နိုင်ငံတော် သမ္မတ ဘီဘီစီမှာ မုသားဝါဒ ပြောရက်လေခြင်း

ညီစောလွင်

This article has been converted from Zawgyi One to Unicode

ဘီဘီစီ ကမ္ဘာတလွှားက ကျောင်းသားသပိတ်နဲ့ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် အင်တာဗျူးနဲ့ တကယ်ဖြစ်ခဲ့တာတွေကို နှိုင်းယှဉ်ပြီး ပြသွားတယ်။ ရဲတွေက ကျောင်းသားတွေကို သဲကြီးမဲကြီး ရိုက်နှက်ဖမ်းဆီးနေတဲ့ပုံ၊ ရဲလေးငါးယောက်လောက် ဖမ်းခေါ်လာတဲ့ ကျောင်းသားကို နောက်ရဲတယောက်က ရှေ့က ခုန်ဝင်လာပြီး ဒူးနဲ့ ဝင်တိုက်တဲ့ပုံ၊ ခြံစည်းရိုး နံရံမှာ ရဲလေးယောက်က ကျောင်းသားတယောက်ကို ဝိုင်းရိုက်နေတဲ့ပုံ၊ ရဲတွေ ကားကို သဲသဲမဲမဲ ရိုက်ဖျက်စီးနေပုံတွေ ပါဝင်ပါတယ်။ သမ္မတက ကျောင်းသားက ရဲကိုရိုက်လို့ ရဲက ကျောင်းသားတွေကို ပြန်ရိုက်ရပါတယ်လို့ လျှောက်လဲချက်ပေးတယ်။

တကယ်တော့ ဒါတွေ အကုန်လုံးကို မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာမှာ သိပြီးသား ကိစ္စပါပဲ။ ဒါပေမယ့် သမ္မတက ရဲတွေဘက်က ကာကွယ်ပြောဆိုတဲ့ အတွက် ဘီဘီစီက နှိုင်းယှဉ်ပြဖို့ ဖြစ်လာတာပါပဲ။ သမ္မတ ပြောသလို ရဲတွေက ခုခံတာ မဟုတ်မှန်း လယ်ပြင်မှာ ဆင်သွားသလို ရှင်းရှင်းကြီး ပေါ်သွားတယ်။ ဒီလောက် ရှက်စရာ ကောင်းတဲ့ ကိစ္စမျိုးကို မရှိတော့ပါဘူး။

ဒါတောင် ၁၉၄၇ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ကိစ္စကို ဘီဘီစီက ထည့်မပြောသေးလို့ နောက်တရှက်တကွဲတာလို့ စိတ်ဖြေရပါမယ်။ ဖွဲ့စည်းပုံနှစ်ခုမှာ ပါတဲ့ သမ္မတ အရည်အချင်း သတ်မှတ်ချက်က ဘယ်လိုမှ မတူပါဘူး။ ဒါကို သိလျက်နဲ့ လိမ်ညာ ပြောဆိုတာလား၊ မသိဘဲနဲ့ ဟိုလူပြော ဒီလူပြောစကားကို အဟုတ်မှတ်ပြီး ပြောတာလား ဦးသိန်းစိန်ပဲ သိမှာပါပဲ။ သမ္မတ တယောက်အနေနဲ့ ကိုယ်မသိဘဲနဲ့ ပြောတယ်ဆိုရင်တော့ နောက်ထပ် အရှက်ကြီးတရှက် ထပ်ကွဲပြန်ပြီပေါ့။

သမ္မတ ဦးသိန်းစိန်ဟာ စစ်အစိုးရခေတ်က အသုံးတော်ခံ ဝန်ကြီးချုပ်ဖြစ်လို့ စစတက်ချင်း မယုံသူတွေက များပါတယ်။ ဒါပေမ့ယ် တဖြည်းဖြည်းနဲ့ သမ္မတကြီးကတော့ ရဲရင့်ထက်မြက်သူ မဟုတ်ပေမယ့် ရိုးသားဖြောင့်မတ်သူ ဖြစ်မယ်ဆိုပြီး လက်ခံလာကြပါတယ်။ ကျနော် အမှတ်မမှားရင် ဒေါ်အောင်ဆန်းစုကြည်က စပြောခဲ့တယ်လို့ ထင်တယ်။ နောက်ပိုင်းမှာ နိုင်ငံတကာ မီဒီယာတွေမှာ ရိုးသားဖြောင့်မတ်မှုကပဲ မြန်မာသမ္မတရဲ့ ဂုဏ်ပုဒ်တခု ဖြစ်သွားခဲ့တယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ကစလို့ အားလုံး ပြန်လည် သုံးသပ်ရတော့မယ့် အခြေဆိုက်သွားပါပြီ။

