၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစ၍ အစိုးရဝန်ထမ်းနှင့် တပ်မတော်သားများ၏ လစာကို တိုးမြှင့်ပေးလိုက်သည်။
နိုင်ငံ့ဝန်ထမ်း လစာများကို အခြေခံအနိမ့်ဆုံး လစာ ကျပ် ၇ သောင်းခွဲမှ ၈ သောင်း ရရှိသည့် ဝန်ထမ်းများသည် ၁ သိန်း ၂ သောင်း မှ ၁ သိန်း ၃ သောင်း အထိ ရရှိမည် ဖြစ်ပြီး ရာထူး အဆင့်ဆင့်တိုးမြှင့်၍ အမြင့်ဆုံး ၂ သိန်း ၅ သောင်း နှင့် ၂ သိန်း ၆ သောင်း အတွင်း ရရှိသည့် ဝန်ထမ်းများသည် ၅၀၀၀၀၀ အထိလည်းကောင်း တိုးမြှင့်မည် ဖြစ်သည်။
အလားတူ တပ်မတော်သားများ သည်လည်း တိုးမြှင့် လစာ အရ ယခင် အခြေခံအနိမ့်ဆုံး လစာ ကျပ် ၇ သောင်း ၃ ထောင် ရရှိသည့် တပ်မတော်သားများသည် ၁ သိန်း ၂ သောင်းရရှိမည်ဖြစ်ပြီး ရာထူး အဆင့်ဆင့်တိုးမြှင့်ကာ အမြင့်ဆုံး ကာကွယ်ရေး ဦးစီးချုပ် ၏ လစာသည် ယခင် တလ ၁၂ သိန်းမှ ယခု ကျပ်သိန်း ၃၀ အထိ တိုးမြင့် ရရှိမည် ဖြစ်သည်။
ယင်းသို့ အစိုးရ၏ လစာတိုးမြှင့်ပေးသည့် အစီအစဉ်အပေါ် အမြင်အမျိုးအမျိုးကို ဧရာဝတီ သတင်းထောက် ဇူးဇူးက နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များအား မေးမြန်းချက်များကို ဖော်ပြလိုက်ပါသည်။
ဒေါက်တာ မောင်မောင်လေး
ဒု ဥက္ကဋ္ဌ
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)
ဝန်ထမ်းတွေ ဝမ်းသာတာပေါ့။ နိုင်ငံတော်ကလည်း သူတို့ ချင့်ချိန်ပြီးတော့ တိုးလေ့တိုးထ ရှိပါတယ်။ သူတို့ Research (သုတေသန) လုပ်ပြီးတော့မှ တိုးတာတွေ ရှိပါတယ်။ သို့သော်လည်း ငွေကြေးဖောင်းပွမှု (Inflation) တွေ၊ လိုငွေပြမှု(Deficit)တွေ ဘာတွေ မဖြစ်အောင် သူတို့အနေနဲ့ ပြန်ပြီးညှိနေပါတယ်။ အခွန်အတုတ်တွေ ပိုရရှိဖို့၊ မလိုလားအပ်တဲ့ အစိုးရရဲ့ Productive (ထုတ်လုပ်နိုင်စွမ်း ရှိသော) ပရောဂျက်တွေကို ပြန်ပြီး တချို့ဟာတွေကို ပယ်လိုက်တာ၊ ရပ်လိုက်တာတွေ ရှိတယ်။ ဒါကြောင့် ငွေကြေး ဖောင်းပွမှုကို ပြန်ထိန်းအောင်တော့ ကြိုးစားပါတယ်။ သေချာတွက်ချက်ပြီးမှ လုပ်တာ ဖြစ်ပါတယ်။
အများအတွက်တော့ ဝမ်းသာပါတယ်။ ဒါကို အခွင့်ကောင်း မယူဖို့ဘဲ။ များသော အားဖြင့်က Speculative market (ဈေးကွက် ယှဉ်ပြိုင်မှုကို) အခွင့်ကောင်းယူပြီးတော့ တောင်တက် မြောက်တက်လုပ်ကြတာပါ။ အခြေခံ ကုန်ဈေးနှုန်းတွေ လိုက်မတက်ဖို့ဘဲ လိုပါတယ်။ အမှန်တော့ တက်စရာလည်းအကြောင်း မရှိပါဘူး။ ဒါတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ပဲ လိုပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင် တွေဘက် ကလည်း အလုပ်သမားတွေနဲ့ နားလည်မှုလေးတွေ ရှိဖို့လိုပါတယ်။
ဒေါက်တာ ညိုညိုသင်း
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
