မြန်မာပြည်သို့ ကက်သလစ် ခရစ်ယာန်သာသနာ ရောက်ရှိခြင်း နှစ်ပေါင်း ၅၀ဝ ပြည့်နှင့် တိုက်ဆိုင်စွာပင် ရန်ကုန် ကက်သလစ် ခရစ်ယာန်သာသနာ ဆရာတော်ကြီး ချားလ်ဘို ကို ပုပ်ရဟန်းမင်းကြီးက ရဟန်းအမတ် ကာဒီနယ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကပဲ ရောမမြို့သို့သွားရောက်ကာ ပုပ်ရဟန်းကြီးထံမှ အဆောင်အယောင် များ ချီးမြှင့်မှုကို ခံယူခဲ့ပါတယ်။
မြန်မာပြည်အရေး၊ လက်ရှိ ငြိမ်းချမ်းရေး အခြေအနေနဲ့ ပတ်သက်ပြီး ကာဒီနယ် ဆရာတော်ကြီး ချားလ်ဘိုရဲ့ အမြင်တွေကို ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် ရန်ပိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။
ဧရာဝတီ ။ ။ မြန်မာပြည်ကို ခရစ်ယာန် သာသနာ ရောက်ရှိတာ နှစ်ပေါင်း ၅၀ဝ ပြည့်တဲ့ အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်က ပထမဆုံး ကာဒီနယ်တယောက် အရွေးခံရတယ် ဆိုတော့ ဆရာတော်အနေနဲ့ ဘယ်လိုခံစားရလဲ။
ချားလ်ဘို ။ ။ ပုပ်ရဟန်းမင်းကြီးက ကာဒီနယ် ရွေးတယ်ဆိုတာ ကက်သလစ် ခရစ်ယာန်များတဲ့ နေရာဒေသ တွေဖြစ်တဲ့ ဖိလစ်ပိုင်၊ အီတလီတို့ကို ရွေးတာဆိုတော့ မမျှော်လင့်ဘူး၊ ဒီလိုကနေ သူရဲ့ စိတ်ဆန္ဒအရ မထင်ရှားတဲ့ နိုင်ငံ၊ အထူးသဖြင့် ဆင်းရဲတဲ့နိုင်ငံ၊ မတိုးတက်တဲ့ နိုင်ငံတွေ၊ အခက်အခဲ ကြုံနေတဲ့ နိုင်ငံတွေကို ရဟန်းမင်းကြီးက ဦးစား ပေးပြီး တကမ္ဘာလုံးက အကူအညီ ပေးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ မြန်မာပြည်လို ကက်သလစ်ခရစ်ယာန် နည်းတဲ့ နိုင်ငံကို ရွေးလိုက်တယ်။ အဲဒီလိုရွေးတော့ ဆရာတော်အနေနဲ့ ဝမ်းသာတယ်ဆိုပေမယ့် တာဝန် ဝတ္တရား ဝန်ထုပ်ကြီးတခုလို့လည်းတွက်တယ်၊ ကိုယ့် တိုင်းပြည်အတွက် ကိုယ့်လူမျိုးအတွက် ကြိုးစားရ မယ်၊ အများရှေ့မှာ ထင်ထင်ရှားရှားနဲ့ တိုင်းသူပြည် သားတွေအတွက် ကောင်းအောင် ကြိုးစားရမယ် ဆိုတဲ့ ခံစားချက် ပိုပြင်းထန်တယ်။
ဧရာဝတီ ။ ။ ဆရာတော်အနေနဲ့ တိုင်းပြည်ကောင်းကျိုး၊ နိုင်ငံတော် ကောင်းကျိုးအတွက် ဘာတွေ ပိုလုပ်မယ်လို့ မှန်းလဲ၊ စီစဉ်ထားလဲ။
