မြန်မာနိုင်ငံဈေးကွက်အတွင်း ပြည်တွင်းနှင့် ပြည်ပဆေးဝါးကုမ္ပဏီများက ခြေကုပ်ယူရန်ကြိုးစားနေသည့် အချိန်တွင် သဘာဝ ဆေးဝါးများဈေးကွက်မှာလည်း အရေးပါသောနေရာတွင်ရှိနေဆဲဖြစ်သည်။ အခြားသဘာဝ ဆေးဝါးကဏ္ဍတွင် ရှေ့ဆောင်ခဲ့သူ တဦးဖြစ်သော ဒေါက်တာ ခင်မောင်လွင်က ၁၉၉၄ တွင် Fame ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါသည်။
၁၉၈၄ ခုနှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ် ၂ မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သော ဒေါက်တာ ခင်မောင်လွင်သည် မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့တွင် ၅နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အမေရိကန်နှင့် အင်္ဂလန်တို့တွင်လည်း ဘွဲ့လွန်သင်တန်းများတက် ရောက်ခဲ့သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်း ထောက်ကျော်ဆုမွန်နှင့် တွေ့ဆုံသည့် အချိန်တွင် ဒေါက်တာ ခင်မောင်လွင်က နိုင်ငံတွင်းရှိ သဘာဝ တိုင်းရင်းဆေးဝါး ဈေးကွက်အကြောင်းကို ပြောပြခဲ့ပါသည်။
ဧရာဝတီ ။ ။ ဆရာရှင့်၊ မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ သဘာဝ တိုင်းရင်းဆေးဝါးတွေကို ထုတ်လုပ်တဲ့အခါ အဓိကရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက ဘာတွေပါလဲ။
ဒေါက်တာ ခင်မောင်လွင် ။ ။ ကျနော် Fame ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကို တည်ထောင်ခဲ့တာ ၂၁ နှစ်ရှိပါပြီ။ ကိုယ်ပိုင်စက်ရုံ မတည်ထောင်ခင်မှာ ယခု မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေး စက်ရုံလို့ခေါ်တဲ့ ယခင်က အစိုးရပိုင် BPI (Burma Pharmaceutical Industry) နဲ့ အလုပ်အတူတူ တွဲလုပ်ခဲ့ပါတယ်။ အစိုးရက အဲ့အချိန်တုန်းက အပြင်ပုဂ္ဂလိက လုပ်ငန်းရှင်များကိုလည်း သူတို့နဲ့ တွဲလုပ်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ ကျနော်တို့က ပြည်ပက နေကုန်ကြမ်းပစ္စည်းတွေနဲ့ ပစ္စည်းကိရိယာတွေကို ဝယ်ယူပြီးတော့ BPI ကို ပေးရပါတယ်။ ကုန်ချော ထွက်လာပြီဆိုရင် ၅၀ ရာခိုင်နှုန်းစီကို ခွဲဝေပြီး အကျိုးအမြတ် ခံစားကြပါတယ်။ ကျနော်တို့က မြန်မာနိုင်ငံ အနှံ့အပြားကို ပြန်ပြီးဖြန့်ချိပါတယ်။ ကျနော် BPI နဲ့ ၁၀နှစ်ကျော်တွဲလုပ်ခဲ့ပြီး အတွေ့ အကြုံတွေ ပညာတွေအများကြီးရခဲ့ပါတယ်။ အဓိက ကတော့ ဈေးကွက်ထဲမှာ ရှိနေတဲ့ ဆေးဝါးတုတွေကို ရင်ဆိုင်ရတာပါပဲ။ ကျနော်တို့ ဈေးနှုန်းမှာ မယှဉ်နိုင်ပါဘူး။ ဆေးဝါးတုတွေမှန်း သိပေမယ့်လည်း ကျနော်တို့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ လူတွေဟာ အဲဒီ ဆေးတွေကို ဝယ်ယူနေကြတယ်။ ဒါဟာ အတော်ကို ဆိုးရွားတယ်လို့ ကျနော်ခံစားခဲ့ရတယ်။ အခုအချိန်အထိလည်း ကျနော်တို့အတွက် စိန်ခေါ်မှု ဖြစ်နေတုန်းပါပဲ။
