၂၀၁၀ ရွေးကောက်ပွဲရလဒ်နှင့် အတူ ဖွဲ့စည်း ဖြစ်ပေါ်လာခဲ့တဲ့ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်တွေရဲ့ သက်တမ်းဟာ အခုဆိုရင် ၄ နှစ်ကျော်လာပြီ ဖြစ်ပါတယ်။ ၅ နှစ်သက်တမ်း တာဝန်ယူရမယ့် လွှတ်တော်တွေဟာ ဥပဒေပြုရေး တာဝန်တွေ ဆက်လက် ထမ်းဆောင်ဖို့ သက်တမ်းဟာ လပိုင်းမှျှပဲ ကျန်ပါတော့တယ်။ ကျန်ရှိတဲ့ လပိုင်း အတွင်း လွှတ်တော်ဟာ ပြည်သူတွေ အတွက် မဖြစ်မနေ ထမ်းဆောင်ပေးရမယ့် တာဝန်ကြီးတခု ရှိနေပါတယ်။ အဲဒီ တာဝန်ကတော့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ဖို့ ခက်ခဲနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပေးဖို့ ဖြစ်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးရဲ့ ပြောကြားချက် အရ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ နိုဝင်ဘာလ အတွင်း ပြုလုပ်ပေးမယ် လို့ သိရပါတယ်။ ယခုလက စတွက်ချက်ရင် ရွေးကောက်ပွဲ ပြုလုပ်ဖို့ ၆ လကျော် လောက်ပဲ လိုပါတော့တယ်။ လက်ရှိ လွှတ်တော်တွေထဲမှာ ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ် အချို့ဟာ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ထပ်မံဝင်ရောက် ယှဉ်ပြိုင်ဖို့လည်း ရှိနေပါတယ်။ နိုဝင်ဘာလမှာ ရွေးကောက်ပွဲလုပ်မှာမို့ လွှတ်တော် တွေဟာလည်း လွှတ်တော်အစည်းအဝေးတွေကို ရွေးကောက်ပွဲ မလုပ်ခင် လပိုင်း ကြိုတင်ပြီး ပြီးစီးကြရမှာ ဖြစ်ပါတယ်။
လွှတ်တော် အစည်းအဝေးတွေကို ဆက်လက်ကျင်းပဖို့ အချိန်အားဖြင့် လပိုင်းသာကျန်ရှိတယ် လို့ ပြောပေမယ့် အမှန်တကယ်တော့ အစည်းအဝေး ကျင်းပရမယ့်အချိန်ကာလဟာ ရက်ပိုင်းပဲ ကျန်ရှိပါတယ်။ အကြိမ်အားဖြင့် ပြောရင်လည်း နောက်ထပ် အလွန်ဆုံး နှစ်ကြိမ်လောက်ပဲ ရှိပါတော့တယ်။ ယခုနှစ်သင်္ကြန် မတိုင်ခင်အထိ လွှတ်တော်တွေ ဟာ ပထမအကြိမ် ၁၂ ကြိမ်မြောက် အစည်းအဝေးထိ ကျင်းပခဲ့ပြီး ခေတ္တရပ်နားထားပါတယ်။
ဥပဒေပြုရေး အဓိက တာဝန်ရှိတဲ့ ပြည်ထောင်စု လွှတ်တော်ဟာ တာဝန်ယူခဲ့တဲ့ သက်တမ်း ၄ နှစ်ကျော် အတွင်း မေးခွန်း မေးမြန်းတာ၊ အဆိုတင်သွင်းတာ၊ တိုက်တွန်းတာ၊ ဥပဒေ အသစ်ရေးဆွဲတာ၊ ဥပဒေ ပြင်ဆင်ရေးဆွဲတာ စတာတွေ ပြုလုပ်ခဲ့ပါတယ်။ လွှတ်တော်ရဲ့ ဆောင်ရွက်ခဲ့တဲ့ တာဝန်တွေကို ပြည်သူက နှစ်သက်တာတွေ ရှိသလို၊ ပြည်သူက သဘောမကျတာ တွေလည်း ရှိခဲ့ပါတယ်။ ပြည်သူ့အသံ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီတာတွေရှိသလို၊ ပြည်သူ့ အသံ ပြည်သူ့ဆန္ဒနဲ့ ထပ်တူ မရှိတာတွေလည်း ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် လွှတ်တော် ဆောင်ရွက်ခဲ့တာတွေကိုတော့ သမိုင်းက မှတ်တမ်းတင်နေမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ် လမ်းကြောင်းပေါ် အမှန်တကယ် သွားစေလိုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ လွှတ်တော် ပြင်ပက နိုင်ငံရေးသမားတွေ၊ ဥပဒေပညာရှင်တွေ၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အလုပ်ဖြစ်ဖို့၊ ခရီးရောက်ဖို့ ခက်ခဲနေတယ် လို့ ဝေဖန် ထောက်ပြ အကြံပြုကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာလည်း တကယ်ကိုပဲ ဒီမိုကရေစီ မကျတာတွေ၊ အားနည်းချက်တွေ များစွာ ရှိနေပါတယ်။
အမျိူသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ၂၀၁၄ မေလက လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ကို ပြင်ဆင်လိုကြောင်း ပြည်သူတွေရဲ့ လက်မှတ်ကို ကောက်ခံခဲ့ရာမှာ ပြည်သူ ၅ သန်းကျော်က လက်မှတ်ရေးထိုးပါဝင် ဆန္ဒပြုခဲ့ကြပါတယ်။ လက်ရှိအာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကလည်း လွန်ခဲ့တဲ့ ၂ နှစ်လောက် ကလည်း အခြေခံ ဥပဒေပြင်ဆင်ဖို့ လွှတ်တော်မှာ အရေးကြီးအဆို အဖြစ် တင်သွင်းခဲ့ပါသေးတယ်။