ချားလ်ဘို ။ ။ ပထမဆုံးက လောလောဆယ် မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အခက်အခဲ ပြဿနာတွေ၊ လူမျိုးရေးကိစ္စ တွေ၊ ဘာသာရေး ပဋိပက္ခတွေ၊ ဒီမိုကရေစီကို တကယ်လှမ်းနေတဲ့အခါမှာ ပြည်သူလူထုရဲ့ဆန္ဒတွေ၊ အထူးသဖြင့် လတ်တလော မကြာသေးမီက ဖြစ်ခဲ့တဲ့ ကျောင်းသားကိစ္စတွေ စတဲ့ အခက်အခဲတွေကို လျစ်လျူရှုလို့ မရဘူး၊ ဟန်ဆောင်နေလို့ မရဘူး၊ အားလုံးက စိတ်ကောင်းနှလုံးကောင်းနဲ့ ရင်ဆိုင်နိုင်ဖို့ လုပ်ရမယ်၊ ဆရာတော်အနေနဲ့ မြန်မာပြည်မှာ ဗုဒ္ဓ ဘာသာက အများစုဖြစ်ပေမယ့် ဘာသာပေါင်းစုံ ရှိကြတော့ ကွဲပြားခြားနားတဲ့ ဘာသာဝင် တွေအကြား ငြိမ်းချမ်းစွာ ပေါင်းစည်းနေထိုင်ရေးရယ်၊ အခုလော လောဆယ်ဖြစ်နေတဲ့ တိုင်းရင်းသား လူမျိုးစု တွေနဲ့ အစိုးရနဲ့အကြား ပြန်လည် ဆွေးနွေးနိုင်ပြီးတော့ အဆင်ပြေနိုင်ဖို့ ကြိုးစားပေးချင်တယ်။
ဧရာဝတီ ။ ။ ဒါဆို ဆရာတော်အနေနဲ့ အစိုးရနဲ့ တိုင်းရင်း သားများအကြား ပဋိပက္ခတွေမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေပြီလား။
ချားလ်ဘို ။ ။ ထဲထဲဝင်ဝင် ပါနေပြီလားဆိုတော့ များသောအားဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဘက်မှာ ကိုယ့်ဘာသာတူ ခရစ်ယာန်တွေ၊ ကက်သလစ်တွေ အများအပြားရှိတယ်။ ဒါကြောင့် အဲဒီမှာရှိတဲ့ ကက်သလစ် ခရစ်ယာန် ဆရာတော်တွေနဲ့ ဒီကိစ္စတွေမှာ ပါဝင်သလောက်တော့ ပါဝင်ပြီးပါပြီ။ ဒါကြောင့် ပါဝင်ဆောင်ရွက်ဖို့ ဆန္ဒရှိတာထက် အခွင့်အရေးရှိရင် ရှိသလို ပါဝင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတယ်။
ဥပမာ – ရခိုင်ပဋိပက္ခမှာလည်း ဆရာတော်တို့ ဆွေးနွေးတာတွေမှာ တော်တော်များများ ပါဝင်ခဲ့တယ်၊ အထူးသဖြင့် အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချယ်လည်း ပါတယ်။ ဒီ ၂ နှစ်အတွင်းမှာ ဘာသာရေး ခေါင်းဆောင်တွေ အတူတူတွေ့ကြပြီး တော့၊ ဘာသာရေး ခေါင်းဆောင်တွေ ပိုမိုပြီးတော့ နားလည်မှုရခဲ့တယ်။
ဒါကြောင့် တိုင်းရင်းသား ပဋိပက္ခပဲဖြစ်ဖြစ်၊ ဘာသာရေး ပဋိပက္ခပဲဖြစ်ဖြစ် ဘာသာရေး ခေါင်းဆောင်တွေဆိုတာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ်လို့ ဆရာတော့ ယုံကြည်တယ်။ မြန်မာပြည်သူ တွေဆိုတာ သူတို့ရဲ့ ဘာသာကို ကြည်ညိုကြသလို၊ ကိုယ့်ဘာသာရဲ့ ခေါင်းဆောင်တွေစကားကို နား ထောင်ကြတယ်။ ဘာသာခေါင်းဆောင်တွေ မကြာ ခဏ တွေ့ကြ၊ တဦးကိုတဦး လေးစားကြတယ်ဆိုရင် တိုင်းပြည်မှာရှိတဲ့ လူတွေအတွက် အများကြီး အကျိုး သက်ရောက်လိမ့်မယ်လို့ ဆရာတော် ယုံကြည်တယ်။ ဒါကြောင့် ဘာသာပေါင်းစုံတွေဖို့ ရုံးတခု ဒီမှာ အစီအစဉ်လုပ်ထားတယ်။
