အမျိုးသား ပညာရေးဥပဒေ ပြန်လည် ပြင်ဆင်ရေးဆွဲရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် ဝန်းရံပြည်သူများကို လက်ပံတန်းမြို့နယ်တွင် အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များနှင့် လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအပေါ် ဖမ်းဆီးခံ ကျောင်းသားကျောင်းသူ မိဘများ၏ သဘောထားအမြင်တို့ကို ဧရာဝတီ အကြီးတန်း သတင်းထောက် မေစစ်ပိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
ဒေါ်လီလီထွေး (အထက်တန်းပြ ဆရာမ)
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ – သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုသီဟဝင်းတင်၏ မိခင်
သူက ၂၀၀၇ မှာ ဒုတိယနှစ် ဥပဒေဘာသာနဲ့ ကျောင်းတက်ခဲ့ပြီး အဲဒီနှစ်က ရွှေဝါရောင် တော်လှန်ရေးမှာ သူက ဝန်းရံခဲ့တယ်။ နောက် ၂၀၀၈ မှာ Generation Wave အဖွဲ့ဝင် ဖြစ်ပြီး အဖမ်းခံခဲ့ရတယ်။ ၄ နှစ်ကျော်လောက် ထောင်ထဲမှာ နေခဲ့ရပြီး သူ့ဘဝအချိန်တွေ ကုန်ခဲ့တယ်။ ဒါပေမယ့် အခုဆို သူက ဥပဒေဘာသာ နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေပြီ။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် မန္တလေး ပင်မသပိတ်စစ်ကြောင်းမှာ တောက်လျှောက် ပါလာခဲ့တာပေါ့။
အခုလို အဖမ်းခံရပြီး ဒုတိယအကြိမ် ရုံးချိန်းမှာ ကလေးတွေကို လက်ထိပ်ခတ်ထားတာ တွေ့ရတော့ မိဘ တယောက် အနေနဲ့ စိတ်ထဲမကောင်းဘူး။ ကျောင်းသားတွေက မကောင်းတာ လုပ်နေတဲ့သူတွေ မဟုတ်ဘူး။ ပညာရေးစနစ် ပြောင်းလဲဖို့ အေးချမ်းစွာ ဆန္ဒပြနေတာကို သူတို့က မတရား ရိုက်နှက်ဖမ်းဆီးတယ်။ တရားစီရင်ရေးမှာ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူး။ ဆေးကုသမှုပိုင်းကိုလည်း ကောင်းမွန်အောင် မလုပ်ပေးဘူး။
တွေ့ဆုံညှိနှိုင်းမှု ဘာမှမလုပ်ဘဲ ကျောင်းသားတွေကို ပေးထားတဲ့ ကတိကဝတ်တွေကို ဖောက်ဖျက်တယ်။ ဒီကိစ္စမှာ ဟိုလူ တာဝန် ရှိတယ်။ ဒီလူတာဝန်ရှိတယ်ဆိုပြီး ပြောနေကြပေမယ့် တကယ်တမ်းတာဝန်ရှိတာ သမ္မတပဲ။ သူ့မှာ တာဝန်အရှိဆုံးပဲ။ ကျမအမြင်မှာ တော့ အုပ်ချုပ်သူ အဆက်ဆက်က ကျောင်းသားတွေကို ဖိနှှိပ်ပြီး အငြိုးအတေးကြီးကြီးနဲ့ အုပ်ချုပ်လာခဲ့တယ်လို့ ထင်တယ်။ သမဂ္ဂ အဆောက်အအုံကို ပြန်ဆောက် ပေးသင့်တယ်။ ပညာရေးစနစ် မပြောင်းလဲသရွေ့ကတော့ မျိုးဆက် အဆက်ဆက်တိုင်း ဒီပြဿနာက ဖြစ်နေဦးမှာပဲ။ ပညာရေးက ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် အသိပညာ၊ ဗဟုသုတ ဘာမှ ရှိတော့မှာ မဟုတ် ဘူး။ ပညာရေးကို အဆင့်မြင့်ရင် မျိုးဆက်စဉ်ဆက်မှာ အဆင့်မြင့်သွားမှာကို သူတို့တွေက အမြင့်မခံဘူး။ အာဏာ တည်မြဲရေး အတွက်လို့ ဆိုရမှာပေါ့။ လွှတ်တော်အမတ်တွေကလည်း ပညာရေးဥပဒေကို ဘာလို့မပြင်ချင်လဲဆိုတာ စဉ်းစားကြည့်တော့ သူတို့သားသမီးတွေက မြန်မာပြည်မှာ ကျောင်းတက်နေတာ မဟုတ်တော့ မပြင်လည်း ပြဿနာ မရှိဘူးလေ။
ဒေါ်ကြည်စန်း
စက်မှုလက်မှုသိပ္ပံ ကျောင်းသားကိုခန့်အောင်၏ မိခင်
မဟုတ်တာ လုပ်တာလဲ မဟုတ်ဘဲနဲ့ အကြမ်းဖက် နှိမ်နင်းတာကိုက လူလူချင်းကိုယ်ချင်းစာစိတ် မရှိတာဘဲ။ ရုံးချိန်းမှာဆိုလည်း ကိုယ်တွေက အဝေးကြီးကနေ လာရတယ်။ ငါ့သားလေး နေမှကောင်းရဲ့လားဆိုပြီး မျက်လုံး ချင်း ဆုံဖို့အတွက်ကိုတောင် အခွင့်အရေး မပေးဘူး။ အကုန် ပိတ်ထားတယ်။ တော်တော်လေး နက်နက်နဲနဲ ခံစားရတယ်။ တယောက်နဲ့တယောက် မျက်လုံးချင်းတောင် မဆုံနိုင်အောင် ပိတ်ဆို့ထား ကြတာများ လူမဆန် လိုက်တာ။ တိရစ္ဆာန်လောက်တောင် မသိတတ်တဲ့သူတွေလို့ ပြောရမယ်။ ဒုတိယရုံးချိန်းမှာ ခဏတွေ့ဖြစ်တော့ အမေသာ နေကောင်းအောင်နေပါ။ ကျနော် လွတ်တဲ့နေ့ အိမ်ပြန်လာမှာပေါ့လို့ ပြောရှာ တယ်။ အခုခေတ် ပညာရေးစနစ်ဆိုတာက ငွေနဲ့ဝယ်နေရတာ။ ၁၀ တန်းအောင်လို့ အလုပ်လုပ်စားလို့ မရဘူး။ ဘွဲ့တခုရဖို့ ကုန်ကျစရိတ်တွေက များတယ်။ ဒီစနစ်နဲ့ဆိုရင် ဆင်းရဲသားတွေ ပညာတတ်ဖြစ်လာမှာ မဟုတ်တော့ဘူး။
ဦးနေဝင်း
ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် မဖြိုးဖြိုးအောင်၏ ဖခင်
ကျောင်းသားတွေက မကောင်းတာလုပ်တာ မဟုတ်ဘူး။ မြန်မာပြည်ရဲ့ပညာရေးစနစ်ကတော့ အားလုံးသိတဲ့ အတိုင်းပဲ။ တကမ္ဘာလုံးမှာ အရှေ့တောင်အာရှမှာ အဆိုးဆုံး ပညာရေးစနစ်ပဲ။ ကျနော်တို့ ငယ်ငယ်ကထက် တောင် ပိုဆိုးလာတယ်။ အခုက ကျောင်း သားတွေက ပညာမသင်နိုင်ကြဘူး။ လေလွင့်နေတဲ့ကျောင်းသားတွေ အများကြီးပဲ။ လူငယ်တွေကို ကြည့်လိုက်ရင် ယောကျာ်လေး တွေဆို အရက်သမားတွေဖြစ်၊ မိန်းကလေး တွေဆိုလည်း ဘဝတွေပျက်သွားကြတာ အများကြီးပဲ။
ဒီနိုင်ငံထဲတင် မဟုတ်ဘဲ တခြားနိုင်ငံမှာ ကျွန်သွားခံနေတဲ့ သူတွေအများကြီးပဲ။ ပညာသင်ဖို့အတွက် ပိုက်ဆံတွေ အများကြီး အကုန်ခံရတယ်။ အဲဒီလိုစုတ်ပြတ်နေတဲ့ ပညာရေးကို ပြောင်းလဲဖို့အတွက် သမီးတို့ အပါအဝင် ကျောင်းသားတွေက ကြိုးစားကြ တာလေ။ အစိုးရပိုင်းက ဒါကိုကူညီရမှာကို မကူညီဘဲနဲ့ ကူညီတဲ့သဘောလောက်ပဲပြပြီး ရိုက်နှက်ဖမ်းဆီး ဖြိုခွင်းတာကတော့ ဘယ်လိုမှ အဆင်မပြေဘူး။
