သင်္ကြန်ကာလ နီးလာတာနဲ့အမျှ သင်္ကြန် အငွေ့အသက်တွေကို နေရာအနှံ့မှာ တွေ့လာရတယ်။ ပိတောက်ရနံ့ ကြိုင် လှိုင်မွှေးပျံ့နေတဲ့ အထိ မရပေမယ့် တချို့နေ့တွေမှာ အပျိုမတွေရဲ့ခေါင်းမှာ ပိတောက် တခက်တလေ တွေ့နေရပြီ။ ငယ်ငယ်က ဒီလိုရာသီ ရောက်ရင် ဦးလေးကိုပိုက်ကြီးရဲ့ မြင်းလှည်းမှာ ပိတောက်ပန်းတွေ ဝေနေအောင်ထိုးပြီး ခရီးသည်တွေကို ပို့ပေးစမြဲ။
ကျုံးနံဘေးမှာ ဆယ့်လေးငါးပေ မြင့်တဲ့ သင်္ကြန် မဏ္ဍပ်ကြီးတွေက ဟီးထနေတယ်။ တီးဝိုင်းပါတဲ့ မဏ္ဍပ်ကြီးတွေရဲ့ ရေကစား စတိတ်ခုံ စင်မြင့်တွေ ကလည်း ရှည်လျား ကျယ်ပြန့်လှတယ်။ ဧပြီလဆန်း ရှိသေးပေမယ့် ရေကစား မဏ္ဍပ်ကြီး တွေရဲ့ ဆောင်းဘောက်စ်တွေက ထွက်လာတဲ့ လူခေါ် သီချင်းသံတွေက မြူးမြူးကြွကြွ။ မဏ္ဍပ်တွေ ဆောက်ရာမှာ အရင်လို ပေပါတွေ ဆင့်ပြီး ဆောက်တာ မဟုတ်ဘူး။ သံပိုက်တွေ သံငြမ်းတွေနဲ့ အပြိုင်အဆိုင် ခိုင်ခိုင်မာမာ ဆောက်ထားကြတာ ဖြစ်တယ်။
သင်္ကြန် ရေကစားကြမယ့် သူတွေ အအတွက် မဏ္ဍပ်တွေက အပြိုင်ဝန်ဆောင်မှု ပေးနေကြတယ်။ ဒီဂျေတွေ ပါမယ်။ အကြိုအပို့ ဖယ်ရီတွေ စီစဉ်ပေးထားတယ်။ မော်ဒယ်တွေလည်း ပါဦးမှာ။ အဆာပြေ စားစရာ နေ့လယ်စာ စားစတွေ လည်း ထည့်သွင်း စီစဉ်ပေးထားတယ်။ လူ ၇ ယောက်စာ လက်မှတ်ဝယ်ရင် တယောက်အခမဲ့ ရေကစားခွင့် ရမယ်လို့ ရေကစားမဏ္ဍပ် တခုက ကြော်ငြာထားတယ်။ သင်္ကြန် ရေကစားမဏ္ဍပ်မှာ ပိုက်တချောင်း ကိုင်ခွင့်ရဖို့ အရေး ကျပ် သုံးသောင်း လောက် အကုန်ခံနိုင်မှ ရမှာပါ။
သင်္ကြန် လည်ကြ ပတ်ကြမယ့် သူတွေ အတွက်လည်း လိုက်ထရပ်ကား ငှားရမ်းခတွေက တရက် ကျပ် တသိန်း ပေး လည်ကြရတယ်။ ဒါတောင် ဆီဖိုး မပါသေးဘူး။ ဆီဖိုးပါရင် တရက် ကျပ် ၁၂၀၀၀၀ တဲ့။ သင်္ကြန်ကို ကားနဲ့လည်မယ် ဆိုရင် လူတယောက် ကျပ် ငါးသောင်းလောက် အကုန်အကျ ခံနိုင်မှ ကားနဲ့ လည်လို့ရမယ့် ကိန်းဆိုက်နေပြီ။ ဂျစ်ကား အများစုက အပ်ကား ဖြစ်ကုန်ကြလို့ လိုက်ထရပ်တွေလည်း သင်္ကြန်ကား ဖြစ်လာရတယ်။
