စင်ကာပူလို မဖြစ်ချင်ပါ

ငြိမ်းချမ်းအေး

This article has been converted from Zawgyi One to Unicode

စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ဆုံးတော့ ဝမ်းမြောက်ကြောင်း အောင်ပွဲခံရင်း လီ ရဲ့ ဖိနှိပ်မှု မူဝါဒတွေကို ဝေဖန် ထောက်ပြထားတဲ့ “Lee Kuan Yew is Finally Dead” ခေါင်းစဉ်နဲ့ ဗီဒီယို YouTube တင်ခဲ့သူ စင်ကာပူ-တရုတ် ဆယ်ကျော်သက် လူငယ် ဘလော့ဂါ ‘Amos Yee’ ဟာ လူကြီးမင်း လီ သင်္ဂြု ိဟ်တဲ့ မတ်လ (၂၉) ရက်နေ့မှာပဲ စင်ကာပူရဲရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။

လူကြီးမင်း လီ မသေသေးဘူးလို့များ ဟစ်ကြွေးနေသလိုပါပဲ။ လီကွမ်ယူဝါဒ ဖြစ်တဲ့ အစိုးရသာ ခေါင်းကိုင်ဖခင်နေရာက နေမယ်၊ အစိုးရသာ အသိဆုံး၊ တိုင်းသူပြည်သားတွေ ပါးစပ်ပိတ် ငြိမ်ငြိမ်နေဆိုတဲ့ လွတ်လပ်ခွင့်ဆိတ်သုဉ်းခံ လောင်းရိပ်အောက်က စင်ကာပူ ရုန်းထွက်နိုင်ဖို့ အတော်ကြိုးစားရပါဦးမယ်။

ဒီမိုကရေစီပညာရေး ကျောင်းသားလှုပ်ရှားမှုနဲ့အတူ ကိုယ့်နိုင်ငံမှာ ကျောင်းသားတွေ အစိုးရရဲ့ ဖိနှိပ်ရက်စက်မှုခံနေရတာကို တကမ္ဘာလုံးက ကျင့်ဝတ်တာဝန်သိတတ်သူ ကျောင်းသားတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာ ဝိုင်းဝန်းဖေးမ တသားတည်း ရပ်တည်ကြောင်း ပြသပေးခဲ့တာ အွန်လိုင်း အင်တာနက် လူမှုကွန်ရက်တွေမှာ၊ သတင်းတွေမှာ မပြတ်တွေ့ခဲ့ရပါတယ်။ ဒါကို ကျနော်တို့ဆီက လူငယ်တွေ အတုယူ စင်ကာပူက လူငယ်လေးအတွက်လည်း နိုင်သလောက် အသံထွက် အဖိနှိပ်ခံ လူငယ်ချင်း ရိုင်းပင်းစိတ်ပြကာ ဒီမိုကရေစီလူ့ဘောင်အဖွဲ့အစည်းနဲ့ ထိုက်တန်တဲ့ မျိုးဆက်သစ်နဲ့ တိုင်းပြည် ဖြစ်ကြောင်း သမိုင်းသစ်ရေးထိုး မှတ်ကျောက်တင်ပြစေလိုပါတယ်။ သွေးစည်းရေးလှုပ်ရှားမှု တခုခု လုပ်ပြနိုင်ရင် ကောင်းမယ် ထင်ပါတယ်။

အဲဒီ စင်ကာပူ လူငယ်ရဲ့ ကိုယ်တိုင်ရုပ်သံရိုက် တင်ဆက်မှုကတော့ Private အလုပ်ခံထိခဲ့ပါပြီ၊  ကြည့်လို့မရတော့ပါဘူး။  YouTube စာမျက်နှာမှာတောင် ဖြုတ်သွားပါပြီ။ ကြည့်လိုသူတွေ New York Times အွန်လိုင်းသတင်း http://www.nytimes.com/2015/03/31/world/asia/teen-faces-charges-after-mocking-singapores-founding-father-on-youtube.html  မှာတော့ ကြည့်နိုင်သေးသည်။