ဆေးပေါင်းစုံ ဝယ်လို့ရနေတဲ့ ဈေးကွက်ထဲမှ သဘာဝဆေးတွေကို ထိုးဖောက်နိုင်ဖို့ ဘယ်လို အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်သွားဖို့ အစီစဉ်ရှိပါသလဲ။
မြန်မာနိုင်ငံမှာ ဆေးဝါးပုံစံ ၂ မျိုးရှိတယ်။ ပထမတမျိုးက တိုင်းရင်းဆေးဝါးနဲ့ ဓာတ်စာဖြစ်ပါတယ်။ ဒုတိယ တမျိုးကတော့ ပြည်ပကုမ္ပဏီတွေကထုတ်တဲ့ နိုင်ငံခြားဖြစ် ဆေးတွေ ဖြစ်ပါတယ်။ နိုင်ငံခြားက တင်သွင်းတဲ့ထဲမှာ တိုင်ရင်းဆေးတွေတောင် ပါပါတယ်။ တင်သွင်းတဲ့ ဆေးဝါးတွေရဲ့ သုံးပုံတပုံက တိုင်းရင်းဆေးတွေပါ။ ပြည်တွင်းက ဆေးဝါးထုတ် လုပ်သူတွေက တိုင်းရင်းဆေး တခုတည်းသာ ထုတ်လုပ်ကြပါတယ်။ ပြည်ပက ဆေးဝါးနဲ့ ဓာတ်စာတွေအပြင် ပြည်တွင်းဖြစ် တိုင်းရင်းဆေးဝါးတွေနဲ့ အပြိုင် ကျနော်တို့က ဈေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်းကို နေရာယူထားနိုင်ပါတယ်။
မြန်မာနိုင်ငံမှာက တိုင်းရင်းဆေး ဈေးကွက်လည်း ရှိပြီးသားဆိုတော့ အခြား ပြည်တွင်းဆေးဝါး ထုတ်လုပ်သူတွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါ တွေ့ကြုံရတဲ့ အခက်အခဲအချို့ကိုလည်း ပြောပြပေးပါဦး။
ကျနော်ရဲ့ ဆေးဝါးတွေကို တိုင်းရင်းဆေး ဦးစီးဌာနမှာ မှတ်ပုံတင်ထားပါတယ်။ လိုင်စင်လည်း ရထားပြီးပါပြီ။ ယှဉ်ပြိုင်တဲ့နေရာမှာလည်း ကျနော် တို့ ထိပ်တိုက် ယှဉ်ပြိုင်ရတာမျိုး မဟုတ်ပါဘူး။ ကျနော်တို့က အော်ဂဲနစ်လို့ခေါ်တဲ့ သဘာဝအခြေခံ ဆေးဝါးတွေ ထုတ်လုပ်တာပါ။ သူတို့က တိုင်းရင်းဆေးတွေ ထုတ်လုပ်တာပါ။ ကျနော်တို့က အော်ဂဲနစ် ဆေးဝါးတွေကို ထုတ်လုပ်တဲ့ တစ်ခုတည်းသော ကုမ္ပဏီပါ။ အခုဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာ အော်ဂဲနစ် သဘာဝပစ္စည်းတွေကို ပိုပြီး လူကြိုက်များလာပါပြီ။ လူတွေကလည်း ဓာတုဗေဒ ဓာတ်မြေဩဇာတွေကို အသုံးပြုခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိလာကြပါပြီ။ အော်ဂဲနစ် စိုက်ပျိုးရေးလည်း ပိုပြီး ခေတ်စားလာပါပြီ။ အစားအစာ တခုတည်း မဟုတ်ပါဘူး၊ ဆေးဝါးတွေမှာလည်း အတူတူပါပဲ။ ကျနော်တို့ အော်ဂဲနစ် ဆေးဝါးတွေကို ဓာတ်မြေ ဩဇာတွေကိုမသုံးတဲ့ သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ ပစ္စည်းတွေကနေ ထုတ်လုပ်ထားတာပါ။ အဲဒါကြောင့် နိုင်ငံခြား တိုင်းရင်းဆေးဝါး ကုမ္ပဏီတွေအပါအဝင် ဈေးကွက်ထဲမှာ ယှဉ်ပြိုင်ဘက် မရှိဘူးလို့ ထင်ပါတယ်။
ဆရာတို့ ကုမ္ပဏီမှာ ကိုယ်ပိုင်အော်ဂဲနစ် စိုက်ခင်းတွေ ရှိပါသလား။