ဒီနေရာမှာ သမ္မတအနေနဲ့ ဘာဖြစ်လို့ မိမိ ဂုဏ်သိက္ခာမငဲ့ဘဲ လွဲလွဲကြီးကို ပြောဆိုခဲ့သလဲ ဆိုတာကိုလည်း စဉ်းစားကြည့်ပါတယ်။ ဦးသိန်းစိန် တက်လာခါစက ပြောခဲ့တဲ့ စကားတွေကို ပြန်ကောက်ရရင် မီဒီယာကို စတုတ္ထမဏ္ဍိုင်ဆိုပြီး တဖွဖွပြောခဲ့တယ်။ တကယ်ပဲ မီဒီယာကို နိုင်ငံတခုရဲ့ နားမျက်စိလို့ သဘောထားရိုး မှန်ရင် ဦးသိန်းစိန်အနေနဲ့ ဒီလောက် မှားစရာ အကြောင်း မရှိနိုင်ဘူးလို့လည်း တွက်ပါတယ်။ အခုကိစ္စမှာ ဦးသိန်းစိန်ဟာ ပြန်ကြားရေးက ဝါဒဖြန့်နေတဲ့ သတင်းတွေကလွဲလို့ မြန်မာပြည်မှာ ထုတ်နေတဲ့ ဘယ်သတင်းစာ၊ ဘယ်ဂျာနယ်ကိုမှ မဖတ်ဘူးဆိုတဲ့ သဘော၊ ဖတ်လည်း မယုံဘူး ဆိုတဲ့သဘော သက်ရောက်ပါတယ်။ ဒါဟာ တိုင်းပြည်အတွက် တကယ့် ပြဿနာပါပဲ။ နောက်ဆုံး ပြောသွားခဲ့တဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ မီဒီယာအခန်းကဏ္ဍကို တလုံးတပါဒမှ ထည့်မပြောသွားတာဟာလည်း တမင်ကို အဖက်မလုပ်ချင်တာကြောင့်လို့ပဲ မှတ်ယူရပါတော့မယ်။

သမ္မတအနေနဲ့ အနီးအနားက လူတွေ စကားလောက်ကိုပဲ အဟုတ်မှတ်ပြီး ဒါမှမဟုတ် အုပ်ချုပ်ရေးအဖွဲ့ အကြီးအမှူး တယောက်အနေနဲ့ ဖြစ်ပြီးသမျှ င့ါလူတွေဘက်က ငါကာကွယ်မယ် ဆိုပြီး မျက်စိစုံမှိတ် ပေါက်တဲ့နဖူး မထူးဘူး ဆိုပြီး တဇွတ်ထိုး ပြောသလား စဉ်းစားစရာတွေ ရှိပါတယ်။ မြန်မာပြည်မှာ ရဲတွေ ကြမ်းတာ ဘာဟုတ်သေးလဲ၊ နိုင်ငံတကာမှာ ဒီထက်ဆိုးတာပဲ၊ ဟိုက ရိုက်လို့ ဒီက ရိုက်ရတယ်ဆိုတဲ့ စကားတွေဟာလည်း ဘယ်လိုမှ လူကြီးလူကောင်း တယောက်၊ သမ္မတ တယောက်ရဲ့ စကားတွေ မဟုတ်ပါဘူး။ အရည်မရ အဖတ်မရ ဖေ့ဘွတ်ပေါ်က လျှောက်ရေးနေတဲ့ သာမာန်လူတယောက်ရဲ့ အဆင့်နဲ့ ဘာမှမကွာဘူးလို့ ပြောရမလိုဖြစ်သွားတယ်။ ဒါဟာ မြန်မာသမ္မတရဲ့ အရည်အချင်းနဲ့ ကိုယ်ကျင့်သိက္ခာ ကိစ္စ ဖြစ်သွားပါတယ်။