ဗီဒီယိုမှာ လူငယ်က တိုင်းပြည်ရဲ့ အဆိုးအကောင်းတွေကို စိတ်ပိုင်းဆိုင်ရာ ယုတ်လျော့ ဖိစီးမှု၊ နိုင်ငံသားများ နိုင်ငံခြားကို ရွှေ့ပြောင်းအခြေချမှုများပြားနေမှုစတဲ့ စာရင်းဇယားတွေနဲ့ ချက်ကျလက်ကျ ပြောနိုင်ခဲ့ပေမယ့် သူ လွန်သွားတဲ့ အချက်က လီကွမ်ယုကို မကောင်းပုံဖော်ရာမှာ ခရစ်တော်ယေရှုနဲ့ သွားနှိုင်း ဘာသာရေးပါ ဆွဲထည့်ပြောခဲ့ခြင်းပါ။ ဒါက သူ့ရဲ့ လွတ်လပ်စွာပြောဆိုမှုမှာ စောင့်ထိန်းရမယ့် အသိတရားကို လက်လွတ်သလို ဖြစ်သွားခဲ့တယ်။ သူ့ရဲ့ ပြောဆိုချက်က အဝေဖန်ခံ၊ သရော်လှောင်ပြောင်ခံတဲ့ ဘာသာစွဲမကြီးသူ ခရစ်ယာန် အများစု အတွက် ရိုးနေပြီး ဘာမှ ဆတ်ဆတ်ထိမခံ ဖြစ်မှာ မဟုတ်ပေမဲ့ စင်ကာပူအစိုးရကတော့ လုပ်နေကျအတိုင်း နိုင်ငံရေးအရ ဖိနှိပ်နှိပ်ကွပ်လိုတာကို ဝိနည်းလွတ်အောင်၊ နိုင်ငံတကာက အပြောလွတ်အောင် ဒီလူငယ် အမှုမှာ ဘာသာရေးစော်ကားမှုကို ဇောင်းပေးမှာပါ။

စင်ကာပူရဲ့ လက်ရှိ လွပ်လပ်ခွင့်၊ ဥပဒေ ဖိနှိပ်မှုနဲ့ နိုင်ငံရေး ရေချိန် အရတော့ ဘာမှ မျှော်လင့်စရာ မရှိပါဘူး။ စင်ကာပူတွေလည်း လှုပ်ဝံ့မှာ မဟုတ်ဘူး။  ဟိုတလောက ပြင်သစ် မဂ္ဂဇင်းတိုက် အကြမ်းဖက်မှုကိစ္စမှာ မွတ်ဆလင်အကြောက် မလို ရောဂါအခံလေးနဲ့ ‘ငါ ချာလီဟဘ်ဒို’ အသံကောင်းဟစ် လွတ်လပ်စွာပြောဆိုခွင့်ကို ခါတော်မီ ကာကွယ်ခဲ့သူတချို့ကိုတော့ အခု ငါ ‘I am Amos Yee’ မလုပ်သင့်ဘူးလား မေးချင်ပါတယ်။  အခု လူငယ်ရဲ့ ဘာသာရေးစော်ကားမှုက ပြင်သစ်မဂ္ဂဇင်းလောက် မပြင်းထန်၊ မကြီးပါဘူး။  ပြင်သစ်မဂ္ဂဇင်းကိုတောင် ထောက်ခံနိုင်၊ လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ရပ်တည်နိုင်သေးတာ ကိုယ့်ဒေသတွင်းက လူငယ်လေးအတွက်လည်း ပါးစပ်မနှေး အတူတကွ မျှဝေ ခံစားရပ်တည်ကြောင်း အသံထွက်ပြသင့်ပါတယ်။

