ကျောင်းသား သပိတ်တိုက်ပွဲ အကြမ်းဖက်ဖြိုခွင်းခံရပြီး ဒီမိုကရေစီအခြေခံ အမျိုးသားပညာရေးဥပဒေ ပြဌာန်းရေး လွှတ်တော်မှာ ဆွေးနွေးတယ်ဆိုပေမယ့် ရှေ့မတိုးသာ၊ နောက်မဆုတ်သာနဲ့ အစိုးရကလည်း တင်းမာ၊ ကျောင်းသားထုကလည်း ဇွဲမလျှော့ အခြေအနေ အရပ်ရပ်ကနေ လိပ်ခဲတန်းလန်းဖြစ်နေခဲ့တာ အားလုံးအသိပါ။ ကျောင်းသားများက အမျိုးသားပညာရေး ဥပဒေမှာ ပြင်ဆင်ပေးဖို့အတွက် အချက် (၁၁) ချက်တောင်းဆိုခဲ့ပြီး အဲ့ဒီအချက်တွေ အားလုံးဟာ ဒီမိုကရေစီစနစ်အတွက် အထောက်အကူပြုနိုင်တဲ့ အချက်တွေဆိုတာ သတိထားမိပါတယ်။ ဒါ့အပြင် ကျောင်းသားကိုယ်စားလှယ်များနဲ့ NNER က အဆိုပြုတင်ပြလာတဲ့ ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းမှာ တချို့သော စကားလုံးများဟာ တဖက်သက်ဆန်တာတွေ ရှိသော်လည်း လွှတ်တော်အတွင်းက ဥပဒေပြုပညာရှင်များက ညှိနှိုင်းပြုပြင်ရေးဆွဲခဲ့မယ်ဆိုရင် ဒီမိုကရေစီပညာရေးအတွက် အဆင်ပြေစေမယ့် ပညာရေးဥပဒေဖြစ်လာမှာ မလွဲပါဘူး။
အခြေခံကျောင်းသားများရဲ့ စာမေးပွဲအကြောင်းပြ၊ သပိတ်ပြိုကွဲအောင်နည်းမျိုးစုံအသုံးပြု၊ ကျောင်းသားထုကို မိဘပြည်သူများ အထင်သေးအမြင်သေးအောင် သွေးထိုး၊ ကျောင်းသားတွေရဲ့ တောင်းဆိုချက် (၁၁) ချက်ကို ဆွေးနွေးစဉ်အချိန်က သပိတ်စစ်ကြောင်း အင်အားလျှော့သွားအောင် အစိုးရပိုင်းက ပြုပြင်ပြောင်းလဲရေးကို လိုလားပုံပေါက်အောင် လိုက်လျှောမယ်လို့ ကတိလွယ်လွယ်ပေး၊ နောက်တော့ ဘာသာစကားသင်ကြားရေးနဲ့ ပတ်သက်လို့ မြန်မာပြည်သူအများ စပ်စပ်ထိမခံနိုင်တဲ့ မွတ်ဆလင်အများစု အသုံးပြုနေတဲ့ အာရဗီဘာသာစကားနဲ့ လမ်းကြောင်းလွဲ၊ ကွန်မြူနစ်တွေက ကြိုးကိုင်နေတာ ဆိုပြီး ပညာရေးဝန်ကြီးက ဌာနတွင်း စာဖြန့်၊ နောက် အစိုးရတာဝန်မဟုတ် လွှတ်တော်အလုပ်ဆိုပြီး ခေါင်းရှောင် ဒါတွေအားလုံးဟာ ဒီမိုကရေစီစနစ်ကို ပုံဖော်နေပါတယ် ဆိုတဲ့ လက်ရှိအစိုးရတဲ့ စေတနာမမှန်တဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။ ဒါကို သိနေတဲ့ သပိတ်မှောက် ကျောင်းသားများက မလျှော့သောဇွဲနဲ့ ရှေ့ဆက်တိုးတဲ့အခါမှာတော့ နိုင်ငံတကာမှာ အရှက်ရဖွယ်ကိစ္စတွေကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးစကား တွင်တွင်ပြောတဲ့ အစိုးရက ပြောင်ပြောင်တင်းတင်းပဲ လုပ်ကိုင်ခဲ့တာ အားလုံးအသိပါ။
ဥပဒေပြုရေးဆိုတာ လွှတ်တော်ရဲ့ အဓိက အရေးကြီးဆုံးသော လုပ်ငန်းတာဝန်ပါ။ ပညာရေးဥပဒေကို ရေးဆွဲသူတွေထဲမှာ ကျောင်းသားထုကိုယ်စားလှယ်၊ ဆရာ ဆရာမများရဲ့ ကိုယ်စားလှယ်များအစား ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို အာဏာရှင်ဆန်ဆန်ပြုမူဆက်ဆံခဲ့ကြသူတွေ အများကြီးပါပါတယ်။ ပညာရေးဥပဒေ မူကြမ်းကို ဆရာ၊ ဆရာမများကို ရှင်းလင်းချိန်တုန်းကလည်း ကောင်းကွက်တကွက်၊ နှစ်ကွက်ကို ဆွဲထုတ်ပြီး