အစစအရာရာ စရိတ်စကတွေက တက်လာတော့ မဏ္ဍပ်ထောင်သူ ကားပြေးဆွဲသူတွေလည်း တွက်ခြေကိုက်အောင် ယူလာကြရတယ်။ မဏ္ဍပ်ထောင်သူတွေ ကလည်း အာမခံကြေး၊ စီစီတီဗီ၊ လုံခြုံရေး၊ မီးစက်၊ အဆိုတော် စတာတွေ ငှားရမ်း ဖြည့်တင်းကြရတယ်။ ယုတ်စွအဆုံး မိုလ်ဘိုင်းအိမ်သာ တောင် စည်ပင်သာယာ ဌာနကနေ အာမခံကြေး ကျပ် ငါးသိန်း သွင်းပြီး မဖြစ်မနေ ငှားကြရတယ်။ အဲဒီလို ကုန်ကျစရိတ် အားလုံးဟာ နောက်ဆုံး သင်္ကြန်ရေကစားမယ့် သူတွေပေါ် စုပြုံကျလာတာပဲ။
မြို့တော်ဝန် ဗဟိုမဏ္ဍပ်သည်ပင် သင်္ကြန် အတွက် ကျပ်သိန်း ၄၀၀၀ ကုန်ကျခံ သုံးစွဲသွားမယ် တဲ့။
ဘယ်လိုပဲ ဖြစ်ဖြစ် သင်္ကြန်ရေကစားရင်လည်း ပိုက်ဆံ လေးငါးသောင်းကုန်မှာ ဖြစ်သလို သင်္ကြန် လည်ကြရင်လည်း ပိုက်ဆံ လေးငါးသောင်း အကုန်မခံဘဲ လည်လို့ မရနိုင်ဘူး။ ပိုက်ဆံရှိမှ ပျော်စရာကောင်းတဲ့ ခေတ် ဖြစ်မှန်းမသိ ဖြစ်လာတယ်။ သင်္ကြန်ပွဲတော်က ပိုက်ဆံဝါလားတွေ အတွက်ပဲလား။ အခွင့်ထူးခံတွေ သီးသန့်ပျော်ကြပါးကြတဲ့ ပွဲလား။ အယုတ်အလတ် အမြတ်မရွေး တမျိုးသားလုံး ပျော်ကြရတဲ့ ပွဲတော်တခုဟာ ဘာကြောင့် ပိုက်ဆံရှိမှ ပျော်ရတဲ့ ပွဲတော်အဖြစ် လျော့ကျသွားရတာလဲ။
ကျနော်တို့ ငယ်စဉ်က ကြုံခဲ့ရတဲ့ သင်္ကြန် ပွဲတော်တွေဟာ ဒီနေ့ခေတ်လို မဟုတ်တာ သေချာတယ်။ ရပ်ကွက်တိုင်း နီးပါးမှာ သင်္ကြန်ပျော်ကြီးတွေ ရှိခဲ့ကြတယ်။ အခါကြီး ရက်ကြီး ဥပုသ်သီလ စောင့်ယူကြမယ့် လူကြီးသူမတွေ အတွက် သင်္ကြန်ပျော် ကာလသားကြီးတွေ ဦးဆောင်ပြီး ကျနော်တို့နဲ့ အတူ ဥပုသ်ဇရပ်ကို သန့်ရှင်းဆေးကြော ကြတယ်။ မနက်ခင်း ဥပုသ်ဇရပ်ကို ဆွမ်းတော်ပွဲတွေ ပို့တော့လည်း သင်္ကြန်ပျော်ကြီးတွေပဲ ဦးဆောင်ခဲ့ကြတာပါပဲ။
ညနေပိုင်း ရွာဘုံဒယ်အိုးကြီးတွေနဲ့ မိုးအလင်း ယာဂုကြိုတော့လည်း သူတို့ပဲချွေးတလုံးလုံးနဲ့ ချက်ကြပြုတ်ကြ ပြန်တာ ပါပဲ။ ရပ်ကျိုးရွာကျိုး ခါးချိုးပြီး လုပ်ခဲ့ကြပေမယ့် အများအကျိုး သယ်ပိုးတာ ကောင်းတယ်။ အများအကျိုးဆောင် ကိုယ့်အကျိုးအောင် စတဲ့ ကိုယ်ရည်သွေး