နောက် ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး ဘာသာ ရေး ခေါင်းဆောင်တွေနဲ့ ပြောဆိုခဲ့တာက ဘယ်လိုပဲ ဖြစ်နေနေ ဒုက္ခရောက်နေသူတွေကို လူသားချင်း စာနာတဲ့ဘက်ကနေ အကူအညီပေးရမှာပဲ၊ သူ့စည်း ကမ်း ဥပဒေနဲ့အညီ ညှိပြီး လုပ်ရမှာပေါ့၊ ဆရာတော် အနေနဲ့ကတော့ ဒီပြဿနာကို ကြာရှည် နာတာရှည် သဘောမျိုးကြီး မဖြစ်စေ ချင်ဘူး၊ ဒီပြဿနာကြီးကို တာရှည်ဆွဲထားရင် ကိုယ့်အတွက်လည်း မကောင်း ဘူး၊ အမြန်ဆုံး ညှိနှိုင်းပြီး ဖြေရှင်းစေချင်ပါတယ်။
ဧရာဝတီ ။ ။ ကချင်ပဋိပက္ခမှာ ဆရာတော်တို့ ဘာသာရေး ခေါင်းဆောင်တွေ ပါဝင်ဆောင်ရွက်မှုကိုရော အစိုးရ အနေနဲ့ ဘယ်လိုတုံ့ပြန်မှုတွေရှိလဲ၊ ကြိုဆိုမှုတွေ ရှိပါသလား။
ချားလ်ဘို ။ ။ ကချင်ဒေသမှာရှိတဲ့ ဆရာတော်တို့ ကက်သလစ် ခရစ်ယာန်ဘုန်းကြီး ၄ ပါးရယ်၊ ဘက်ပတစ် ခရစ် ယာန်က သင်းအုပ်ဆရာကြီးတွေရယ်၊ ဒေသအာဏာ ပိုင်တွေ မကြာခဏ တွေ့ကြ ဆွေးနွေကြတာတွေ ရှိပါတယ်။
ဒါပေမယ့် ဆရာတော် မရှင်းတာ၊ နားမလည် တာက ဗဟိုအစိုးရအနေနဲ့ နောက်ကြောင်းက ဘယ်သူရှိသလဲ ဆိုတော့ သိပ်မသိဘူး။ အခု KIA နဲ့ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ အစိုးရကိုယ်တိုင် သမ္မတ ကပါ စစ်ပွဲတွေရပ်ဖို့ ပြောနေပေမယ့် စစ်တပ်က မရပ်တဲ့ကိစ္စမျိုးပေါ့။ စစ်တပ်ကလည်း ပြီးပြီးပိုင်ပိုင်နဲ့ မဆုံးဖြတ်နိုင်သလို၊ သမ္မတကလည်း မဆုံးဖြတ်နိုင် ဘူးလို့ မြင်တယ်၊ ဒါကြောင့် နောက်ကွယ်မှာ ဘယ် သူရှိသလဲဆိုတာ သံသယဖြစ်မိတယ်။
ဒီမိုကရေစီကိုတော့ သွားနေကြတာပဲ၊ လွတ် လပ်တယ်ဆိုပေမယ့်၊ နောက်က ဘယ်သူက ကြိုးဆွဲ နေလည်းဆိုတာ ပြောဖို့ရာ ခဲယဉ်းပါတယ်။
ဧရာဝတီ ။ ။ ကာဒီနယ် ဆရာတော်ကြီး တပါးအနေနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ပြည်သူ တွေကို ဘာများမိန့်ချင်ပါလဲ။
ချားလ်ဘို ။ ။ လွတ်လပ်ရေး ရပြီးကတည်းက တိုင်းရင်းသား တွေနဲ့ အစိုးရအကြား ပဋိပက္ခဖြစ်လာခဲ့တာ စစ်အစိုးရ တက်လာတဲ့အစမှာတော့ အပစ်အခတ် ရပ်စဲရေး ဆိုတာ ရှိခဲ့တယ်၊ ဒါပေမယ့် ဒီတိုင်းရင်းသား လက်နက်ကိုင် တွေအနေနဲ့ ပြည်မအစိုးရကို ယုံကြည်စိတ် ချရတယ်ဆိုတဲ့အမြင် မရှိသေးဘူး၊ ဒါ့အပြင် နာကြည်းမှု တွေလည်း ရှိခဲ့တယ်။ ဒါကြောင့် အချင်းချင်း ဆွေးနွေးမှသာလျှင်ပဲ ရမှာပဲ၊ ဆရာတော် သဘော ပြောရရင်တော့ တနေ့ မဟုတ် တနေ့တော့ ဒီလူတွေ အားလုံး လက်နက်ကိုင်ပြီး ဆက်သွားလို့ ရမှာမဟုတ် ဘူး၊ ဒါကြောင့် စိတ်ချရတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဖို့က သိပ်ကို အရေးကြီးတယ်လို့ မြင်တယ်၊ ဒါသာဖြစ်ခဲ့ရင်တော့ မြန်မာပြည် ငြိမ်းချမ်းရေး အောင်မြင်ပြီလို့ ပြောချင်တယ်။
ဧရာဝတီ ။ ။ ဆရာတော်က ပဋိပက္ခတွေမှာ ဘာသာရေး ခေါင်းဆောင်တွေ အခန်းကဏ္ဍက အရေးကြီးတယ်လို့ ပြောတယ်၊ ဒါပေမယ့် တခါတလေ ဘာသာရေး ပဋိပက္ခတွေမှာ ဘုန်းကြီးတချို့ ပါဝင်နေတာကိုရော ဘယ်လိုပြောချင်ပါလဲ။
ချားလ်ဘို ။ ။ ဆရာတော်မြင်တာက ဘာသာရေးဆိုတာ မေတ္တာတရားကိုပဲ လမ်းညွှန်ပေးတယ်။ ဒါကြောင့် အကြမ်းဖက် တာကို လုံးဝလက်မခံဘူး၊ ဘယ်ဘာသာ မဆို တဖက်စွန်းရောက်တဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်၊ ခရစ်ယာန်မှာ လည်း ရှိတယ်၊ အစ္စလာမ်မှာလည်း ရှိတယ်၊ ဟိန္ဒူမှာလည်း ရှိတယ်၊ ဗုဒ္ဓဘာသာမှာလည်း ရှိတယ်။ ဒါတွေက လူနည်းစုပါ၊ ဒါပေမယ့် ကိုယ့် ဘာသာပဲတည်စေရမယ်၊ ကိုယ့်ဘာသာပဲ ဖြစ်စေရ မယ်။ တခြားဘာသာကို မလေးစားနိုင်ဘူး၊ တခြား ဘာသာကို ခွင့်မပြုနိုင်ဘူးဆိုတဲ့ အစွန်းရောက်အယူ အဆရှိသူ ဘယ်ဘာသာမဆို ဆရာတော်တို့က ရှုတ်ချတယ်။ အကြမ်းဖက်မှုဟာ ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ဘူး၊ အဆုံးသတ်ကောင်း မှာမဟုတ်ဘူး၊ မဖြစ် သင့်တဲ့အရာတွေပါ၊ နောက်ဆုံးမှာတော့ မေတ္တာ တရားက အနိုင်ရမှာပါ၊ ဒါကြောင့် ဘာသာရေး ခေါင်းဆောင်တွေက မေတ္တာဘက်ကိုပဲ ဆွဲနိုင်ဖို့၊ ကိုယ်ကိုးကွယ်သလို တခြားသူက မကိုးကွယ်တဲ့ အခါမှာ သူကိုလည်း လေးစားနိုင်ဖို့ပါပဲ၊ ဗုဒ္ဓဘာသာ ၈၅ ရာခိုင်နှုန်းရှိတဲ့ မြန်မာပြည်မှာလည်း အများစုက မေတ္တာတရားနဲ့ သွန်သင်နေချိန်မှာ ဒီလိုမျိုး ဆန့် ကျင်ဘက် အကြမ်းဖက်မှုတွေ ဖြစ်မယ်ဆိုရင်တော့ မဖြစ်သင့်တဲ့အရာလို့ ဆိုချင်တယ်။
ဧရာဝတီ ။ ။ ဆရာတော်ပြောတဲ့ ဒီမိုကရေစီကို သွားနေ တယ်ဆိုတဲ့ ခေတ်ကြီးမှာ စစ်အစိုးရ လက်ထက်ထက် အကြမ်းဖက်မှုတွေ များလာတယ်လို့ မမြင်ဘူးလား။
