက် အကောင်းဆုံး သယံဇာတတွေ ဆိုတာကို နားလည်ခဲ့တယ်။ အပြောင်းအလဲကို အားသန်နေကြတဲ့ ပြည်သူလူထုကို ယုံကြည်တယ်။
၁၉၆၁ ခုနှစ်မှာ စင်ကာပူ အစိုးရရဲ့ ရည်မှန်းချက်က လူတိုင်းအလုပ်အကိုင်ရရှိရေး ဖြစ်ပါတယ်။ ပညာလည်း ဟုတ်ဟုတ်ငြားငြား မရှိသေးလို့ အခြေခံကျကျက စက်ရုံအလုပ်ရုံတွေမှာ ဈေးပေါတဲ့ အလုပ်သမားတွေ ဖြစ်ဖို့ပါပဲ။ ဒီကြားထဲမှာ မလေးရှားက စွန့်ပစ်လိုက်တဲ့ နိုင်ငံသစ်မှာ အင်္ဂလိပ်တွေကလည်း ရေတပ်စခန်းတွေကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကျိုးဆက်က စင်ကာပူ စီးပွားရေးမှာ လေးပုံတပုံလောက် ကျသွားခဲ့ပါတယ်။
၁၉၆၅ လောက်ကျတော့မှ စင်ကာပူ စီးပွားရေး နလံထစပြုလာပါတယ်။ အဲဒီအချိန်လောက်မှာပဲ စင်ကာပူနဲ့ အပြိုင် မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကလည်း ဈေးပေါတဲ့လုပ်သားတွေနဲ့ ဆွဲဆောင်လာတယ်။ အဲဒီအချိန်က စင်ကာပူမှာ အမေရိကန်၊ ဂျပန်၊ ဥရောပကတို့က စက်ရုံ အလုပ်ရုံတွေ ရှိနေကြပါတယ်။ ဈေးပေါတဲ့လုပ်သားတွေ အိမ်နီးချင်းတွေက အပြိုင်ဆွယ်လာတဲ့အခါ စင်ကာပူက နောက်တဆင့်ကို တက်လှမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ လုပ်အားကဲတဲ့ စက်ရုံ အလုပ်ရုံတွေကနေ အရင်းအနှီးကဲပြီး နည်းပညာအဆင့်မြင့်တဲ့ လုပ်ငန်းတွေ၊ တန်ဖိုးမြှင့် ဝန်ဆောင်မှုတွေ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
၁၉၈၀ ပြည်လွန်နှစ်တွေ အရောက်မှာတော့ စင်ကာပူဟာ နိုင်ငံတကာစီးပွားရေးလောကမှာ ဖန်တီးသူ ဖြစ်လာတယ်။ နိုင်ငံတကာ ကုမ္ပဏီကြီးတွေဟာ ကျွမ်းကျင်လုပ်သားတွေရှိရာ၊ လာဘ်ပေး လာဘ်ယူကင်းရာ အလုပ်လုပ်ရတာ တွင်ကျယ်တဲ့ စင်ကာပူမှာ ဌာနချုပ်တွေ၊ သုတေသန ဌာနတွေကို ပြောင်းရွှေ့လာကြတယ်။ ဒါပေမယ့် စင်ကာပူက ဒီအဆင့်လောက်နဲ့ မရပ်ဘဲ နောက်တဆင့်ကို ရည်မှန်းပြန်ပါတယ်၊ ပညာအခြေခံတဲ့ စီးပွားရေး (Knowledge Economy) အဆင့်ကို တက်လှမ်းဖို့ ကြိုးစားပါတယ်။ ဒီနေ့ စင်ကာပူဟာ ကွန်ပြူတာ Hardware အဓိက တင်ပို့တဲ့ နိုင်ငံ၊ ကမ္ဘာက အားထားရတဲ့ ဇီဝနည်းပညာရဲ့ ဗဟိုချက်ဖြစ်နေပါပြီ။