တကယ်တော့ ပညာတတ် လူလတ်တန်းစားနဲ့ လူချမ်းသာ ရေပေါ်ဆီများရဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး ရေချိန်ကလည်း သိပ်နက်နက်နဲနဲတွေ လေ့လာစောင့်ကြည့်စရာမလို၊ လီကွမ်ယု အသုဘ ကြည့်ရင်ကို သိနိုင်တယ် ဆိုရမလို ဖြစ်နေပါတယ်။ ဖိနှိပ်မှုကို ဆန့်ကျင်ကြောင်း၊ မတရားမှုကို တနိုင် အာခံကြောင်း ပြဖို့၊ ပြောဖို့ရာက နိုင်ငံတကာ အသာထား ကိုယ့်ပြည်တွင်းကိစ္စတောင် နှုတ်ဆွံ့နေကြသူတွေကလည်း အများသား ဖြစ်နေတယ်။ ငြိမ်းချမ်းစွာ အကြမ်းမဖက် ဆန္ဒထုတ်ဖော်မှုနဲ့ ဆူပူမှုကို တံဆိပ်အတူတူကပ်ချင်ကြတဲ့၊ ခေါင်းငုံ့ခံ၊ ရေငုံ နှုတ်ပိတ်နေမှုက တိုင်းပြည် ငြိမ်းချမ်းရေး သာယာ ဖွံ့ဖြိုးတိုးတက်ရေးလို့ မြင်နေကြတဲ့ အာဏာရှင်မှိုင်းမိ အတွေးအခေါ်တွေ ခေတ်စားနေတာကလည်း ဖြစ်ခဲ့တဲ့ ကျောင်းသားသပိတ်ဖြစ်စဉ် တလျှောက် တုံ့ပြန်ပုံတချို့က လှစ်ဟပြနေပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့်၊ ထင်မြင်ယူဆချက်ပေးပိုင်ခွင့်၊ တာဝန်ခံ တာဝန်ယူမှု စတဲ့ ဒီမိုကရေစီ အခြေခံ ကျင့်ဝတ် တရား ပြဋ္ဌာန်းချက်တွေ အတွက်လည်း အကြောင်းကိစ္စကြီးတွေမှာ လူအများနဲ့ ဆန့်ကျင် လူမုန်းခံ ရဲရဲဝံ့ဝံ့ မပြောဆိုလိုကြဘူး ဖြစ်နေတယ်။ တခြားမကြည့်ပါနဲ့။ နိုင်ငံရေးအရ နှိပ်ကွပ်လိုမှု အရင်းခံကို သာသနာညှိုးနွမ်းစေမှု ဗန်းပြ တရားစွဲဆိုခံထိနေတဲ့ စာရေးဆရာ ထင်လင်းဦး (Wisdom Villa) အမှုကိုကြည့်ပါ။ အနောက် ဒီမိုကရေစီနိုင်ငံကြီးတွေကို ချောင်းပေါက်မတတ်သွား သင်တန်းတက်၊ ဆွေးနွေးပွဲဝင်နေသူများ ဦးဆောင်လှုပ်ရှားနေတဲ့ စာရေးဆရာအဖွဲ့မျိုးကအစ ဘာသာ သာသနာဆက်စပ်မို့ လူဆဲမခံချင်၊ အမျိုးသားရေးသမားများ၊ သံဃာများရဲ့ အငြိုအငြင်မခံလို၊ ပြဿနာ မတက်လိုတာကြောင့် အသာပဲ နှာစေးနေလိုကြတာမျိုးတွေ တွေ့ရပါတယ်။

ကျနော်တို့ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားလိုက်နာ တန်ဖိုးထားတတ်တဲ့ ဒီမိုကရေစီ နိုင်ငံ စစ်စစ် အနာဂတ်မှာ တည်ဆောက်ချင်ရင် လူသား အခြေခံ အခွင့်အရေး၊ ဂုဏ်သိက္ခာ၊ လွတ်လပ်မှုအတွက် ပြောဖို့၊ အသံထွက်ဖို့၊ သာမန် လူထု လူပြိန်း လူအများရဲ့ အခြေခံအတွေးအခေါ် Mindset တွေ အမြစ်ကလှန် ပြုပြင်ပြောင်းလည်ဖို့ အများကြီး လိုနေပါသေးတယ်။ လူသားရဲ့ သဘာဝ ဗီဇတွေမှာ အိပ် စား ကာမ ပြုခြင်း၊ မသေအောင် အသက်မွေးခြင်း၊ အန္တရာယ်ကို ကာကွယ်လို၊ ဘဝလုံခြုံမှုရှာလိုခြင်းတွေသက်သက်နဲ့ပဲ လူ့ဘဝကို ရှင်သန်လိုစိတ်ဖြစ်ပေါ်လောက်အောင် ကျနော်တို့ စိတ်ဓာတ်တွေချွတ်ခြုံကျ ဖျက်ဆီးခံခဲ့ရပါပြီ။  ကျနော်တို့ လူသားပီသမှုတရားကို မမြတ်နိုး မကိုးကွယ် ဦးထိပ် မတင်လိုလောက်အောင် အဖိနှိပ်ခံခဲ့ရလို့ အခု ပုံစံခွက်ထဲမှာ ဝမ်းနည်းဖွယ် အသားကျနေရပါပြီ။