အာဝဇွန်းရွှင်ရွှင်ပြောဆိုခဲ့ခြင်းပါ။ ထိုစဉ်က ကန့်ကွက်စကားဆိုခဲ့တဲ့ ဆရာ၊ ဆရာမတချို့ကို အဲ့ဒီအစည်းဝေးခန်းမထဲမှာပင် ဘာနားလည်လို့လဲဆိုပြီး ငေါက်ငမ်းခဲ့သလို သက်ဆိုင်ရာ ပါမောက္ခ (ဌာနမှုး)များကို ကိုယ့်ဝန်ထမ်းကိုယ် မဆုံးမကောင်းလားဆိုပြီး အထက်အမိန့်ဆန်ဆန်ပြုမှုခဲ့တာတွေ ဒုနဲ့ဒေးပါ။ ဒီအကြောင်းအရာတွေအားလုံးကို တက္ကသိုလ်၊ ကောလိပ်က ဆရာ၊ ဆရာမတိုင်းနီးပါး အားလုံးသိကြပါတယ်။
ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားများနဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ အစိုးရ၊ လွှတ်တော်၊ NNER၊ အပြင် ပြင်ပ ပညာရှင်အဖြစ် ဒေါက်တာအောင်ထွန်းသက်ပါ တက်ရောက်ပြီး ဆွေးနွေးပွဲအောင်မြင်ခဲ့တာ ရုပ်မြင်သတင်းများ၊ မီဒီယာအသီးသီးရဲ့ စာမျက်နှာများမှာ တွေ့မြင်ခဲ့ရပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။ ဥပဒေကြမ်းမှာ ပြင်ဆင်မယ့် အချက်တွေကို နိုင်ငံပိုင်စာမျက်နှာများထက်မှာ တွေ့ရတော့ ဝမ်းမြောက်မိသလို သပိတ်မှောက်ကျောင်းသား၊ ကျောင်းသူတို့ ကိုယ်စားကျေနပ် ပိတိဖြစ်ရပါတယ်။ အထက်မှာ ဖော်ပြခဲ့သလို တချို့သော စကားလုံးသုံးစွဲမှုများကိုလွှတ်တော်တွင် ဆွေးနွေး ပြုပြင်လိုက်ပါက ဒီမိုကရေစီပညာရေး အထောက်အကူပြု ဥပဒေတရပ်ဖြစ်လာမယ်လို့ ယုံကြည်မျှော်လင့်ခဲ့မိပါတယ်။
သပိတ်မှောက်ကျောင်းသားများနဲ့ ဆွေးနွေးစဉ်ကာလမှာ တောင်းဆိုချက် (၁၁) ချက်ကို လိုက်လျှောပေးမယ်ဆိုပြီး သဘောတူလက်မှတ်ရေးထိုးခဲ့စဉ်က အစိုးရနှင့် လွှတ်တော်မှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ပေမယ့် ပြန်လည်ပြင်ဆင်ဖို့ ဥပဒေကြမ်းရေးဆွဲစဉ်မှာ NNER မှ ရေးဆွဲတဲ့ မူကြမ်းဖြစ်ပါတယ်လို့ ပုတ်ခတ်လာခဲ့ပါတယ်။ ဒါ့အပြင် အွန်လိုင်းမီဒီယာများတွင် ဘာသာရေးကို ဆွဲထည့်တဲ့ ဝါဒဖြန့်စကားများပျံ့နှံလာသလို၊ တက္ကသိုလ် ကောလိပ်တချို့မှာ တန်ပြန်ဆန္ဒပြပွဲများ၊ ရေးဆွဲပြီး ပညာရေးဥပဒေကို ထောက်ခံကြောင်း ပါမောက္ခချုပ် ဖိအားပေး လက်မှတ်ရေးထိုးခိုင်းမှုများ ဖြစ်ပေါ်လာတဲ့အခါမှာတော့ ဒါဟာ အစိုးရရဲ့ စေတနာမမှန်တဲ့ ပြုပြင်ပြောင်းလဲမှုလို့ နားလည်လာမိပါတယ်။
ဥပဒေတရပ် အတည်ပြုရေးအတွက် အချိန်ယူရတာ ဓမ္မတာဆိုတာ နားလည် သဘောပေါက်ပါတယ်။ ဒါပေမယ့် ဘာသာရေးကို ဆွဲထည့်တာတွေ၊ အထက်အမိန့်ဆိုပြီး အာဏာပြတာတွေ၊ တာဝန်ဆိုတဲ့ လက်ပတ်တခုကို ပတ်ထားတဲ့ လူမိုက်တွေကို ရိုက်ခိုင်းတာတွေ ကိုတော့ လုံးဝကန့်ကွက်ပါတယ်။ နောက်ဆုံး သပိတ်စစ်ကြောင်းကို ဆက်လက်ချီတက်ရန် သဘောတူ ခွင့်ပြုသလိုလုပ်ပြီးမှ အလံမထောင်ရ၊ ခေါင်းစီးမစီးရ၊ ကြွေးကြော်သံမအော်ရ စတဲ့ ညစ်နည်းမျိုးစုံသုံးပြီး သပိတ်ကို တားဆီးပိတ်ပင် သပိတ်စစ်ကြောင်းများက ကျောင်းသားများကို သွေးဆူအောင်ဆွ၊ ကျောင်းသားတွေက တားဆီးပိတ်ပင်ထားတာတွေကို ဖေါက်ထွက်တော့ အကြမ်းဖက်မှုလို့ ခေါင်းစဉ်တပ်ပြီး အင်အားသုံးနှိမ်နင်း၊ ဒါတွေဟာ ဒီမိုကရေစီအစိုးရက ဥပဒေအရဖြေရှင်းပါတယ်လို့ ပြောဆိုခြင်းဟာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။