လစာတိုးတဲ့ ဇယားတွေကို ကြည့်လိုက်တဲ့ အခါကျတော့ အောက်ခြေ ဝန်ထမ်းတွေက တိုးတာ နည်းတယ်။ အထက်ပိုင်း ရာထူး သမားတွေက တိုးတာ များတယ်။ ဥပမာ ညွှန်ချုပ်ဆိုရင် ၂ ဆနီးပါး ဖြစ်သွားတယ်။ အောက်ခြေ ဝန်ထမ်းတွေ အတွက်က သိသာ ပြောင်းလဲတဲ့ဟာ မတွေ့ဘူး။ ၅ သောင်းတိုးတယ် ရှားပါးစရိတ် ၃ သောင်းကို ပြန် ဖြတ်လိုက်တဲ့အခါ ကျတော့ လစာသာ တိုးတယ် ၂ သောင်းပဲ ပိုရတယ်။ မြန်မာနိုင်ငံက အခြေခံလူတန်းစားတွေ များတယ်။ ဆင်းရဲတဲ့လူက များတယ်။ ဒီလစာ တိုးလိုက်ခြင်း အားဖြင့် ငွေကြေးဖောင်းပွမှုက သေချာပေါက် ဖြစ်မယ်။ ပညာရှင်တွေ ခန့်မှန်းထားတဲ့ အတိုင်း ၉ ရာခိုင်နှုန်း ကနေ ၁၀ ရာခိုင်နှုန်း အတွင်း ငွေကြေး ဖောင်းပွမှုနှုန်း ဖြစ်မယ်။
ငွေကြေး ဖောင်းပွမှုဒဏ်ကို အခြေခံလူတန်းစား တွေခံစားရလိမ့်မယ်။ နောက်ပြီးတော့ တိုးမြှင့် လစာကို ရတဲ့ ဝန်ထမ်းက လူတန်း စား နည်းနည်းလေး ဖြစ်တယ်။ ဒါကြောင့် ကျန်တဲ့သူတွေက ငွေကြေး ဖောင်းပွမှုဒဏ်ကို ခံစားကြရမယ်။ ယေဘုယျအားဖြင့် ခြုံပြောမယ် ဆိုရင်တော့ ပြည်သူလူထု အများ အတွက်ကတော့ မကောင်းဘူး။ သို့သော်လည်း ဝန်ထမ်းတွေ ထိုက်သင့်တဲ့လစာကို ရတဲ့ အတွက်ကြောင့်မို့ ဝမ်းတော့သာပါတယ်။
ဒါပေမယ့် ဒီထက် ပိုကောင်းတဲ့ နည်းလမ်းတွေ အစိုးရမှာ ရှိသင့်တယ်။ ဒီလို ဝန်ထမ်းလစာတိုးခြင်း နည်းလမ်း မဟုတ်ဘဲနဲ့ အခြား သော ထိရောက်တဲ့ သက်သာခွင့်တွေ မဖြစ်မနေ လုပ်ပေးသင့်တယ်။ အဲဒီလို ဖြစ်မလာတဲ့ အတွက် ဝမ်းနည်းပါတယ်။ ကုန်ဈေးနှုန်း မမြင့်အောင်လို့ နိုင်ငံတော်က လုပ်စရာတွေ အများကြီး ရှိပေမယ့် နိုင်ငံတော်က ဒီနေ့ထိ ကုန်ဈေးနှုန်း မမြင့်အောင် လုပ်နိုင်စွမ်း မရှိဘူး။ ကုန်ဈေးနှုန်း မြင့်တာကို ထိန်းချုပ်ဖို့ အတွက် နည်းလမ်းပေါင်း များစွာ ရှိပါတယ်။ ဒီ လစာတိုးတဲ့နည်းလမ်းက ကုန်ဈေးနှုန်း မြင့်တာကို မထိန်းချုပ်နိုင်ပါဘူး။ ပိုတောင် မြင့်စေပါသေး တယ်။
ကိုဆက်နိုင်
အငှားယာဉ်မောင်း
ဝန်ထမ်းတွေ လစာတိုးတယ် ဆိုတော့ ဝမ်းသာပါတယ်။ ဒါပေမယ့် ကုန်ဈေးနှုန်းတွေကပါ လိုက်တယ်မယ် ဆိုရင်တော့ ကျနော်တို့လို အခြေခံ လူတန်းစားတွေ အတွက်တော့ အခက်အခဲလေးတွေ ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာက လစာတိုးတာနဲ့ ကုန်ဈေးနှုန်းပါ လိုက်တိုးတာက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အတွက် အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ ဓာတ်ဆီဈေးတွေပါ တက်မယ် ဆိုရင်တော့ ကျနော်တို့လည်း ခရီးသည်တွေ ဆီက ၅၀၀၊ ၁၀၀၀ လောက်တော့ ပိုတောင်းရတော့မှာပေါ့။ ဒါမှလည်း ကိုက်မှာလေ။ လစာ တိုးပေ မယ့် ကုန်ဈေးနှုန်းက ဒီအတိုင်းပဲ ဆိုရင်တော့ အသက်ရှုချောင်သွားတာ ပေါ့။ ဒီလိုမှ မဟုတ်ရင်တော့ ဒုံရင်းက ဒုံရင်း ပါပဲ။