မတရားမှုကို ဆန့်ကျင်လိုစိတ်၊ တရားမှုကို ရှာလိုစိတ်၊ အမှန်တရားကို မြတ်နိုးစိတ်၊ လူသားချင်း စာနာစိတ်၊ လူဆန်မှု ချစ်ခြင်းတရား၊ လွတ်လပ်မှုကို  အသက်ထက် ခုံမင် တောင့်တကာ ပိုင်စိုးမှုအပြည့် လူသားဂုဏ်သိက္ခာရှိရှိ ကိုယ့်ကြမ္မာကိုယ် ဖန်တီး လွတ်မြောက်လိုစိတ်၊ လွတ်မြောက်ကြောင်းတရား ရှာလိုစိတ်၊ ရုန်းကန်လိုစိတ် စတဲ့ လူသားပီသမှု တရားတွေကို နောက်တန်းပို့ချင်နေကြပါပြီ။  ပစ္စည်း ဥစ္စာ၊ ဓန ချမ်းသာရာရှာရေးကိုသာ ရှေးရှု လူသားဘဝနဲ့ အခွင့်အရေးတွေကို ချနင်းလိုနေကြပါပြီ။

ရုပ်ဝတ္ထုပစ္စည်း ချမ်းသာရာ ရမှုကိုပဲ အထင်ကြီး လိုချင်တပ်မက်၊ စိတ်ဓာတ်တွေ မလွတ်မြောက်ချင်ကြတဲ့ အခြေအနေဆိုက်ကုန်ခဲ့ပါပြီ။ စင်ကာပူ၊ မလေးရှား ‘အာရှတန်ဖိုး’ ခေါင်းစဉ်အောက်က ဘောင်ခတ် လူ့အခွင့်အရေး၊ အနားသတ် လွတ်လပ်ခွင့်၊ ပိုင်စိုးမှုမဲ့ လူ့ဘောင်လောကကို အထင်ကြီးအားကျချင်နေကြပါပြီ။  အင်တာနက်ကလေးများ ပို သုံးလာရ၊ မိုဘိုင်းလ်ဖုန်းလေးများ လွယ်လာ၊ လူချမ်းသာ တစုရဲ့ ကားသစ်ကလေးများ လမ်းပေါ်မြင်လာရရုံနဲ့ ဒီမိုကရေစီ၊ လူသားလွတ်မြောက်မှုကို ဈေးဖြတ်၊ ဈေးပေါင်ကျိုး ဖလှယ်လိုနေကြပါပြီ။

တကယ်တော့ စင်ကာပူ ဒီမိုကရေစီလောက်လည်း ရတယ်၊ လူလူသူသူနေရရင်ပြီးရော ဆိုတဲ့ အတွေးအခေါ်က တကယ်တော့ အလုပ်မဖြစ် လူလိုတကယ် ပီပီသသ နေခွင့်ရဖို့ အာမ မခံနိုင်ပါဘူး။ ရုပ်ဝတ္ထုပစ္စည်း၊ မိုးမျှော် အဆောက်အအုံ၊ နတ်ပြည်အလားထင်ရတဲ့ လေပေါ် မိုးပျံ ဥယျာဉ်တွေက ခဏကလေးနဲ့ လုပ်ယူနိုင်ပါတယ်။ လူ့အခွင့်အရေး စံချိန်မီ လူသားကို တန်ဖိုးထားမှု၊ နိုင်ငံကြီးသားကောင်း ပီသမှု၊ လူကို လူလို ထား ဆက်ဆံလိုမှုကတော့ ရေရှည် တည်ဆောက်ယူရတာပါ။ စင်ကာပူအစိုးရက ဒါတောင် လူမျိုး၊ ဘာသာ အမုန်း၊ ပဋိပက္ခတွေဟာ လူ့အဖွဲ့အစည်း တည်ငြိမ်မှုနဲ့ စီးပွားဖွံ့ဖြိုးမှုကို အကြီးအကျယ် ထိခိုက်နိုင်ကြောင်းသိလို့ လူမျိုး၊ ဘာသာ ခွဲခြားမှုကို ကင်းအောင်၊ သမမျှတနေနိုင်အောင် ဥပဒေတွေ တင်းကျပ် ဖိဖိစီးစီး လုပ်ထားတာပါ။

