မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး (EU) အခြေစိုက်ရာ ကမာရွတ်မြို့နယ်၊ လှည်းတန်းဆုံမှာ ရှိတဲ့ လှည်းတန်း စင်တာ ရှေ့မှာ ကျောင်းသားတွေက ဥရောပသမဂ္ဂရဲ့ သင်တန်းဆင်း မြန်မာရဲတွေရဲ့ လက်ပံတန်း ကျောင်းသားသပိတ် အကြမ်း ဖက် ဖြိုခွင်း ခဲ့ပုံနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂကို ဆန္ဒပြလိုက်တဲ့အချိန်မှာ EU အမှုထမ်း အရာရှိတွေ ဒီဆန္ဒပြမှုကို နှစ်သက်မှာ မဟုတ်ဘူးဆိုတာ အသေအချာပါပဲ။
ဧရာဝတီက စုဆောင်းရရှိထားတဲ့ EU အတွင်း သတင်းတွေအရ ဥရောပသမဂ္ဂက ရဲတပ်ဖွဲ့ကို သင်တန်းပေးတဲ့ နေရာမှာ Crowd Management လို့ ခေါ်တဲ့ လူစု လူဝေးတွေလို ဖြိုခွင်းတဲ့နည်းစနစ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ရည်ကိုင်ရည် တွေကို ချီးကျူးထားပြီး ဒါဟာ EU က အကူအညီပေးနေတဲ့ သင်တန်းတွေရဲ့ ရလဒ်တွေပဲလို့ ကိုယ့်ကျောကို ကိုယ်သပ်ပြီး ချီးကျူးတဲ့ သုံးသပ်ချက်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါက အစကနဦး အခြေအနေပါ။
ဒါပေမယ့် မတ်လ ၅ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးအင်အား စုတွေကို တာဝန်ဆိုတဲ့ လက်ပတ်နီဝတ် လူရမ်းကားတွေနဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းမှုနဲ့ မတ်လ ၁၀ ရက်နေ့ လက်ပံ တန်း ကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့က ကြမ်းကြမ်းတမ်းတမ်း ဖြိုခွင်းလိုက်ပြီးနောက်မှာတော့ ကိုယ်ကျော ကိုယ် သပ် ချီးကျူး ခဲ့တဲ့ EU အရာရှိတွေဟာ နာရီပိုင်းအတွင်း နဖူးပြဲ ဒူးကွဲတဲ့ အခြေအနေ ရောက်ရှိသွားတာ တွေ့ရပါတယ်။
ကျောင်းသားဆန္ဒပြမှုတွေ ဖြစ်ပေါ်ချိန်မှာ EU က ရဲသင်တန်းပေး ကြီးကြပ်သူတွေဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲ တွေနဲ့ နေ့စဉ်ထိတွေ့ပြီး သူတို့ သင်ကြားပေးထားတဲ့ နည်းလမ်းအတိုင်း တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ လူစု လူဝေးကို ကိုင်တွယ်ဖို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပြဿနာမီးပွားကို ရှောင်ရှားဖို့၊ မီဒီယာကို ပါးပါးနပ်နပ် ကိုင်တွယ် ဖို့ နဲ့ ရန်သူ မများစေဖို့ စတာတွေကို အမြဲမပြတ် ဆွေးနွေးနေခဲ့တာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်ကနေ စတင်ပြီး ဥရောပသမဂ္ဂက ပို့ချနေတဲ့ ရဲသင်တန်းဟာ ၂၀၁၄ ဇွန်လအထိ ရဲအရာရှိပေါင်း ၂၉၈၀ ကျော် ကို သင်တန်းပေးခဲ့ပြီး ဖြစ်ပါတယ်။ EU ရဲ့ ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကို သင်တန်း ဆရာ တွေနဲ့ သင်တန်း ပို့ချမှုတွေ အတွက်ပါ သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။