ဦးနှင်းဦး
ပို့ကုန်လုပ်ငန်းရှင်
အခုတက်နေတဲ့ ကုန်ဈေးနှုန်းတွေ အရ ဝန်ထမ်းတွေဟာ မလောက်ငဘူး၊ မလောက်ငတော့ လစာ တိုးတောင်းတယ်။ ဒါကို ဖြေရှင်း ပေးတဲ့ အတွက် ကောင်းပါတယ်။ ဒါပေမယ့် တဖက်ကလည်း ငွေကြေးဖောင်းပွမှုတွေက လိုက်ဖြစ်နေမှာပဲ။ ဘတပြန် ကျားတပြန် ပေါ့။ အဓိက ကတော့ နိုင်ငံတော်ရဲ့ စီးပွားရေး အဆင်မပြေလို့ ဖြစ်ရတာ။ ဒါကို အစိုးရက ကျွမ်းကျင်စွာ ကိုင်တွယ် ဖြေရှင်းတတ်ဖို့ လို တယ်။ မှန်ကန် ထိရောက်ဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာရမယ်။ လစာတိုးတာကတော့ လတ်တလော ဖြေရှင်းတဲ့ သဘော။ အခြေခံ လူတန်းစား တွေကလည်း သူတို့ တတ်နိုင်တဲ့ဘက်က လိုက်တက်မှာပဲ။ ဥပမာ ဆိုက်ကားသမားက အရင် ၅၀၀ ခရီးကို ၁၀၀၀ တိုးတောင်းမယ်။ အဲဒီ ဆိုက်ကားကို စီးလာတဲ့ ကန်စွန်းရွက်သည်က သူ့ကန်စွန်းရွက်ကို ဈေးပိုရောင်းမယ်။ လစာတိုးတာက ပြဿနာကို ဆေးမြီးတိုနဲ့ ကုတာ။ အနာဂတ်မှာ ဒါမျိုးတွေ မဖြစ်အောင်ဆိုရင်တော့ နိုင်ငံတော်ရဲ့ Micro စီးပွားရေးကို စနစ်တကျ လုပ်ဖို့ လိုအပ်တယ်။
ဒေါ်ကျော့ကျော့ယဉ် (နည်းပြ)
အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်
လစာတိုးတာ ဝန်ထမ်းတယောက် အနေနဲ့တော့ ပျော်ပါတယ်။ ဒါပေမယ့် နောက်က လိုက်လာမယ့် ကုန်းဈေးနှုန်းကတော့ ဘယ်လို ဖြစ်မယ် မပြောတတ်ဘူး။ အခု ပုံစံအရ ဆိုရင် အပေါ်ပိုင်းလူတွေက တိုးတာ ပိုများတယ်။ ဆရာမတို့လို ရာထူး အဆင့်တွေ အတွက်တော့ သိပ်မထူးခြားဘူး။ လက်ရှိ ခံစားခွင့်ပြုထားတဲ့ လစဉ် အပိုထောက်ပံ့ကြေး ကျပ် ၃ သောင်းကို ပြန်နုတ်လိုက်တော့ ဘာမှ မထူးပါဘူး။ အခု လစာတိုးတဲ့ အပေါ်မှာလည်း သိပ်ပြီးတော့ ဘာမှ ထူးထူး ခြားခြား မခံစားရပါဘူး။
ဦးရဲအောင်
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့
လက်ရှိ နိုင်ငံရဲ့ ဝန်ထမ်းများ လစာဟာ လုံလောက်မှု မရှိတာတော့ အမှန်ပဲ။ ဒီဝန်ထမ်းတွေက မလုံလောက်လို့ လစာ တိုးပေးတာ ဟာ ပြဿနာကို တဒင်္ဂ ခဏတာ အတွက်သာ ဖြေရှင်းလိုက်တာပါ။ ဝန်ထမ်းလစာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်က အတည် မပြုခင်ကတည်းက ဆန်ဈေးတွေက တက်နေပါပြီ။ လစာ တိုးတာဟာ စစ်မှန်တဲ့ ပြေလည်မှု မဟုတ်ပါဘူး။ အစိုးရအနေနဲ့ တိုင်းပြည်ကို ပြန်ကြည့်ရ ပါမယ်။ တိုင်းပြည်မှာက ဝန်ထမ်းချည်းပဲ နေတာ မဟုတ်ပါဘူး။ ဝန်ထမ်းဆိုတာက အနည်းစုပါ။ ဝန်ထမ်း မဟုတ်တဲ့သူတွေ အများကြီး ရှိပါသေးတယ်။ ဒီလူတွေဟာလည်း တက်လာတဲ့ ကုန်ဈေးနှုန်းအလိုက် သူတို့ဘက်ကလည်း တတ်နိုင် တာကို လိုက်တက်မယ့်သဘော ရှိပါတယ်။ ဒါဟာ နိုင်ငံရဲ့ စီးပွားရေး ချွတ်ခြုံကျမှုကို ဆေးမြီးတိုနဲ့ကုသတဲ့ သဘောပဲ။ ။