ဒါပေမယ့် လူသား အခြေခံ အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ကတော့ နိုင်ငံတကာ မဆိုထားနဲ့ ဒေသတွင်းက ဟောင်ကောင် လောက်တောက် လိုက်မမီပါ။ စာနယ်ဇင်းဖိနှိပ်မှုဆိုရင် လက်ရှိ ကျနော်တို့ တိုင်းပြည်ထက်တောင် ဆိုးလှပါသေးတယ်။ ရွှေ့ပြောင်းကာယလုပ်သားတွေရဲ့ လုပ်ငန်းခွင် အခြေအနေ သာယာဝပြောမှု၊ နေထိုင်မှု၊ ဆက်ဆံခံရမှု၊ အခွင့်အရေး၊ လွတ်လပ်ခွင့်၊ နိုင်ငံသားအားလုံးရဲ့ ယေဘုယျ အခြေခံ ဒီမိုကရေစီကင်းမဲ့ပုံတွေ၊  အကျိုးဆက်တွေ လေ့လာသုံးသပ် သင်ခန်းစာယူစရာတွေ အများကြီးရှိပါတယ်။

အတိုက်အခံ နိုင်ငံရေးပါတီကို မလှန်နိုင်အောင် နှိပ်ကွပ်၊ သားစဉ်မြေးဆက်နဲ့ ကိုယ့်လူချည်း (ကိုယ့်ပါတီချည်း) အာဏာတည် အမွေခံ မင်းဆက် နိုင်ငံရေး “Political Dynasty” ထူထောင်လိုမှုကိုပဲ အဓိက ထားလိုခြင်းကနေ အရင်းတည်တဲ့ ဖိနှိပ်မှု နိုင်ငံရေးစနစ်ကနေ လူသားတန်ဖိုးတွေကိုပါ ယုတ်လျော့သွားစေ၊ ၂၁ ရာစုတန်းဝင် နိုင်ငံကြီးသားကောင်း လူကြီးလူကောင်း ပီသမှုကို ထိခိုက်သွားစေပါတယ်။ ဒီလိုနဲ့ နောက်ဆက်တွဲ အဖြစ် လူသားကျင့်ဝတ်တာဝန် ပျက်ယွင်းမှု၊ လူမပီသမှု ပြဿနာတွေ လူ့အဖွဲ့အစည်းမှာ ကြီးမားလာတယ်။ တတိယနိုင်ငံကနေ ရုပ်ဝတ္ထု အခြေပြု၊ စီးပွားကို ပုံဖော်၊ ဓန ကို တည်ဆောက်ပြီး ပထမနိုင်ငံအဖြစ် အချိန်တိုအတွင်းမှာ ပြောင်းလဲ တည်ဆောက်နိုင်ခဲ့ပေမဲ့ ကျင့်ဝတ်၊ သီလ၊ စာရိတ္တ နာမ် ပိုင်းဆိုင် နိုင်ငံကြီးသား အဖြစ် ပြောင်းလဲ ဖွံ့ဖြိုးမှုနည်းမှု ပြဿနာက စင်ကာပူမှာ နက်နက်ရှိုင်းရှိုင်း ရှိနေပါတယ်။