စကားလုံးတွေ သင်္ကြန်ပျော်ကြီးတွေ ဆီက ဘယ်တုံးကမှ မကြားခဲ့ရဘူး။ ရပ်ရေးရွာရေး အတွက် လုပ်သင့် လုပ်ထိုက်တာကို လေလေး တချွန်ချွန်နဲ့ ကိုယ်ပိုင်လုပ်ငန်းလိုသဘောထားပြီး အေးအေးသက်သာ လုပ်နေတာပဲ တွေ့ရတယ်။ သူတို့အမူအယာက ရပ်ရွာကိစ္စ လုပ်နေတာဖြစ်ပေမယ့် ဂုဏ်ယူတဲ့ ဟန် မပေါက်ဘူး။
ကလေးငယ်တွေ အတွက်လည်း ရပ်ကွက်ထိပ်မှာ အုန်းလက်သုံးလေးလက်နဲ့ ရေကစားမဏ္ဍပ် ခပ်သေးသေးလေး ဆောက်ပေးတယ်။ ဒါတင် ဘယ်ကလိမ့်မတုံး၊ စည်ပိုင်းပြတ်တွေ အင်တုံကြီးတွေ သယ်လာပေးပြီး ရေကစားဖို့ အတွက် ရေပါအပြည့် ဖြည့်ပေးလိုက်သေးတာ။ သူတို့ကိုယ်တိုင်လည်း သင်္ကြန်ကာလတွေမှာ ရေကစားထွက်လည်ရင် လည်သေးတာ။ တချို့ သင်္ကြန်ပျော် အစ်ကိုကြီးတွေက သံချပ်အဖွဲ့တွေနဲ့ လိုက်ပြီး လူထုကြားမှာ ဖြစ်နေတဲ့ ကိစ္စ ကြီးငယ်တွေကို သံချပ်ထိုးပြီး ပြင်ဖို့ ကြိုးစားတယ်။ ပြုပြင်စေချင်လို့ သံချပ်ထိုး သရော်ပေမယ့် တချို့သံချပ် စာသား တွေက အခုထိ ခေတ်မီနေတော့ မခက်ပေဘူးလား။
တကယ်တော့ သံချပ်ဆိုတာ လူထုရဲ့ ဟစ်တိုင်ပါပဲ။ တနှစ်ပတ်လုံး ကြုံခဲ့ ဆုံခဲ့ ခံစားခဲ့ရတာတွေကို သံချပ်မှာ ထည့်ပြီး အာဏာပိုင်တွေ သိအောင် လုပ်တာ ဖြစ်တယ်။ နောက်ပိုင်း ကာလတွေမှာ သံချပ်အဖွဲ့တွေ ခွင့်မပြုတော့တာကြောင့် လူထုရင်ထဲက ခံစားချက်တွေကို အာဏာပိုင်တွေ သိခွင့် မရတော့ဘူး။ အဲဒီလို သိခွင့် မရတော့တာရဲ့ အကျိုးဆက်က မှားယွင်းတဲ့ စီမံခန့်ခွဲရေး စနစ်ကြီးကို ဟုတ်သယောင်ထင်ပြီး အောက်ကလူတွေ ညာဖြန်းဖြီးတာတွေမှာ သာယာ သွားပြီး တိုင်းပြည်ချောက်ထဲ ကျသွားတာပါပဲ။
အစ်ကိုကြီး တယောက်ဆို သင်္ကြန်တွင်း ရောက်တိုင်း ၂၈ လက်မ ရလေးဟန်းမား စက်ဘီးကြီးနဲ့ စစ်အကျႌ ခပ်နွမ်းနွမ်းဝတ်ပြီး သင်္ကြန် မိုးရုပ်ရှင်ကားထဲက သက်ထွေး စတိုင်လ် (ရုပ်ရှင်မင်းသား ဇင်ဝိုင်း) ဖမ်းတဲ့ သူရှိတယ်။ ဦးလေးအရွယ် ကာလသားကြီး ကတော့ မာဖလာခေါင်းစည်း၊ ရှပ်အင်္ကျီလက်တို အကျပ်၊ ခေါင်းလောင်းဘောင်းဘီ ဝတ်ပြီး