ဒေါ်လဲ့လဲ့မိုး
ပြည်တက္ကသိုလ် အင်္ဂလိပ်စာ မေဂျာ ကျောင်းသား မင်းသူရှိန်၏ မိခင်
ရုံးချိန်းမှာ ကလေးကို လာကြည့်တာတောင် သင့်တော်တဲ့တယောက်ပဲ ဝင်ခွင့်ရတယ်။ ကျမတို့ကလေးက ဖန်ပြွန်သန္ဓေကနေ မွေးတဲ့ကလေးလည်း မဟုတ်ဘူး။ မိဘနှစ်ပါးစလုံးကိုတော့ တွေ့ခွင့်ပေးသင့်တာပေါ့။ သူအဖမ်းခံရတာက ၁၀ ရက်နေ့ နေ့လယ် ၁၁နာရီ ၄၅ မိနစ်တဲ့။ အဲဒီတုန်းက သူတို့ရဲ့ပစ္စည်းတွေအားလုံးကို ထောင်မှူးကို အပ်တယ်။ အဲဒီမှာရဲတွေက ထောင်ကနေဖုန်းတွေကို လက်မှတ်ထိုးပြီး ယူသွားတယ်။ အဲဒီလို ထုတ်ပိုင်ခွင့်ရှိသလား။ ထောင်ကို အပ်ထားတဲ့ ပစ္စည်းကို အဲဒီလို ထုတ်လို့ရသလား။ ပစ္စည်းတွေကို ပြန်ပေး မယ်ဆိုပြီးတော့လည်း အခုချိန်ထိ ပြန်မပေးဘူး။ သားနဲ့တွေ့တုန်းမေးကြည့်တော့ ခေါင်းကိုထိတယ်။ အေးအေး ဆေးဆေး အဖမ်းခံတာကို ခေါင်းကိုချတယ်။ ကလေးက လက်နဲ့ကာတော့ ခေါင်းကိုမထိဘဲ လက်ကို ထပ်ထိတယ်။ လက်စွပ်အဝိုင်းတောင်မှ ထောင့်ချိုး ဖြစ်သွားတယ်အမေရယ်လို့ သားက ပြောပြတယ်။
ဒေါ်တင်တင်လှ
မန္တလေးနည်းပညာတက္ကသိုလ်BE(IT)ဘွဲ့ရ ကိုဆွေလင်းထွန်း၏ မိခင်
ကျမတို့ သားကို ဒီသပိတ်စစ်ကြောင်းမှာစပြီး လိုက်ပါကတည်းက အပြည့်အဝထောက်ပံ့ ကူညီခဲ့တာ။ ကျမတို့ ကိုယ်တိုင် ပုလိပ်၊ မြင်းခြံအထိ လိုက်သွားခဲ့တာ။ ရုံးချိန်းမှာ စကားပြောဖြစ်တော့ သားကစိတ်ပူမှာ စိုးပုံရ ပါတယ်။ သူနေကောင်းတယ်ပဲ ပြောတယ်။ ကလေးတွေကို ရိုက်နှက်ဖမ်းဆီးတာက သားသမီးချင်း ကိုယ်ချင်း မစာနာလုပ်တဲ့ လုပ်ရပ်ပဲလေ။ အခုလည်း ညှဉ်းဆဲနေတာပါပဲ။ ထမင်းကျွေးချိန်တွေမှာ ရုံးထုတ်တယ်။ ပထမ ရုံးချိန်းတုန်းက သမဂ္ဂသီချင်းဆိုလို့ ဆိုပြီး ထောင်ပြန်ရောက်ရောက်ချင်း ပုံစံထိုင် ခိုင်း တယ်။ ထမင်းလည်း မကျွေးဘူးလို့ သိရတယ်။ လက်ထိပ်တွေ ခတ်တယ်။ ဒါက လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ။ ကျမတို့ ပြော လွန်းလို့ လက်ထိပ်ကို မဖြုတ်ချင်ဖြုတ်ချင်နဲ့ ဖြုတ်ပေးတယ်။ ကျမတို့မိဘတွေနဲ့ ဝန်းရံပြည်သူတွေပေါင်းပြီး မန္တလေးမှာ ဆန္ဒပြဖို့ရှိတယ်။ ကျမလည်း ပါမယ်။ ဦးသိန်းစိန်အစိုးရကို အယုံအကြည် လုံးဝမရှိဘူး။ ကလေးကိုတွေ့ရတော့လည်း တယောက်တည်းတွေ့ခွင့် ရတော့ ကျန်တဲ့သူတွေနဲ့ ဖုန်းပြောခိုင်းတော့ ဖုန်းကို လုယူတယ်။ မပြောခိုင်းဘူး။ မတရားသဖြင့် ကိစ္စတွေကို သူတို့ လုပ်နေကြ တာ။ ။