ဒါပေမယ့် လွှတ်တော်မှာ ယနေ့အချိန်ထိ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ ပီပီပြင်ပြင် မရှိလှသေးပါဘူး။ မည်သို့ပင် ဆွေးနွေးခဲ့သည် ဖြစ်ပါစေ၊ အခုထိတော့ တိတိကျကျ မပြင်ဆင်နိုင်သေးပါဘူး။ အခြေခံဥပဒေ ပြင်ဆင်ဖို့ လွှတ်တော်ထဲမှာ တရားဝင် အဆိုတွေတင်၊ ဆွေးနွေးမှုတွေ လုပ်နေခဲ့တာဟာ အချိန် တဖြည်းဖြည်းကြာမြင့် လာပေမယ့် ရေပေါ်အရုပ်ရေး၊ လေထဲတိုက်ဆောက်ဆဲ အခြေနေပဲ ရှိပါသေးတယ်။
ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဆိုတဲ့ ဆောင်ပုဒ်ကို ဦးထိပ်ထားတဲ့ လွှတ်တော်ဟာ ပြီးခဲ့တဲ့ ၂ နှစ်ခန့် ကာလအတွင်း နိုင်ငံအတွက် အရေးကြီးနေတဲ့၊ ပြည်သူက အင်မတန် လိုလားဆန္ဒရှိနေတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ထဲထဲဝင်ဝင် အားစိုက်မှု နည်းပါးခဲ့တာကြောင့် ဝေဖန်ခံရတာတွေလည်း ရှိခဲ့ပါတယ်။
အမေရိကန် အစိုးရကလည်း ယခုနှစ် ဧပြီလဆန်းပိုင်းက မြန်မာအစိုးရ တာဝန်ရှိသူတွေ အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ဖို့ ပျက်ကွက်နေတဲ့ အပေါ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ယုံကြည်စိတ်ချရမှုကို မေးခွန်းထုတ်ခဲ့ပါတယ်။
အမေရိကန် အစိုးရရဲ့ မေးခွန်းကို လွှတ်တော် အနေနဲ့ အခြေခံဥပဒေ မြန်မြန်ဆန်ဆန် ပြင်ဆင်ပြပြီး ဖြေဆိုရတော့မှာ ဖြစ်ပါတယ်။ အဲဒီ မေးခွန်းဖြေဆိုဖို့ အချိန်အကန့်အသတ် ရှိနေတယ် ဆိုတာကိုလည်း လွှတ်တော်က သတိမူရမှာပါ။
လက်ရှိ ၂၀၀၈ အခြေခံဥပဒေ အရဆို အခြေခံဥပဒေရဲ့ ပုဒ်မတချို့ဟာ လွှတ်တော်ထဲမှာတင် ပြင်ဆင်လို့ မရပါဘူး။ ပြည်သူ့ဆန္ဒခံယူပွဲတွေ လုပ်ကြရဦးမှာပါ။ ဆိုတော့ အခြေခံဥပဒေ ပြင်ဆင်ဖို့ လုပ်ငန်းတွေဟာ အချိန်ယူဖို့ လိုနေ ပါတယ်။ အချိန်လည်း အရမ်းနည်းနေပါတယ်။ ဒါကြောင့် လွှတ်တော်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အခြေခံဥပဒေ ပြင်ဆင်ဖို့ ရည်မှန်းထားတယ်၊ ပြည်သူ့အသံ ပြည်သူ့ဆန္ဒကို အလေးထားတယ် ဆိုရင် လာမယ့် လက်ကျန် လွှတ်တော်သက်တမ်းအတွင်း အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အားစိုက်လုပ်ဆောင်ဖို့ လိုနေပါပြီ။
ပြည်သူကို ကိုယ်စားပြုပါတယ် ဆိုတဲ့ လွှတ်တော်၊ တိတိကျကျပြောရရင် လွှတ်တော်တွင်းမှာ ထိုင်ခုံနေရာ အများစုယူထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တကယ် ပြင်ချင်စိတ် ရှိလား၊ မရှိဘူးလား ဆိုတာ မကြာခင် အဆုံးအဖြတ် ပေးတော့မှာ ဖြစ်ပါတယ်။
အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အမှန်တကယ် ပြင်ချင်တယ် ဆိုရင်ဖြင့် ပြင်ဆင်ချိန်အားဖြင့် အချိန် အနည်းငယ်သာ ကျန်ရှိတော့တာကြောင့် တခြားသိပ်အရေး မကြီးသေးတဲ့ မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေတွေ မေးမြန်း ဆွေးနွေး တင်ပြတာတွေကို ခေတ္တခဏမျှ ဆိုင်းငံ့ထားပြီး ပြည်သူလူထု အများစု လိုလားဆန္ဒရှိနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါတယ်။
လွှတ်တော် အနေနဲ့လည်း နောက်ဆုံးပိတ် အိတ်နဲ့လွယ် ဆိုသလို လွှတ်တော်သက်တမ်း ကုန်ခါးနီး အချိန်မှာ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အားထုတ်ကာ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးရင်း လွှတ်တော်ရဲ့ သမိုင်းကို ရေးထိုးသက်သေပြရတော့မှာ ဖြစ်ပါတယ်။
(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)