ကျနော်တို့ရဲ့ ကိုယ်ပိုင်စိုက်ခင်းတွေကို မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ ၂၀ဝ၃ ခုနှစ်က စတင် စိုက်ပျိုးခဲ့တယ်။ ၅၅ ဧကလောက် ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ စိုက်ပျိုးတာက အော်ဂဲနစ် ပစ္စည်းဟုတ်မှန်ကြောင်းကို ထောက်ခံပေးမယ့် အဖွဲ့အစည်းမျိုး မြန်မာနိုင်ငံမှာ မရှိသေးတဲ့အတွက် ကျနော်တို့မှာ အသိအမှတ်ပြုလက်မှတ်တော့ မရှိပါဘူး။ ဒါက အော်ဂဲနစ်စိုက်ခင်းပါလို့ ကျနော်တို့က ကိုယ့်ဘာသာ ပြောနေလို့လည်း မရပါဘူး။ အသိအမှတ်ပြု အဖွဲ့အစည်းတခုရဲ့ ထောက်ခံချက်လိုပါတယ်။ အဲဒါကြောင့် ကျနော်တို့ မြန်မာ အော်ဂဲနစ်အသင်း (Myanmar Organic Association) ကို ၂၀ဝ၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရဲ့ လက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံ အော်ဂဲနစ်စိုက်ပျိုး ရေးအဖွဲ့ (Myanmar Organic Agriculture Group) က သုံးနှစ်ကြာ စစ်ဆေးပြီးတဲ့နောက် ၂၀၁၀ မှာ ကျနော်တို့ စိုက်ခင်းကို အော်ဂဲနစ် စိုက်ခင်းအဖြစ် အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် ဒါက မြန်မာနိုင်ငံက လွတ်လပ်တဲ့ အဖွဲ့အစည်းတခုရဲ့ အတည်ပြုပေးမှုပဲ ရှိပါသေးတယ်။ နိုင်ငံခြားက အဖွဲ့အစည်းတခု မဟုတ်ပါဘူး။ အဲဒါကြောင့် ၂၀၁၀ ခုနှစ်မှာပဲ ဂျာမနီအခြေစိုက် နိုင်ငံတကာ အော်ဂဲနစ်စိုက်ပျိုးရေး အဖွဲ့အစည်း International Federation of Organic Agriculture ထံ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးဖို့ ဆက်သွယ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အမေရိကန် စိုက်ပျိုးရေး ဌာန (US Apartment of Agriculture -USDA) က အသိအမှတ်ပြု လက်မှတ်ကို ပြီးခဲ့တဲ့နှစ်က ရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံက လူတွေက သဘာဝဆေးဝါးတွေထက် နိုင်ငံခြားက ဆေးတွေကိုပိုပြီး သုံးစွဲကြတယ်လို့ ဆရာထင်ပါသလား။
ထင်ပါတယ်။ ဒါကြောင့်မို့လို့ အခု မြန်မာနိုင်ငံမှာရှိကြတဲ့ လူတွေကို သဘာဝဆေးဝါးတွေရဲ့ အကျိုး ကျေးဇူးတွေကို ပြောပြနေတာပါ။ ဓာတုဗေဒ ဓာတ်မြေဩဇာတွေကို ကျနော်တို့ဆက်ပြီး သုံးစွဲနေမယ်ဆိုရင် မကြာခင်မှာ ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေ အတွက် အန္တရာယ်ဖြစ်လာမယ် ဆိုတာတွေကို သတိ ထားမိအောင် ပြောပြရတာ ဖြစ်ပါတယ်။ ကျနော်တို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရပါမယ်။ ပထမအဆင့် အနေနဲ့ စားသုံးသူတွေ ဖြစ်ပြီးတော့ ဒုတိယ က တော့ တောင်သူလယ်သမားတွေ ဖြစ်ပါတယ်။ တကယ်လို့ သူတို့တွေက ဓာတုမြေဩဇာတွေကို ဆက်သုံး နေကြမယ်ဆိုရင် သူတို့ရဲ့ ကိုယ်ခန္ဓာတွေကို အဆိပ်သင့်စေပါလိမ့်မယ်။ ဒီလို ဘေးထွက် ဆိုးကျိုး တွေကို သတိထားမိအောင် ကျနော်လုပ်ပေးနေပါ တယ်။ အဆိပ်တွေကမြေဆီလွှာတွေကနေတဆင့် မိုးရွာတဲ့အခါ ပင်လယ်၊ မြစ်ချောင်းတွေထဲကို ရောက်သွားပြီးတော့ ရေထဲမှာနေထိုင်တဲ့ သတ္တဝါ တွေက အဲဒီဆိုးကျိုးတွေကိုခံစားရမှာပါ။ အော်ဂဲနစ် စိုက်ပျိုးရေးကို လုပ်ဆောင်ဖို့ အခက်အခဲတွေအများ ကြီးရှိပါတယ်။ အခုလက်ရှိမှာလည်း အော်ဂဲနစ် စိုက်ပျိုးခြင်းရဲ့ အကျိုးကျေးဇူးအကြောင်း စာအုပ် တွေ ရေးနေပါတယ်။ မြဝတီရုပ်သံ အစီအစဉ်မှာ လည်း ဆွေးနွေးပွဲတွေ လုပ်ပြီး ပညာပေးပါတယ်။ တက္ကသိုလ်တွေမှာလည်း ဟောပြောပွဲတွေလုပ်ပါ တယ်။
မြန်မာနိုင်ငံမှာ အခုအချိန်မှာ သဘာဝဆေးဝါးတွေထဲက ဘယ်ဆေးဝါး အမျိုးအစားတွေက ဈေးကွက်ထဲမှာ အဝယ်အလိုက်ဆုံးပါလဲ။
နံပါတ် ၁ ကတော့ ဆီးကျောက်ကြေဆေး (Uro Crush) ဖြစ်ပါတယ်။ လူအတော်များများ ဆီးနဲ့ ကျောက်ကပ် ရောဂါကိုခံစားနေရတယ်။ ကျနော့်ဆရာ ဒေါက်တာခင်ထွန်းနဲ့ ကျနော် အဲဒီရောဂါနဲ့ ပတ်သက်ပြီးတော့ သုတေသန လုပ်ခဲ့ပါတယ်။ အဲဒီဆေးက ဝယ်လိုအား အရမ်းများတယ်။ ကျနော်တို့ အလုံလောက် မထုတ်နိုင်ပါဘူး။ နောက်တခါ ထပ်မထုတ်နိုင်ခင်မှာဘဲ ဈေးကွက်ထဲမှာက ရောင်းကုန်သွားပြီ။ ဝယ်လိုအားက အရမ်းကိုကြီးပါတယ်။
အော်ဂဲနစ်စိုက်ပျိုး ရေးကနေအခြေခံပြီး ထုတ်လုပ်ရတဲ့ ပစ္စည်းတွေက ဈေးကြီးပါတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ ဈေးနှုန်းနဲ့ ဝယ်လိုအားကို ဟန်ချက်ညီမျှအောင် ဘယ်လိုလုပ်ပါသလဲ။
ကျနော်တို့ ဆေးဝါးတွေက ပေးဝယ်ရတဲ့ ပိုက်ဆံနဲ့တန်ပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေး လုပ်ရ တာက တော်တော် ဈေးကြီးတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေး လုပ်ချင်တဲ့ လယ်သမားတွေနဲ့ ကျနော် စကားပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီမှာက အော်ဂဲနစ် ထုတ်ကုန်တွေအတွက် ဝယ်လိုအားကနည်းတယ်။ ထုတ်လုပ်ရေး ကုန်ကျစရိတ်ကလည်း မြင့်နေတာနဲ့ ပေါင်းလိုက်တော့ ဈေးနှုန်းကလည်း များသွားတယ်။ အော်ဂဲနစ် အစားအစာတွေက အခြားအစားအစာတွေထက် အရွယ်အစားသေးပါတယ်။ ဈေးပေးရတာခြင်း အတူတူ၊ အရွယ်သေးတာဆိုရင် လူတွေက မကြိုက် ကြဘူး။ ဒီတော့ အော်ဂဲနစ် အခြေခံ ထုတ်ကုန်တွေ ဟာ ဈေးကွက် သိပ်မရဘူး။ အဲ့ဒါကြောင့် လုထုက ဒီအကြောင်းတွေ ပိုပြီး သိလာအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ကျတော့ ဈေးကွက်ထဲမှာ ပြိုင်ဘက် မရှိပါဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ ဈေးနှုန်းက ဈေးကွက်ပေါက်ဈေးဖြစ်လာ ပါတယ်။ လူတွေက ဖြစ်နိုင်သမျှ အမြန်ဆုံး နေပြန် ကောင်းချင်တဲ့အတွက် လူတွေက ဆေးကောင်း ကောင်း လိုချင်ကြတယ်။ ဒါကြောင့် ဈေးနှုန်းနဲ့ ပတ် သက်လို့ စိတ်အနှောင့် အယှက်မဖြစ်ကြပါဘူး။