စင်ကာပူ အမျိုးသားတက္ကသိုလ် လူထုရေးရာမူဝါဒ လီကွမ်ယုကျောင်းက အာရှ ထိပ်တန်း တွေးခေါ်ပညာရှင် ပါမောက္ခ Kishore Mahbubani က စင်ကာပူ အောင်မြင်ရခြင်း အကြောင်း ၇ ချက်ရှိတယ်လို့ ဆိုတယ်။ အဲဒါတွေကတော့ (၁) ဈေးကွက်စီးပွားရေး (၂) သိပ္ပံနှင့် နည်းပညာ၊ (၃) လူတော်လူကောင်းကို နေရာပေးခြင်း (၄) လက်တွေ့ကျခြင်း (၅) ငြိမ်းချမ်းရေး ယဉ်ကျေးမှု၊ (၆) တရားဥပဒေ စိုးမိုးမှု (၇) ပညာရေး တို့ ဖြစ်ပါတယ်။
တကယ်က လီကွမ်ယုဟာ သူ ဝန်ကြီးချုပ် ဖြစ်လာတဲ့ အချိန်ကစလို့ စင်ကာပူမှာ ပညာရေးစနစ်ကို အားသွန်ခွန်စိုက် အားထုတ်ခဲ့ပါတယ်။ တိုင်းပြည် ဆင်းရဲတွင်းကနေ ကင်းလွတ်ဖို့ ဆိုရင် ပြည်သူတွေ ပညာတတ်မှ ဖြစ်မယ်လို့ သူက နားလည်ခဲ့တယ်။ “တိုင်းပြည်ရဲ့ ကံကြမ္မာဆိုတာ တိုင်းသူပြည်သားတွေရဲ့ အရည်အချင်းအပေါ် မူတည်တယ်။ လူတွေကို ဘယ်လို ရွေးချယ်မလဲ၊ ဘယ်လိုလေ့ကျင့်မလဲ၊ ဘယ်လို စုဖွဲ့မလဲ၊ ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့အပေါ်မှာ မတူတဲ့ ရလဒ်တွေ ပေါ်ထွက်လာတာပါပဲ” လို့ လီကွမ်ယု ပြောခဲ့ဖူးတယ်။
တိုင်းပြည်အနာဂတ်ကို တည်ဆောက်တဲ့အခါမှာ ဖွံ့ဖြိုးရေး အခြေခံ အချက်သုံးချက်ဟာ အရေးကြီးတယ်လို့ လီကွမ်ယုက မြင်တယ်။ (၁) ကမ္ဘာကြီးနဲ့ အပြန်အလှန်ဆက်သွယ်၊ (၂) ပညာရေးကို မြှင့်တင် (အထူးသဖြင့် အင်္ဂလိပ်ဘာသာ)၊ (၃) သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်၊ ဒီအချက် သုံးချက်ပါပဲ။ တကယ်လည်း ၁၉၇၀ ပြည့်လွန် နှစ်တွေမှာ သူ့ အယူအဆရဲ့ အသီးအပွင့်တွေကို စတင် မြင်လိုက်ရပါတယ်။
၁၉၆၅ ခုနှစ်လောက်က စင်ကာပူရဲ့ တဦးချင်း ဂျီဒီပီဟာ ဒေါ်လာ ၅၀၀ ပဲ ရှိခဲ့ရာက ဒီနေ့ ၆၅၀၀၀ ဖြစ်လို့ အဆပေါင်း ၁၀၀ ကျော် တိုးတက်သွားပြီဖြစ်ပါတယ်။ စီးပွားရေး တိုးတက်မှုတခုတည်းကို တဖက်စောင်းနင်းလည်း မဟုတ်ပါဘူး။ ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးကို ထည့်သွင်းစဉ်းစားတွက်ချက်တဲ့ ကုလသမဂ္ဂ လူသားဖွံ့ဖြိုးရေး အညွန်းကိန်းမှာ စင်ကာပူဟာ ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းမှာ ပါဝင်ပါတယ်၊ အာရှမှာ ဒီလို ထိပ်ဆုံးက ပါဝင်တာ စင်ကာပူ တနိုင်ငံပဲ ရှိပါတယ်။
ဒီနေ့ စင်ကာပူု ပညာရေးဟာလည်း တကမ္ဘာလုံးက လေးစားရတဲ့ အဆင့်မှာ ရှိပါတယ်။ စင်ကာပူ ကလေးတွေ သင်နေတဲ့ သချၤာသင်ရိုးကို ကယ်လီဖိုးနီးယား၊ တောင်အာဖရိက၊ နယ်သာလန်တို့က ကျောင်းသားတွေလည်း သင်နေကြတယ်။ စင်ကာပူမှာ ရှိတဲ့ နေရှင်နယ် ယူနီဗာစတီဟာ အာရှမှာ ထိပ်ဆုံး တက္ကသိုလ် ဖြစ်ပါတယ်။