စင်ကာပူကို အားကျ အတုယူစရာတွေ အများကြီး ရှိတာလည်း မှန်ပါတယ်။  တာဝန်ခံ၊ တာဝန်ယူ၊ တာဝန်ကျေ၊ အရည်အချင်းပြည့် ကောင်းမွန်တဲ့ စီမံခန့်ခွဲ အုပ်ချုပ်ပုံ ၊ အကျင့်ပျက်ခြစားမှုကင်းတဲ့ အစိုးရ ယန္တရား၊ စည်းကမ်း ဥပဒေ ရိုသေလေးစား လိုက်နာမှု၊ သန့်ရှင်းမှု၊ ရင်းနှင်းမြှုပ်နှံ စီးပွားလုင်ငန်း  လွယ်ကူမြန်ဆန် စနစ်ကျ ကြိုးနီစနစ်ကင်းမဲ့မှု၊ လုပ်ငန်းခွင် အထောက်အကူပြု ပညာရေးစနစ် စတဲ့ ကောင်းတာတွေကို ယူရမှာ အမှန်ပါပဲ။  ဒါပေမယ့် စင်ကာပူရဲ့ အခြား မျက်နှာစာ တဖက်မှာတော့ ဆိုခဲ့သလို အပြည့်အဝ ဒီမိုကရေစီစနစ် အလုံးစုံ မထွန်းကားခြင်းရဲ့ ရလဒ်၊ နိုင်ငံရေး အရ လွတ်လပ်တဲ့ စနစ်မဟုတ်ခြင်း အကျိုးတွေကြောင့် အားနည်းချက်တွေ အများကြီး ရှိနေတာကိုလည်း မျက်မှောက် ပြုနိုင်ရပါမယ်။ နိုင်ငံရေးသင်းကွပ်ခံနေရတဲ့ တိုင်းပြည်တခုရဲ့ လူမှု၊ စီးပွား၊ ပညာ၊ အနုသုခုမ၊ ယဉ်ကျေးမှု ကဏ္ဍ အသီးသီးမှာ ခြွင်းချက်တွေ အပြည့်ရှိကြောင်းကို မြင်နိုင်ရပါမယ်။

လူအများ ဖြစ်လိုကြတဲ့ စီးပွားရေး ဖွံ့ဖြိုးချမ်းသာမှု ဆက်စပ်ကိုပဲ ဥပမာ ပြု ထောက်ပြပါမယ်။ စင်ကာပူ လိုပဲ မူလ အာရှ ကျား ၄ နိုင်ငံ စာရင်းဝင် ပိုမို လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တခု ဖြစ်တဲ့ ထိုင်ဝမ်ဟာ စွန့်ဦးတီထွင်မှု၊ ခေတ်သစ် နည်းပညာနဲ့ အိုင်ဒီယာ အခြေခံ နည်းပညာဝန်ဆောင်မှု လုပ်ငန်းတွေ၊ နည်းပညာ ထုတ်ကုန်တွေနဲ့ တိုင်းပြည်စီးပွားကို မောင်းနှင် ကမ္ဘာ့ နည်းပညာ ဈေးကွက်ထဲမှာ ဝင်ဆန့်နေနိုင်တယ်။ စင်ကာပူကတော့ ခေတ်နည်းပညာ ဆန်းသစ်မှုနဲ့ အတွေးအခေါ် အခြေခံ ထုတ်ကုန် ဝန်ဆောင်နိုင်မှု အားနည်းနေဆဲ ဖြစ်ကြောင်း လက်တွေ့ နှိုင်းယှဉ် သုံးသပ်နိုင်ပါတယ်။

မဆလခေတ် နိုင်ငံခြားသား အမုန်းရောဂါ စနစ်ဒဏ်ပြင်းထန်ချိန် ပြည်ပ ထွက်ခွာခဲ့ရသူ မန္တလေးဇာတိ တရုတ်အမျိုးသား ပီတာချူး (ဦးဝင်းသန်း) တယောက် ထိုင်ဝမ်ကို မသွားဘဲ စင်ကာပူမှာသာ အခြေချခဲ့ရင် လူလည် ပွဲစား သာမန် သူဌေးတယောက်ပဲ ဖြစ်မလား၊ အခုလို စွန့်ဦးတီထွင် စိတ်ကူးစိတ်သန်း နည်းပညာ အခြေပြု HTC မိုဘိုင်းလ် ကုမ္ပဏီကို တည်ထောင်နိုင်မလားဆိုတာ အများကြီး မေးခွန်းထုတ် ဆင်ခြင်စဉ်းစားဖွယ် ရှိပါတယ်။  ကျနော်တို့ တိုင်းပြည်က ကြေးရေတက် လူချမ်းသာများ သူတို့ သားသမီးတွေကို အထင်တကြီးနဲ့ ငွေကုနု်ခံ ကျောင်းထားနေတဲ့ အဆင့်တန်းမီလှချည်းရဲ့ ဆိုတဲ့ စင်ကာပူပညာရေးက အတတ်ပညာ တခုခုနဲ့ ဝမ်းစာရှာ၊ ငြိမ်ဝပ်ပိပြားနေဆိုတဲ့ ရုပ်အရ ပြည့်စုံတဲ့ ‘ကျွန်ကောင်း’ တယောက်ကိုပဲ ဖြစ်ဖို့ပဲ ‘အများစု’ ‘အဓိက’ ပေးနိုင်တာပါ။  ဆန်းသစ်တဲ့စိတ်ကူးနည်းပညာဟာ ပိတ်ဆို့ထားတဲ့ လူ့အဖွဲ့အစည်းမှာ မရှင်သန် မထွန်းကား အမြင့်ဆုံး မရောက်ပါဘူး။