အော်ဂဲနစ် ဆေးဝါးတွေကို ပြည်ပနိုင်ငံတွေ အထိ ဖြန့်ချိသွားဖို့ရော အစီအစဉ် ရှိပါသလား။ လာမယ့် ၂၀၁၅ အကုန်ပိုင်းမှဝင်လာမယ့် အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း (AEC) က ဆရာတို့ရဲ့ စီးပွားရေးဈေးကွက်ကို ဘယ်လိုအကျိုး သက်ရောက်နိုင်ပါသလဲ။
ပထမဆုံးအနေနဲ့ ကျနော်တို့ အာဆီယံနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရမှာပါ။ အခြား အာဆီယံနိုင်ငံ ၉ နိုင်ငံမှာ အော်ဂဲနစ် အခြေခံရိုးရာ တိုင်းရင်းဆေး ထုတ်လုပ်တဲ့ နိုင်ငံအနည်းငယ်ပဲရှိလို့ ကျနော်တို့ ဈေးကွက် ရနိုင်ပါတယ်။ ကျနော်တို့ တခြားနိုင်ငံတွေနဲ့လည်း ဒီကိစ္စကို အမြဲဆွေးနွေးပါတယ်။ ဒါကြောင့် ကျနော်တို့ အာဆီယံနိုင်ငံတွေကို ဒီဆေးတွေ စတင်တင်ပို့နေတာ ဖြစ်ပါတယ်။ ကျနော်တို့ ဈေးကွက်ကိုလည်း ကာကွယ်နေတာ ဖြစ်ပါတယ်။ ဇန်နဝါရီလက စင်ကာပူနိုင်ငံမှာ အရောင်းပြခန်းတခု ဖွင့်လှစ်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဈေးကွက်ကတော့ အမေရိကန်ပါ။ ဒါကြောင့် ဒုတိယ ခြေလှမ်းအနေနဲ့ အမေရိကန်မှာ ကျနော်တို့ရဲ့ အော်ဂဲနစ်ဆေးဝါးတွေကို ဖြန့်ချိဖို့အတွက် ကိုယ်စား လှယ်တဦး ခန့်ထားပါတယ်။ အမေရိကန်နိုင်ငံက (USDA) ကနေ အသိအမှတ်ပြု လက်မှတ်ရထားတာတောင် ကျနော်တို့ ဆေးဝါးတွေကို အမေရိကန်မှာ ရောင်းချဖို့ မလွယ်ပါဘူး။ ကျနော်တို့ ပစ္စည်းတွေကို အမေရိကန်နိုင်ငံမှာ စတင်ရောင်းချနိုင်ဖို့ အတွက် ဒါက ပထမ အဆင့်ပဲရှိပါသေးတယ်။
ကျနော်တို့ ထုတ်လုပ်တဲ့ ဆေးအမျိုးအစား ၇၆ မျိုးရှိပါတယ်။ အမေရိကန် ဈေးကွက်ကို ပထမဆုံး အနေနဲ့ ၁၀ မျိုး ရောင်းချပါမယ်။ ထိုင်းနိုင်ငံက ဆေးဝါးဖြန့်ချိရေး ကုမ္ပဏီတခုနဲ့ နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ထိုးဖို့လည်း ရှိပါတယ်။ နိုင်ငံ ၇ နိုင်ငံ (ကူဝိတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်း) မှာ သူတို့ ပြည်တွင်း ဖြန့်ချိသူတွေ ကနေတဆင့် FAME ထုတ်ကုန်တွေ ရောင်းချနေပြီဖြစ်ပါတယ်။ ASEAN Economic Community (AEC) မှာ ကျနော်တို့ က ကျနော်တို့ ကုန်ပစ္စည်းကို ကာကွယ်ရုံသက်သက် ယှဉ်ပြိုင်သွားမှာ မဟုတ်ပါဘူး။ တန်ပြန် တိုက်ခိုက် သွားမှာပါလို့ ကျနော်ပြောချင်ပါတယ်။ အခု ကျနော်တို့ ဈေးနှုန်းကအစ ထုတ်ပိုးမှုပုံစံတွေ အရည်အသွေးတွေကို ယှဉ်ပြိုင်နိုင်တဲ့ အဆင့်ရောက်အောင် ပြင်ဆင်နေပါတယ်။ ကျနော်တို့က ကောင်းမွန်တဲ့ အရည်အသွေးတွေ ဝန်ဆောင်မှုတွေကို ပေးနိုင်မယ်ဆိုရင် ကစားပွဲကို ကျနော်တို့က ဦးဆောင်နိုင်မှာပါ။
(၂၀၁၅ ခုနှစ် ဧပြီလထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ကျော်ဆုမွန်၏ Doing It Naturally ကို ဆုမွန်ဖြိုး ဘာသာပြန်ဆိုသည်။)