စင်ကာပူဟာ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ လမ်းဆုံလမ်းခွမှာ ရှိနေတာ ဘုရားပေးတဲ့ ဆုလာဘ် ကောင်းခြင်း မင်္ဂလာပါပဲ။ အိန္ဒိယ သမုဒ္ဒရာနဲ့ ပစိဖိတ် သမုဒ္ဒရာတို့ ဆုံတဲ့ နေရာမှာ ရှိပါတယ်၊ ဂျပန်၊ တရုတ်၊ ကိုရီးယားတို့က ကုန်သင်္ဘောတွေဟာ စင်ကာပူကို ဖြတ်သန်းရပါတယ်။ အရှေ့အလယ်ပိုင်းက ရေနံတွေ သယ်လာတဲ့ သင်္ဘောတွေကလည်း ဂျပန်နဲ့ တရုတ်ကို မသွားခင် စင်ကာပူမှာ ခရီးတထောက်နားရပါတယ်။ စင်ကာပူ ဆိပ်ကမ်းမှာ ကပ်ပြီး ရေနံချက်စက်ရုံတွေကို ပို့ရပါတယ်။
ဒါပေမယ့် စင်ကာပူရဲ့ ဖွံ့ဖြိုးမှုကို တည်နေရာတခုတည်းကြောင့်လို ပြောရင် မေးစရာ မေးခွန်းတွေ အများကြီးထွက်ပေါ်လာပါလိမ့်မယ်။ စင်ကာပူဟာ အာရှ ပါဝါကြီးတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကနေ ၆ နာရီ ဝန်းကျင် ခရီးမှာ ရှိတာကို တနေ့မှာ အာရှရဲ့ မြို့တော် ဖြစ်လာဖို့ အားကောင်းချက်ဖြစ်တယ်လို့ ပါမောက္ခ Kishore Mahbubani ခန့်မှန်းတယ်ဆိုရင် ပထဝီ အိန္ဒိယနဲ့ တရုတ်ကြားမှာ ကုန်းမြေချင်း ဆက်နေတဲ့ မြန်မာပြည်ကရော အာရှရဲ့ မြို့တော်ဖြစ်သင့်တာပဲ မဟုတ်ဘူးလား။ တကယ်တော့ တည်နေရာထက် နိုင်ငံရေး စနစ်တွေကသာ အဓိက ကျတာပါ၊
မြန်မာပြည်ဟာ စင်ကာပူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သယံဇာတ အများကြီး ရှိပါတယ်။ အင်္ဂလိပ်တွေ နောက်ချန်ထားခဲ့တဲ့ ပညာရေးစနစ်နဲ့ပတ်သက်လို့ မြန်မာတွေဟာ စင်ကာပူထက် တောင် သာခဲ့ပါသေးတယ်။ စင်ကာပူက ထိပ်ဆုံးရောက်သွားပြီး မြန်မာပြည်က နောက်ကောက် ကျန်ခဲ့တာဟာ ကျနော့်တဦးတည်းအမြင် နိုင်ငံရေးခေါင်းဆောင်မှု ကွာခြားလွန်းတာနဲ့သာ ဆိုင်ပါတယ်။
မြန်မာဗိုလ်ချုပ်တွေဟာ လီယွမ်ယု ကိုယ်တိုင်က အံ့သြ အပြစ်ဖို့ရတဲ့ အထိ “ထုံထိုင်း” “ ဆွံ့အ” ကြပါတယ်။ လီကွမ်ယုက “ ဒီလောက် သဘာဝသယံဇာတတွေ ပေါတဲ့ တိုင်းပြည်ကို အခုလောက် စီးပွားရေး ချွတ်ခြုံကျသွားအောင် ဘယ်လိုများ တလွဲလုပ်လိုက်ကြလဲ မပြောတတ်ပါဘူး” လို့ ပြောဖူးပါတယ်။ သောက်စရာ ရေတောင် လုံလောက်အောင် မရှိတဲ့ စင်ကာပူကို လက်ဗလာနဲ့ ထူထောင်ခဲ့ရတဲ့ လီကွမ်ယုက မြန်မာဗိုလ်ချုပ်တွေကို ဒီလို ပြောတာ သဘာ၀ ကျပါတယ်။
