မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင် အိမ်ခြံမြေဈေးနှုန်းများက ယခင် စစ်အစိုးရက ရောင်းချရာတွင် ပေးဆောင်ရသည့် ပိုင်ဆိုင်မှု အခွန်နှုန်းထားများကို ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်သည့် ၂၀ဝ၇ ခုနှစ် ကတည်းက မြင့်တက် လာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည့် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များကလည်း အဆိုပါ အနေအထားကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ချေ။ စီးပွားရေး ပြုလုပ်ရန်နှင့် လူနေထိုင်ရန် အတွက် မိုးထိအောင် တက်နေသည့် နေရာငှားရမ်းခများက ရန်ကုန်မှ စီးပွားရေး လုပ်ငန်းများနှင့် မြို့နေ ပြည်သူများ အတွက် လက်လှမ်း မမီအောင် ဖြစ်နေသည်။
ထိုသို့ ကြီးထွားနေသော ပိုင်ဆိုင်မှု ဈေးကွက်အပေါ် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုင်းခွန်နောင်က ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ သတင်းထောက် ကျော်ဆုမွန်နှင့် တွေ့ဆုံရာ၌ သူ၏ အမြင်များကို ပြောပြခဲ့သည်။
မေး။ ။ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်ထဲကို ပထမဆုံး ဝင်ရောက်လာတဲ့အချိန်က ဘယ်လိုတွေ ကြုံတွေ့ ခဲ့ရပါသလဲ။
ဖြေ။ ။ ကျနော့်ရဲ့ စီးပွားရေး လုပ်ငန်းကို ဝန်ထမ်း အယောက် ၂၀ နဲ့ ၂၀ဝ၂ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပါ တယ်။ ရန်ကုန်မြို့ထဲက စီးပွားရေး နေရာတွေကိုပဲ အဓိကထားပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အာရှ စီးပွားရေး အကျပ်အတည်းက ပြည်တွင်း ပိုင်ဆိုင်မှု ဈေးကွက်ကို အနည်းငယ် သက်ရောက် မှု ရှိခဲ့ပြီးတော့ ၂၀ဝဝ-၂၀ဝ၁ နှစ် တွေမှာ ပြန်လည် ဖွံ့ဖြိုးလာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က ဈေးကွက်က အခုအချိန်နဲ့ စာရင် မဖွံ့ဖြိုးသေး ပါဘူး။ အဲဒီတုန်းက ကျနော်တို့မှာ ဖောက်သည် အနည်းငယ်ပဲ ရှိခဲ့ပါတယ်။
မေး။ ။ နောက်ပိုင်းမှာ ဘဏ္ဍာရေးလုပ်ငန်း တဒါဇင်ကျော် ပြိုလဲခဲ့ရတဲ့ ၂၀ဝ၃ ခုနှစ် မြန်မာနိုင်ငံရဲ့ ဘဏ်အကျပ် အတည်း ကနေ ဦးစိုင်းခွန်နောင် တို့လို အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေ ဘယ်လို လွတ်မြောက်ခဲ့ကြပါသလဲ။
ဖြေ။ ။ ၂၀ဝ၃ ခုနှစ် အကျပ်အတည်းမှာ ကျနော်တို့ တကယ်ကို ထိခိုက်ခဲ့တာပါ။ အိမ်ခြံမြေလုပ်ငန်း တော်တော်များများ လက်မြှောက် အရှုံးပေး သွားကြတယ်။ ဒါပေမယ့် ကျနော်တို့ လွတ်မြောက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်မှာ ကျနော့်ရဲ့ ဇာတိ ရှမ်းပြည်နယ်က ဖောက်သည်တချို့ ရှိပါတယ်။ အဲဒီ အချိန်တုန်းက ငွေရေးကြေးရေး အဖွဲ့အစည်းငယ်လေးတွေ တော်တော်များများ ပိုင်ဆိုင်မှု ဈေးကွက်မှာ ရင်းနှီး မြှုပ်နှံခဲ့ကြပါတယ်။ အဲဒီအဖွဲ့တွေ ရပ်ဆိုင်း သွားတော့ ရင်းနှီးမြှုပ်နှံ သူတွေရဲ့ ယုံကြည်မှု လျော့ကျ သွားပြီး ကျနော်တို့လို အိမ်ခြံမြေ အကျိုးဆောင်တွေလည်း ထိခိုက်ခဲ့ပါတယ်။