ဒီနေရာမှာ အစိုးရမင်းတွေရဲ့ ကျင့်ဝတ်ပိုင်းနဲ့ သက်ဆိုင်တဲ့ ကုန်းဘောင်ခေတ် မြန်မာပညာရှိ ယောအတွင်းဝန် ဦးဘိုးလှိုင်ပြုစုတဲ့ ရာဇဓမ္မ သင်္ဂဟကျမ်းထဲက အချက်တချို့ကို သတိရပါတယ်။ အစိုးရမင်းတို့ ကြဉ်ရှောင်အပ်သော တရားသုံးပါး ရှိပါတယ်တဲ့။ မြတ်စွာဘုရားက ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေစဉ် ကောလသမင်းကြီးကို ဆုံးမတဲ့ တရားပါ။

လိုရင်းကတော့ “မင်းမည်သည် ပထမ မုသာဝါဒကို ကြဉ်ရှောင်ရမည်။ ဒုတိယ အမျက်ဒေါသကို ကြဉ်ရှောင်ရမည်။ တတိယ ကာမဂုဏ်၌ ပျော်ပါး၍ မည်မည်ဝါးဝါး လူတိုင်းစကားကို ယုံကြည်ခြင်းကို ကြဉ်ရှောင်ရမည်။ ထိုနောင်မှ တိုင်းရေး ပြည်မှုများကို ဆောင်ရွက်ရမည်” လို့ ဆိုထားတယ်။ တိုင်းရေးပြည်မှုတွေကို မဆောင်ရွက်ခင်မှာ အနည်းဆုံးထားရှိရမယ့် အခြေခံ သီလသုံးပါးလို့ ဆိုရမှာပါ။

“အစိုးရမင်းသည် … တစ်ယောက် နှစ်ယောက်မျှသောသူ ပြောဆိုသော စကားကို ယုံကြည်၍ အမှုမျိုးကို မပြုအပ်၊ အကြိမ်များစွာ စူးစမ်းဆင်ခြင်၍၊ တိုင်းရေးပြည်မှုကို လုံ့လထုတ်သော ပညာရှိ လူကြီးတို့နှင့် ညှိနှိုင်း၍သာ ပြုလုပ်အပ်၏” လို့လည်း ဖော်ပြပါတယ်။

ဒုစရိုက်ဆယ်ပါးကိုလည်း ကြုံတုန်း ဖော်ပြပါရစေ။

၁။ သူတပါးအသက်ကို သတ်ဖြတ်ခြင်း
၂။ သူတပါးဥစ္စာကို ခိုးယူခြင်း
၃။ သူတပါး သားမယားအပေါ် ဖောက်ပြန်ကျူးလွန်ခြင်း
၄။ လိမ်ညာပြောဆိုခြင်း
၅။ ချောပစ်ကုန်းတိုက်ခြင်း
၆။ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း
၇။ အကျိုးမရှိ၊ အချည်းနှီး ပြိန်ဖျင်းသော စကားကိုပြောဆိုခြင်း
၈။ သူတပါး၏ ပိုင်ဆိုင်မှုများအပေါ် မိမိပိုင် ဖြစ်လိုရေး အလိုဆိုးဖြင့် ကြံစည်ခြင်း
၉။ သူတပါး သေကြေပျက်စီးစေရန် အလိုဆိုးဖြင့် ပြစ်မှားခြင်း
၁၀။ အယူမှားကို လက်ခံကျင့်သုံးမိခြင်း ဖြစ်ပါတယ်။

မုသားဝါဒရဲ့ အပြစ်နဲ့ ဂယက်က အလွန်တာသွားပါတယ်။ “မဟုတ်မမှန် သစ္စာမရှိ ယွင်းမှား ပြောဆိုဝံသူသည် အကုသိုလ် ဒုစရိုက်ဆယ်ပါးတို့တွင် မည်သည်ကိုမှ မကြောက်၊ ပြုဝံ့တော့မည် ဟူလို” လို့ ဘုရားဟောရှိပါတယ်။