ချားလ်ဘို ။ ။ အရင်ကတော့ စစ်အစိုးရက ထိန်းချုပ်ထား တာကို စာအုပ်စာတမ်း ထုတ်တာကအစ ဆက်သွယ် ရေးအဆုံး ဆင်ဆာထားတယ်၊ ဒီလိုနေလာရင်းကနေ နည်းနည်း လွတ်လပ်လာတဲ့အခါမှာ ကိုယ်ကြိုက်တာ ကိုယ်လုပ်တာ ကိုယ်ပြောတာကို ဒီမိုကရေစီလို့ ထင်လာကြတယ်။ ဒါကြောင့် လူတဦးနဲ့တဦး၊ တဘာသာနဲ့ တဘာသာ ပေါင်းသင်းဆက်ဆံရေးမှာ လွတ်လပ်တယ်လို့ထင်ပြီး ထင်သလိုပြော၊ ထင်သလိုရေး၊ ထင်သလိုဆဲကြတယ်။ ဥပမာ Facebook ထဲမှာ အမျိုးမျိုးရေး၊ အမျိုးမျိုးဆဲကြတယ်၊ အဲ့ဒါကို ဒီမိုကရေစီလို့ ထင်ကြတယ်၊ မြန်မာပြည် မှာက စနစ်ကြီးတခုလုံးက ချွတ်ခြုံကျပြီး ကျိုးပျက်သွားတဲ့အခါ ခဏနဲ့တော့ ပြည်စုံဖို့ရာ ခက်ခဲပါတယ်၊ ဒါကြောင့် ဒီမိုကရေစီကို သွားတဲ့အခါမှာ အချင်းချင်း မိသားစုသဘော စိတ် ရှည်ရှည်နဲ့ လုပ်နိုင်မှသာ ကောင်းမယ်လို့ ထင်ပါ တယ်။
ဧရာဝတီ ။ ။ ဆရာတော်အနေနဲ့ ပြည်သူပိုင် အသိမ်းခံထား ရတဲ့ သာသနာပြုကျောင်းတွေနဲ့ ပတ်သက်ပြီး အစိုးရထံမှာ ပြန်လည်တောင်းခံမယ်လို့ သိရတယ်၊ အဲဒီအခြေအနေကရော ဘယ်လိုရှိပါသလဲ။
ချားလ်ဘို ။ ။ ကျောင်းတွေ ပြည်သူပိုင် အသိမ်းခံရတာ နှစ်ပေါင်း ၅၀ ရှိပြီ၊ မြန်မာပြည်ရဲ့ ပညာရေးဟာ ဘယ်မှာ စကျဆင်းသွားသလဲဆိုတော့ သာသနာပြု ကျောင်းတွေကို ပြည်သူပိုင်သိမ်းပြီး နောက်ပိုင်းမှာ စပြီးကျ သွားတယ်၊ ပညာရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲ ဖြစ်ဖြစ် ဗဟိုချုပ်ကိုင်မှု လျော့ကျရေးဟာ သိပ်အရေး ကြီးတယ်၊ ပညာရေး တိုးတက်ချင်ရင်တော့ ဗဟိုက မချုပ်ကိုင်ဘဲနဲ့ လျှော့လိုက်ရင်တော့ ပညာရေးကို လုပ်နိုင်ကိုင်နိုင်တဲ့ လူတွေ၊ အကူအညီပေးမယ့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ၊ သာသနာရေး ဘက်က ပုဂ္ဂိုလ်တွေပေါင်းပြီး ပညာရေးကို ဆောက် တည်တယ်ဆိုရင်ဖြစ်နိုင်တယ်။ အစိုးရကပဲ ချုပ်ကိုင် နေမယ်ဆိုရင်တော့ တိုးတက်ဖို့ အလားအလာမရှိဘူး။
သိမ်းထားတဲ့ကျောင်းတွေ ပြန်ပေးဖို့သင့်တယ်၊ ခရစ်ယာန်သာသနာ ရောက်တာ နှစ်ပေါင်း ၅၀ဝ ကျော်ရှိပြီ၊ သမိုင်းတလျှောက်ပြန်ကြည့်ရင် ဘုရင်တွေ လက်ထက်ကတည်းက မင်းညီမင်းသားတွေကို ဒီကျောင်းတွေကပဲ စာသင်ပေးလာတာ၊ ဘာမှအခွင့် အရေးယူတာ မရှိဘူး။ အကျင့်စာရိတ္တနဲ့ ပတ်သက် တာတွေပဲ သင်လာတာ၊ ဘာသာရေးနဲ့ ပတ်သက်လို့ ဆွဲဆောင်တာမရှိခဲ့ပါဘူး၊ ပညာရေးကိုပဲ လုပ်ခဲ့တာ ဆိုတော့ မစ်ရှင်ကျောင်းတွေကို ပြန်အပ်သင့်လို့ထင် တယ်၊ အခွင့်အရေး ရလာရင်တော့ ပြန်လိုချင်တဲ့ အကြောင်း လွန်ခဲ့တဲ့ နိုဝင်ဘာကတော့ ရှင်းရှင်း လင်းလင်း ပြောခဲ့ပါတယ်။