ဥပမာ – စင်ကာပူရဲ့ ထိပ်တန်း အမျိုးသားတက္ကသိုလ်က ကမ္ဘာကျော် အမေရိကန် ယေးလ်တက္ကသိုလ်နဲ့ ပူးပေါင်း ကျောင်းဖွင့်နိုင်ပေမဲ့ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကိုကျ မပေးပါဘူး။

ဒါတွေရဲ့ အကျိုးဆက်က ခေတ်မီ အဆင်မြင့် အတတ်ပညာသင်ခွင့်ရသူချင်း အတူတူမှာ ကိုယ်ပိုင် တွေးခေါ် လွတ်လွတ်လပ်လပ် ကြံဆ လမ်းသစ်ဖောက်လိုသူတွေရဲ့ စွန့်စားဖန်တီးကာ တကိုယ်ရေကနေ လူ့အဖွဲ့အစည်းတခုလုံး၊ ကမ္ဘာကြီးတခုလုံး ပြောင်းလဲအောင်၊ ကြီးပွားအောင် ဖော်ဆောင်လိုတဲ့ စွန့်ဦးတီထွင် Entrepreneurship ဖြစ် စိတ်ကူးနည်းပညာ Innovative Technoglogy စီးပွားလုပ်ငန်းမျိုးတွေကို လမ်းကြောင်းဖွင့် အားမပေးနိုင်ပါဘူး။  ဒီလိုကွာခြားချက်ကြောင့် ကမ္ဘာကို ပြောင်းလဲစေတဲ့ နည်းပညာနဲ့ စိတ်ကူး ဖန်တီးချပြသူတွေက လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေမှာသာ ပေါက်ဖွား ရှင်သန်နိုင်ကြောင်းကို တက္ကသိုလ်အဆင့် အတန်းပညာရေး မဆုံးခဲ့တဲ့ ဘီလ်ဂိတ်(စ်) (Microsoft)၊ စတိဗ်ဂျော့ဘ်(စ်) (Apple)၊ မာ့ခ်ဇူကာဘတ် (Facebook) တို့ရဲ့ နည်းပညာစိတ်ကူးသက်သက်နဲ့ ချမ်းသာကြွယ်ဝမှု တည်ဆောက်နိုင်မှု၊ လူသားအားလုံးနဲ့ ခေတ်ကြီးတခုလုံးကို ရှေ့ဆောင် အလှည့်အပြောင်းဖြစ်စေမှုက သက်သေထူနေပါတယ်။

စစ်တပိုင်း အစိုးရခေတ် သက်တမ်း တလျှောက်လုံး အစိုးရအဖွဲ့ဝင် သမ္မတ အစ၊ ဒေသဆိုင်ရာ ဝန်ကြီးအဆုံး၊ အာဏာရ၊ အတိုက်အခံ လွှတ်တော်အမတ်မင်းများ မကျန်ဟာ တိုင်းပြည်ကို စင်ကာပူလို ဖြစ်စေရမယ့် အကြောင်း အခါခါ ပြောခဲ့ကြပါတယ်။  တကယ်တော့ စင်ကာပူလိုဖြစ်အောင် အထူး လုပ်ပြနေစရာမလိုပါ။  အတိုက်အခံကို ဖိနှိပ်၊ မသေမရှင် အဖြစ် မွေးထား၊ စာနယ်ဇင်းကို ဖိနှိပ်၊ လူထုရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိန်းချုပ်လိုခြင်း ဓလေ့တွေက စစ်အစိုးရအဆက်ဆက်နဲ့ လက်ရှိတိုင် ကျင့်သုံးနေဆဲ ဖြစ်သလို တိုင်းပြည်နစ်နာစေကြောင်းလည်း သမိုင်းသက်သေပြုပြီး ဖြစ်ပါတယ်။