လက်တွေ့မှာလည်း စကားမမှန်တဲ့ အစိုးရကို ပြည်သူက မယုံကြည်ပါဘူး။ ပြည်သူက မယုံကြည်ရင် အစိုးရနဲ့ပြည်သူ စိတ်ဝမ်းကွဲပြီး တိုင်းပြည်ကို တည်ဆောက်လို့ မရပါဘူး။

မကြာခင်က စင်ကာပူ ခေါင်းဆောင်ကြီး လီကွမ်ယု ကွယ်လွန်တဲ့အခါ စင်ကာပူ အောင်မြင်ရတဲ့အကြောင်းကို ရေးကြပါတယ်။ စင်ကာပူကို အောင်မြင်တဲ့ အကြောင်း ၁၀ ချက်ထဲမှာ လီကွမ်ယုနဲ့ အစိုးရအဖွဲ့ဟာ ရိုးဖြောင့်တာက တချက်ပါဝင်တယ်လို့ အာရှမှာ ထင်ရှားတဲ့ အတွေးအခေါ်ရှင်ဖြစ်တဲ့ ပါမောက္ခ Kishore Muhbubani က သုံးသပ်တာလည်း ဖတ်ရပါတယ်။ စင်ကာပူ ခေါင်းဆောင်တွေဟာ လာဘ်ပေးလာဘ်ယူကင်းတယ်။ ရိုးဖြောင့်မှုကြောင့် ပြည်သူတွေရဲ့ ယုံကြည်မှုရပြီး ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း စိတ်ချလက်ချ စီးပွားရေး လုပ်ဖို့ ဆွဲဆောင်နိုင်ခဲ့ တယ်လို့ ဆိုတယ်။

နိုင်ငံကို တည်ဆောက်တဲ့ အခါမှာ ပြည်သူတွေ မပါဘဲ တည်ဆောက်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ပြည်သူ့ဆန္ဒကို အလေးထားတဲ့ ဒီမိုကရေစီစနစ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး နိုင်ငံရေး စနစ်အဖြစ် သတ်မှတ်ထားကြတာပါပဲ။ မြန်မာ့ရိုးရာ ယုံကြည်ချက်ဖြစ်တဲ့ မင်းကျင့်တရား ဆယ်ပါးထဲမှာလည်း ပြည်သူတို့နှင့် မဆန့်ကျင်ခြင်းနှင့် သည်းခံခြင်း ဆိုတဲ့ အချက်ပါဝင်ပါတယ်။ “တရားကို မကျင့်ဆောင်၊ ပြည်သူတို့နှင့် ဆန့်ကျင်ဘက်ပြုလျှင် ပြည်သူတို့ မုန်း၍ အလိုရှိရာ သခင်ရှာပြီးလျှင် မင်းကို ဖျက်ဆီးသည်။ မင်းအားကြီး၍ ပြည်သူတို့က မဖျက်ဆီးနိုင်လျှင်လည်း တခြား နိုင်ငံသို့ သွား၍ ပြည်ပျက်သည်” လို့ ရာဇဓမ္မသင်္ဂဟကျမ်းမှာ ဖော်ပြထားတာ အလွန်ခေတ်မီပါတယ်။

နောက်တချက်ကတော့ လောကကို စောင့်ရှောက်တဲ့ တရား (လောကပါလ) တရားနှစ်ပါးမှာ ရှက်ခြင်း (ဟိရိ)၊ ကြောက်ခြင်း (သြတ္တပ္ပ) ဆိုပြီး ရှိပါတယ်။ ဒီတရားနှစ်ပါးမရှိရင် လူတွေဟာ စောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်မရှိ၊ ခိုးဆိုးလုယက် သောင်းကျန်းပြီး တိုင်းပြည်ဟာလည်း ပျက်စီးဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် “(၁) အမျိုးယုတ်သောသူ၊ (၂) မြတ်စွာဘုရားကို မရိုမသေသော (၃) ဘုရားအယူဝါဒမှန်း မသိသော၊ (၄) လူယုတ် လူနုပ်တို့ကို ပေါင်းဖော်တတ်သော သူတို့သည် အကုသိုလ် ဒုစရိုက်ပြုရမည်ကို မရွံမရှာ မစက်မဆုပ် အရှက်မရှိ ပြုလိမ့်မည်ဟူလို” ဆိုပြီး ဖော်ပြထားတာ မှတ်သားရပါတယ်။