ဧရာဝတီ ။ ။ အခု အစိုးရသစ် လက်ထက်မှာ ဘာသာရေး လွတ်လပ်ခွင့်က ဘယ်လိုရှိပါသလဲ။
ချားလ်ဘို ။ ။ ဆရာတော်တို့အနေနဲ့ ဘာသာရေး လွတ်လပ် ခွင့်နဲ့ ပတ်သက်လို့ မြန်မာ့ဆိုရှယ်လစ်အစိုးရ လက် ထက်ကနေ အခု အစိုးရလက်ထက်အထိ ဘာသာ ရေးနဲ့ပတ်သက်လို့ တိုက်ရိုက်နှိပ်ကွပ်တာ၊ အနှောင့် အယှက်ပြုတာ တခါမှ မကြုံခဲ့ပါဘူး။ ဘာသာရေး သင်တန်းတွေကအစ လွတ်လပ်မှု ရှိပါတယ်၊ ဆရာတော် သက်တမ်း တလျှောက် နိုင်ငံခြား အဆက် အသွယ် ရှိသလားဆိုပြီး စစ်ဆေးတာလည်း တခါမှ မကြုံခဲ့ဖူးပါဘူး၊ တခုတော့ ရှိတယ်၊ ဘယ်မှာ ခံစားရ သလဲဆိုရင် အခွင့်အရေးပေးတဲ့ နေရာမှာတော့ မညီမျှဘူးလို့ ခံစားရတယ်။
အစိုးရက ခရစ်ယာန် ကျောင်းတွေကို လာလှူတယ်ဆိုတာ ရှားပါတယ်၊ ကျောင်းဆောက်ဖို့၊ သာသာနပြုဖို့အတွက် ပေးတာ ကမ်းတာတွေ တခါမှမခံစားခဲ့ရပါဘူး။ အရမ်းကွာ ခြားတယ်၊ အချိုးလိုက်တောင် မခံစားရပါဘူး။ ဗုဒ္ဓ ဘာသာ အများစုလို မဟုတ်တောင် ပေးသင့်သ လောက်တော့ ထောက်ပံ့စေချင်ပါတယ်။
တခြား တရုတ်ပြည်၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေထက်စာရင် ဘာသာရေးဘက်မှာ မြန်မာပြည်မှာ နေရတာက အခွင့်အရေး သိပ်ကောင်းပါတယ်။ ဆရာတော်တပါး ကို ရောမက ခန့်ပြီဆိုရင် မြန်မာပြည်မှာ လွတ်လွတ် လပ်လပ်နဲ့ တင်မြှောက်နိုင်ပါတယ်၊ အဲဒီနိုင်ငံတွေလို အစိုးရသဘောထားကို မေးစရာမလိုပါဘူး။ ရဟန်းဖြစ် သင်ကျောင်းတွလည်း လွတ်လပ်စွာ ဖွင့်နိုင်ပါတယ်။
ဧရာဝတီ ။ ။ ပုပ်ရဟန်းမင်းကြီးနဲ့ တိုက်ရိုက်တွေ့ခဲ့ရတော့ ဆရာတော်ကို ပုပ်ရဟန်းမင်းက မြန်မာပြည်နဲ့ ပတ် သက်လို့ သီးသန့်မိန့်ကြားတာများ ရှိပါသလား။
ချားလ်ဘို ။ ။ ကာဒီနယ် အဆောင်အယောင်တွေပေးတုန်းက လက်စွပ်ဝတ်ပေးတဲ့ အခမ်းအနားမှာ သူ မြန်မာ ပြည်နဲ့ ပတ်သက်လို့ သူပြောတဲ့ စကားတခွန်းက မြန်မာပြည်မှာ ခရစ်ယာန် ကက်သလစ်တွေ နည်း တယ်။ ဒါပေမယ့်လို့ အကြောက်အရွံ့ မရှိဘဲနဲ့ မေတ္တာတရားလုပ်ငန်းမှာ၊ အထူးသဖြင့် ဖွံ့ဖြိုးရေးမှာ သတ္တိရှိရှိနဲ့ အမှန်တရားကို ပြောရဲဖို့၊ မတရားမှုတွေ ကို ရှုတ်ချနိုင်ပြီးတော့ အမှန်တရားအတွက် မေတ္တာ တရားအတွက် ကိုယ်ကအနစ်နာခံနိုင်ရမယ်၊ လိုအပ်ရင် အသက်တောင်ပေးနိုင်ရမယ်လို့ ပြောပါတယ်။