ကုန်ဈေးနှုန်း တက်လာနေခြင်းက ဝင်ငွေနည်းသူများကို ပိုဒုက္ခတွေ့စေ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

အစိုးရ၏ ဝန်ထမ်းလစာတိုးမှုကြောင့် အခြေခံစားကုန်ဈေးနှုန်းများ လိုက်တတ်လာမည်ကို စိုးရိမ်နေရပြီး ဝင်ငွေနည်း မိသားစုများအတွက် ဝန်ပိုပိလာနိုင်သော အခြေအနေ ရှိလာနိုင်သောကြောင့် မြန်မာ့စီးပွားရေးသည် ဘက်ပေါင်းစုံ အလွှာပေါင်းစုံ ဟန်ချက်ညီ ဖွံ့ဖြိုးမှုဆီ ခြေမလှမ်းနိုင်သေး ဖြစ်နေရသည်။

အောက်ခြေ ဝန်ထမ်းအဆင့်မှ ညွှန်ချုပ်အဆင့်ထိ နိုင်ငံ့ဝန်ထမ်း ၁ ဒသမ ၅ သန်းနီးပါးကို ယခု ဧပြီလ ၁ ရက်နေ့တွင် စတင်ပြီး လစာဝင်ငွေတိုးမြှင့်မှုသည် သူတို့၏ စားဝတ်နေမှု ဘဝ ချောင်လည်စေရေး ရည်ရွယ်ပြီး ယင်းမှာ ကောင်းမွန်သော်လည်း နိုင်ငံ့စီးပွား ဓန စီမံခန့်ခွဲမှုနှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်။ မြန်မာ့စီးပွားရေးတွင် လက်ရှိအခြေအနေသည် ကုန်သွယ်ရေးလိုငွေ ပြမှု နှစ်စဉ်ဖြစ်ခြင်း၊ ဘဏ္ဍာရေးလိုငွေပြမှု နှစ်စဉ်များပြားလာခြင်း၊ အရံငွေအင်အားချိနဲ့လာခြင်းတို့ ဖြစ်နေရာ သီဝရီအရဆိုလျှင် အစိုးရအနေဖြင့် မလိုအပ်သော အသုံးစရိတ်များ လျှော့ရမည်ဖြစ်သည်။

သို့သော် လစာဝန်ထမ်းတိုးမှုသည် အရင်ကတည်းက ကြီးမြင့်နေသည့် အစိုးရအသုံးစရိတ်ကို ပိုကြီးထွားသွားစေသည်။ ယင်းသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်ကုန်ပိုင်းတွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်းကြောင့် စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာခြင်း၊ ပြည်ပသွင်းကုန်များဈေးမြင့်လာခြင်း တို့ဖြင့် အရှိန်မြင့်လာနေသော ငွေကြေးဖောင်းပွမှုကိုလည်း ပင့်တင်ပေးနေရာ လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ADB က မကြာမီက ခန့်မှန်းပြောဆိုသည်။

ယခင် စစ်အစိုးရများလက်အောက် ဂဏန်း ၂ လုံး ငွေကြေးဖောင်းပွမှုနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်း ထိန်းမနိုင် သိမ်းမရ ပရမ်းပတာဖြစ်သောခေတ် မဟုတ်တော့သော်လည်း လက်ရှိကျင့်သုံးနေသော မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများက အားရစရာ မကောင်းပါ။ ယခု လစာတိုးမြှင့်မှုတွင် အစိုးရ၏ သတ်မှတ်မှု ပုံစံအရ အုပ်ချုပ်ရေးယန္တရား၏ ထိပ်ပိုင်းလူများသာ လစာတိုးမြှင့်မှု ပိုများနေကြောင်း သုံးသပ်မှုများ ရှိနေသည်။ အောက်ခြေနှင့် အလယ်အလတ်တန်း ရာထူး အဆင့်များ လစာတိုးမှုက သိပ်မထူးခြားသောကြောင့် ဖြစ်လာနေသော စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုဝန်ကို ထိပ်ပိုင်းဝန်ထမ်းများသာ ခုသာခံသာ ဖြစ်နိုင်မည့် အနေအထားဖြစ်သည်။ ဝင်ငွေနည်း အလုပ်သမားများနှင့် အစိုးရ၏ တရားဝင် ဆင်းရဲမွဲတေမှု မျဉ်းအောက်တွင် နေထိုင်နေသော တိုင်းပြည်လူဦးရေ စုစုပေါင်း၏ ၂၆ ရာခိုင်နှုန်းမှာကား ခါးထပ်ချည့်အောင် ဝန်ပိုထမ်းရပေဦးမည်။ ထို့ကြောင့် လတ်ရှိစီးပွားရေးစနစ်နှင့် စီမံခန့်ခွဲမှုများသည် တရားမျှတသည်ဟု မဆိုနိုင်ပါ။

အခြေခံစားကုန် ဈေးနှုန်းတက်သည်မှာ အမြတ်ကြီးစားလိုသော ကုန်သည်များက ပစ္စည်းကို ဈေးတင်ပြီး ရောင်းချခြင်းကြောင့်ဆိုသည်မှာ တပိုင်းသာမှန်ပါသည်။ အမှန်တဝက်မှာ အစိုးရ၏ ညံ့ဖျင်းသော ပေါ်လစီများနှင့် အသုံးမကျသော လုပ်ထုံးလုပ်နည်းများကြောင့်လည်း ဖြစ်သည်။ ယခုလစာတိုးမှုသည် နီးကပ်လာနေသော ရွေးကောက်ပွဲတွင် မျက်နှာသာရလိုသောကြောင့် လက်ရှိအုပ်ချုပ်ရေးအဖွဲ့နှင့် အာဏာရပါတီအနေဖြင့် ဝန်ထမ်းများကို လုပ်ပိုင်ခွင့်ထဲမှ တဖက်လှည့် မဲဆွယ်မှုဟု သင်္ကာမကင်းသူများလည်း ရှိနေသည်။ အကယ်၍ မဲဆွယ်မှုဆိုပါက မဲအများစု ရနိုင်မည့် အိမ်ထောင်စုတိုင်း၏ စီးပွားရေး သက်သာချောင်ချိမှုအား ဦးမတည်သောကြောင့် နိုင်ငံရေးအရလည်း အကျိုးမများဟုသာ ဆိုရပေတော့မည်။

Loading