ဝင်းဦးစတိုင်လ် လုပ်တယ်။ သူက သင်္ကြန်နားနီးရင် နှုတ်ခမ်းမွေး မရိတ်ဘဲ မွေးထားတယ်။သင်္ကြန်ပြီးမှ သူ့ နှုတ်ခမ်းမွေး ပြန်ရိတ်သဗျာ။ သူတို့လို သင်္ကြန်ပျော်ကြီး တွေကို ကြည့်ပြီး ရပ်ကွက်ထဲက လူတွေမှာ ပျော်ကြရတယ်။ သူတို့ကို ရုပ်ရှင်မင်းသား ပုံစံလုပ်ဖို့ ဘယ်သူမှ မတိုက်တွန်းကြပါဘူး။သူတို့ဘာသာ သူတို့ ရပ်ကွက်သူ ရပ်ကွက်သား တွေ ပျော်ကြရအောင် ဖန်တီးပေးတာပါ။
ပြည်သူကျွေးတဲ့ ထမင်းစားပြီး သင်္ကြန် ရေကစားမဏ္ဍပ်ပေါ် ကနေ သင်္ကြန်တေး မဟုတ်တဲ့ ဝါဒဖြန့်သီချင်းတွေ မြိန်ရေရှက်ရေ သီဆိုတဲ့ အနုပညာရှင် (အမည်ခံ) တွေလည်း ရှိတယ်။ သင်္ကြန် စင်မြင့်ပေါ်ကနေ ဝါဒဖြန့်သီချင်းတွေ ဝတ်ကျေ တန်းကျေ ဆိုနေတာ မဟုတ်ဘူး။ ပျော်ပျော်ကြီးကို စိတ်ပါလက်ပါ လက်သီးလက်မောင်း တန်းဆိုနေကြတာ ဗျာ။ (ခေတ်ပြောင်း သလိုလို ဖြစ်လာတော့ သူတို့တွေကပဲ ဒီမိုလိုလို ဟိုမိုလိုလို ဖြစ်ကြပြန်ရော။ ခက်ပဲခက်ရချည်ရဲ့)။ အဲဒီလို အနုပညာရှင် (အမည်ခံ) တွေ နဲ့ စာရင် ရပ်ကွက်ထဲက သင်္ကြန်ပျော်တွေကမှ ရပ်ကွက်လူထုကို ဖျော်ဖြေမှု အပြည့်အ၀ ပေးသေးတယ်။
အခုတော့ ကျနော်တို့ ရပ်ကွက်ထဲမှာ သင်္ကြန်ပျော်တွေကို မတွေ့ရတော့ဘူး။ ကိုယ့်ထမင်းကိုယ် စားပြီး ဘယ်သူမှ လည်း သင်္ကြန်ပျော် မလုပ်ကြတော့ဘူး။ ကျနော် ကိုယ်တိုင်လည်း သင်္ကြန်ပျော် မလုပ်ရဲဘူး။ မလုပ်ချင်ဘူး။ မလုပ်တတ်ဘူး။ မလုပ်နိုင်ဘူး။ ခင်ဗျား ကိုယ်တိုင်ရော သင်္ကြန်ပျော် လုပ်ရဲသလား။ သင်္ကြန်မိုး ရုပ်ရှင်ကားထဲကလို သက်ထွေး စတိုင်လုပ်ချင်သပ ဆိုရင် ငွေကုန်ကြေးကျလည်း မများသလို ကရိကထလည်း မများလှဘူး။ မိတ်ဆွေ တွေလည်း ပျော်ကြရမှာ။ ၂၈ လက်မ ယောက်ျားစီး စက်ဘီးရယ် စစ်အကျႌ တပတ်နွမ်း တထည်ရယ် ဆိုရပြီ။ အခုတော့ ရပ်ကွက်ထဲမှာ မနက်မိုးလင်းတာနဲ့ ဘီယာစတေရှင်သွားကြမယ့် ကိုငြိမ်းမောင် (ရုပ်ရှင်မင်းသား နေအောင်) လက်သစ်တွေသာ အထွက်တိုးလာပါပကော။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)