အစိုးရပိုင်းအနေနဲ့ ကျောင်းသားကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တဲ့ လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမှု ရလာဒ်များနဲ့ ကတိပေးခဲ့မှုများကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှုတို့နဲ့ လေးစားဖို့လိုအပ်သလို ကျောင်းသားထုအနေနဲ့လည်း ဥပဒေရေးဆွဲမှုအတွက် အချိန်အတိုင်းအတာ တခုအထိ အချိန်ယူရမှုကို နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ လွှတ်တော်အနေနဲ့လည်း ဥပဒေပြုရေးဆွဲဖို့အတွက် ကြားနာပွဲဆိုတဲ့ ဟန်လုံးထုတ်မှုတွေကို လျှော့ချပြီး ကျောင်းသားထုက လိုလားချက်များပါဝင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပဲ ဆွေးနွေးအဖြေရှာပြီး အချိန်အတိုင်းအတာ တခုအတွင်းမှာ ပြန်လည်ပြင်ဆင်ပေးဖို့ အရေးကြီးပါတယ်။ ဒီကြားထဲ အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး သပိတ်မှာ ပါဝင်သူတွေကို မဖမ်းပါဘူးလို့ ပေးခဲ့တဲ့ ကတိကို တည်အောင် အစိုးရအနေနဲ့လည်း ဖမ်းဆီးထားသူတွေကို အမြန်ဆုံး လွှတ်ပေးဖို့ လိုပါတယ်။ အပြင်မှာ ဆက်လက်လှုပ်ရှားသူတွေကို လိုက်ဖမ်းနေတာတွေကိုလည်း ရပ်တန်းက ရပ်ပစ်ဖို့ လိုပါတယ်။
ကျောင်းသားလူငယ်များ တောင်းဆိုနေတာက လွတ်လပ်စွာ ပညာသင်ကြားခွင့် ရပိုင်ရေးပါ။ နိုင်ငံရေးလုပ်ပိုင်ခွင့်တွေကို တောင်းဆိုနေတာ မဟုတ်ပါဘူး။ ကျောင်းသားလူငယ်များ တောင်းဆိုနေတာက ဂုဏ်သိက္ခာရှိတဲ့ ပညာရေးစနစ်တစ်ခုကို ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုနေတာပါ။ အစိုးရတာဝန်ရှိသူတွေ တာဝန်မှ နှုတ်ထွက်ပေးဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ကျောင်းသားလူငယ် တောင်းဆိုနေတာက ဒီမိုကရေစီ စနစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်လာမဲ့ ပညာရေးအခြေခံကောင်းတစ်ခုကို တောင်းဆိုနေခြင်း ဖြစ်ပါတယ်။
အဲ့ဒီလိုတောင်းဆိုတဲ့အခါမှာ ကျောင်းသားလူငယ်များအားလုံးဟာ မိမိတို့ရဲ့ စာသင်ခန်းတွေကို ကျောခိုင်းခဲ့သူတွေပါ။ မိမိတို့ရဲ့ မိသားစုဆွေမျိုးအသိုင်းအဝိုင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို မျက်ကွယ်ပြုခဲ့သူတွေပါ။ ဖမ်းဆီးခံရမယ်၊ ရိုက်နှက်ခံရမယ်၊ နည်းမျိုးစုံနဲ့ စော်ကားခံရမယ်ဆိုတာ သိသိကြီးနဲ့ ဆင်းရဲဒုက္ခခံခဲ့ကြသူတွေပါ။ သူတို့တောင်းဆိုတဲ့ ဥပဒေဟာ နောက် (၅) နှစ်ကြာမှ အတည်ဖြစ်မယ်၊ အဲ့ဒီဥပဒေရဲ့ အသီးအပွင့်တွေကို သူတို့ကိုယ်တိုင် ခံစားချင်မှ ခံစားရမယ်ဆိုတာ သိသိကြီးနဲ့ အနစ်နာခံပြီး တောင်းဆိုခဲ့ကြသူတွေပါ။ သူတို့ရဲ့ အနစ်နာခံမှုတွေကို အစိုးရပိုင်နဲ့ ဥပဒေပြုရေး လွှတ်တော်အနေနဲ့ အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်။