လူအများအပြားက ကျနော်တို့ကို လူလိမ်တွေ လို့ ထင်ခဲ့ကြတယ်။ ဒါကြောင့် ကျနော်တို့တွေ ဈေးကွက်ထဲမှာ ရပ်တည်နိုင်ဖို့ အတွက် တကယ်ကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ အငြိမ်းစား အစိုးရ အရာရှိတချို့ရဲ့ ပိုက်ဆံ တွေလည်း ဒီ အကျပ်အတည်းထဲမှာ ပါဝင်ခဲ့ပါတယ်။ သူတို့က ဧရာမြေ၊ သစ္စာပန်းခင်းနဲ့ ထူးခြား စတာတွေ လိုမျိုး အသေးစား ငွေရေး ကြေးရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။ အခု အချိန်မှာတော့ ဒီလိုမျိုး ငွေကြေးလုပ်ငန်း ငယ်လေးတွေ မရှိတော့ပါဘူး။ ကျနော်တို့ ကံကောင်းပါတယ်။ ပိုင်ဆိုင်မှု ဈေးကွက်ကလည်း ပြန်လည် ဖွံ့ဖြိုးလာခဲ့ပါတယ်။ လူတွေကြားမှာ ကျနော်တို့လည်း နာမည် မပျက်ရတော့ပါဘူး။
မေး။ ။ ရန်ကုန်မှာ အိမ်ခြံမြေဈေးနှုန်းတွေ ဆက်တိုက် တက်နေတဲ့ အဓိက အကြောင်းအရင်းက ဘာပါလဲ။
ဖြေ။ ။ အဓိက ပြဿနာကတော့ အစိုးရက ပိုင်ဆိုင်မှု အခွန်တွေကို ၂၀ဝ၇ ခုနှစ်မှာ ဖြေလျှော့ ပေးလိုက်လို့ပါ ပဲ။ နောက်ပြီးတော့ သူတို့က ရင်းနှီးမြှုပ်နှံသူတွေကို ပိုက်ဆံတွေ ဘယ်ကရသလဲ ဆိုတာ မမေးခဲ့ပါဘူး။ မြန်မာ နိုင်ငံဟာ ငွေကြေးခဝါချဖို့ အကောင်းဆုံး နေရာလို့ လူတွေက ပြောကြပါတယ်။ တချို့ပိုက်ဆံတွေက အဲဒီ လမ်းကြောင်းက လာတာပါ။ ပိုင်ဆိုင်မှု ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမယ် ဆိုရင် အကျိုးအမြတ် ရရှိဖို့ အသေချာဆုံးပဲ လို့ လူတွေက သဘောထားကြပါတယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတော့ပါဘူး။
မေး။ ။ ရန်ကုန်မှာ အမြင့်ဆုံးမြေဈေးကို အတည်ပြုပေးနိုင် မလား။ တချို့မြေတွေက ၁ စတုရန်းပေကို အမေရိကန် ဒေါ်လာ ၁၅၀ဝ လောက်ရှိတယ် ဆိုတာ ဟုတ်ပါသလား။
ဖြေ။ ။ မှန်ပါတယ်။ ဈေးနှုန်းက တည်နေရာပေါ်မှာ မူတည်ပါတယ်။ ရန်ကုန်က တချို့ အဓိကလမ်းမကြီးတွေ တလျှောက်မှာ မြေဈေးက အဲဒီလောက် အထိ ရောက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဝယ်လိုအား မြင့်နေလို့ ပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီနှစ်ထဲမှာ နိုင်ငံရေးအခြေအနေ ဘယ်လိုဖြစ်လာမလဲ ဆိုတာကို အများစုက စောင့်ကြည့် နေကြတဲ့ အတွက် ဈေးကွက်စတင်ပြီး အေးလာပါပြီ။
မေး။ ။ အစိုးရရဲ့ ပိုင်ဆိုင်မှုပေါ်မူတည်ပြီး နေရာအလိုက် ကျသင့်တဲ့ အခွန်နှုန်းထား စနစ်သစ်က မြေဈေးတွေ ကို လျှော့ချနိုင်လိမ့်မယ် လို့ ထင်ပါသလား။
ဖြေ။ ။ ဈေးနှုန်းကို ထိန်းချုပ်တဲ့ နေရာမှာ အခွန်တခုတည်းက အဖြေ မဟုတ်ပါဘူး။ တကယ်လို့ အစိုးရက မြေဈေးတွေကို လျှော့ချချင်တယ် ဆိုရင် ရန်ကုန်မြို့ကို တိုးချဲ့ရပါမယ်။ အခွန်တိုးကောက်တာက ကာလတို ကုသနည်း တခု သက်သက်ပါပဲ။ အစိုးရအနေနဲ့ ရန်ကုန်တခုတည်း မဟုတ်ပါဘူး။ မန္တလေးကိုလည်း တိုးချဲ့ဖို့ ကြိုးစားသင့် ပါတယ်။ သူတို့ ကားတင်သွင်းမှု ဈေးကွက်မှာ လုပ်ခဲ့သလို ဈေးတွေ ကျသွားမှာ သေချာပါတယ်။ ပြည်သူတွေက သူတို့ရဲ့ စီးပွားရေး အတွက် ရန်ကုန်ကို မှီခိုနေကြရပါတယ်။ ဒါကြောင့်လူတွေက ဒီမှာ နေချင် ကြတယ်။ ဒါပေမယ့် ရန်ကုန်မှာ အိမ်ယာ စီမံကိန်းသစ်တွေ မရှိဘူး။ စီမံကိန်းတွေ တိုးချဲ့ဖို့ မြေလွတ်တွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေး စနစ်လည်း လိုအပ်ပါတယ်။