တခါတလေမှာ နောက်ကျခြင်းဟာ “Blessing in Disguise” နောင်မှာကောင်းဖို့ ဖြစ်စေပါတယ်။ ကိုယ်တိုင်လည်း ဒီ လူ့အခွင့်အရေး၊ နိုင်ငံသား လွပ်လပ်ခွင့် ဖိနှိပ်ချိုးနှိမ်လိုခြင်းရဲ့ မကောင်းတဲ့ အကျိုးဆက်တွေ ဆယ်စုနှစ်များစွာ ခံစားပြီး ဖြစ်သလို စင်ကာပူလို တိုးတက်ချမ်းသာပြီး တိုင်းပြည်မျိုးမှာလည်း လူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်နဲ့ လူသား ဖန်တီးမှု အရည်အသွေးပိုင်းဆိုင်ရာ အားနည်းမှုတွေ ဖြစ်စေကြောင်း သူများ အမှားကနေ သင်ခန်းစားယူနိုင်ရပါမယ်။ ကောင်းတာကိုယူ၊ မကောင်းတာကို ပယ်တတ်ရပါမယ်။

နိဂုံးချုပ်ရရင် လူ့အခွင့်အရေး ပေမီဒေါက်မီ၊ လူသားချင်း စာနာထောက်ထားစိတ် ပြည့်လျှံ၊ လွတ်လပ်မှု အတွေးအခေါ်၊ ဉာဏ်ပညာ၊ ချစ်ခြင်းတရား၊ လူသားဆန်မှု များများနဲ့ အနာဂတ် တိုင်းပြည်ကိုပဲ လိုချင်ပါတယ်။  လွပ်လပ်စွာ ဆန္ဒထုတ်ဖော် ပြောဆိုဝေဖန် ဆွေးနွေးငြင်းခုံမှုများနဲ့အတူ ပညာရပ်ဆိုင်ရာ ဆန်းသစ်တွေးခေါ်မှု အသီးအပွင့်တွေ ဝေဆာ၊  စွန့်ဦးတီထွင် ရှာဖွေဖော်ထုတ်နိုင်မှု သုတေသန အလုပ်တွေ အပြည့်၊ အနုသုခုမနဲ့ အားကစား ကဏ္ဍပေါင်းစုံ လူတန်းစေ့တဲ့ စိတ္တ၊ ကာယ၊ ရုပ်၊ နာမ် နှလုံး အဘက်ဘက် ကုံလုံကြွယ်ဝ ရင့်ကျက် တိုးတက်မှုရှိတဲ့ နိုင်ငံကိုပဲ တည်ဆောက်ချင်ပါတယ်။  လူသားတန်ဖိုး ဖြစ်တည်မှုကို အပြည့်အဝ အသိအမှတ်ပြု ကျင့်ဝတ်၊ သိက္ခာ၊ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံတဲ့ လူအများနဲ့ ဖွဲ့စည်းထားတဲ့ လူ့အသိုင်းအဝန်းကိုပဲ ဖန်တီးချင်ပါတယ်။  ဒီမိုကရေစီ အမည်ခံ အာဏာရှင် တပိုင်း ဖိနှိပ်မှု လူမဆန်မှု အပြည့်နဲ့ စင်ကာပူလို မဖြစ်ချင်ကြဖို့နဲ့ ဗမာပြည်က အရှေ့တောင်အာရှရဲ့ ရှေ့ဆောင် စံချိန်မီ ဒီမိုကရေစီ တိုင်းပြည်ကြီး အဖြစ် ရှေ့ကဦးဆောင် ချီတက်စေချင်ကြောင်းပါ ခင်ဗျား။

(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်း များတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။  ဆောင်းပါး ပါ အာဘော် ကို ဝေဖန်ရန် [email protected] သို့ စာရေး နိုင်သည်။)

Loading