ဒီသင်တန်းကို ပို့ချဖို့ကို ထောက်ခံအဆိုပြု တဲ့သူတွေထဲမှာ အတိုက် အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါဝင်ခဲ့တာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ကတော့ ကျောင်းသားသပိတ်ဖြိုခွင်းမှုတွေက နိုင်ငံတကာစံနှုန်းအတိုင်းဖြိုခွင်းတာဖြစ်တယ်လို့ ဘီဘီစီ အင်တာဗျူးတခုမှာ ပြောဆိုပြီး ရဲတပ်ဖွဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို ကာ ကွယ်ပြောဆို ခဲ့ပါတယ်။
ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Roland Kobia ကတော့ ဥရောပသမဂ္ဂက ပို့ချနေတဲ့ မြန်မာရဲတပ်ဖွဲ့အတွက် သင်တန်းတွေနဲ့ ပတ်သက်လို့ အပြုသဘောဆောင်တဲ့ မှတ်ချက်မျိုး ပြောခဲ့ဖူးပြီး EU က အကူအညီ ပေးနေတဲ့ လူစုလူဝေး ထိန်းသိမ်းဖြိုခွင်းနည်း သင်တန်းတွေကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ လူ့အခွင့်အရေး အပေါ် လေးစား လိုက်နာပြီး ပြည်သူလူထုရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ကာကွယ်ရေး အကျိုးပြုစေတဲ့ အကူအညီ ဖြစ်စေ မယ်လို့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ မှတ်ချက်ပြုခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က EU သင်တန်းကို တက်ရောက်နေစဉ် ၂၀၁၄ ခုနှစ်အတွင်းမှာပဲ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အရေးအခင်း ပေါ်ပေါက်လာပြီး ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ပါသေးတယ်။ အဲဒီအချိန်ကတည်းက EU ရဲ့ ရဲသင်တန်းနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်သူတွေ ရှိလာခဲ့တာ တွေ့ရပါတယ်။ ရန်ကုန် မြို့တော် ခန်းမရှေ့က ကျောင်းသားသပိတ်ထောက်ခံ ဆေန္ဒပြပွဲကို လက်ပတ်နီတွေနဲ့ရဲ တွေက ဖြိုခွင်း အပြီးမှာတော့ EU ကို သင်ခန်းစာပေးရမယ် ဆိုတာကို နားလည်ထားတဲ့ လူမှုအဖွဲ့အစည်းပေါင်း များစွာက EU ရုံးအခြေစိုက်ရာ လှည်းတန်း စင်တာရှေ့မှာ ဆန္ဒပြခဲ့တာပါ။
ဒီလို အချက်ကျကျ လုပ်ဆောင်ခဲ့နိုင်တာကလည်း မြန်မာနဲ့ နိုင်ငံတကာ ဆက်ဆံမှု အခင်းအကျင်းကို နားလည်လို့ လုပ်နိုင် တာပဲ ဖြစ်ပါတယ်။ EU ဟာ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၉၀၀ အကူအညီကို ၅ နှစ်အတွင်း ချပေးဖို့ ဆုံးဖြတ် ထား ပြီး ဖြစ်ပါတယ်။
ဒီအလှူငွေတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအရ ပွင့်လင်းလာတဲ့ အခြေအနေတွေကို ကြည့်ပြီး ပေးခဲ့တာ ဖြစ် ပါတယ်။ ဒီငွေတွေဟာ ကျေးရွာဖွံ့ဖြိုးမှု၊ ပညာရေး၊ အုပ်ချုပ်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့မှာ သုံးစွဲမှာ ဖြစ်ပြီး EU အဖွဲ့ဝင်နိုင်ငံတွေက သီးခြားပေးတဲ့ အလှူငွေတွေနဲ့ မပတ်သက်ပါဘူး။
အဲဒီအလှူငွေတွေနဲ့ ဆောင်ရွက်မယ့် စီမံကိန်းတွေမှာ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနဲ့ စားနပ်ရိက္ခာ ဖူလုံမှု လို စီမံကိန်း တွေ ပါဝင်သလို ၂၀၁၅ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အားလုံးပါဝင်တဲ့ Dialogue တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ် ရေး၊ တရား ဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ဖို့ဆိုတဲ့ ခေါင်းစဉ် တွေ လည်း ပါဝင်တာ ဖြစ်ပါတယ်။