မေး။ ။ လက်ရှိအချိန် ရန်ကုန်မှာ ဝယ်လိုအား အများ ဆုံးက ဘယ်နေရာလဲ။
ဖြေ။ ။ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်းနဲ့ ဝေဇယန္တာလမ်း အပါအဝင် အဓိကလမ်းမကြီးတွေ တလျှောက်မှာ နေရာကောင်းတွေ အများကြီးရှိပါတယ်။ ဒဂုံမြို့သစ်မြောက်ပိုင်းလိုမျိုး မြို့လယ်နဲ့ အများကြီး မဝေးတဲ့ ရေပန်းစားတဲ့ နေရာသစ်တွေ ရှိပါတယ်။ နောက်ပြီးတော့ အနာဂတ်မှာ အစိုးရက ဖွံ့ဖြိုးအောင်လုပ်ပေး သင့်တဲ့ ဒဂုံအရှေ့မြို့နယ်လည်း ရှိပါတယ်။ ဒဂုံမြို့ သစ်မြောက်ပိုင်းက စီးပွားရေး နေရာတခု အဖြစ် ဖွံ့ဖြိုးနေပါပြီ။ အဲဒီ နေရာတွေက မကြာခင်ဈေးကွက်ထဲ ဝင်လာမယ့် အလားအလာတွေ ရှိပါတယ်။
မေး။ ။ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ် အားနည်းမှုက ပိုင်ဆိုင်မှုဈေးကွက် အပေါ်မှာ ဘယ်လိုသက် ရောက်ပါသလဲ။
ဖြေ။ ။ ဒီမှာ အိမ်ဝယ်ဖို့အတွက် ကာလရှည် ချေးငွေစနစ် မရှိဘူး။ အဲဒါက နိုင်ငံရေး အခြေအနေနဲ့ သက်ဆိုင် ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုက အဓိက အကြောင်းတခု ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုဈေးကွက် ပူဖောင်း ပေါက်ကွဲ သွားမယ့် အချိန်ကို လူတွေက စိုးရိမ်နေကြတယ်။ ဘဏ်တွေ ကလည်း အခြေအနေကို စိတ်ဝင်တစားနဲ့ စောင့်ကြည့် နေကြတယ်။ ကျနော် သိသမျှဆိုရင် ဘဏ်တွေက ပိုင်ဆိုင်မှု တန်ဖိုးရဲ့ ၃ ပုံ ၁ ပုံကို ချေးနိုင်ပါ တယ်။ ဥပမာ ဈေးနှုန်းက သိန်း ၁၀ဝ၀ ကျပ်ဆိုရင် သူတို့က ဝယ်သူကို သိန်း ၃၀ဝ ထုတ်ချေး ပါလိမ့်မယ်။ ဒီမှာ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။
မေး။ ။ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက် ပူဖောင်း မကြာခင် ပေါက်ကွဲသွားမှာလား။
ဖြေ။ ။ ကျနော့် ကိုယ်ပိုင်အမြင်အရ ပြောရရင်တော့ လျင်လျင်မြန်မြန် ဖြစ်လာမှာ မဟုတ်ပါဘူး။ တိုင်းပြည် အတွင်းကို ဝင်ရောက်လာတဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ကလည်း နည်းနည်းပဲ ရှိပါသေးတယ်။ နောက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ အတွက် ပိုင်ဆိုင်မှုဈေးကွက်ထက် ပိုကောင်းတာလည်း မရှိသေးပါဘူး။ အိမ်ရာ စီမံကိန်း အသစ်တွေ မရှိတာကလည်း အကြောင်းရင်း တခုပါပဲ။ လူတွေက သူတို့ပိုင်ဆိုင်မှုတွေကို ဈေးနည်းနည်းနဲ့ ရောင်းနေတာ ကျနော် မတွေ့မိပါဘူး။ အိမ်ခြံမြေ ဈေးကွက် အင်အားကောင်းနေတုန်းပါပဲ။ ဘဏ်တွေကလည်း တောင့်တင်းနေပါတယ်။ ဒါကြောင့် ခုချိန်ကနေ စပြီးတော့ နောက်ထပ် ၃ နှစ် ကနေ ၅ နှစ် ကာလအတွင်းမှာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ။
(၂၀၁၅ ခုနှစ် မတ်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော တွေ့ဆုံမေးမြန်းမှုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။)