လီကွမ်ယုက ကမ္ဘာကြီးနဲ့ ချိတ်ဆက်တယ်။ ပညာရေးကို မြှင့်တင်တယ်။ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်အောင် တည်ဆောက်တယ်။ မြန်မာဗိုလ်ချုပ်တွေက ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်တောက်တယ်။ ပညာရေးစနစ်ကို ဖျက်ဆီးပစ်ခဲ့တယ်။ လူ့အဖွဲ့အစည်း အတွင်းမှာ လူမျိုးရေး ဘာသာရေး အစိတ်အမွှာမွှာ ဖြစ်အောင် ဖန်တီးခဲ့ကြတယ်။
လီကွမ်ယုက ဈေးကွက်စီးပွားရေးကို ပွေ့ဖက်တယ်။ မြန်မာဗိုလ်ချုပ်တွေက ခရိုနီ စီးပွားရေးကို ဖန်တီးတယ်။ လီကွမ်ယုက လူတော်လူကောင်းကို နေရာပေးတယ်။ တိုင်းပြည်မှာ လာဘ်ပေးလာဘ်ယူကင်းအောင်၊ တရားဥပဒေ စိုးမိုးမှုရှိအောင် လုပ်ခဲ့လို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်း ဝင်ရောက် မြှုပ်နှံခဲ့ကြတယ်။ ဒါပေမယ့် မြန်မာဗိုလ်ချုပ်တွေဟာ တမင်ရည်ရွယ်သလားထင်ရအောင်ကို ဆန့်ကျင်ဘက်တွေ အကုန်လုပ်ခဲ့ကြတယ်။
လီကွမ်ယုဟာ စင်ကာပူကို အနှစ် ၃၀ အုပ်ချုပ်ခဲ့ပါတယ်။ ဒီမိုကရေစီ စံနှုန်းနဲ့ တိုင်းတာရင် အပြစ်ပြော စရာတွေ ရှိပေမယ့် ကင်းဘရစ်တက္ကသိုလ်က ဥပဒေပညာနဲ့ ဘွဲ့ရခဲ့တဲ့ လီကွမ်ယုကို “အကြင်နာရှိပြီး ဉာဏ်ရည်မြင့်တဲ့” အာဏာရှင်အဖြစ် နိုင်ငံရေး သိပ္ပံပညာရှင်တွေက သတ်မှတ်ကြပါတယ်။ သူ့ အစိုးရဟာ ပြည်သူတွေရဲ့ အကျိုးကို ဦးစားပေးတာ၊ တရားဥပဒေ စိုးမိုးရေးကို လေးစားတာတွေ၊ လာဘ်ပေးလာဘ်ယူကင်းတာတွေဟာ တခြား အာဏာရှင် နိုင်ငံတွေနဲ့ မိုးနဲ့ မြေလို ကွာခြားပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီး မင်္ဂလာဆောင်ကို ယူကျုမှာ ကြည့်ရတဲ့ လီကွမ်ယုက စိန်တွေ “ခရစ္စမတ် သစ်ပင်ကြီးကျနေတာပဲ” လို့ ဝေဖန်ခဲ့တယ်။ ဒီလို လုပ်နေရင် မြန်မာဗိုလ်ချုပ်တွေ သက်ဆိုး မရှည်နိုင်ဘူး။ ဆင်းရဲမွဲတေနေတဲ့ ပြည်သူတွေရဲ့ ဒေါသကို ဆွပေးသလို ဖြစ်မယ်လို့ ပြောခဲ့တယ်။ မြန်မာဗိုလ်ချုပ်တွေကိုလည်း အင်ဒိုနီးရှားက ဆူဟာတို ခေတ် ဂိုကာ ပါတီကို နမူနာ ယူဖို့ တိုက်တွန်းခဲ့တယ်။
မြန်မာနိုင်ငံရေးကို အဖြေရှာတဲ့နေရာမှာ မြန်မာ့တပ်မတော်ဟာ မပါရင် မဖြစ်ဘူးလို့ လီကွမ်ယုက ယူဆတယ်။ တပ်မတော်မရှိရင် တိုင်းပြည် ပြိုကွဲလိမ့်မယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒီအချက်ကို ဘယ်သူမှ အငြင်းမပွားကြပါဘူး။ ဒီလိုတော့ ရှိပါတယ်။ ၁၃ ရာစု တူရကီ ကဗျာဆရာ ယူဆွဖ်ကလည်း ဒီလို အဓိပ္ပါယ်ပါတဲ့ ကဗျာကို စပ်ဆိုဖူးပါတယ်။