ဒီမိုကရေစီစနစ်ကို ပုံဖော်နေပါတယ်လို့ ကြွေးကြော်နေတဲ့ စစ်အာဏာရှင်ဘဝမှ ပုံစံပြောင်းလာတဲ့ ဒီမိုကရေစီ အရပ်သားအစိုးရအနေနဲ့လည်း ဒီမိုကရေစီဆိုတာ ဝါဒတခုမဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ စနစ်တစ်ခုပါ။ နိုင်ငံတစ်ခုအတွင်းမှာ နေထိုင်ကြတဲ့ နိုင်ငံသားတိုင်းက လွတ်လပ်ပြီးတရားမျှတစွာ ရွေးချယ်လိုက်တဲ့ ရွေးကောက်ပွဲမှ တင်မြှောက်လိုက်တဲ့ နိုင်ငံသားများရဲ့ ကိုယ်စားလှယ်များပါဝင်တဲ့ လွှတ်တော် (သို့မဟုတ်) ပါလီမန်မှ ထပ်မံရွေးချယ် ဖွဲ့စည်းလိုက်တဲ့ အစိုးရ၊ ၎င်းအစိုးရအုပ်ချုပ်တဲ့ စနစ်ကို ဒီမိုကရေစီလို့ ခေါ်ပါတယ်။ မိမိကို ယုံကြည်တဲ့အတွက်ကြောင့် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး အစိုးရအဖွဲ့အဖြစ် ရပ်တည်ခွင့်ရတဲ့ အစိုးရအဖွဲ့အနေနဲ့ မိမိတို့အား ယုံကြည်မှုတစ်ခုတည်းနဲ့ ရွေးချယ်ပေးလိုက်တဲ့ မိမိတို့ရဲ့ နိုင်ငံသားများအပေါ်မှာ သစ္စာစောင့်သိ ဖို့လိုအပ်သလို မိမိတို့နိုင်ငံသားများရဲ့ လိုအင်ဆန္ဒများကိုလည်း မျက်ကွယ်ပြုနေလို့ မရပါဘူး။
ပညာရေးဟာ နိုင်ငံရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ ရေမြင့်မှ ကြာတင့်တယ် ဆိုတဲ့ စကားအတိုင်း ပညာရေး ရေချိန်မြင့်မားပါမှ နိုင်ငံဟာ ဂုဏ်သိက္ခာအပြည့်အဝနဲ့ ကမ္ဘာအလယ်မှာ ဝင့်ကြွားနိုင်မှာဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်ရဲ့ အခြေခံကောင်းတွေဖြစ်တဲ့ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ ဥပဒေကို လေးစားလိုက်နာခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်း စတာတွေကို ငယ်ရွယ်စဉ် စာသင်ခန်းများအတွင်းမှာ ခံစားနားလည်ပါမှ နောင်အခါ အသက်အရွယ် ရင့်ကျက်လာတဲ့အခါမှာ အဲ့ဒီအခြေခံကောင်းများအတိုင်း နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဒီမိုကရေစီခေတ်ပြောင်းကာလမှာ ရေးဆွဲထားတဲ့ ပညာရေးဥပဒေဟာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်တဲ့ ဒီမိုကရေစီ ပညာရေးဖြစ်ဖို့ လိုအပ်ပြီး ပြုပြင်ပြောင်းလဲရေးကို စိတ်ရောကိုယ်ပါ လုပ်ကိုင်နေပါတယ်ဆိုတဲ့ အစိုးရအဖွဲ့မှလည်း စစ်မှန်သော စေတနာပါတဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်ဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ပါတယ်။
(နန္ဒာဘုန်းမြင့်သည် လက်ထောက်ကထိက တဦးဖြစ်ပြီး သတင်းစာ၊ အပတ်စဉ်ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ကလေးသူငယ်များ အရေးနှင့် ပညာရေးဆိုင်ရာ ဆောင်းပါးများ၊ ရသစာပေများ ရေးသားလျက်ရှိသည်။)