ဒါတွေကတော့ ရာဇဓမ္မသင်္ဂဟကျမ်းထဲက ဒီနေ့ ပြဿနာတွေနဲ့ ချိန်ထိုးစဉ်းစားစရာတချို့ကို ပြန်လည်ကိုးကားလိုက်တာတာပါ၊ ဦးဘိုးလှိုင်ရေးတဲ့ ကျမ်းဟာ သီပေါမင်းကို ဆုံးမတဲ့ ကျမ်းလို့လည်း အမှတ်အသားရှိပါတယ်။ အနောက်နိုင်ငံက နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေး စနစ်တွေကို ဘုရားဟောကျမ်းဂန်တွေ၊ မြန်မာ့ယဉ်ကျေးမှုထဲက နီတိတွေနဲ့ ချိန်ညှိပြီး ပြုစုထားတဲ့အတွက် အလွန် အဖိုးတန်ပါတယ်။

မြန်မာပြည်မှာ ကြုံနေရတဲ့ နိုင်ငံရေး ပြဿနာဟာ နိုင်ငံရေးအတွေးအခေါ်နဲ့ ဆိုင်တယ်လို့ ယူဆပါတယ်။ ပြည်သူကို လက်အောက်ခံလို သဘောထားတဲ့ အာဏာရှင်စနစ်ကို ပုံဖော်ခဲ့ကြတဲ့ ခေါင်းဆောင်တွေဟာ ပြည်သူကို တန်ဖိုးထားတဲ့ ဒီမိုကရေစီစနစ်ကို တကယ် လက်မခံသေးပါဘူး။ ဒီမိုကရေစီလို့ ပါးစပ်က ပြောပေမယ့် အတွေးအခေါ်အရ မပြောင်းလဲနိုင်ကြပါဘူး။

ဒါကြောင့် လုပ်နည်းလုပ်ဟန်မှာ အာဏာရှင်စရိုက်တွေ ပြန်ပေါ်လာတာပါ။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ကျောင်းသားသပိတ်ကို ရဲအဖွဲ့က အကြမ်းဖက် လူစုခွဲတဲ့ ကိစ္စဟာလည်း အာဏာရှင် အမူအကျင့် မပျောက်သေးတာကြောင့်လို့ ဆရာတော် အရှင်ဆန္ဒာဓိက မိန့်ကြားတာလည်း ဒီသဘောပါပဲ။

တကယ်တော့ ဒီမိုကရေစီ၊ ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရ ဖြစ်ဖို့ ဝေးဝေးလံလံ ရှာဖွေနေစရာမလိုပါဘူး။ ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှုမှာ ရှိနှင့်ပြီးသား ဆိုတာကို ရာဇဓမ္မသင်္ဂဟ ကျမ်းက ရှင်းပြထားပါတယ်။ ဒါကြောင့် တိုင်းပြည်တည်ဆောက်နေတယ်လို့ ဆီမန်းသလို တဖွဖွ ပြောနေကြတဲ့ အခုအချိန်မှာ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအနေနဲ့ လုပ်လက်စအလုပ်တွေကို ခဏရပ်ပြီး မြန်မာပညာရှိ ဦးဘိုးလှိုင်ရေးတဲ့ ရာဇဓမ္မသင်္ဂကျမ်းကို ရိုရိုသေသေ၊ လေးလေးနက်နက်၊ ကျေညက်အောင်ဖတ်ပြီး လိုက်နာနိုင်အောင်ကြိုးစားဖို့ တိုက်တွန်းလိုက်ပါတယ်။

(ညီစောလွင်သည် မြန်မာ့ရေးရာနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)

Loading