“နိုင်ငံတခုတည်ရှိဖို့ စစ်သည်အင်အား မြင်းသည် အင်အား တောင့်တင်းဖို့ လိုတယ်၊ မြင်းသည် စစ်သည် အင်အားတောင့်တင်းဖို့ ငွေအသပြာ ပြည့်စုံရမယ်။ ငွေအသပြာ ပြည်စုံဖို့ ပြည်သူတွေ ချမ်းသာဖို့ လိုတယ်။ ပြည်သူတွေ ချမ်းသာဖို့ ဥပဒေတွေ မျှတဖို့ လိုတယ်။ ဒီထဲက တချက်မရှိရင် ကျန်တာလည်း မရှိနိုင်၊ လေးချက်စလုံး မရှိတဲ့ တိုင်းပြည်ဟာ ပြိုကွဲလိမ့်မယ်” တဲ့။
မြန်မာပညာရှိ အမတ်ကြီး လက်ဝဲသုန္ဒရကလည်း “စစ်နည်းဗျူဟာ ဘယ်လိုသာလည်း စွဲကိုင်လက်နက် ဘယ်လိုထက်လည်း။ ပြည်သူ့နှလုံး မသိမ်းကြုံးလျှင် ပြည်သူ့ခွန်အား မကိုးစားလျှင် ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ့” လို့ စပ်ဆိုခဲ့ဖူးပါတယ်။
စစ်အစိုးရ တခေတ်လုံး ဝါဒဖြန့်ခဲ့တဲ့ “တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမယ်” “ တပ်မတော် သာအမိ တပ်မတော်သာအဖ” ဆိုတဲ့ ဒဿနနဲ့ပြောင်းပြန်ပါ။
အခုအချိန်မှာ အရပ်ဝတ်လဲထားပေမယ့် မြန်မာဗိုလ်ချုပ်တွေနဲ့ သူတို့ နောက်လိုက်တွေဟာ မှားယွင်းတဲ့ အတွေးအခေါ်ကို ယုံကြည်နေကြတုန်းပါပဲ။ ပါးစပ်က မိဘပြည်သူတွေလို ဘယ်လောက်ပဲ ပြောပြော၊ စင်ကာပူလို ဖြစ်အောင်လုပ်မယ်လို့ ဘယ်လောက်ပဲ လေလုံးထွားထွား မြန်မာဗိုလ်ချုပ်တွေဟာ စင်ကာပူ ခေါင်းဆောင်ကြီး လီကွမ်ယုလို လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့ ဒဿနဆရာ ရှင်ဘုရင် မဟုတ်ဘဲ ဒဿနချွတ်ခြုံကျနေသူတွေ ဖြစ်ဆဲပါ။
ဒါပေမယ့် သူတို့ အတွက်လည်း လူ့အဖွဲ့အစည်းမှာ သင့်တော်၊ ဂုဏ်သိက္ခာရှိတဲ့ နေရာ ရှိပါတယ်။ သမ္မတ နိုင်ငံတော် ကျမ်းမှာ ပလေတိုက “ဖီလော်ဆိုဖာက တိုင်းပြည်ကို အုပ်ချုပ်၊ သတ္တိ ဗျတ္တိနဲ့ တိုက်ချင်ခိုက်ချင်စိတ် ရှိသူက စစ်တပ်ထဲကိုသွား၊ စည်းစိမ်ဥစ္စာနဲ့ လောဘ ကာမဂုဏ်မှာ ခုံမင်သူကတော့ ကုန်သည် လယ်လုပ် အလုပ်တွေနဲ့ စီးပွားရှာ”သင့်တယ်လို့ လမ်းညွန်ထားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာလဲ ဘယ်သူလဲ သဘောပေါက်ပြီး လူမှန်နေရာမှန် ပေးတတ်ဖို့သာ လိုတာပါ။
(ညီစောလွင်သည် မြန်မာ့ရေးရာနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)