EU နဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေကြားမှာ အစာမကြေတာတွေ၊ အထင်အမြင်မှားတာတွေ၊ မယုံသင်္ကာဖြစ်တာတွေ အစ ကနဦး ကတည်းက ရှိနေခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာချိန်မှာတော့ အဲဒီ အထင်အမြင်မှားမှုတွေ အတော် ကို ကြီးမားလာခဲ့ပါတယ်။
EU ရဲ့ မြန်မာ့အပေါ်ထားတဲ့ မူဝါဒတွေက ၂၀၀၈-၂၀၀၉ ဝန်းကျင်တွေမှာဆိုရင် စစ်အစိုးရဘက်ကို ပိုယိမ်းယိုင်လာ ခဲ့ပါ တယ်။ ဆက်ဆံရေးပိုကောင်းဖို့ ကြိုးစားလာတယ်၊ Engagement ကို ပိုဦးစားပေးတယ်။ စစ်အစိုးရနဲ့ နီးစပ်တဲ့သူတွေ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေ (Myanmar Egress နဲ့ နောက်ပိုင်း Myanmar Peace Center) တို့နဲ့ ပိုပြီး အလွမ်း သင့် တယ်ဆိုတဲ့ အမြင်တွေ ပြည်တွင်း ပြည်ပ အတိုက်အခံတွေနဲ့ လှုပ်ရှားသူတွေက သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။
EU ဆိုတာ နိုင်ငံတခုတည်း မဟုတ်ဘဲ ဥပရောပ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် အဲဒီ နိုင်ငံ တနိုင်ငံချင်းဆီထားတဲ့ ပေါ်လစီတွေကလည်း ရောင်ပြန်ဟပ်မှုတွေရှိပါတယ်။ ဥပမာ EU အဖွဲ့ဝင် နိုင်ငံကြီးတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်တို့ရဲ့ မူဝါဒတွေ နဲ့ EU အဖွဲ့ဝင် တခြားနိုင်ငံ ငယ်တွေရဲ့ သဘောထား အမြင်တွေဟာ ကွာဟမှု ရှိနိုင် ပါတယ်။ ဒါပေမယ့် EU အဖွဲ့ရဲ့ မြန်မာပြည်အပေါ်ထားတဲ့ ပေါ်လစီကတော့ အကူအညီ အထောက်အပံ့ပေးပြီး မြန်မာ အစိုးရ ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံကူညီဖို့ပဲ ဖြစ်ပါတယ်။
EU က သူ့ရဲ့ Engagement Policy ကြောင့် မြန်မာအစိုးရအပေါ် Positive Influence ရှိနိုင်တယ်လို့ မျှော်လင့် ထားပုံ ရပါတယ်။ အခု ရဲသင်တန်း အကူအညီမှာတော့ EU အနေနဲ့ သံသယနဲ့ ဆန္ဒပြ မေးခွန်းထုတ်မှုတွေကို အကြီး အကျယ် ရင်ဆိုင်နေရပါပြီ။ ဒါကြောင့် EU ကပေးမယ့် အကူအညီ Aid Package တွေက ဘယ်လောက်အထိ ထိရောက်မှု ရှိသလဲ ၊ သူတို့ရဲ့ လျာထားခေါင်းစဉ်တွေအတိုင်း မြန်မာပြည်သူတွေကို အကျိုးရှိနိုင်ပါ့မလား၊ ဒါမှမဟုတ် သူတို့တွေပဲ အကျိုး ရှိပြီး Consultant Fee တွေ၊ Project တွေနဲ့ သူတို့အိတ်တွေပဲ ပြည့်သွားမလား၊ သူတို့ပဲ အကျိုးရှိလာမလားဆိုတာကိုတော့ အားလုံးက စိတ်ဝင် တစား စောင့်ကြည့်နေကြပါပြီ။
EU ရဲ့ မြန်မာ့ပြုပြင်ပြောင်းလဲရေး အကူအညီပေးရေး လုပ်ငန်းစဉ်တွေအပေါ် စောင့်ကြည့်လေ့လာဝေဖန်တဲ့ EU Aid Watch အုပ်စု တွေလည်း ပေါ်လာနိုင်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။